Kpay ဂယက် ဘယ်အခြေဆိုက်မလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
သူတို့ရဲ့ Kpay အကောင့်တွေ ပိတ်သိမ်းခံရတဲ့အကြောင်း လူမှုကွန်ရက်စာမျက်နှာတွေမှာ ကိုယ်တိုင်တွေ့ကြုံရသူတွေက မျှဝေနေကြလာတဲ့နောက် Kpay သုံးဖို့ စိတ်မချ ကြတော့တဲ့ ဂယက်က မြန်မာပြည်မှာ ရိုက်ခတ်နေပါတယ်။
သူတို့အကောင့် ဘာ့ကြောင့် ပိတ်ခံရလဲလို့ သက်ဆိုင်ရာ ဘဏ်ကိုမေးတဲ့အခါ ရေရေရာရာ အဖြေမရ“ဗဟိုဘဏ်က ပိတ်ခိုင်းလို့ ပိတ်ရပါတယ်” ဆိုပြီး မရေမရာ ဖြေကြတဲ့ အကြောင်း စီးပွားရေးလုပ်ငန်းရှင် တယောက်က ဘီဘီစီကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းရှင်တွေသာမက အလွှာပေါင်းစုံ ပြည်သူလူထုက မိုဘိုင်းဖုန်း အက်ပ်ကိုသုံးတဲ့ ငွေလွှဲစနစ်ကို သုံးကြပါတယ်။
အစားအသောက်၊ အဝတ်အထည်၊ လူသုံးကုန်ပစ္စည်း ဝယ်ယူတာ၊ အိမ်ငှားခ၊ တည်းခိုခန်းခ တွေ ပေးတာ၊ ဝန်ဆောင်မှုအတွက် ငွေပေးချေတာ၊ တစ်ရပ်တစ်ကျေး မိသားစုဆီ မိဘဆီ ဆွေမျိုးတွေဆီ ကိုယ့် လုပ်ခဝင်ငွေထဲက ခွဲပြီး ငွေပြန်ပို့ကြတာ စတာ စတာတွေ အပါအဝင် ငွေပေးငွေယူကိစ္စတွေကို မိုဘိုင်းဖုန်းက တဆင့် လုပ်လို့ရတဲ့ ဒီ ဒစ်ဂျစ်တယ် ငွေလွှဲ စနစ်အပေါ် အများက အားထားကြပါတယ်။
သုံးရလွယ်တယ်၊ လူအများသုံးကြတဲ့ ငွေလွှဲစနစ်ဖြစ်တယ်၊ အားထား လောက်တယ် စတဲ့ အကျိုးကျေးဇူးတွေနဲ့ အတူ လူသန်းနဲ့ ချီပြီး ဒီ Kpay ငွေလွှဲစနစ်ကို သုံးကြ တာပါ။ ဒီ အက်ပ်ကို ဒေါင်းလုပ် လုပ်ထားတဲ့ သူ ၅ သန်းကျော်ရှိတာကိုလည်း တွေ့ရပါတယ်။
စစ်ကောင်စီရဲ့ ဗဟိုဘဏ်က စက်တင်ဘာလ ၁၆ ရက် နေ့စွဲနဲ့ ထုတ်ပြန်ထားတဲ့ ကြေညာချက်အရ ကိုယ်ရေးဆိုင်ရာ အချက်အလက်များ မှန်မှန်ကန်ကန် ဖြည့်သွင်း ထားတာ မရှိပဲ မိုဘိုင်းငွေပေးချေတာ တွေကို တရားမဝင် လွှဲပြောင်းနေကြ တာတွေ ရှိနေတယ်၊ ငွေကြေး ခဝါချတာတွေ ရှိနေတယ် ဆိုပြီး ကန့်သတ်မှု တွေ လုပ်မယ် ဆိုတာကို သိရပါတယ်။ မှတ်ပုံတင် နံပါတ်၊ မိုဘိုင်းဖုန်း ဆင်းကဒ် နံပါတ် အပါအဝင် ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို သက်ဆိုင်ရာ ဘဏ်တွေ၊ Agent တွေဆီမှာ (သူတို့ အဆို Level 2 အဆင့်အထိ)တရားဝင် ဖြည့်သွင်းပြီးမှသာ မိုဘိုင်းဖုန်း ငွေပေးငွေယူစနစ်ကို အသုံးပြုလို့ ရမယ်လို့ ဗဟိုဘဏ်က ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပစ်မှတ်က ဘာလဲ၊ ဘယ်တွေကို ထိမှာပါလဲ
စစ်ကောင်စီက အာဏာသိမ်းအပြီး တစ်နိုင်ငံလုံးမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင် ဆန့်ကျင်မှုတွေအပါအဝင် သူတို့ အုပ်ချုပ်မှုကို လက်မခံတွန်းလှန်တဲ့ လှုပ်ရှားမှုတွေကို မြန်မာနိုင်ငံ ပြည်တွင်း ပြည်ပက ကူညီလိုသူတွေကလည်း ဒီမိုဘိုင်း ဒစ်ဂျစ်တယ် ငွေလွှဲစနစ်ကို သုံးကြတယ်လို့ သိရပါတယ်။
စီးပွားရေးဆိုင်ရာ အကြံပေးတယောက်က “ဒစ်ဂျစ်တယ် ငွေလွှဲစနစ်နဲ့ NUG နဲ့ PDF တို့ကို အများပြည်သူက ထောက်ပံ့ပေးနေတာကို ဖြတ်တောက်ဖို့ ဒီလို အကောင့်တွေ ပိတ်တာ၊ ရုပ်သိမ်းတာတွေ လုပ်နေတာပဲ။ ဒါပေမဲ့ သူလူထုအနေနဲ့ ငွေပေး ငွေယူစနစ်ကို ဘယ်လို ဆက်လုပ်သွားရမှန်းမသိအောင် အကျပ်အတည်းက ကြီးသွားလိမ့်မယ်” လို့ ဘီဘီစီကို ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာသာမက မြဝတီလို နယ်စပ်မြို့တွေက Kpay က တဆင့် ငွေပေးငွေယူ ဝန်ဆောင်မှုတွေကို လုပ်ပေးတဲ့ ကိုယ်စားလှယ် အေးဂျင့်ဆိုင် တွေလည်း အခက်အခဲနဲ့ ကြုံနေကြရပါပြီ။
“ဒီနယ်စပ်မှာ လက်လုပ်လက်စားလုပ်တဲ့ လူတွေ၊ ကုန်တင်ကုန်ချ လုပ်တဲ့ လူတွေက အစ Kpay နဲ့ မြန်မာပြည်ထဲက သူတို့ မိသားစုဆီကို ငွေလွှဲကြတာ၊ အခုဆိုရင် မြဝတီမှာ Kpay နဲ့ ငွေထုတ်တာကို လက်မခံတော့ဘူး” လို့ ထိုင်းနယ်စပ်က စီးပွားရေး လုပ်ငန်းရှင် တယောက်က ဘီဘီစီကို ပြောပါတယ်။ စစ်အာဏာမသိမ်းခင်ကာလထဲက သူ့ စားသောက်ကုန် ရောင်းဝယ်ရေး လုပ်ငန်းကို Kpay နဲ့ လက်ခံ ဆောင်ရွက်ပေးနေတဲ့ လုပ်ငန်းရှင်တယောက်က ဒီကနေ ရှေ့မှာ အဲဒီ မိုဘိုင်း ငွေလွှဲစနစ်နဲ့ လုပ်လို့ မဖြစ်နိုင်တော့ဘူးလို့ ဆိုပါတယ်။
“အကောင့်အပိတ်ခံလိုက်ရရင် (အကောင့်ထဲမှာ ပါသွားတဲ့ငွေကြေး ဆုံးရှုံးတာ ကြောင့်) နစ်နာမှုက ကြီးတယ်၊ အဖြေက မသင်္ကာလို့ ပိတ်တယ်ဆိုတာပဲ ရမှာ၊ ဘဏ်ဘက်က တာဝန်ယူမှု တာဝန်ခံမှု မရှိတော့ဘူး၊ မသင်္ကာ စရာဆိုတာကလည်း ကျွန်တော့ ဖုန်းနံပါတ်သိရင် လုပ်ချင်တဲ့သူက (တရားမဝင်ကိစ္စ) ငွေလွှဲပြီး ချောက်ချ လို့လည်း လွယ်လွယ်လေး၊ ဆိုတော့ ယုံယုံကြည်ကြည် သုံးလို့မရတော့ဘူး၊ အယုံ အကြည် မဲ့သွားပြီ။”
ဗဟိုဘဏ်ဘက်ကတော့ အပိတ်ခံရတဲ့ အကောင့်ပိုင်ရှင်က မှားယွင်းအပိတ်ခံရတယ် ဆိုတဲ့ ခိုင်ခိုင်လုံလုံ အကြောင်းပြချက်တွေနဲ့ရှင်းရင် သက်ဆိုင်ရာ အေးဂျင့်တွေ၊ ဘဏ်တွေ ကနေ ငွေပြန်ထုတ်လို့ ရပါတယ်လို့ ဆိုပေမယ့် ဒီအပေါ် ပုံယုံနိုင်ဖို့ကတော့ ခဲယဥ်းတယ်လို့ ဆိုကြပါတယ်။
တည်းခိုခန်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အမျိုးသမီးလုပ်ငန်းရှင်တယောက်ကတော့ လောလောဆယ် သူ့ Kpay အကောင့်ကို ဆက်သုံးနေပေမယ့် ရေရှည်မှာ ဘယ်လို ဖြစ်လာမလဲဆိုတာ တွေးလို့ မရနိုင်ဘူးလို့ ဆိုပါတယ်။
“Customer တွေက လူပေါင်းစုံရှိတာလေ၊ သူတို့ထဲက တယောက်က မသင်္ကာလို့ ဆိုပြီး အပိတ်ခံရရင် ဒီကိစ္စက သူ့ဆီမှာပဲ ပြီးသွားတာမဟုတ်ဘူး၊ ကျွန်မ အကောင့်ကို လည်း လာပိတ်မှာလေ၊ အခုတော့ ဆက်လုပ်နေတယ်၊ အန္တရာယ်တော့ များတယ်၊ ဘာဆက်ဖြစ်လာမလဲတော့ မသိဘူး။”
Kpay လို ယုံကြည်ရပြီး အများသုံးကြတဲ့ ငွေပေးငွေယူစနစ် တခု ရဲ့ ရှေ့ရေးက မှန်းဆရ ခက်လာပါပြီ။
အယုံအကြည်မဲ့သွားပြီ ဖြစ်တဲ့ လုပ်ငန်းရှင်က “အဲဒီတော့ အရင်လိုပဲ ရော့ ပတ္တမြား ရော့ နဂါး အခြေအနေကိုပဲ ပြန်သွားကြတာပေါ့” လို့ ဆိုပြီး စီးပွားရေးဆိုင်ရာ အကြံပေးကတော့ စစ်ကောင်စီရဲ့ “မှားယွင်းတဲ့ ဘဏ္ဍာရေးဆိုင်ရာ မူဝါဒတွေရဲ့ နောက်ဆုံး ထွက်သက်ပဲလို့ ထင်တယ်၊ ဘဏ္ဍာရေး ပြိုလဲမှု ထပ်ဖြစ်လာ စရာ ရှိတယ်” လို့ မှတ်ချက်ပေးပါတယ်။








