တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာနရဲ့ ဝံပုလွေစစ်သည်တော် ရာထူးရွှေ့ပြောင်း

တရုတ်မျိုးချစ်စိတ်နဲ့ ကာကွယ်ပြောဆိုလေ့ရှိလို့သူ့ကို ဝံပုလွေစစ်သည်တော်လို့ခေါ်ကြ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရေးသားခဲ့သည်။

ဝံပုလွေစစ်သည်တော်လို့ တင်စားခေါ်ဝေါ်ခံရတဲ့ အငြင်းပွားမှုအများဆုံး တရုတ်သံတမန် ကျောက်လိကျန်းကို နိုင်ငံခြားရေးဝန်ကြီးဌာနရာထူးကနေ တခြားထင်ပေါ်မှုနည်းတဲ့ ရာထူးနေရာတခုဆီ ပြောင်းရွှေ့လိုက်ပါတယ်။  

ကျောက်လိကျန်းဟာ အရင်ကနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ပြောခွင့်ရပုဂ္ဂိုလ်ပါ။ အခုတော့ နယ်နိမိတ်ရေးရာနဲ့ သမုဒ္ဒရာရေးရာဌာနရဲ့ လက်ထောက်အကြီးအကဲအဖြစ်ပြောင်းလဲ ခန့်ထားလိုက်ပါတယ်။ သူဟာတရုတ်ရေပြင်နယ်နိမိတ်နဲ့ ကုန်းတွင်းနယ်နိမိတ်ရေးရာတွေမှာ ကူညီဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အဲဒီရာထူးနေရာသစ်မှာ သူဘယ်တော့ စတင်တာဝန်ထမ်းဆောင်မလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။  

အဆင်မြင့်အရာရှိတယောက်ဖြစ်တဲ့ မစ္စတာကျောက်ဟာ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းစာရှင်းလင်းပွဲတွေကို မကြာခဏ တာဝန်ယူဖူးပါတယ်။ အခုသူ့ကိုမမျှော်လင့်ဘဲ ရွှေ့ပြောင်းလိုက်တာဟာ ဘာအကြောင်းကြောင့်ဆိုတာ သေသေချာချာမသိရပါဘူး။

သူ့ကို ဝံပုလွေ စစ်သည်တော်လို့ တင်စားခေါ်ဝေါ်ကြပါတယ်။ သူဟာသံတမန်ရေးရာတွေမှာ ထိပ်တိုက်ရင်ဆိုင်လေ့ရှိပါတယ်။ တိုက်ခိုက်ဖြေရှင်းလေ့ရှိပါတယ်။ အရင်ကတရုတ်သံတမန်လုပ်ရပ်မျိုးတွေနဲ့ တမူထူးခြားပါတယ်။

သူ့ကို ဝံပုလွေစစ်သည်တော်လို့ ခေါ်တာဟာ တရုတ်အထူးကွန်မန်ဒိုတပ်ဖွဲ့အကြောင်းကို မျိုးချစ်စိတ်ပြင်းပြင်းနဲ့ ဇာတ်အိမ်ဖွဲ့ထားတဲ့ ဝံပုလွေစစ်သည်တော်ဇာတ်ကားထဲက ဇာတ်ကောင်နဲ့ တင်စားပြီး ဥပမာပေးတာပါ။ အဲဒီရုပ်ရှင်ဇာတ်ကားဟာ တရုတ်ဗားရှင်းရမ်ဘိုဇာတ်ကားပဲလို့တောင် ဝေဖန်သူတွေက ပြောလေ့ရှိကြပါတယ်။

မြန်မာပရိသတ်က လုရီလို့သိကြတဲ့ မင်းသားဝမ်ကျင်းပါဝင်တဲ့ ဝံပုလွေစစ်သည်တော် အပိုင်း ၂

ဓာတ်ပုံ ရင်းမြစ်, wolf warrior 2

နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ်အဖြစ် တာဝန်ယူခဲ့တဲ့ ၃ နှစ်တာကာလအတွင်းမှာ မစ္စတာကျောက်ဟာ အငြင်းပွားစရာဖြစ်တဲ့ မှတ်ချက်တွေကို လူမှုကွန်ရက်တွစ်တာမှာ- အကြိမ်ကြိမ်ရေးသားခဲ့ပါတယ်။  

ကိုဗစ်ရောဂါဖြစ်ပွားစေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ အမေရိကန်စစ်တပ်က ရည်ရွယ်တီထွင်ထုတ်လုပ်ပြီး တရုတ်နိုင်ငံထဲကို သွင်းယူလာတာလို့ ၂၀၂၀ ခုနှစ်မှာ မစ္စတာကျောက်က ပြောဆိုခဲ့ပါတယ်။  

အာဖဂန်ကလေးငယ်တယောက်ကို သြစတြေးလျစစ်သားက သတ်နေတယ်ဆိုတဲ့ ပြုပြင်ဖန်တီးထားတဲ့ ဓာတ်ပုံကို သူကအွန်လိုင်းတင်ခဲ့လို့ သံတမန်ရေးရာ ပဋိပက္ခလည်း ၂၀၂၀ ခုနှစ်မှာ ဖြစ်ပွားခဲ့ဖူးပါတယ်။  

သူဟာ အမေရိကန်ပြည်ထောင်စုအတွင်းက လူမျိုးရေးဆိုင်ရာအရေးတွေနဲ့ ပတ်သက်ပြီး တွစ်တာမှာ ရေးသားခဲ့ရာမှာ အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးဟောင်း ဆူဆန်ရိုက်စ်နဲ့ အကြီးအကျယ်ပြဿနာတက်ပြီး သူ့ကို ရွံစရာကောင်းတဲ့လူမျိုးရေးအစွန်းရောက်လို့ အခေါ်ခံခဲ့ရဖူးပါတယ်။

တရုတ်ပြည်သူ့တပ်မတော်ရဲ့ နှစ် ၉၀ ပြည့်အခမ်းအနား

ဓာတ်ပုံ ရင်းမြစ်, Getty Images

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အခုမစ္စတာကျောက်ကို ရာထူးရွှေ့ပြောင်းလိုက်ချိန်ဟာ အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ဟောင်းချင်ကန် နိုင်ငံခြားရေးဝန်ကြီးအသစ်ဖြစ်ပြီးနောက်မှ ရွှေ့ပြောင်းလိုက်တာပါ။ ဒါပေမဲ့ မစ္စတာကျောက်ကို အခုလို နေရာရွှေ့ပြောင်းလိုက်တာဟာ တရုတ်ရဲ့ တိုက်ခိုက်တုံ့ပြန်တဲ့ သံတမန်မူဝါဒကို ပြောင်းလဲလိုက်တာဆိုတဲ့ အယူအဆကိုတော့ လေ့လာသူတွေက ကောက်ချက်မစောဖို့ အထူးသတိထားကြပါတယ်။  

အခုလိုရွှေ့ပြောင်းလိုက်တာဟာ သမ္မတရှီကျင့်ဖျင်ရဲ့ သံတမန်ရေးလုပ်ဟန်အသီးအပွင့်ရလဒ်ဖြစ်ပုံရတယ်လို့ အမေရိကန်သတင်းစာဆရာ ဘီလ်ဘစ်ရှော့က ဘလော့ဂ်မှာရေးသားပါတယ်။ ဒါပေမဲ့ ရင့်သီးတဲ့ မစ္စတာကျောက်ကို ရွှေ့ပြောင်းလိုက်တာဟာ ကြီးမားတဲ့အပြောင်းအလဲတခုလို့ပြောဖို့ရာတော့ အထောက်အထားမရှိသေးဘူးလို့ဆိုပါတယ်။  

မစ္စတာကျောက်ရဲ့ဇနီး တန်တီယန်ရူးရဲ့ ဆိုရှယ်မီဒီယာရေးသားချက်ကြောင့် အခုလိုရာထူးရွှေ့ပြောင်းခံရတာဖြစ်နိုင်တယ်လို့ ဆိုရှယ်မီဒီယာသုံးစွဲသူတွေက ထင်ကြေးပေးကြပါတယ်။ သူ့ဇနီးတန်တီယန်ရူးတင်ထားတဲ့ ပုံတွေမှာ သူဟာ လူအများကျင်းပတဲ့ အခမ်းအနားတွေကို ကိုဗစ်စည်းကမ်းတင်းကျပ်ထားတဲ့ကာလဖြစ်ပေမဲ့ နှာခေါင်းစွပ်မပါဘဲ တက်ရောက်နေတာတွေ တွေ့နိုင်ပါတယ်။  

ဒါ့အပြင် ကိုဗစ်ကာလ ခရီးသွားလာမှုပိတ်ပင်ထားချိန်မှာ တမင်သက်သက် ဂျာမနီသွားတဲ့ပုံတွေ တင်ခဲ့ပါတယ်။

အမေရိကန်က ကိုရိုနာဗိုင်းရပ်စ်ပိုးကိုတီထွင်ပြီး တရုတ်ပြည်ထဲသယ်ဆောင်လာတာလို့ ပြောဆိုခဲ့သူ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ပြည်တွင်းမှာ ဆန္ဒပြကန့်ကွက်မှုတွေဖြစ်ပွားနေပေမဲ့ တရုတ်အစိုးရဟာ ဇီးရိုးကိုဗစ်ပေါ်လစီကို ဆက်ကျင့်သုံးမှာလားလို့ သတင်းစာရှင်းလင်းပွဲတခုမှာ သတင်းသမားက ပြီးခဲ့နိုဝင်ဘာလတုန်းက မေးမြန်းလိုက်ရာမှာ မစ္စတာကျောက်ဟာ ချက်ချင်းပြန်မဖြေနိုင်ဘဲ ဆွံ့အသွားခဲ့ဖူးပါတယ်။

အကြာကြီး အသံတိတ်နေပြီးမှ မေးခွန်းကိုပြန်ပြောဖို့ ထပ်မေးပါတယ်။ အဲဒီနောက်မှ မေးခွန်းဟာ လက်တွေ့ဖြစ်ပျက်နေတာတွေနဲ့ မကိုက်ညီဘူးလို့ ပြန်ဖြေခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရာထူးဟာ အရေးပါတဲ့ရာထူးလို့ သတ်မှတ်ကြပါတယ်။ အရင်လူတွေဟာ အဲဒီရာထူးကို ရပြီးနောက်မှာ ရာထူးတက်သွားကြမြဲထုံးစံရှိခဲ့လို့ပါ။  

အခုတရုတ်နိုင်ငံခြားရေးဝန်ကြီးအသစ်အဖြစ်ခန့်အပ်ခံရတဲ့ မစ္စတာချင်ဟာလည်း အရင်ကတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်အဖြစ်တာဝန်ထမ်းဆောင်ပြီးမှ ရာထူးအဆင့်ဆင့်တက်ပြီး ၀န်ကြီးဖြစ်လာတာပါ။ ၂၀၁၂ ခုနှစ်ကတည်းက တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တာဝန်ယူခဲ့တဲ့ ဟွာချွန်ယင်းဟာလည်း ၂၀၂၁ ခုနှစ်မှာ ရာထူးတက်ပြီး နိုင်ငံခြားရေးရာမှာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဖြစ်နေပါပြီ။ 

မစ္စတာကျောက်လိကျန်းရဲ့တွစ်တာအကောင့်မှာ သူ့ကိုလာကြည့်သူနောက်လိုက်စာရင်းဟာ ၂ သန်းနီးပါးရှိပါတယ်။ သူဟာဒါကိုအခွင့်ကောင်းယူပြီး ကောင်းကောင်းအသုံးချလေ့ရှိပါတယ်။ တရုတ်ပြည်ကို လူကြိုက်များလာဖို့၊ တရုတ်ပြည်ဘက်ကနေ ခုခံကာကွယ်ဖို့အတွက် ဆိုရှယ်မီဒီယာကို သူဟာ တက်တက်ကြွကြွအသုံးပြုလေ့ရှိပါတယ်။ ကိုယ့်နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားအတွက် ဒါမျိုးအလုပ်တွေကို တကမ္ဘာလုံးက သံတမန်တွေ လုပ်တတ်ကြတာပဲလို့ ဆိုနိုင်ပေမဲ့ သူ့ရဲ့ပြောဆိုမှုတွေကတော့ သံတမန်မဆန်တဲ့ အသုံးအနှုန်းတွေလို့ ဝေဖန်ကြပါတယ်။  

အခုတော့သူဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကို ဆက်ခံမဲ့အလားအလာရှိသူ ထိပ်တန်းနိုင်ငံရေးခေါင်းဆောင် စာရင်းထဲကနေ ထွက်ခွာသွားပြီဖြစ်ပါတယ်။