စစ်ဘေး ရေရှားခြင်းနဲ့ အမျိုးသမီးတို့ရဲ့ ဒုက္ခများ

ရေးသားခဲ့သည်။

အပူချိန် ၄၅ ဒီဂရီ စင်တီဂရိတ် ဝန်းကျင် ချစ်ချစ်တောက် ပူနေတဲ့ နေအပူကို တောထဲက သစ်ပင်တွေကြားမှာ ဆောက်ထားတဲ့ တဲစခန်းတစ်ခုထဲက အသက် ၃၅ နှစ်ဝန်းကျင် မနန်းဝင့်ဝါတစ်ယောက် ယပ်တောင်တစ်ချောင်းနဲ့ အပူဒဏ်သက်သာအောင် အန်တု နေနေပါတယ်။

ဒါပေမဲ့ ပူလောင်နေတဲ့ ရာသီဥတုထက် လစဉ်ဓမ္မတာအတိုင်း ဖြစ်ပေါ်နေတဲ့ မိန်းကလေးတို့ရဲ့ ဇီဝကမ္မဖြစ်စဉ်ကလည်း ဒီအချိန်မှာ သူ့အတွက် စိတ်ပင်ပန်းစရာဖြစ်နေပါတယ်။ လစဉ်သုံး အမျိုးသမီးအသုံးအဆောင် ကုန်သွားချိန်မှာ အရေးပေါ်အတွက် ထဘီစတွေကို ဖြတ်၊ ညှပ်ပြီး သုံးထားရတဲ့အခါ ပူလောင်နေပြီး သက်တောင့်သက်သာ မရှိနေတဲ့အတွက် စိတ်လည်း မကြည်ဖြစ်နေရပါတယ်။

“ဒီအချိန် စိတ်အညစ်ဆုံးပဲ၊ ရေကလည်း ချိုးချင်တိုင်း ချိုးမရဘူး။ အဖုတွေနဲ့ယားလို့ ကုတ်ရင်းပေါင်ခြံမှာ အနာတွေတောင်ဖြစ်တယ်” လို့ မနန်းဝင့်ဝါတစ်ယောက် ပြောပြပါတယ်။

သူနေထိုင်တဲ့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ထဲက တော်လှန်ရေးတပ်စခန်းထဲမှာ ရေအခက်ကြောင့် သူ့တကိုယ်ရည်သန့်ရှင်းမှုအတွက် အခက်ခဲဖြစ်နေပါတယ်။

ပူပြင်းတဲ့ ရာသီဥတုကြောင့် စမ်းရေတွေခန်းပြီး ရေတွင်းတွေလည်း ရေမရတော့ပါဘူး။ တပ်စခန်းမှာ ဆိုလာသုံးပြီး ရေတင်လို့ရချိန်မှာလည်း တပ်စခန်းမှာရှိသမျှ ရဲဘော်တွေပါ အကုန်ရေချိုး၊ သန့်ရှင်းရေးတွေ လုပ်ကြတာကြောင့် ဓမ္မတာလာနေတဲ့ မနန်းဝင့်ဝါဟာ လွတ်လွတ်လပ်လပ် သန့်ရှင်းရေး လုပ်ဖို့ အခက်ခဲရှိနေတာပါ။

မြန်မာနိုင်ငံက တိုင်းနယ်ပြည်နယ် အချို့ကဒေသတွေဟာ နွေရာသီ‌ဆို ရေတွင်းရေကန်တွေ ခန်းခြောက်ပြီး ရေရှားပါး တာက နှစ်စဉ်ကြုံတွေ့ရတဲ့ ပြသနာဖြစ်ပါတယ်။ဒါပေမဲ့ စစ်ဘေးဒဏ်ခံနေရတဲ့ကာလမှာ အစစအရာရာခက်ခဲချိန် ရေရှားတာက ဒေသခံတွေမှာ ပိုပြီး စိတ်ပင်ပန်းရပါတယ်။

အထူးသဖြင့်စစ်ရေးမငြိမ်မသက်ဖြစ်နေတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့အပြင် ကရင်ပြည်နယ်နဲ့ ကရင်နီပြည်နယ်တို့ဟာလည်း ယခင်ကတည်းက ရေရှား ပါးတဲ့ ဒေသတွေဖြစ်တဲ့အပြင် လက်ရှိလည်း စစ်ကြောင့် ထိခိုက်နေရတဲ့အခြေအနေမှာ ရေရှားပါးတဲ့ဒဏ်နဲ့ နောက် ဆက်တွဲ ရောဂါဝေဒနာတွေကိုပါ ခံစားနေကြရပါတယ်။

“လူကများတော့ ရေကလည်း မလောက်ဘူးလေ။ လွတ်လွတ်လပ်လပ် ချိုးချင်ရင်တော့ ကောနေတဲ့ ချောင်းတစ်ခုရှိတယ်။ ဒါပေမဲ့ အဲဒီချောင်းကလည်း ဝက်ရော၊ နွားရော အကုန် ဆင်း ၊ ရေသောက်ကြတော့ မသန့်ဘူး။ ချောင်းရေချိုးပြီးရင် အသားတွေ ယားနေပြန်ရော”လို့ ပြောပါတယ်။

အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကလည်း မြို့ထဲတက် ဈေးဝယ်တဲ့အချိန်မှာ ရသလောက်ဝယ်ချင်ပေမဲ့လည်း တစ်ထုပ်ကို ကျပ် ၄၅၀၀၊ ၅၀၀၀ အထိ ဈေးပေးရတာကြောင့် လိုအပ်သလောက်ပဲ ဝယ်ခဲ့ရပါတယ်။

တောထဲမှာရှိတဲ့မိန်းကလေးတွေ မျှဝေသုံးရင်း အခုလို ကုန်သွားတဲ့အခါ စောင်အပိုင်းအစတွေ၊ ထဘီအပိုင်းအစတွေက အရေးပေါ်သုံးဖို့ ဖြစ်လာရပါတယ်။

“အဲဒီ ပိတ်စတွေက စိတ်မချရဘူးလေ။ ပေါက်တတ် စွန်းတတ်တော့ အဲ့အချိန်ဆို နေမကောင်းဘူးဆိုပြီး စခန်းထဲကနေ မထွက်တော့ဘူး။ တခါတလေ မြို့ထဲသွားမယ့် ကောင်လေးတွေကို မှာရတာပဲ ။ သူတို့လည်း နားလည်နေကြတော့ တစ်ခါတလေ စ နောက်ကြသေးတယ်။ အတောင်ပံနဲ့လား၊ ရိုးရိုးလား၊ ပူရှိန်းလား၊ ရေခဲလားပေါ့” လို့ စိတ်ပင်ပန်းမှုကြားက ရယ်စရာလေးတွေကို ပြောပြပါတယ်။

စစ်အာဏာရှင်ကို လက်နက်စွဲကိုင်တော်လှန်နေတဲ့ ဒေသတွေကို စစ်ကောင်စီကလည်း ကုန်းကြောင်း၊ ရေကြောင်းသာမက လေကြောင်းနဲ့ပါ ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။ အဲ့ဒီဒေသတွေကိုလည်း ဖုန်း ၊ အင်တာနက်တွေ ဖြတ်တောက်တာအပြင် လမ်းပန်း ဆက်သွယ်ရေးလမ်းကြောင်းတွေကိုလည်း တင်းတင်းကြပ်ကြပ် စစ်ဆေးနေတာကြောင့် ကုန်ပစ္စည်းတွေလည်း လွယ်လွယ်ကူကူ ဝယ်မရတဲ့ အခြေအနေတွေ ဖြစ်နေတာပါ။

အဲ့ဒီဒေသတွေထဲမှာ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်လည်း အပါဝင် ဖြစ်ပါတယ်။

စစ်ကြောင်းထိုးခံရပြီး နေအိမ်တွေမီးရှို့ခံရသလို ရွာမှာသုံးနေကြတဲ့ ရေဘုံဘိုင်တွေလည်း ဖျက်ဆီးခံခဲ့ကြရပါတယ်။ ခင်ဦးမြို့နယ် အရှေ့ပိုင်းက စစ်ဘေးရှောင်တွေဟာဆိုရင် နေ့စဉ်ရေရှိဖို့အတွက် အခက်ခဲတွေရှိနေကြတာပါ။

စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ အသက် ၂၅ နှစ်ဝန်းကျင် မကြည်ပြာ(နာမည်လွှဲ) တစ်ယောက်လည်း ရေခက်ခဲတဲ့ နေရာတွေကို ရောက်ခဲ့ပြီး စစ်ဘေးရှောင်အမျိုးသမီးတွေ ရေချိုးဖို့ အခက်ခဲဖြစ်နေတာကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူပါ။

“ချောင်းဘေးကနေ သဲတွေကို လက်နဲ့ယက်ပြီး လက်ယက်တွင်းလေးတွေ လုပ်ရတယ်။ အဲ့ဒီအထဲမှာ ရေပြည့်လာဖို့စောင့်ရတယ်။ တစ်ယောက်ချိုးပြီး နောက်တစ်ယောက်ချိုးဖို့ တစ်နာရီလောက်ထပ်စောင့်ရတယ်၊ ချိုးလည်း ဝအောင် မချိုးရဘူးလေ။ စိတ်ထဲ လန်းသွားအောင် ချိုးမရဘူးပေါ့” လို့ မကြည်ပြာက ပြောပါတယ်။

အဲဒီလို ရေကို လုံလုံလောက်လောက် သုံးခွင့်မရချိန်မှာ မိန်းကလေးဓမ္မတာနဲ့တိုက်ဆိုင်ချိန်၊ Pad ထုတ်တွေလည်း ဝယ်လို့မရတဲ့အချိန်မှာတော့ “ဒီအတိုင်းပဲ နေလိုက်ရတာပေါ့” လို့ သူတို့ရင်ဆိုင်နေရတဲ့အခြေအနေကို ရင်ဖွင့်ပါတယ်။ ရေရှားနေတဲ့ သူတို့အတွက်တော့ Pad ထုတ်တွေ လုံလုံလောက်လောက်ရှိမယ်ဆိုရင် ၊ ၄ နာရီတစ်ကြိမ် လဲလှယ်နိုင်မယ်ဆိုရင် အဆင်ပြေနိုင်မယ်လို့လည်း ဆိုပါတယ်။

စစ်ကိုင်းတိုင်းလိုပဲ အခုချိန်ထိလည်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ရှိနေတဲ့ ကရင်နီပြည်နယ်မှာလည်း ရေရှားပါးမှုပြဿနာဟာ စစ်ဘေးရှောင်တွေ နေ့စဉ်ရှင်သန်ရပ်တည်ရေးအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်နေပါတယ်။

ရေရှားပါးတာကြောင့် စစ်ဘေးရှောင်တွေ ယားနာအပါအဝင် ဝမ်းရောဂါတွေ ရင်ဆိုင်နေကြရသလို အမျိုးသမီးတွေမှာလည်း တကိုယ်ရည်သန့်ရှင်းမှု မလုပ်နိုင်တာကြောင့် မိန်းမကိုယ်ယားယံတဲ့ ပြဿနာတွေ ကြုံတွေ့နေရတယ်လို့ စစ်ဘေးရှောင်တွေအတွက် ဆေးဝါးကူညီပေးနေတဲ့ မတင်တင်( နာမည်လွှဲ) က ပြောပါတယ်။

“ပုံမှန်ရေချိုးဖို့တောင် နှစ်ရက်လောက်မှ တစ်ခါချိုးရတာ၊ ရာသီလာတဲ့အချိန်ဆို ရေချိုးဖို့တောင် မရှိကြဘူး။ ဒီတော့ တကိုယ်ရည်သန့်ရှင်းရေးလုပ်ဖို့က ခက်ခဲတယ်။ ကျန်းမာရေးအတွက် အဆင်မပြေဘူး။ ရေချိုးတော့လည်း ရှိတဲ့ရေကို တစ်ခွက် နှစ်ခွက်လောက်ပဲဆိုတော့ အဆင်ပြေအောင် သန့်ရှင်းရေးကို လုပ်ကြရတာ၊ တစ်ခုရှိတာကတော့ စစ်ဘေးရှောင်တွေကို ကူညီကြတဲ့အထဲမှာ Pad ထုတ်တွေပါပါတော့ တော်သေးတယ်။ လမ်းပန်းဆက်သွယ်ရေးအဆင်မပြေတော့ ဝယ်လို့မလွယ်တဲ့အချိန်ဆိုတော့လေ ကျေးဇူးတင်ရတယ်”လို့ မတင်တင်က ပြောပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေ ဓမ္မတာလာချိန်မှာ စိတ်ထိခိုက်လွယ်တာ၊ စိတ်ပင်ပန်းတာ၊ စိတ်အလိုမကျတာတွေက ပုံမှန်ခံစားကြရတာကြောင့် အဲ့ဒီအချိန်မှာ ရေရှားတာ တကိုယ်ရည်သန့်သန့်ရှင်းရှင်းနေခွင့် မရတာတွေက စိတ်ပိုင်းဆိုင်ရာ အလိုမကျမှု ပိုအဖြစ်များလာတယ်လို့လည်း ပြောပါတယ်။

တချို့ဆိုရင် တိုက်ပွဲတွေ၊ စစ်ကောင်စီရဲ့ လက်နက်ကြီးဒဏ်တွေ၊ လေကြောင်းဒဏ်တွေကို စိုးရိမ်ပူပန်နေကြရတာကြောင့် ပုံမှန်ဓမ္မတာလာမယ့်ရက်ကို မလာတာ၊ ဓမ္မတာ ပုံမှန်မလာတာ စတဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေလည်း ရင်ဆိုင်နေကြရပါတယ်။

ရာသီလာချိန်မှာလည်း အမျိုးသမီးတချို့ ခါး၊ ဆီးစပ်တွေကိုက်ခဲတာတွေဖြစ်တာကြောင့် ဆေးလာတောင်းပေမဲ့လည်း အဲဒီအတွက် သောက်ရတဲ့ ဒေ့ါဖင်နယ် လိုဆေးဝါးတွေ မရှိတာကြောင့် တခြား အကိုက်ခဲပျောက်ဆေးတွေကို ပေးလိုက်ရတယ်လို့လည်း မတင်တင်က ပြောပါတယ်။

“ကျမ တို့ဆီလည်း အဲ့လို ဆေးတွေက မရှိဘူးလေ။ တချို့အမျိုးသမီးတွေဆို မိန်းမကိုယ်တွေယားလို့၊ အဖြူတွေဆင်းလို့ဆိုပြီး ရောက်လာတာ။ အဲ့ဒါဆိုရင် ဆရာဝန်တွေဆီကို သွားခိုင်းရတော့တာပဲ။ ရေကရှားတော့ အတွင်းခံ ခဏခဏ လဲ၊ လျှော်ဖို့ ပြောရအောင်လည်း အဆင်မပြေဘူး”လို့ ပြောပါတယ်။

တော်လှန်ရေးအင်အားကောင်းပြီး တိုက်ပွဲတွေဖြစ်နေတဲ့ ဒေသတွေမှာ ရေရှားနေတဲ့အတွက် အမျိုးသမီးတွေ တကိုယ်ရည်သန့်ရှင်းရေး လုပ်ဖို့ အကျပ်အတည်းကြားကနေ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ဆေးပိုင်းဆိုင်ရာ ကျွမ်းကျင်တဲ့ မတင်တင်ကို မေးကြည့်တဲ့အခါ သူအဖြေရှာဖို့ မိနစ်အနည်းငယ်အကြာ အချိန်ယူနေပါတယ်။

သူကိုယ်တိုင်ကလည်း ရေရှားပြီး အဘက်ဘက်က ကျပ်တည်းနေတဲ့ ကရင်နီပြည်နယ်မှာ နေထိုင်နေရသူဖြစ်တဲ့အတွက် ဒီအဖြေကလည်း မလွယ်ကူတဲ့ အခြေအနေပါ။

မတင်တင်ပေးတဲ့ နည်းလမ်းကတော့ “ Pad ထုတ်တွေ မရှိတဲ့နေရာတွေအတွက်တော့ ထဘီသန့်သန့်တွေ၊ အဝတ်သန့်သန့်တွေကို ရှေးရိုးနည်းအတိုင်း သုံးပေါ့၊ ရေရတဲ့အခါ လျှော်ပြီး နေရောင်အောက်မှာ သေချာလှန်း၊ တကယ်လို့ ရေမရရင်လည်း ပစ်လိုက်ပြီး အသစ်သုံးပေါ့။ ရေဆေးဖို့ခက်ခဲရင် ရေစိုတစ်သျူးလေးနဲ့ သန့်ရှင်းရေးလုပ်ရင် အဆင်ပြေပါတယ်” လို့ ပြောပါတယ်။