မတ်လ ၁၃ရက် ထိပ်တန်းသတင်းများ -
တီးတိန်ဆေးရုံကြီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို့ PDF Zoland ပြော

ဓာတ်ပုံ ရင်းမြစ်, PDF Zoland
ချင်းပြည်နယ် တီးတိန်ဆေးရုံကြီးမှာ ပြီးခဲ့တဲ့ လေးလဝန်းကျင်က စပြီးတပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေကို PDF Zoland အဖွဲ့က မတ် ၁၃ ရက် မနက် ၁ နာရီမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ PDF Zoland အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
တီးတိန်ဆေးရုံကြီးရဲ့ အဆောင်တစ်ခုမှာ တပ်စွဲနေတဲ့ ၁၀ ယောက်ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က လေးယောက်သေဆုံးတယ်လို့ PDF Zoland တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
“သူတို့ကင်းလှည့်တာတွေ၊ သူတို့တပ်ချထားတဲ့နေရာတွေကို စောင့်ကြည့်နေခဲ့တာ။ လူနာတွေနဲ့ တခြားမဆိုင်တဲ့သူတွေကို မထိခိုက်အောင်ကြိုတင်စီစဉ်ခဲ့တာပါ။ ကျနော်တို့က လက်နက်ကြီးနဲ့ အရင်ပစ်တယ်။ ပြီးတော့မှ ဝင်ပစ်ကြတာ”လို့ ပြောပါတယ်။
ဝင်ရောက်တိုက်ခိုက်ချိန်မှာ တီးတိန်ရဲစခန်းဘက်ကနေ လက်နက်ကြီးနဲ့ပစ်ကူတာကြောင့် လက်နက်ကြီးက လူနေရပ်ကွက်ထဲကျရောက်ပေါက်ကွဲတဲ့အတွက် လူတစ်ယောက် ကျည်စထိမှန်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။
တိုက်ပွဲချိန် ၁ နာရီလောက် ကြာခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သူတို့တပ်စွဲထားတဲ့ အဆောင်ကနေ ထွက်ပြေးသွားတဲ့အတွက် လက်နက်အပါအဝင် စစ်အသုံးအဆောင်ပစ္စည်းတချို့ကို သိမ်းဆည်းရမိတယ်လို့လည်း PDF Zoland က ထုတ်ပြန်ပါတယ်။
ညပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခံရတဲ့အတွက် ဒီနေ့မနက်ပိုင်းမှာ ဆေးရုံအနီးဝန်းကျင်မှာ စစ်ဆေးရေးတွေလုပ်နေတယ်လို့လည်း ပြောပါတယ်။
တီးတိန်းဆေးရုံမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်တိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ပေါက်မြို့နယ် စံဖဲရွာမှာ ဒေသခံ အယောက် ၅၀ လောက် ပိတ်မိနေ

ဓာတ်ပုံ ရင်းမြစ်, CJ
မကွေးတိုင်း၊ ပေါက်မြို့နယ် ထဲက စံဖဲကျေးရွာကို မတ် ၁၂ ရက် မနက်ပိုင်းက စစ်ကြောင်းထိုးလာတာကြောင့် ဘုန်းကြီးကျောင်းထဲမှာ ပုန်းရှောင်နေတဲ့ ဒေသခံ ၅၀ လောက် ပိတ်မိနေတယ်လို့ စံဖဲကျေးရွာဒေသခံတွေဆီကနေ သိရပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စစ်ကြောင်းဝင်လာချိန်မှာ ပစ်ခတ်တာတွေရှိခဲ့သလို ရွာထဲမှာ လွှတ်ကျောင်းထားတဲ့ ကျွဲနွားတွေကို သိမ်းနေတဲ့ ဒေသခံ နှစ်ယောက်လည်း အဖမ်းခံရပြီး သတင်းမရဖြစ်နေတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
“အဲ့ဒီဒေသခံ နှစ်ယောက်ရော၊ ဘုန်းကြီးကျောင်းထဲမှာ ပိတ်မိနေတဲ့ ဒေသခံတွေဆီကရော ဖုန်းတွေသိမ်းထားတယ်ထင်တယ်။ လုံးဝကို ဆက်မရတော့ဘူး။ ဒီရက်ပိုင်းမှာပဲ ပင်လောင်းက စစ်ရှောင်တွေ အစုလိုက်အပြုံလိုက် အသတ်ခံထားရတော့ ဘုန်းကြီးကျောင်းမှာ ကျန်နေတဲ့ သူတွေအတွက် အရမ်းစိတ်ပူတယ်”လို့ ဒေသခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
လက်ရှိ စစ်ကြောင်းဝင်ရောက်နေတဲ့ စံဖဲကျေးရွာမှာ စစ်ကောင်စီတပ်တွေက ကင်းပုန်းတွေနဲ့ စောင့်နေကြတာကြောင့် အပြင်ကို ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံတွေ မဝင်ရဲကြသေးပါဘူး။
စံဖဲကျေးရွာကို စစ်ကြောင်းထိုးတာကြောင့် စံဖဲကျေးရွာအပါအဝင် ထန်းငယ်တော၊ ရေတိမ်ရွာ၊ ကျွန်းတောရွာ အပါအဝင် ဒေသခံ ၄ ထောင်လောက် ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲ့ဒီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ မတ် ၉ ရက်တုန်းက ညောင်ဝန်းကျေးရွာကို ဝင်ရောက်စစ်ကြောင်းထိုးပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ညောင်ဝန်းတောင်စု၊ မြောက်စု ရပ်ကွက်တွေထဲ လက်နက်ကြီးကျည်တွေကျရောက်ပေါက်ကွဲခဲ့ပါတယ်။
လက်နက်ကြီးပေါက်ကွဲတာကြောင့် ညောင်ဝန်းမြောက်စုထဲက ဒေသခံ ၃ ယောက် သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ညောင်ဝန်းဒေသခံတွေက ပြောပါတယ်။
ဒ့ါအပြင် နောက်ထပ်စစ်ကြောင်းတစ်ခုကလည်း အုန်းတောတောင်စုရွာနဲ့ မြောက်စုရွာကို စစ်ကြောင်းထိုးပြီး မီးရှို့တာကြောင့် နေအိမ် ၇၀ ဝန်းကျင် မီးလောင်ခဲ့တယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။
ထီးချိုင့်မြို့နယ် ကျောက်မှော်ရွာက မီးထဲမပါတဲ့အိမ်တွေကို စစ်ကောင်စီကဖျက်ခိုင်း

ဓာတ်ပုံ ရင်းမြစ်, CJ
ဒေသခံ ၃ ယောက် ပျောက်ဆုံးနေတယ်လို့ဆို
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ကျောက်မှော်ရွာကို မတ် ၉ ရက်က စစ်ကောင်စီတပ်စစ်ကြောင်းဝင်ရောက်ပြီး နေအိမ်အချို့ ကို မီးရှို့ခဲ့သလို မီးမလောင်ဘဲ ကျန်ခဲ့တဲ့အိမ်တွေကို ဖျက်ခိုင်းနေတယ်လို့ ကျေးရွာဒေသခံတွေက ပြောပါတယ်။
အိမ်ခြေ ၄၀၀ ကျော်ရှိတဲ့ ကျောက်မှော်ရွာဟာ မတ် ၉ ရက်က မီးရှို့ခံရတာကြောင့် နေအိမ်ပေါင်း ၂၂၄ အိမ် မီးလောင်ကျွမ်းခဲ့သလို မတ် ၁၁ ရက်မှာ ကျေးရွာထဲကို အခြေအနေဝင်ကြည့်တဲ့ ဒေသခံတွေကို စစ်ကောင်စီတပ်တွေက ကျန်တဲ့နေအိမ်တွေကိုပါ ဖျက်ခိုင်းပြီး မဖျက်ရင် မီးထပ်ရှို့မယ်လို့ ခြိမ်းခြောက်တာကြောင့် ဒီနေ့မှာ နေအိမ်တချို့ကို ဖျက်နေရတယ်လို့ ဒေသခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
“နံကပ်(အုတ်နဲ့ဆောက်ထား) အိမ်တွေတော့ ဖျက်မရဘူးပေါ့ဗျာ။ အဲ့တော့ အထဲကပစ္စည်းတွေကိုပဲ သယ်ကြရတယ်။ တချို့ ပျဉ်ထောင်၊ ထရံကာ ပျဥ်ခင်းအိမ်တွေကိုတော့ ဖျက်နေကြတယ်။ မီးရှို့ခံရတဲ့ ရက်တုန်းကလည်း စစ်ကြောင်းက စဝင်ကတည်းက လက်နက်ကြီးနဲ့ပစ်တာ၊ လူတွေက ပစ္စည်းလေးရသလောက်သယ်ပြီး ပြေးဖို့ကို ဆိုင်ကယ်တောင် ထုတ်ခွင့်မပေးဘူး။ မြန်မြန်မထွက်ရင် ပစ်သတ်မယ်ပြောလို့ ဘာမှမယူနိုင်ဘဲ ထွက်ခဲ့ကြရတာ၊ အခုဆို စစ်ဘေးရှောင်နေရတဲ့ လူကြီးတွေဆိုလည်း စိတ်ထောင်းကိုယ်ကျေဖြစ်ပြီး ဆေးတွေလိုနေတယ် ” လို့ အဲ့ဒီဒေသခံက ပြောပါတယ်။
စစ်ကြောင်းထိုးခဲ့တဲ့ မတ် ၃ ရက်မှာ ရွာကနေ ထွက်ပြေးဖို့ကြိုးစားတဲ့ ဒေသခံ အမျိုးသား ၃ ယောက်လည်း ပျောက်ဆုံးနေပြီး ဒီနေ့အထိ သတင်းမကြားရသေးသလို နေအိမ်တွေမီးရှို့ခံရတာအပြင် အိမ်မွေးတိရစ္တာန် အပါအဝင် လယ်ထွန်စက်၊ လက်တွန်းထွန်စက်တွေလည်း မီးလောင်ကျွမ်းခဲ့ရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ထီးချိုင့်မြို့နယ်ထဲက စစ်ရေး အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီက ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒီးမော့ဆိုစစ်ရှောင်တွေ နေရာထပ်ပြောင်းရ

ဓာတ်ပုံ ရင်းမြစ်, Karenni Military Information Center
ကယားနယ် (ကရင်နီဒေသ) ဒီးမော့ဆို အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်ပြီး လေကြောင်းနဲ့ပါ တိုက်ခိုက်နေလို့ စစ်ဘေးရှောင်ပြည်သူတွေ နေရာထပ်ရွှေ့ကြရတယ်လို့ Karenni Military Information Center က သတင်းထုတ်ပြန်ပါတယ်။
ဒီမော့ဆို အရှေ့ဘက်ခြမ်းကို လေကြောင်းတွေအပြင် စစ်ကြောင်း ၃ ကြောင်းနဲ့ နယ်မြေရှင်းလင်းရေးလုပ်လာတာကြောင့် စစ်ဘေးရှောင်တွေ တခြားနေရာတွေကို ထပ်ပြောင်းနေကြရတာလို့ဆိုပါတယ်။
“လေကြောင်းကရော၊ စစ်ကြောင်းတွေကပါ လက်နက်ကြီးတွေနဲ့ပစ်တော့ စစ်ဘေးရှောင်တွေ ဘာတစ်ခုမှ မသယ်နိုင်ကြဘူး။ သူတို့ရှိသမျှတွေ စစ်ဘေးရှောင်စခန်းတွေမှာပဲ ကျန်ခဲ့တာ။ ပြေးလာရတာလည်း ခန္ဓာကိုယ်ပေါ်က အဝတ်တစ်ခုပဲ ပါတယ်။ အခုဆို သူတို့အတွက် အရေးပေါ်လိုတာက စားသောက်ဖို့၊ နောက်တစ်ခုက နေဖို့ပေါ့နော်။ အလှူရှင်တွေကလည်း နည်းလာတော့ သူတို့အတွက် အခက်ခဲ အရမ်းဖြစ်နေတယ်၊ စစ်ရှောင်ဦးရေ ဘယ်လောက်ရှိနေလဲဆိုတာက သေချာမသိရသေးဘူး။ ဟိုတစ်စု ဒီတစ်စုဖြစ်နေတော့လေ။ စာရင်းတွေတော့ ကောက်နေတုန်းပဲ”လို့ စစ်ဘေးရှောင်တွေကိုကူညီပေးနေသူတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
ဒီးမော့ဆိုအရှေ့ခြမ်း ဒေါကလောဒူကျေးရွာအုပ်စု ၊ ဒေါသဲရွာထဲကို မတ် ၁၁ ရက် ညနေပိုင်းက စစ်ရဟတ်ယာဉ်တွေ ၃ ကြိမ်ပစ်ခတ်ခဲ့ပြီး ပထမအကြိမ်နဲ့ တတိယအကြိမ်မှာ လေယာဉ်ပေါ်ကနေ စက်သေနတ်တွေပစ်တာ၊ ဒုတိယအကြိမ်မှာ ဗုံးသီးတွေချတာတွေလုပ်ခဲ့တယ်လို့ မြေပြင်အခြေအနေသိရှိသူတွေကပြောပါတယ်။
ဒါ့အပြင် ဒေါတမကြီးအုပ်စု ဒေါညေးခူရွာမှာလည်း စစ်ကောင်စီနဲ့ ကရင်နီဒီးမောဆိုးပြောက်ကြားတပ်တွေ တိုက်ပွဲဖြစ်ခဲ့သေးတယ်လို့လည်း ဆိုပါတယ်။ မတ် ၁၀ ရက်မှာ ဒေါသဲကျေးရွာအတွင်း ရင်ဆိုင်တိုက်ပွဲမှာ စစ်ကောင်စီဘက်က အကျဆုံးများတာတွေကြောင့် လေကြောင်းပစ်ခတ်တာလို့လည်း Karenni Military Information Center က ထုတ်ပြန်ထားပါတယ်။
ဆေးခြောက်အဆီနဲ့ ချောကလက်မုန့်လုပ်သူကို စစ်ကောင်စီထပ်မံဖမ်းဆီး

ဓာတ်ပုံ ရင်းမြစ်, Social
ရန်ကုန်တိုင်း၊ တာမွေမြို့နယ်အတွင်းမှာ ဆေးခြောက်အဆီနဲ့ ချောကလက်မုန့်ပြုလုပ်ရောင်းချသူ အမျိုးသမီးကို မတ်လ ၈ရက်နေ့က နေ့လည်ပိုင်းမှာ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ မတ်လ ၁၃ရက်ထုတ် စစ်ကောင်စီသတင်းစာမှာဖော်ပြပါတယ်။
မတ်လ ၈ရက်နေ့၊ နေ့လည် ၁နာရီမှာ စစ်ကောင်စီလုံခြုံရေးအဖွဲ့ဝင်တွေက တာမွေကြီး(ခ) ရပ်ကွက်က အဆိုပါ ဆေးခြောက်ထည့်သွင်းကာ ချောကလက်မုန့်လုပ်တယ်လို့ ယူဆတဲ့အိမ်ကို ဝင်ရောက်ဖမ်းဆီးခဲ့တာ လို့ဆိုပါတယ်။
အဲဒီလိုရှာဖွေဖမ်းဆီးရာမှာ စုစုပေါင်း ဆေးခြောက် ၃၀၅ ဂရမ်၊ ဆေးခြောက်အဆီ ၆၀ စီစီ၊ ဆေးခြောက် အဆီနဲ့ရောနှောပြုလုပ်ထားတဲ့ ချောကလက်မုန့် ၁၂၄ခု တို့ကို သိမ်းဆည်းရမိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
အလားတူ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း လမ်းမတော်မြို့နယ် အမှတ် ၇ရပ်ကွက်က အမျိုးသမီးတစ်ဦးနဲ့ အမှတ် ၁၀ရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦးတို့ဟာ ကွက်ကီးမုန့်တွေထဲ ဆေးခြောက်တွေထည့်သွင်းပြီး အွန်လိုင်းမှာ ရောင်းချနေတာကြောင့်ဆိုကာ စစ်ကောင်စီက ဖမ်းဆီးခဲ့ပါသေးတယ်။
ဒါကြောင့် တပတ်အတွင်း ဆေးခြောက်ကို ပုံစံမျိုးစုံပြောင်းလဲပြီး မုန့်တွေထဲမှာ ထည့်သွင်းကာ၊ မုန့်မျိုးစုံ ပြုလုပ်ရောင်းချသူ ၃ဦးအထိကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်။
ဖမ်းဆီးရမိသူ ၃ဦးလုံးကိုလည်း မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။ အခုဖမ်းဆီးရမိသူတွေက အွန်လိုင်းအပါအဝင် နည်းလုံးမျိုးစုံနဲ့ ဆေးခြောက်တွေကို ဝယ်ယူခဲ့တာဖြစ်သလို၊ ဆေးခြောက်အဆီထုတ်တာအပါအဝင် အသုံးပြုပုံတွေကိုလည်း အွန်လိုင်းသင်တန်းတွေကတဆင့် လေ့လာသိရှိခဲ့ကြတာလို့ သိရပါတယ်။
တဖက်မှာလည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု နှစ်ဆတက်လာသလို ဘိန်းအထွက်နှုန်းလည်း ပြန်ပြီးထိုးတက်လာနေတယ်လို့ ကုလသမဂ္ဂရဲ့ စာရင်းတွေအရ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, YRTC
ရန်ကုန်မြို့တွင်းမှာ ပြေးဆွဲနေတဲ့ တက္ကစီအငှားယာဥ်အစီးရေ ၅၀၀ ကို ပထမဆုံးအနေနဲ့ မီတာတွေတပ်ဆင်ပြီး စမ်းသပ်ပြေးဆွဲဖို့ကို စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ (YRTC) က ပြင်ဆင်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
အဲဒီမီတာတွေကို နိုင်ငံခြားကနေ မှာယူတင်သွင်းမှာဖြစ်သလို၊ မှာယူတာ၊ တပ်ဆင်တာနဲ့ အခုလုပ်ငန်းတွေကို ရန်ကုန်တိုင်း စစ်ကောင်စီထံကို တင်ပြလုပ်ဆောင်သွားမှာဖြစ်ပြီး အချိန်ကာလ အများဆုံး ၄ လအတွင်း အပြီးအစီးလုပ်ဆောင်နိုင်မယ်လို့လည်း YRTC ထံကသိရပါတယ်။
၂၀၁၅ခုနှစ် အတွင်းထုတ်ပြန်ခဲ့တဲ့ ပုဂ္ဂလိကမော်တော်ယာဥ်များစနစ်တကျပြေးဆွဲနိုင်ရေး နည်းဥပဒေ ၂၀ (င) အရ၊ ကြီးကြပ်မှုကော်မတီက အငှားယာဥ်အားလုံး မီတာအသုံးပြုနိုင်ရေး၊ ခေတ်မီနည်းစနစ်များတပ်ဆင် အသုံးပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမယ် ဆိုတဲ့အတိုင်း လုပ်ဆောင်တာလို့ သိရပါတယ်။
မီတာနဲ့ တွက်ချက်တဲ့ အငှားယာဥ်စီးခနှုန်းထားကိုလည်း စက်သုံးဆီစျေးနှုန်းပေါ်အခြေခံမူတည်ပြီး တွက်ချက် သတ်မှတ်မှာလို့ သိရပါတယ်။ မီတာတွေကို လေဆိပ် တက္ကစီ၊ အငှားယာဥ်တွေနဲ့ CNG သုံးပြေးစွဲတဲ့ အငှားယာဥ်တွေမှာ ပထမဆုံးတပ်ဆပ်မှာလို့လည်း YRTC ထံကသိရပါတယ်။
မီတာတပ်ဆင်တဲ့ ကုန်ကျစရိတ်၊ စျေးနှုန်းအပြင်၊ လက်ရှိ စက်သုံးဆီစျေးနဲ့ အခြေခံစျေးနှုန်းသတ်မှတ်ချက် က ကိုက်ညီမှုရှိမရှိစတာတွေကိုတော့ ရှင်းရှင်းလင်းလင်းမသိရှိရသေးပါဘူး။
အခုလို မီတာစနစ်နဲ့ ယာဥ်စီးခကောက်ခံနိုင်မယ့် စနစ်ကို စစ်အစိုးရလက်ထက် ၂၀၀၈ ခုနှစ်တုန်းကလည်း စတင်လုပ်ဆောင်ခဲ့ဖူးပေမယ့် အောင်မြင်မှုမရှိခဲ့ပါဘူး။ အဲဒီနောက်တော့ မီတာသုံးစွဲတာတွေမရှိတော့ဘဲ ၂၀၁၃ ခုနှစ်မှာ တစ်ခါပြန်လည် လုပ်ကိုင်ဖို့ ပြင်ဆင်ခဲ့ပါသေးဘူး။ အလားတူအဲဒီအချိန်ကလည်း အောင်မြင် မှုမရှိဘဲ လုပ်ဆောင်နိုင်ခဲ့တာမျိုးမရှိခဲ့ပါဘူး။








