အနောက်ဘက်ကမ်း ပစ်ခတ်မှု လူသေဆုံး- ဖေဖော်ဝါရီ ၂၂ ရက် နိုင်ငံတကာသတင်းများ

israel

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ပါလက်စတိုင်း သေနတ်သမားတွေက ပစ်ခတ်
ရေးသားခဲ့သည်။

အစ္စရေး သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းက အစ္စရေး စစ်ဆေးရေးဂိတ်တခုနားမှာ ပါလက်စတိုင်း သေနတ်သမားတွေက ပစ်ခတ်လို့ လူတယောက် သေဆုံးပြီး အနည်းဆုံး ငါးဦး ဒဏ်ရာရခဲ့ပါတယ်။

မာလေ အဒူမင်မ် အခြေချစခန်းနဲ့ ဂျေရုဆလင်ကို ကူးတဲ့ လမ်းက စစ်ဆေးရေးဂိတ်မှာစောင့်နေတဲ့ လူတွေကို ပါလက်စတိုင်း သုံးယောက်က မောင်းပြန်သေနတ်တွေနဲ့ ပစ်ခတ်တယ်လို့ အစ္စရေးရဲက ပြောပါတယ်။

အခင်းဖြစ်ပွားရာမှာ ရဲတွေ ရှိနေတဲ့အတွက် အကြမ်းဖက်သမားတွေကို အသေပစ်သတ်နိုင်ခဲ့ပြီး နောက်တယောက်ကတော့ အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ရဲက ပြောပါတယ်။

ဒီပစ်ခတ်မှုကြောင့် ပါလက်စတိုင်းတွေရဲ့ လွတ်လပ်စွာ သွားလာခွင့်ကို ထပ်ပြီး ကန့်သတ်ဖို့နဲ့ အစ္စရေး အခြေချစခန်းတွေ ထပ်ဆောက်ဖို့ အစ္စရေး လက်ယာစွန်း နိုင်ငံရေးသမားတွေက တောင်းဆို တုံ့ပြန်ခဲ့ကြပါတယ်။

ထိုင်ဝမ်ကို အမေရိကန်အမတ်တွေ သွားလို့ တရုတ် ဝေဖန်

taiwan, usa

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အရွေးကောက်ခံ ထိုင်ဝမ်သမ္မတလောင်းနဲ့ အမေရိကန်အမတ်များ

ထိုင်ဝမ်ကို အမေရိကန်အမတ်အုပ်စု သွားတာကို တရုတ်က ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

ထိုင်ဝမ်ကို တရုတ်ပိုင်လို့ သတ်မှတ်ထားလို့ ဒီလိုသွားတာဟာ သူ့ပြည်တွင်းရေးကို နှောင့်ယှက်တာလို့ ဆိုပါတယ်။

ထိုင်ဝမ်အပေါ် အမေရိကန် ထောက်ခံမှု ခိုင်မာကြောင်း ပြသလိုတယ်လို့ အမေရိကန် ကွန်ဂရက်လွှတ်တော် နှစ်ပါတီလုံးက အမတ်ငါးယောက် ပါတဲ့ အုပ်စုက ပြောပါတယ်။

ဒီရက်ပိုင်းမှာပဲ အမေရိကန်ရဲ့ တခြားမဟာမိတ်နိုင်ငံဖြစ်တဲ့ ယူကရိန်းကို ဒေါ်လာဘီလျံချီ စစ်ရေး အကူအညီပေးမယ့် ဥပဒေကို ကွန်ဂရက်မှာ မပြဋ္ဌာန်းနိုင် ဖြစ်ခဲ့ရပါတယ်။

ဒါကြောင့် ယူကရိန်းကို ပေးမယ့် အကူအညီကို ခွင့်ပြုဖို့ ကွန်ဂရက်အမတ်တွေကို ထိုင်ဝမ်သွား ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် မိုက် ဂလယ်ဂါက တောင်းဆိုလိုက်ပါတယ်။

နောက် လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲအပြီး အိမ်ဖြူတော်မှာ ဘယ်သူပဲ တက်တက် အမေရိကန်ရဲ့ ထိုင်ဝမ်အပေါ် ထောက်ခံမှုကတော့ နက်နက်ရှိုင်းရှိုင်း ဆက်ရှိနေလိမ့်မယ်လို့ သူက ဆိုပါတယ်။

ဂျပန် စတော့စျေးကွက် စံချိန်တင် ထိုးတက်

japan

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, နည်းပညာကုမ္ပဏီတွေကြောင့် ထိုးတက်တာလို့ မြင်ကြ

ဂျပန်ရဲ့ အဓိက စတော့စျေးကွက်ဟာ ကြာသပတေးနေ့မှာ စံချိန်တင် ထိုးတက်ခဲ့ပြီး ၁၉၈ဝ ပြည့်လွန်နှစ်တွေတုန်းက ဂျပန် စျေးကွက် ရုတ်တရက် ထိုးတက်သွားတဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။

နည်းပညာကုမ္ပဏီတွေကြောင့် နီးကေ့ ညွှန်းကိန်း ထိုးတက်တာလို့ အကောင်းမြင်သူတွေလည်း ရှိပါတယ်။

အမေရိကန်က ချစ်ပ်ပြား ထုတ်တဲ့ အန်ဗီဒီယာမှာလည်း မကြုံစဖူး အမြတ်အစွန်းတွေ ရခဲ့ပါတယ်။

ဂျပန်ငွေ တန်ဖိုးကျနေပြီး ပို့ကုန်တန်ဖိုး ကျနေလို့ ဂျပန် ကော်ပိုရေးရှင်း လုပ်ငန်းကြီးတွေကတော့ ဆက်ပြီး အမြတ်ရနေဆဲ ဖြစ်ပါတယ်။

ကော်ပိုရိတ်လုပ်ငန်းတွေကို ပြုပြင်ပြီး အမြတ်တိုးရဖို့လည်း မျှော်မှန်းနေကြပါတယ်။

၁၉၈ဝ ပြည့်လွန်က ဂျပန်စျေးကွက် ဖောင်းပွခဲ့တာထက် အခု ပိုပြီး တည်ငြိမ်တယ်လို့ သုံးသပ်သူ အများစုက ယူဆကြပါတယ်။

အဲဒီတုန်းက စျေးကွက် ပြိုလဲခဲ့လို့ ဂျပန်ရဲ့ အရှုံးဆယ်စုနှစ်များ ဆိုပြီး ပေါ်ပေါက်ခဲ့ရပါတယ်။

အိန္ဒိယ လယ်သမားနဲ့ X

india

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, မျက်ရည်ယိုဗုံးတွေနဲ့ လယ်သမားတွေ ဖြိုခွဲခံရ

အိန္ဒိယမှာ ဖြစ်နေတဲ့ လယ်သမား ဆန္ဒပြပွဲနဲ့ ဆိုင်တဲ့ ပို့စ်တွေ အကောင့်တွေကို အိန္ဒိယ အစိုးရ အမိန့်နဲ့ ဖြုတ်ချခဲ့ကြောင်း တွစ်တာလို့ အရင်က ခေါ်တဲ့ X က ဝန်ခံခဲ့ပါတယ်။

ဒီလို ဖြုတ်ချတာကို သဘောမတူဘဲ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ထိခိုက်ကြောင်းလည်း X က ပြောပါတယ်။

ဒီအမိန့်နဲ့ ပတ်သက်ပြီး ဥပဒေကြောင်းအရ စတင် ဆောင်ရွက်နေပြီလို့လည်း ဆိုပါတယ်။

အိန္ဒိယအစိုးရကတော့ X ရဲ့ ထုတ်ပြန်ချက်ကို မတုံ့ပြန်သေးပါဘူး။

အိန္ဒိယကို ဆန့်ကျင်တိုက်ခိုက်တဲ့ ပို့စ်တွေနဲ့ သတင်းတုတွေကို သေချာ မကိုင်တွယ်နိုင်ဘူးဆိုပြီး ဝန်ကြီးချုပ် နရိန္ဒရာမိုဒီ အစိုးရက လူမှုကွန်ရက် ကုမ္ပဏီတွေကို မကြာခဏ ဝေဖန်ခဲ့ပါတယ်။

တရုတ် ပန်ဒါ သံတမန်ရေး

china

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရုတ်ပြည် သင်္ကေတလို ဖြစ်နေတဲ့ ပန်ဒါ

အမေရိကန် အနောက်ဘက်ကမ်း ဆန်ဒီယေးဂိုးမြို့က တိရစ္ဆာန်ရုံကို ပန်ဒါတွေ ပို့ပေးဖို့ သဘောတူစာချုပ် လက်မှတ်ထိုးခဲ့ကြောင်း တရုတ်အစိုးရက ပြောပါတယ်။

ဒါဟာ တရုတ်အစိုးရဲ့ ပန်ဒါ သံခင်းတမန်ခင်းမှာ အခန်းသစ် ဖွင့်လိုက်တာ ဖြစ်ပါတယ်။

ဆယ်စုနှစ်တွေနဲ့ချီပြီး တရုတ်က မျိုးရင်း ပန်ဒါဝက်ဝံတွေကို ပြည်ပ တိရစ္ဆာန်ရုံတွေဆီ ငှားရမ်းခဲ့ပါတယ်။

ပြည်ပ ဆက်ဆံရေး တိုးတက်ခိုင်မာအောင် လုပ်တဲ့သဘော ဖြစ်ပါတယ်။

ဒီနှစ်ပိုင်းမှာတော့ အမေရိကန်နဲ့ တခြား အနောက်နိုင်ငံတွေကို ကာလရှည် ငှားရမ်းမှုတွေ တိုးမပေးဘူးဆိုပြီး တရုတ် အစိုးရက ပယ်ချခဲ့ပါတယ်။

ဒီ သဘောတူညီမှုအသစ်အရ ဆန်ဒီယေးဂိုးလိုပဲ စပိန်နိုင်ငံ မြို့တော် မဒရစ်မှာလည်း ပန်ဒါတွေ ရမှာ ဖြစ်ပါတယ်။

ဝါရှင်တန် ဒီစီနဲ့ ဗီယင်နာ တိရစ္ဆာန်ရုံတွေနဲ့လည်း တရုတ် အာဏာပိုင်တွေ ပြောဆိုဆွေးနွေးနေကြောင်း တရုတ်အစိုးရ သတင်းဌာနက ပြောပါတယ်။