မတ် ၆ ရက် ဘီဘီစီနောက်ဆုံးရသတင်းများ
ခင်ဦးမြို့နယ်မှာ နှစ်ရက်အတွင်း ကလေး နှစ်ယောက်သေဆုံး

ဓာတ်ပုံ ရင်းမြစ်, ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး
စစ်ကြောင်းထိုးခံနေရတဲ့ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲကို အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကြောင်းက မတ် ၆ ရက် ဒီနေ့ နေ့လယ်ပိုင်း စစ်ကြောင်းထိုးချိန်မှာ မုံလှကျေးရွာက ၈ နှစ်အရွယ်ကလေး လက်နက်ကြီးထိမှန်သေဆုံးတယ်လို့ ဒေသခံတွေနဲ့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ကြောင်းက ရေဦး-ခင်ဦး-ကန့်ဘလူအစပ်ကို စစ်ကြောင်းထိုးလာတာကြောင့် ခင်ဦးမြို့နယ် မုံလှကျေးရွာက စစ်ဘေးရှောင်တွေက ကလုံကျေးရွာဘက်ကို ထွက်ပြေးရင်း လက်နက်ကြီး ထိမှန်တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကြောင်းထိုးတာကြောင့် ငါးရုံကြီး၊ ရှားတော၊ မုံလှ အပါအဝင် ကျေးရွာ ၇ ရွာလောက်က ဒေသခံ ၈ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
အခုလက်ရှိ ကလုံကျေးရွာဘက်ကနေ စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် လက်နက်ကြီးမထိမှန်အောင်နဲ့ အဖမ်းဆီးမခံရအောင် ၅ မိုင်အကွာအဝေးအထိ တိမ်းရှောင်ဖို့ကိုလည်း ခင်ဦးသတင်းမှန်ပြန်ကြားရေးက အသိပေးထားပါတယ်။
မနေ့က နေ့လယ်ပိုင်းကလည်း ခင်ဦးမြို့နယ်ထဲက အလယ်ရှိုကျေးရွာမှာ နွားကျောင်းထွက်လာတဲ့ အသက် ၁၂ အရွယ် ကလေးတစ်ယောက်က တောထဲကနေ ၇၉ ကျည်ဖူးကို ကောက်ယူတာကနေ ပေါက်ကွဲပြီး သေဆုံးသွားတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
“ဒီကလေးကတော့ စစ်ကြောင်းထိုးတာနဲ့ မဆိုင်ဘူးပေါ့နော်။ ကလေးက လက်နက်ကြီးကို ယူလာပြီး ထုကြည့်တာကနေ ပေါက်ကွဲတာ။ကလေးက လက်နှစ်ဖက်ပြတ်ပြီး နေရာမှာတင် သေသွားတယ် ”လို့ ဒေသခံအမျိုးသမီးတစ်ယောက်က ပြောပါတယ်။
ခင်ဦးမြို့နယ်အတွင်းမှာ စစ်ကြောင်းထွက်ပြီး ကျန်ခဲ့တဲ့ လက်နက်ပစ္စည်းတွေကို မကောက်ယူ၊ မသိမ်းဆည်းဘဲ သက်ဆိုင်ရာ ကာကွယ်ရေး၊ အုပ်ချုပ်ရေးအဖွဲ့တွေကို အပ်နှံပေးဖို့ကိုလည်း အသိပေးထားကြပါတယ်။
ပြီးခဲ့တဲ့တစ်လအတွင်း စစ်ကြောင်းထိုးလို့ သေဆုံးသူအမျိုးသမီး ၁၅ ယောက်ရှိ

ဓာတ်ပုံ ရင်းမြစ်, ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ လ အတွင်း စာရင်းအရ စစ်ကောင်စီက ကျေးရွာတွေကို စစ်ကြောင်းထိုး ပစ်ခတ်တာ၊ သတ်ဖြတ် မီးရှို့တာတွေကြောင့် သေဆုံးရသူ အမျိုးသမီး ၁၅ ယောက်ရှိတယ်လို့ မြန်မာအမျိုးသမီး သမဂ္ဂ Burmese Women’s Union က ဒီနေ့ မတ်လ ၆ရက်မှာ ထုတ်ပြန်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အဲ့ဒီ ၁၅ ယောက်ထဲက ၈ ယောက်ဟာ ကျေးရွာတွေထဲကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် သေဆုံးတာဖြစ်ပြီး ၃ ယောက်ကတော့ သတ်ဖြတ် မီးရှို့တာကြောင့် သေဆုံးကြရတာလို့ ပြောပါတယ်။
အမျိုးသမီးတွေ သေဆုံးတဲ့ ဒေသတွေက စစ်ကိုင်းတိုင်းရေဦး၊ စစ်ကိုင်း၊ ရွှေဘို၊ ခင်ဦး၊ တနင်္သာရီတိုင်း ပုလော၊ ချင်းပြည်နယ် မင်းတပ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ် ဖားကန့်၊ ပဲခူးတိုင်း ရေတာရှည်၊ မကွေးတိုင်း ရေစကြို မြို့နယ်တွေဖြစ်ပြီး အများဆုံးသေဆုံးတဲ့ နေရာကတော့ စစ်ကိုင်းတိုင်း ရေဦးမြို့နယ်၊ ရွှေဘိုမြို့နယ်၊ ကချင်ပြည်နယ် ဖားကန့်မြို့တွေဖြစ်ကြပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီလအတွင်း ဖမ်းဆီးထားသူ ၃၅ ယောက်ရှိပြီး ဖမ်းဆီးခံရတဲ့ အကြောင်းအရင်း အများစုကတော့ လူမှုကွန်ရက် စာမျက်နှာမှာ စစ်တပ်နဲ့ သူတို့ရဲ့ အပေါင်းအပါတွေကို ဆန့်ကျင်တဲ့အရေးသားတွေတင်တာ၊ ဖြန့်ဝေတာတွေကြောင့် လို့ ဆိုပါတယ်။
BWU ထုတ်ပြန်ချက်အရ အဲ့ဒီအမျိုးသမီးတွေဟာ တနင်္သာရီတိုင်း၊ နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရှမ်းပြည်တို့ဖြစ်ပြီး မန္တလေးတိုင်းက အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
ဒ့ါကြောင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဖမ်းခံရသူအမျိုးသမီးအရေအတွက် ၃၁၂၅ ယောက်ရှိနေပြီး အဖမ်းခံရသူတွေထဲက အယောက် ၅၇၀ ဟာ ပြစ်ဒဏ်ချမှတ်ခံထားရတယ်လို့လည်း BWU က ပြောပါတယ်။ အခုBWU က ထုတ်ပြန်တဲ့စာရင်းက နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေး အေအေပီပီကိုလည်း ကိုးကားထားပြီး မြေပြင်မှာဒီထက်ပိုများနိုင်တယ်လို့လည်း ဆိုပါတယ်။
၃ရက်အတွင်း အင်းတော်ဒေသခံ ၂၀ကျော် ဖမ်းဆီးခံထားရ

ဓာတ်ပုံ ရင်းမြစ်, CJ
ပြီးခဲ့တဲ့ မတ်လ ၃ရက်ကနေ မတ်လ ၆ရက် အထိ ၃ရက်အတွင်း စစ်ကိုင်းတိုင်း ၊အင်းတော်မြို့ထဲ ဒေသခံ အယောက် ၂၀ကျော် PDF ကိုထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေကပြောပါတယ်။ အခုရက်အတွင်းဖမ်းဆီးခံရတာတွေခပ်စိပ်စိပ်ရှိနေသလို ဒေသတွင်းမှာလည်း စစ်ကောင်စီတပ်တွေ အစစ်အဆေးတင်းကျပ်တယ်လို့ ဆိုပါတယ်။
အခုတစ်ခေါက်အင်းတော်ဒေသထဲ အရပ်သားဖမ်းဆီးခံရတာဟာ အရင်ထက် လူဦးရေများလို့ ဒေသခံတွေက ကြောက်ရွံ့ကြတဲ့အထိဖြစ်လာပြီး အိမ်ပြင်မထွက်ရဲအောင်ဖြစ်နေပြီး အင်းတော်မြို့လည်း လူသူကင်းမဲ့နေတဲ့အထိဖြစ်နေတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရတဲ့ အထဲက ၆ယောက်လောက်ကတော့ မနေ့ မတ်လ ၅ရက်က စစ်ဆေးရိုက်နှက်ခံရပြီး ပြန်လွတ်လာတယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။
မတ်လ ၂ ရက်က မြစ်ကြီးနား -အင်းတော်-ဗန်မောက် လမ်းဆုံ မှာ မိုင်းကွဲပြီး လူငယ်နှစ်ဦးသေဆုံးခဲ့ပြီး ၂ယောက်ကတော့ ဖမ်းခံရတာကနေ အဖမ်းအဆီးတွေဆက်တိုက်ရှိလာတာလို့ သိရပါတယ်။
“ဖမ်းနေတာကတော့ အခုချိန်ထိဖမ်းနေတုန်း အယောက်၃၀ကျော်ဖမ်းမယ်ဖို့စာရင်းရှိတယ်ဆိုတဲ့ သတင်းတွေကလည်းထွက်နေတော့ပိုကြောက်နေကြတာပေါ့။ သူတို့ ( စစ်ကောင်စီ) ကတော့ PDF ကို ထောက်ပံ့တယ်ဆိုပြီး နှစ်ထောင် သုံးထောင် ထည့်တဲ့သူတွေက အစ အင်းတော်တစ်မြို့လုံးကိုပတ်မွှေနေတာ'' လို့ ဒေသခံတစ်ဦးကပြောပါတယ်။
စစ်ကောင်စီက ဖမ်းဆီးလိုက်တဲ့အင်းတော် ဒေသခံ အများစုမှာ PDF ထောက်ပံ့မှုနဲ့စွပ်စွဲခံထားရသလို အရင်က ဖမ်းဆီးခဲ့တဲ့ သူတွေကိုကတော့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ အပြင် အကြမ်းဖက် ဥပဒေတွေနဲ့ တရားစွဲခံထားရတာပါ။
ဒါ့ အပြင်အင်းတော်ဒေသထဲ နေ့စဉ်ဆိုသလို လက်နက်ကြီးလက်နက်ငယ်သံတွေကလည်းရှိနေတယ်လို့ သိရပါတယ်။
ရေဦး၊ ဖလံဂုဏ်ရွာမှာ လူငယ် ၅ ယောက် သေဆုံး ၊ အဖမ်းခံရတဲ့အရပ်သားတွေလည်း မလွတ်သေး

ဓာတ်ပုံ ရင်းမြစ်, ရေဦးမြို့နယ် စစ်ဘေးရှောင်ထောက်ပံ့ရေး
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ဖလံဂုဏ်ရွာ မှာ စစ်ကောင်စစ်ကြောင်းဝင်ရောက်စီးနင်းတာကြောင့် ကျေးရွာ ကျေးရွာလုံခြုံရေးယူနေတဲ့ လူငယ် ၅ ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီစစ်ကြောင်းဟာ ရေဦးမြို့ သံသည်ရွာက ထွက်လာတာဖြစ်ပြီး စစ်အင်အား ၇၀ ကျော်နဲ့ မတ် ၄ ရက် က ဝင်ရောက်စီးနင်းတာလို့ဆိုပါတယ်။
ဒါ့အပြင် ဖလံဂုဏ်ရွာကနေ ဒေသခံ ၈ ယောက်ကိုလည်း ဖမ်းဆီးသွားပြီး ဒီနေ့အထိ ဖမ်းဆီးခံရသူတွေနဲ့ ပတ်သက်တဲ့ သတင်းအစန မရသေးဘူးလို့လည်း ပြောပါတယ်။
စစ်ကောင်စီတပ်တွေက အဲဒီနေ့ မနက် ၃ နာရီနဲ့ ၄ နာရီကြားမှာ ဖလံဂုဏ်ရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ဝင်ရောက်တာကြောင့် လုံခြုံရေးကင်းယူနေတဲ့နေရာကို လက်နက်ကြီးထိ ပေါက်ကွဲပြီး သေဆုံးတာလို့ ပြောကြပါတယ်။
“လက်နက်ကြီးကျပြီး သေသွားတဲ့လူငယ်တွေကို စာသင်ကျောင်းထဲက ဆိုင်ကယ်တွေ ၁၂ စီးနဲ့ စုပြီး မီးရှို့သွားတာ။ မီးတွေလောင်ပြီး အလောင်း မပီပြင်တော့ဘူး၊ ဘယ်သူ ဘယ်ဝါမသိကြရတော့ဘူး။ အလောင်းအရေအတွက်တောင် မီးလောင်ပြီး ကျန်နေတဲ့ဦးခေါင်းခွံတွေကြည့်ပြီး သိရတာ”လို့ ဒေသခံက ပြောပါတယ်။
အခုရက်အတွင်း ရေဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးတာတွေ ရှိနေတဲ့အတွက် ရေဦး-တန့်ဆည်လမ်းပိုင်းကို ဘယ်သူတစ်ယောက်မှ လမ်းပေါ်မတက်ကြဖို့၊ မဖြတ်သန်းကြဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကလည်း အရေးပေါ်သတိပေးထားကြပါတယ်။
မြန်မာ မြေရှားသတ္တု တရုတ်ကို တင်ပို့မှု ကန်ဒေါ်လာ သန်း ၆၀၀ ကျော်ရှိ

ဓာတ်ပုံ ရင်းမြစ်, Global Witness
မြေရှားတူးဖော်တဲ့ လုပ်ငန်းတွေမှာ မြန်မာအမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရတာတွေရှိတယ်လို့ MRW ပြော
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ မြေရှားသတ္ထုတူးဖော်တာတွေဟာ အလွန်အကျူးဖြစ်နေပြီး ၂၀၂၂ ခုနှစ်အတွင်းမှာ တရုတ်နိုင်ငံကို မြေရှားသတ္ထုတင်ပို့မှုဟာ အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်၊ တန်ချိန် ၂ သောင်း ၄ ထောင်နီးပါးရှိခဲ့တယ်လို့ အချက်လက်တွေကို ကောက်ယူနေတဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP Myanmar က ထုတ်ပြန်ထားပါတယ်။
တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအဖွဲ့ (GACC)ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားထားတဲ့ ဒီအချက်အလက်ဖြစ်ပြီး စစ်ကောင်စီဘက်က ဒါနဲ့ပတ်သက်လို့ တရားဝင်ထုတ်ပြန်တာမရှိသေးဘူးလို့ ထောက်ပြထားပါတယ်။
ISP Myanmar ရဲ့ စစ်တမ်းအရ ကချင်၊ မန်စီမြို့နယ်မှာ မြေရှားသတ္ထုတူးဖော်ဖို့ လုပ်နေတဲ့ တရုတ်လူမျိုးတွေပါတဲ့ကုမ္ပဏီနဲ့ ဘာသာရေးခေါင်းဆောင်တွေ၊ ဒေသခံပြည်သူတွေအကြား တင်းမာမှုတွေ ဖြစ်နေသလို မြေရှားသတ္ထုတူးဖော်တာကိုလည်း ဒေသခံတွေက ကန့်ကွက်နေတယ်လို့လည်း ပြောပါတယ်။
မြေရှားသတ္ထုတူးဖော်တာကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ လူမှုစီးပွားရေး အခြေအနေတွေ ဆိုးဆိုးရွားရွား ထိခိုက်ခဲ့သလို အဲ့ဒီသတ္ထုတူးဖော်မှုနောက်ကွယ်မှာလည်း စစ်ကောင်စီနဲ့ နီးစပ်တဲ့ နယ်ခြားစောင့် တပ်ဖွဲ့တွေသာမက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အကျိုးစီးပွားလည်း ရှိနေတယ်လို့ ဆိုပါတယ်။
မြေရှားသတ္ထု တူးဖော်တာတွေက ၂၀၁၆ ခုနှစ်ကတည်းက ကချင်ပြည်နယ် ပန်ဝါမှာစတင်ခဲ့တာဖြစ်ပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ပိုပြီးအရှိန်မြင့်လာတယ်လို့ ဒေသတွင်းအဖွဲ့အစည်းတွေကနေ သိရပါတယ်။
တချိန်တည်းမှာပဲ အဲဒီမြေရှားတူးဖော်တဲ့ လုပ်ငန်းတွေမှာ မြန်မာအမျိုးသမီးတွေဟာ ထမင်းချက်၊ ရေကြည့်၊ အထွေထွေနဲ့ အိပ်ရာခင်း စတဲ့ အလုပ်တွေ ဝင်လုပ်နေကြရသလို တရုတ်လူမျိုးတွေရဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရတာတွေ ရင်ဆိုင်နေကြရတယ်လို့ အရပ်ဖက်အဖွဲ့ဖြစ်တဲ့ Myanmar Resource Watch ကလည်း ထုတ်ပြန်ထားပါတယ်။
အိပ်ရာခင်းအလုပ်ဆိုတာ တရုတ်တွေနဲ့ အတူအိပ်ပေးရတာဖြစ်ပြီး တရုတ်လုပ်ငန်းရှင်တွေ တိုက်ကျွေးတဲ့ ပဋိသန္ဓေတားဆေးနဲ့ တခြားအမျိုးအမည်မသိတဲ့ ဆေးဝါးတွေကြောင့် သားအိမ်ရောဂါအပါအဝင် အမျိုးသမီးရောဂါတွေ ဖြစ်ပွားနေကြပြီး အသက်သေဆုံးတာတွေအထိ ဖြစ်နေတယ်လို့လည်းMyanmar Resource Watchရဲ့ အစီရင်ခံစာထဲ ဖော်ပြထားပါတယ်။
မြန်မာမှာ အကူအညီလိုအပ်နေတဲ့ လူဦးရေ က ၁၇သန်းကျော်ရှိလာ

ဓာတ်ပုံ ရင်းမြစ်, ခင်ဦးသတင်းမှန်ပြန်ကြားရေး
မြန်မာရဲ့ လူဦးရေ သုံးပုံတစ်ပုံက လူသားချင်း စာနာမှုဆိုင်ရာ လိုအပ်ချက်တွေ မြင့်တက်နေသလို အကူအညီရောက်အောင် ဆောင်ရွက်ပေးနိုင်တဲ့ အခြေအနေမရှိသလောက်ဖြစ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က မတ် ၅ ရက်က ထုတ်ပြန်ပါတယ်။
၂၀၂၃ ခုနှစ် မှာ အကူအညီ လိုအပ်နေတဲ့ လူဦးရေက ၁၇ ဒသမ ၆ သန်းခန့်ရှိနေပြီး ဒီအရေအတွက် နိုင်ငံ့လူဦးရေရဲ့ ၃ပုံ ၁ပုံ ဖြစ်နေတယ်လို့ဆိုပါတယ်။ အဲ့ဒီထဲက လူဦးရေ ၄ ဒသမ ၅ သန်းအတွက် ဦးစားပေးပံ့ပိုးထားပြီး အများစုက ပဋိပက္ခဖြစ်ပွားနေတဲ့ ကျေးလက်ဒေသတွေက ဖြစ်ပါတယ်။
အခု ၂၀၂၃ ခုနှစ်အတွက် မြန်မာမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ရေးအစီအစဉ်ဟာ အမေရိကန်ဒေါ်လာ သန်း ၇၆၀ကျော် ကုန်ကျနိုင်တယ်လို့လည်း UNOCHA က ဆိုပါတယ်။
၂၀၂၃ ခုနှစ်ရဲ့ ပထမ နှစ်လထဲမှာ လူပေါင်း တစ်သိန်းခွဲကျော် စစ်ဘေးရှောင်ရပြီး စစ်ဘေးရှောင်စခန်းတွေနဲ့ တောတွေထဲမှာ မရေရာတဲ့အခြေအနေတွေနဲ့ နေထိုင်နေရတဲ့အကြောင်း၊ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရှောင် ဦးရေဟာ ဖေဖော်ဝါရီ ၂၇ ရက်အထိ ၁ ဒသမ ၃ သန်းအထိ တိုးလာခဲ့ပါတယ်။
ဒ့ါအပြင် မြို့နယ်ပေါင်း ၄၇ ခုကို စစ်အုပ်ချုပ်ရေး ကြေညာထားပြီး လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်တဲ့အခါ မှတ်ပုံတင်တာနဲ့ ပတ်သက်တဲ့ စည်းကမ်းချက်အသစ်တွေရှိနေတာကြောင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေအပေါ် သက်ရောက်မှုလာမှာကို စိုးရိမ်ရတယ်လို့လည်း ဆိုပါတယ်။
ကချင်ပြည်နယ်၊ မြန်မာနိုင်ငံ အရှေ့တောင်နဲ့ အနောက်မြောက်က ဆက်လက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ အသက်အန္တရာယ်နဲ့ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းတွေကို နှောင့်နှေးစေတဲ့အခြေအနေတွေ ရှိနေတယ်လို့ ကုလကထောက်ပြထားပါတယ်။








