ဇန်နဝါရီ ၃၁ ရက် ထိပ်တန်းသတင်းများ _  မြန်မာစစ်တပ်ကို လေယာဥ်ဆီတင်သွင်းနေတဲ့ ကုမ္ပဏီ၂ ခုကို ယူကေက ပိတ်ဆို့အရေးယူ

Airforce

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရေးသားခဲ့သည်။

မြန်မာစစ်တပ်အတွက် လေယာဉ်ဆီ တင်သွင်းဖြန့်ဖြူးပေးနေတဲ့ ကုမ္ပဏီတွေကို ယူကေအစိုးရက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လိုက်တဲ့အကြောင်း  ယူကေအစိုးရက ထုတ်ပြန် ပါတယ်။  

 

ယူကေက ဒဏ်ခတ်ပိတ်ဆို့လိုက်တဲ့ ကုမ္ပဏီတွေက Asia Sun အာရှနေ ရောင်းဝယ်ရေးကုမ္ပဏီလီမိတက်နဲ့ Cargo Link ကုမ္ပဏီလီမိတက်တို့ဖြစ်ပါတယ်။

 

အဲဒီကုမ္ပဏီနှစ်ခုစလုံးက  အာရှနေ စီးပွားရေးအုပ်စု လက်အောက်ခံတွေဖြစ်ပြီး မြန်မာနိုင်ငံရဲ့ လေယာဉ်ဆီကဏ္ဍကို ချုပ်ကိုင်ထားသလို  မြန်မာ့လေတပ်အတွက် လေယာဉ်ဆီ ဝယ်ယူတင်သွင်းနေကြတဲ့ ကုမ္ပဏီတွေဖြစ်တယ်လို့  ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

အာရှနေ ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက် ဒါရိုက်တာနဲ့ တစ်ဦးတည်း အစုရှယ်ယာရှင် ဦးဇော် မင်းထွန်းနဲ့ အာရှနေရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်ရဲ့ ဒါရိုက်တာဟောင်းနဲ့  အစုရှယ်ယာရှင်  ဦးဝင်းကျော်ကျော်အောင်တို့ နာမည်တွေကိုလည်း ပိတ်ဆို့အရေးယူတဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာတွေ့ရပါတယ်.

 

“ကျွန်တော်တို့ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အကျိုးသက် ရောက်မှု များနိုင်သမျှများအောင် စေ့စေ့စပ်စပ် တွက်ချက်ထားပါတယ်။ ဒီလိုပိတ်ဆို့ အရေးယူခြင်း အားဖြင့် မြန်မာစစ်တပ်ရဲ့ ဘဏ္ဍာငွေအရင်းအမြစ် လက်လှမ်းရရှိနိုင်မှု၊ လောင်စာဆီအရင်းအမြစ် လက်လှမ်းရရှိနိုင်မှု၊ လက်နက်နှင့် ကိရိယာ အရင်းအမြစ် လက်လှမ်းရရှိနိုင်မှုတွေကို လျော့နည်းစေမှာ ဖြစ်ပါတယ်။ အတိုက်အခံအင်အားစုတွေရဲ့ အသံတွေကို ရက်ရက်စက်စက် ဖြိုခွင်းခဲ့တာ၊ လေကြောင်း တိုက်ခိုက်မှုတွေကနေ တဆင့် အကြမ်းဖက်တာ ၊ လူ့အခွင့်အရေးကို ရှက်ရွံ့မှုမရှိ၊ ပြောင်ပြောင် တင်းတင်း ချိုးဖောက်ထားတာတွေအတွက် စစ်အစိုးရက မဖြစ်မနေ တာဝန်ခံရမှာဖြစ်ပါတယ် ” လို့ ယူကေနိုင်ငံခြားရေးဝန်ကြီး James Cleverly က ပြောထားပါတယ်။

နိုင်ငံရေးပါတီတွေ မှတ်ပုံတင်လို့ ရပြီလို့ ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်

နိုင်ငံရေးပါတီတွေ ဇန်နဝါရီ ၃၁ ကစလို့ မှတ်ပုံတင်လို့ရပြီဖြစ်ကြောင်း UEC ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်က ကြေညာချက် ထုတ်ပြန်ပါတယ်။

နိုင်ငံရေးပါတီ တည်ထောင်ချင်တဲ့ သူတွေအနေနဲ့ ကြေညာချက်ထုတ်တဲ့ ဇန်နဝါရီ (၃၁)ရက်က စတင်ကာ နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ရုံးအမှတ် (၂၂)မှာ လာရောက်လျှောက်ထားနိုင်တယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများပုံတင် ဥပဒေသစ်ကို ဇန်နဝါရီ၂၆ရက်က ပြဋ္ဌာန်းခဲ့ပြီး၊ အဲ့ဒီဥပဒေမှ ာပြဌာန်းထားတဲ့ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေမှာ ရှိရမယ့် ပါတီဝင်ဦးရေနဲ့ ငွေစာရင်းထားရှိရမယ့် ပမာဏတွေကြောင့် ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေးကျင်းပ

အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ အစည်းအဝေး

ဓာတ်ပုံ ရင်းမြစ်, cincds

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ အစည်းအဝေးကို ဒီကနေ့ မနက်က နေပြည်တော်မှာ ကျင်းပပြီး ယာယီသမ္မတဦးမြင့်ဆွေ နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင် ကာလုံအဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။

အရေးပေါ်ကာလ ၂ နှစ်ကုန်ဆုံးချိန်မှာပြုလုပ်တဲ့ ဒီကာလုံအစည်းအဝေးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်အာဏာကို ဘယ်အဖွဲ့အစည်းက ဆက်လက်တာဝန်ယူမလဲဆိုတာ ဆုံးဖြတ်ကြရမယ့်အစည်းအဝေးလည်းဖြစ်ပါတယ်။

ဒီကနေ့ပြုလုပ်တဲ့ ကာလုံအစည်းအဝေးအကြောင်း စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ထဲ အဲဒီအကြောင်းမပါရှိဘဲ ဖေဖော်ဝါရီ ၁ ရက်မှသာ ထုတ်ပြန်ကြေညာမယ်လို့ ဖော်ပြထားပါတယ်။

ကာလုံအစည်းအဝေးမှာ စစ်ကောင်စီရဲ့ ဆောင်ရွက်ချက်တွေနဲ့ CRPH၊ NUG နဲ့ PDF တို့ရဲ့ လုပ်ရပ်တွေကို အဓိကထား တင်ပြခဲ့ပြီး လက်ရှိအချိန်ဟာ သာမန်မဟုတ်တဲ့အခြေအနေလို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကာလုံအစည်အဝေးမှာတင်ပြခဲ့ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ ဟာ အရေးပေါ်ကာလကို သက်တမ်းတိုးပေးတဲ့ ပုဒ်မဖြစ်ပြီး ‘တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ၎င်းအားပေးအပ်ထားသည့်တာဝန်ကို ပြီးမြောက် အောင်ဆောင်ရွက်ခြင်းမပြုနိုင်သေးသဖြင့် သတ်မှတ်အချိန်ကာလ တိုးမြှင့်ပေးရန် အကျိုးအကြောင်း ဖော်ပြလျက် တင်ပြလာပါက သာမန်အားဖြင့်တစ်ကြိမ်လျှင် ခြောက်လအထိ နှစ်ကြိမ်တိုးမြှင့်ပေး နိုင်သည်။’ လို့ ပြဋ္ဌာန်းထားပါတယ်။

စစ်ကောင်စီက ပုဒ်မ ၄၂၅ နဲ့ ခြောက်လအထိ နှစ်ကြိမ်တိုးပြီးနောက်မှာ ကာလုံအစည်းအဝေးမှာ အခုလိုပြောလာတာ ဖြစ်တယ်။

ဒီနေ့ ပြုလုပ်တဲ့ ကာလုံအစည်းအဝေးကို ဒုတိယသမ္မတ ဟင်နရီဗန်ထီးယူ ခွင့်တိုင်ကြားခဲ့ပြီး အထူးဧည့်သည်တော်အဖြစ် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး တက်ရောက်ခဲ့ပါတယ်။

မလေးရှားမှာ နိုင်ငံကူးလက်မှတ်ထုတ်ပေးတာ ခေတ္တရပ်ဆိုင်း

မလေးရှားမှာမြန်မာလုပ်သား သန်းချီရှိနေ

ဓာတ်ပုံ ရင်းမြစ်, မြန်မာသံရုံး

မလေးရှားနိုင်ငံ၊ကွာလာလမ်ပူ မှာရှိတဲ့ မြန်မာသံရုံးက နိုင်ငံကူးလက်မှတ်ထုတ်ပေးတာကို လာမယ့် ဖေဖော်ဝါရီ ၆ ရက်က စပြီး ခေတ္တရပ်ဆိုင်းမယ်လို့ ထုတ်ပြန်လာပါတယ်။

မလေးရှားမှာ မြန်မာအလုပ်သမားသန်းချီအလုပ်လုပ်နေပြီး သံရုံးဘက်ကတော့ နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့စက်နဲ့ ကွန်ပျူတာတွေကို ထိန်းသိမ်းဖို့လို့ အကြောင်းပြပြီး ပြုပြင်ပြီးရင် ပြန်ထုတ်ပေးမယ့်ရက်ကို ကြေညာမယ်လို့ ထုတ်ပြန်ပါတယ်။

ပြည်ပမှာအလုပ်သွားလုပ်တဲ့ မြန်မာလုပ်သားတွေ မြန်မာနိုင်ငံထဲ ပြန်လည်ဝင်ထွက်တဲ့အခါ ပြည်ပအလုပ်အကိုင်၊အလုပ်သမားသက်သေခံကတ်(OWIC)တွေ မဖြစ်မနေကိုင်ရမယ်လို့ မလေးရှားသံရုံးက တစ်ဆက်ထဲထုတ်ပြန်ပါတယ်။

ထိုင်းနိုင်ငံ၊ဘန်ကောက်သံရုံးမှာလည်း နိုင်ငံကူးလက်မှတ်ထုတ်ပေးတာကို ရက်ချိန်းနဲ့ပြန်လည် ထုတ်ပေးနေတာတွေ့ရပါတယ်။

ရွှေဘိုနဲ့ ခင်ဦးက ကျေးရွာတွေ စစ်ကြောင်းထိုး မီးရှို့ခံရတာတွေရှိနေ

ရွှေဘိုမြို့နယ်ထဲက စိုင်ဒိုးရွာကနေအိမ်မီးရှို့ခံထားရစဥ်

ဓာတ်ပုံ ရင်းမြစ်, Shwe Bo PDF

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲက အင်ကြင်းပင်၊ စိုင်ဒိုး၊ သရက်ပင်ဝန်း စတဲ့ရွာတွေနဲ့ ခင်ဦးမြို့နယ်ထဲက ဗျိုင်းကြိုင်ရွာတို့ကို မနေ့ကစလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့နေတာကြောင့် အဲဒီရွာတွေက ဒေသခံ သောင်းချီက နေအိမ်တွေကို စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ရွှေဘိုနဲ့ ခင်ဦးဒေသခံတွေထံက သိရပါတယ်။

ရွှေဘိုမြို့နယ် စိုင်ဒိုးကျေးရွာကို ဇန်နဝါရီလ ၃၀ရက်နေ့ တညလုံးမီးရှို့ပြီး ဒီကနေ့နံနက်မှာတော့ သရက်ပင် ဝန်းကျေးရွာကို အင်အား၁၅၀လောက်ရှိတဲ့ စစ်ကောင်စီတပ်တွေက ပစ်ခတ်ဝင်ရောက်ပြီး မီးရှို့နေတယ်လို့ ဒေသခံကာကွယ်ရေး အဖွဲ့တွေထံသိရပါတယ်။

အလားတူ ရွှေဘိုမြို့နယ်ထဲက အင်ကြင်းပင်ကျေးရွာကိုတော့ မနေ့က နေ့လည်ပိုင်းကစလို့မီးရှို့တာတွေ လုပ်နေတယ်လို့ ပြောကြပါတယ်။

ခင်ဦးမြို့နယ်ထဲက ဗျိုင်းကြိုင် ကျေးရွာကိုတော့ မနေက ညလုံးပေါက်မီးရှို့ခဲ့တာကြောင့် ဒီကနေ့ နံနက်ပိုင်းထိ မီးခိုးတွေကို တိမ်းရှောင်တဲ့နေရာတွေကနေ မြင်နေရတယ်လို့ တိမ်းရှောင်နေသူ ဒေသခံတွေ ပြောပြချက်အရသိရပါတယ်။

ဗျိုင်းကြိုင် ရွာမီးရှို့ပြီး ဒီနေ့နံနက်မှာတော့ ရုံးစု(တ)ကျေးရွာကို ပစ်ခတ်ဝင်ရောက်နေတာကြောင့် အဲဒီအနီး အနားက ကျေးရွာပေါင်း ၁၂ ရွာက ဒေသခံ ၁၈၀၀၀လောက်လည်း နီးစပ်ရွာကျေးရွာတွေကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ စစ်ဘေးရှောင်ကူညီကြတဲ့ ကျေးရွာခေါင်းဆောင်တွေထံကသိရပါတယ်။

ရွှေဘိုနဲ့ ခင်ဦးမြို့နယ်ထဲစစ်ကြောင်းထိုးတာနဲ့ မီးရှို့မှုတွေကြောင့် မီးလောင်ဆုံးရှုံးမှုနဲ့ သေဆုံးမှုအတိအကျကို တော့လတ်တလောမသိရှိရသေးပါဘူး။ရွှေဘိုနဲ့ ခင်ဦးဘက်က စစ်ကြောင်းထိုးတာနဲ့ မီးရှို့ခံရတဲ့ အကြောင်းအရာတွေအပေါ် စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။

ဓာတ်ပုံ - ရွှေဘိုနဲ့ ခင်ဦးက ကျေးရွာတွေ စစ်ကြောင်းထိုး မီးရှို့ခံရတာတွေရှိနေပုံစာ - ရွှေဘိုမြို့နယ်ထဲက စိုင်ဒိုးရွာကနေအိမ်မီးရှို့ခံထားရစဥ်။

ရုရှား နဲ့ မြန်မာကြား ပူးပေါင်းဆောင်ရွက်မှု ထပ်မံတိုးမြှင့်မယ်

ရုရှား နဲ့ မြန်မာကြား ပူးပေါင်းဆောင်ရွက်မှု ထပ်မံတိုးမြှင့်မယ်

ဓာတ်ပုံ ရင်းမြစ်, cincds

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ရုရှား-မြန်မာ ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ကိုယ်စားလှယ်အဖွဲ့အကြား ရုရှားနဲ့ မြန်မာနိုင်ငံ ပူးပေါင်း‌ဆောင်ရွက်မှုတွေတိုးမြှင့်ဆောင်ရွက်နိုင်ရေး ‌မနေ့က တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ နဲ့ ရုရှား-မြန်မာ ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr. Anatoly Bulochnikov ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ မနေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

မြန်မာ-ရုရှား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုတိုးတက်ကောင်းမွန်လာမှု အခြေအနေတွေ၊ စီးပွားရေးဆိုင်ရာကိစ္စရပ်တွေနဲ့ နည်းပညာဆိုင်ရာကိစ္စရပ်တွေမှာ ပိုမိုကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက် သွားမယ့်အခြေအနေတွေ နှစ်နိုင်ငံထုတ်ကုန်တွေ အပြန်အလှန်တင်ပို့နိုင်မယ့် အခြေအနေတွေ ကို တွေ့ဆုံမှုအတွင်းဆွေးနွေးခဲ့ကြပါတယ်။

နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို အခုထက် ပိုမိုတိုးတက်စေဖို့နဲ့ တခြားကဏ္ဍပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုတိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားမယ်လို့ နှစ်ဘက်ဆွေးနွေးခဲ့ကြပါတယ်။

ရုရှားကိုယ်စားလှယ်တွေလာတိုင်း ဆွေးနွေးလေ့ရှိတဲ့ နှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်း ပျံသန်းရေးဆိုင်ရာကိစ္စရပ်တွေကိုလည်း ထပ်မံဆွေးနွေးခဲ့ကြပါသေးတယ်။

ရုရှား-မြန်မာ ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌဟာ နေပြည်တော်ကို ၃ လအတွင်း နှစ်ကြိမ်လာရောက်တာဖြစ်ပြီး စစ်ကောင်စီရဲ့ပြည်ထောင်စုဝန်ကြီးတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ကရင့်တော်လှန်ရေးအောင်မြင်ဖို့ အခြားအစုအဖွဲ့တွေနဲ့ လက်တွဲကြိုးပမ်းကြဖို့ KNU ဥက္ကဋ္ဌ ပြော

ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး

ဓာတ်ပုံ ရင်းမြစ်, Getty Images

နိုင်ငံရေးအခြေအနေအရပ်ရပ်အပေါ်မူတည်ပြီး ကရင်အမျိုးသားအစည်းအရုံးရဲ့ ရည်မှန်းချက်အောင်မြင်အောင် အခြားသောလူမျိုးများ၊အစုအဖွဲ့များနဲ့ လက်တွဲပြီး နိုင်ငံရေးသတိနဲ့ ကြိုးပမ်းကြဖို့ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက (၇၄)ကြိမ်မြောက် ကရင်အမျိုးသားခုခံတော်လှန်ရေးနေ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားလိုက်တာပါ။

KNU  ဟာ စစ်တပ်ကို ဆယ်စုနှစ်များစွာ လက်နက်ကိုင်တော်လှန်ခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပေမယ့် ဦးသိန်းစိန်အစိုးရလက်ထက်က NCA အပစ်ရပ်ဆွေးနွေးပွဲတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုအပြီးမှာတော့ PDF တွေနဲ့အတူ ကရင်ပြည်နယ်ထဲက နေရာတချို့မှာ တိုက်ပွဲတွေဖော်ဆောင်နေတာဖြစ်ပါတယ်။

ခုခံတော်လှန်‌ရေးဟာ တစ်ဦးချင်းနဲ့ လူမျိုးစုတစ်စုတစ်ဖွဲ့အင်အားနဲ့ လုပ်ဆောင်ရမှာမဟုတ်ဘဲ KNU ရဲ့ကြိုးပမ်းမှုတွေအောင်မြင်ဖို့ စစ်အာဏာရှင်စနစ်ကို တော်လှန်နေတဲ့ အခြားလူမျိုးတွေ၊အစုအဖွဲ့တွေနဲ့ လက်တွဲတိုက်ထုတ်ရမယ်လို့ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ပြောပါတယ်။

KNU ရဲ့ နိုင်ငံရေး ရည်မှန်းချက်ဖြစ်တဲ့ တရားမျှတမှု၊တန်းတူညီမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေရရှိအောင် ကြိုးပမ်းကြရမယ်လို့ သူက ဆက်ပြောပါတယ်။

တရားမျှတမှု၊တန်းတူညီမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကိုအာမခံပေးနိုင်ပြီး ပြည်သူတစ်ရပ်လုံးအတွက် တစ်ဦးချင်းနဲ့ လူမျိုးစုအလိုက် ကိုယ်ပိုင်လွတ်လပ်ခွင့်ကို အာမခံပေးနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုတည်ဆောက်ရမယ်လို့ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ပြောပါတယ်။

ဒီအခွင့်အရေးတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အတိအလင်းထည့်သွင်းပြဋ္ဌာန်းရမယ်လို့ သူကပြောပါတယ်။

ကရင်အမျိုးသားလှုပ်ရှားမှုရဲ့ ကနဦးအစဟာ နိုင်ငံရေးနည်းလမ်းနဲ့ ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးရေးသာဖြစ်ပြီး ကရင်တစ်မျိုးသားလုံးရဲ့လုံခြုံရေးကိုထိပါးလာတဲ့အတွက် လက်နက်ကိုင်ခုခံတော်လှန်ရေးကြီးပေါ်ပေါက်လာခဲ့တဲ့အကြောင်း သမိုင်းကြောင်းကို ထည့်ပြောပါတယ်။