မြန်မာကတင်ပို့တဲ့ ကျပ်သိန်းသောင်းချီဖိုး ပဲတွေ တရုတ်ဘက်မှာ ချိတ်ပိတ်ခံထားရ

ရေးသားခဲ့သည်။

တရုတ်-မြန်မာ နယ်စပ်ဂိတ်ဖြစ်တဲ့ဝမ်တိန်မှာ ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့က မြန်မာဘက်က တင်ပို့တဲ့ပဲမျိုးစုံ တန်ချိန်သောင်းနဲ့ချီကို တရုတ်ဘက်မှာ အခွန်အပြည့်အဝမဆောင်လို့ဆိုပြီး မြန်မာငွေ သိန်းပေါင်းသောင်းချီ မက တန်ဖိုးရှိတဲ့ အဲဒီပဲတွေကို ချိတ်ပိတ်ထားတယ်လို့ နယ်စပ်ကုန်သည်တွေထံက သိရပါတယ်။

မြန်မာကုန်သည်တွေဟာ မြန်မာဘက်ခြမ်းမှာ အခွန်အခတွေအားလုံးဆောင်ပြီးသားဖြစ်ပြီး တရုတ် ဘက်ရောက်မှ ထပ်ဆောင်ရတဲ့ အခွန်ကို အခွန်အပြည့်အဝ မ‌ဆောင်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ ပဲတွေကို ထိန်းသိမ်း ပြီး ဂိုထောင် ချိတ်ပိတ်ခံရတာလို့ နယ်စပ်ကုန်သည် တချို့က ပြောကြပါတယ်။

တရုတ်-မြန်မာနယ်စပ်က ကုန်သည်တွေကတော့ ဒီနည်းအတိုင်းပို့လာတာ နှစ်ပေါင်းဆယ်ချီ ရှိနေပြီဖြစ်ပြီး အခုဧပြီလကုန်ပိုင်းကမှ ပစ္စည်းတွေအပြင် လူနှစ်ဦးကိုပါ ထိန်းသိမ်းခံထားတာမျိုး ကြုံရတာလို့ ဆိုကြပါတယ်။

တရုတ်နိုင်ငံဘက်က အကောက်ခွန်ဝန်ထမ်းတွေကို လာဘ်စားမှုရှိမရှိ အကျင့်ပျက်ဝန်ထမ်းရှိမရှိ စစ်ဆေးချင်တာကြောင့်လည်း အခုလို ပြုလုပ်တာလို့ ကုန်သည်တွေအကြားပြောဆိုမှုတွေ ရှိနေပါတယ်။

မြန်မာကုန်သည်တွေကတော့ မြန်မာဘက်မှာလည်း အခွန်ဆောင်ပြီး ဖြတ်သန်းပြီး ဖြစ်သလို တစ်ဖက်တရုတ်နိုင်ငံထဲကို ရောက်ကာမှ ထိန်းသိမ်းချိတ်ပိတ်ခံလိုက်ရတဲ့အတွက် ပဲတွေလည်း မရောင်းကြရ၊ စျေးလည်းမရဘဲ ပစ္စည်းလည်း ဆုံးရှုံးပြီး နစ်နာမှုတွေ ဖြစ်ပေါ်နေတာလည်း ဖြစ်ပါတယ်။

တစ်ခါ အခုလို မြန်မာငွေသိန်းပေါင်းသောင်းနဲ့ချီတဲ့ ပဲမျိုးစုံတန်ချိန်သောင်းနဲ့ချီ အခုလို တစ်ဖက် တရုတ်နိုင်ငံထဲမှာ ချိတ်ပိတ် ထိန်းသိမ်းခံထားရတဲ့အတွက် ပဲဈေးကွက်က တစ်ပတ်လောက် အရောင်းအဝယ်ရပ်တန့်သွားပြီး လက်ရှိမှာတော့ အရောင်းအဝယ် အနည်းငယ် ရှိပေမဲ့ ပုံမှန်ထက် အေးသွားတယ်လို့ ပဲလုပ်ငန်းလုပ်ကိုင်သူတွေက ဆိုကြပါတယ်။

လက်ရှိမှာတော့ တရုတ်နိုင်ငံထဲမှာ တစ်လနီးပါးရှိလာပြီ ဖြစ်တဲ့ ထိန်းသိမ်းခံထားရတဲ့ပဲတွေနဲ့ မြန်မာကုန်သည်နှစ်ဦးကတော့ ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး မြန်မာဘက်ကတော့ ဖြေရှင်းပေးဖို့ သက်ဆိုင်ရာတွေကို အဆင့်ဆင့် အသိပေး အကြောင်းကြားစာ စာတင်ထားတယ်လို့ သိရပါတယ်။

အခုလို မြန်မာဘက်က ပဲတွေ တရုတ်ဘက်မှာ ထိန်းသိမ်းခံထားရတဲ့အတွက် တရုတ်ဘက်ကို ပဲ တင်ပို့မှုကတော့ ဧပြီလကုန်ပိုင်းကတည်းက လက်ရှိအချိန်အထိ ရပ်နားထားပြီး တရုတ်ဘက်က ဝင်တဲ့ ပဲတွေပဲ မြန်မာနိုင်ငံအတွင်းကို အဝင်ရှိပြီး စျေးလည်း တက်နေတယ်လို့လည်း သိရပါတယ်။