ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စက်တင်ဘာ ၂၅ ရက် ထိပ်တန်းသတင်းများ - ဒရုန်းသုံးတိုက်ခိုက်မှုတွေက စိန်ခေါ်ချက်ဖြစ်လာတယ်လို့ စစ်ကောင်စီ ရဲချုပ်ပြော
မောင်းသူမဲ့ယာဉ်(ဒရုန်း) အသုံးပြုတိုက်ခိုက်မှုတွေဟာ အနာဂတ်စိန်ခေါ်မှုဖြစ်နေတဲ့အကြောင်း စစ်ကောင်စီ ရဲချုပ်လည်းဖြစ်၊ ပြည်ထဲရေးဒုဝန်ကြီးလည်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်က ပြောလာပါတယ်။
တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းဆူးပြည်နယ်၊ လျန်ယွင်ကန်မြို့မှာကျင်းပတဲ့ ဒုတိယအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုညီလာခံမှာ သူက အခုလိုပြောလိုက်တာဖြစ်ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ကတော့ အကြမ်းဖက်အဖွဲ့တွေလို့ သုံးနှုန်းပြီး ဒရုန်းလိုလက်နက်တွေ ဒီလိုအကြမ်းဖက်ဆောင်ရွက်သူတွေဆီ မရောက်အောင် ဒေသတွင်းဖြစ်စေ၊ နှစ်နိုင်ငံဖြစ်စေ ပူးပေါင်းကာကွယ်ရမယ်လို့ ပြောခဲ့တဲ့အကြောင်း စစ်ကောင်စီပိုင် သတင်းမီဒီယာတွေမှာဖော်ပြပါတယ်။
ဒီအချက်အလက်တွေကို ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုညွှန်းကိန်းအစီရင်ခံစာကို ကိုးကားပြီး ပြောဆိုတဲ့အကြောင်းဖော်ပြပေမဲ့ ဒရုန်းအသုံးပြုမှုတွေကို နိုင်ငံတကာ ပူးပေါင်းကာကွယ်မှသာ နယ်စပ်ဒေသထိန်းချုပ်ရေးအစီအမံတွေ အားကောင်းလာမယ့်အကြောင်း သူက ပြောခဲ့တာပါ။
စက်တင်ဘာ ၁၉ ရက်ကနေ ၂၀ ရက်အထိ နှစ်ရက်တာကျင်းပတဲ့ ဒီညီလာခံကို တရုတ်နိုင်ငံက ဦးစီးကျင်းပတာဖြစ်ပြီး စစ်ကောင်စီနဲ့ နယ်စပ်လုံခြုံရေးကိစ္စမကြာခဏ တွေ့ဆုံဆွေးနွေးနေတဲ့ အိမ်နီးချင်း ထိုင်းနဲ့ အိန္ဒိယနိုင်ငံက ကိုယ်စားလှယ်တွေလည်း တက်ရောက်ကြပါတယ်။
ဗြိတိန်၊ ရုရှားလို ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအပါအဝင် နိုင်ငံပေါင်း ၅၀ ကျော် တက်ရောက်တဲ့ ညီလာခံဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (Interpol) အကြီးအကဲတွေလည်း ပါဝင်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF တွေဟာ နိုင်ငံအနှံ့မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒရုန်းအသုံးပြုတိုက်ခိုက်တာတွေရှိနေပါတယ်။
ဒီအတောအတွင်းမှာပဲ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမှာဆိုရင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြီးခဲ့တဲ့ သီတင်းတပတ်တာလုံး ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့အကြောင်း Cloud Wings ဒရုန်းတပ်ဖွဲ့က ထုတ်ပြောထားပါတယ်။
ဒီလို တိုက်ခိုက်မှုတွေ ကြုံတွေ့နေရချိန် စစ်ကောင်စီရဲ့ စစ်ဘက် အရပ်ဘက် ခေါင်းဆောင်တွေကလည်း တက်ရောက်ခွင့်ရတဲ့ နိုင်ငံတကာအစည်းအဝေးတိုင်းမှာ ဒရုန်းနဲ့ တိုက်ခိုက်ပြီး အကြမ်းဖက်နေကြတယ်ဆိုတဲ့ အချက်ကို သိသိသာသာ ထည့်ပြောကြတာကို နေ့စဉ်ထုတ်သတင်းစာတွေမှာ တွေ့ရပါတယ်။
ဒါပေမဲ့ အခုစက်တင်ဘာလအတွင်း စစ်ကိုင်းတိုင်းထဲက တမူးမြို့နယ်မှာ ဖြစ်ခဲ့တဲ့ PDF နဲ့ ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်ကလည်း ဒရုန်းအသုံးပြုတိုက်ခိုက်တာတွေရှိတဲ့ အကြောင်း ဒေသခံတွေက ဘီဘီစီကို ပြောကြပါတယ်။
စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ဘက်ကတော့ သူတို့တပ်ဖွဲ့ဝင်တွေ ဒရုန်းအသုံးပြုမှုနဲ့ ပတ်သက်လို့ တစုံတရာသတင်းထုတ်ပြန်တာမျိုး ဒီကနေ့ စက်တင်ဘာ ၂၅ ရက်ညနေပိုင်းအထိ မရှိသေးပါဘူး။
ရေဦးနဲ့ ဒီပဲယင်းကြား စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံရာချီရှောင်တိမ်းနေရ
စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်မှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်တွေဟာ ရေဦးမြို့နယ်တောင်ဘက်ခြမ်းကျေးရွာတွေဆီ ဒီကနေ့ စက်တင်ဘာ ၂၅ ရက်နေ့ မနက်အစောပိုင်းကစလို့ စစ်ကြောင်းထိုးလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နေ့လယ်ပိုင်းမှာတော့ ရေဦးတောင်ဘက်ခြမ်းရွာတွေဖြစ်တဲ့ ကြာဖူးဝိုင်း၊ ရွာသာလေး စတဲ့ရွာတွေ ကိုရောက်ရှိနေတာကြောင့် အဲဒီတကြောက ဒေသခံတွေ ထွက်ပြေးနေကြရသလို နယ်နိမိတ်ထိစပ်နေတဲ့ ဒီပဲယင်းမြို့နယ်အရှေ့ဘက်ခြမ်းက ညောင်လှ၊ မူးခတွင်း စတဲ့ ရွာခံတွေပါ ကြိုတင်ရှောင်ရှားနေကြတယ်လို့ နှစ်ဖက်အသိုင်းအဝိုင်းကနေ သိရပါတယ်။
"ရေဦးမြို့ပေါ်ကနေ ဒီပဲယင်းမြို့ပေါ်ကိုတပ်ကူသွားဖြည့်တာလို့ သိထားရတယ်။ ဒီတော့ သူတို့သွားနိုင်မယ့် လမ်းကြောင်းတလျှောက်က ဒေသခံတွေ ရှောင်တိမ်းကြတာပါ။ သူတို့နဲ့က လူတစ်ယောက်မှ အတွေ့ခံလို့မဖြစ်ဘူးလေ" လို့ ရေဦးအနောက်ဘက်ခြမ်း ပြည်သူ့ကာကွယ်ရေး (ပကဖ) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒါကြောင့် ရေဦးနဲ့ ဒီပဲယင်းအစပ်က ဒေသခံ ရာနဲ့ချီ နီးစပ်ရာကို ရှောင်ရှားနေကြရပြီး ဒီရက်ပိုင်း ဖုန်းလိုင်းအခက်အခဲဖြစ်နေတာကြောင့် စစ်ရှောင်အခြေအနေအသေးစိပ်မသိရှိရသေးဘူးလို့ ဒီပဲယင်းအခြေစိုက် သတင်းတွေက ဖော်ပြပါတယ်။
အခုစက်တင်ဘာ ဒုတိယအပတ်အတွင်း ဒီပဲယင်းမြို့ပေါ်က စစ်ကောင်စီစခန်းတွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်တွေဆက်တိုက်ဖြစ်ခဲ့တာကြောင့် စစ်ကောင်စီတပ်ကူဖြည့်ဆည်းတာလို့ ပြောဆိုကြပေမဲ့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ဘက်ကတော့ ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ သတင်းတစုံတရာထုတ်ပြန်တာ မရှိပါဘူး။
ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ ပြောကြားချက်အရ အာဏာသိမ်းပြီးနောက်ပိုင်း ရေဦးကို ခရိုင်အဆင့် စစ်ကောင်စီက တိုးမြှင့်ခဲ့ပြီးနောက် မြို့ပေါ်မှာ စစ်အင်အားရာချီ ဖြည့်တင်းထားကာ ခင်ဦး၊ ရေဦး၊ တန့်ဆည် နဲ့ ဒီပဲယင်းမြို့နယ်တကြောကို လှည့်လည် စစ်ကြောင်းထိုးလေ့ရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက တန့်ဆည်မြို့ပေါ်စခန်းတွေကို PDF တွေ ဝင်ရောက်တိုက်ခိုက်ခံရပြီးတဲ့နောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရေဦးကျေးရွာတွေကို စစ်ကြောင်းထိုးကာ တန့်ဆည်မြို့ပေါ်ကို အင်အားဖြည့်ခဲ့တယ်လို့လည်း မြေပြင်အခြေအနေသိရှိသူတွေက ပြောကြပါတယ်။
မြန်မာမှာ ငလျင်ငယ်တွေ ဆက်တိုက်လှုပ်ခတ်နေ
မြန်မာနိုင်ငံကုန်းတွင်းပိုင်းမှာ အင်အားအနည်းငယ်ရှိတဲ့ ငလျင်ငယ်တွေ အခုရက်ပိုင်းအတွင်း ဆက်တိုက်လှုပ်ခတ်နေတယ်လို့ မိုးလေဝသနဲ့ ငလျင်လေ့လာစောင့်ကြည့်ရေးအချက်အလက်တွေ အရ သိရပါတယ်။
စက်တင်ဘာလ ၂၃ ရက်၊ ၂၄ ရက်နဲ့ ဒီနေ့ မနက်ပိုင်းအထိဆိုရင် ပဲခူးမြို့၊ တိုက်ကြီးမြို့၊ မှော်ဘီမြို့အနီးတွေကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၃.၇ အဆင့် ကနေ ၅.၀ အဆင့်ရှိတဲ့ ငလျင်တွေ ၄ ကြိမ်ထက်မနည်း လှုပ်ခတ်ခဲ့ပြီးဖြစ်ပါတယ်။
အဲဒီငလျင်တွေထဲ စက်တင်ဘာလ ၂၃ ရက် အဲဒီနေ့ည ၈ နာရီဝန်းကျင်မှာပဲ ပဲခူးမြို့ အနောက်တောင်ဘက်ကို ဗဟိုပြုတဲ့ငလျင်ကို ရန်ကုန်မြို့၊ မြို့နယ်အချို့မှာ သိရှိခံစားခဲ့ရပါတယ်။
ငလျင်လှုပ်ခတ်မှုဒဏ်ကို တစ်မိနစ်နီးပါးကြာ ခံစားခဲ့ရလို့ မြို့ပြအထပ်မြင့်အဆောက်အအုံ ထူထပ်တဲ့ ရန်ကုန်မြို့မှာ ဒေသခံတွေကြား စိုးရိမ်စိတ်မြင့်တဲ့အထိ ဖြစ်ခဲ့ကြပါတယ်။
ဒါ့အပြင် မနေ့ညပိုင်း ၁၁ နာရီကျော်ကျော်မှာလည်း ဧရာဝတီတိုင်းထဲက မအူပင်မြို့မှာ ငလျင်လှုပ်ခတ်မှုကို ခံစားသိခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မအူပင်မြို့ဟာ ပြီးခဲ့တဲ့ ဇွန်လတုန်းက ညောင်တုန်းမြို့နယ်ထဲကို ငလျင်ဗဟိုပြုလှုပ်ခတ်ချိန်အတွင်း မုခ်ဦးပြိုကျတာ၊ အုတ်မျက်နှာကြက်ပြိုကျတာတွေဖြစ်ခဲ့ပြီး အမျိုးသမီး ၂ ဦးဆုံးပါးတဲ့အထိဖြစ်ခဲ့ဖူးပါတယ်။
ဖားကန့်၊ ဆိုင်းတောင်က စရဖရုံးတိုက်ခိုက်ခံရ
ဒီကနေ့ စက်တင်ဘာ ၂၅ ရက် မနက်အစောပိုင်း ၄ နာရီကျော်က ကချင်ပြည်နယ်၊ ဖားကန့်မြို့ ဆိုင်းတောင်ရပ်ကွက် မှာရှိတဲ့ စစ်ကောင်စီရုံးတစ်ခုဝင်ရောက်တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ တိုက်ခိုက်ခံရတဲ့ရုံးဟာ အရပ်အခေါ် စရဖရုံး( စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့) ဖြစ်ပြီး တိုက်ခိုက်မှုကို ကချင်လွတ်လပ်ရေးတပ် KIA နဲ့ PDF ပူးပေါင်းအဖွဲ့က လုပ်တယ်လို့ ဒေသခံအချို့က ဘီဘီစီကို ပြောပါတယ်။ ကာကွယ်ရေးတပ်တွေကလည်းအဲဒီတိုက်ခိုက်မှုကို သူတို့လုပ်ဆောင်ခဲ့တယ်လို့ အတည်ပြုထားကြောင်း ကာကွယ်ရေးတပ်နဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
ဒေသခံတစ်ဦးရဲ့ အပြောအရ ဆိုင်းတောင်ရပ်ကွက်မှာရှိတဲ့ စစ်တပ်နဲ့ပတ်သက်တဲ့ နောက်ထပ်နေရာ တစ်ခုလည်း ဝင်ရောက်စီးနင်းခံရတယ်လို့ ပြောပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ဖမ်းဆီးခံရတာ၊ ထိခိုက်ဒဏ်ရာရတာနဲ့ သေဆုံးတာရှိတယ်လို့ဆိုပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဘီဘီစီက သီးခြားအတည်ပြုနိုင်ဖို့ ဆက်လက်မေးမြန်းနေဆဲဖြစ်ပါတယ်။
'' သူတို့ ( စစ်တပ်) ဘက်က လူတွေကိုဖမ်းးမိထားတယ်။ လက်နက်တွေလည်းမိတယ်လို့သိရတယ်။ နှစ်နေရာတိုက်ခိုက်ခံရတယ်ပြောပါတယ်။ ဒါပေမဲ့ မူးယစ်ရုံးလား၊ ရဲစခန်းအလယ်ကုန်းလားမသိရသေးဘူး၊ ရွာထဲဝင်ဖို့ခက်နေတော့ အဆက်သွယ်ရသလောက်ပဲသိပါတယ် '' လို့ ကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူ တစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့အပတ်ကလည်း ဖားကန့်မြို့ ပန်းတင်တံတားထိပ်မှာရှိတဲ့ စစ်တပ်ရဲ့ဂိတ်ကိုလည်း KIAနဲ့ PDF ပူးပေါင်းတပ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်တဲ့ဖြစ်စဥ်ရှိခဲ့ပါတယ်။
မြန်မာ - အိန္ဒိယ နယ်စပ်ခြံစည်းရိုးခတ်မယ်လို့ မဏိပူရအစိုးရပြော
အိမ်နီးချင်းနိုင်ငံမြန်မာကနေ အိန္ဒိယဘက်ခြမ်းကို တရားမဝင် ဝင်ရောက်နေထိုင်တာနဲ့ မူးယစ်ဆေးဝါးမှောင်ခိုကူးတာတွေများလာတာကြောင့် မြန်မာ - အိန္ဒိယ နယ်စပ်ခြံစည်းရိုး ခတ်ဖို့ အရေးတကြီးလိုအပ်နေပြီလို့ မဏိပူရပြည်နယ်ဝန်ကြီးချုပ် ဘီရန်ဆင်းက ပြောပါတယ်။
မြန်မာ - အိန္ဒိယ နယ်စပ်မှာ ကီလိုမီတာ ၇၀ (၄၃ မိုင်ကျော်)ကို ခြံစည်းရိုးခတ်ဖို့ အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနတာဝန်ရှိသူတွေနဲ့ မဏိပူရပြည်နယ် ဝန်ကြီးချုပ်တို့ စီစဉ်နေကြ တာဖြစ်ပါတယ်။
နယ်စပ်လမ်းအဖွဲ့အစည်း(BRO)နဲ့ တိုင်ပင်ဆွေးနွေးပြီး နှစ်နိုင်ငံနယ်စပ် ခြံစည်းရိုးတည်ဆောက်ရေး စတင်နိုင်ဖို့ စီစဉ်နေပြီလို့ ပြည်နယ်ဝန်ကြီးချုပ်က သူ့ရဲ့လူမှုကွန်ရက်အကောင့်မှာ ရေးသားဖော်ပြပါတယ်။
အိန္ဒိယရဲ့မဏိပူရပြည်နယ်ဟာ အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခပြင်းထန်တဲ့ စစ်ကိုင်းတိုင်းထဲက တမူးမြို့နယ်နဲ့နယ်နိမိတ်ထိစပ်နေတာဖြစ်ပါတယ်။ဒါအပြင် အကွာအဝေးအနေနဲ့ မိုင် ၂၅၀ နီးပါး (၃၉၈ ကီလိုမီတာ)အထိ မြန်မာနဲ့ နယ်နိမိတ်ထိစပ်နေတာပါ။
အခုလို ခြံစည်းရိုး ခတ်မယ့်အကြောင်း ထုတ်မပြောခင် မြန်မာ - အိန္ဒိယ နယ်စပ် လွတ်လပ်စွာ သွားလာခွင့် သဘောတူညီချက်ကို အပြီးပယ်ဖျက်ပေးဖို့ မဏိပူရပြည်နယ်အစိုးရ က ပြည်ထဲရေး ဝန်ကြီးဌာနကို တောင်းဆိုထားပါသေးတယ်။
အိန္ဒိယရဲ့ မဏိပူရပြည်နယ်မှာ အခုနှစ်လယ်ပိုင်း လူမျိုးရေးပဋိပက္ခဖြစ်ခဲ့ပြီးတဲ့နောက် ဒီပြဿနာဖြေရှင်းဖို့အပါအဝင် နယ်စပ်လုံခြုံရေးအတွက် အိန္ဒိယဗဟိုအစိုးရက စိုင်းပြင်းလာနေတာဖြစ်ပြီး စစ်ကောင်စီနဲ့လည်း နယ်စပ်ကိစ္စနဲ့ဆက်စပ်လို့ တွေ့ဆုံဆွေးနွေးမှုတွေ အခုနှစ်ထဲ ဆက်တိုက်လုပ်ခဲ့ပါတယ်။
ဒါပေမဲ့ မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ် လတ်တလော ထုတ်ပြောနေတဲ့ လွတ်လပ်စွာသွားလာခွင့် ပိတ်သိမ်းဖို့၊ နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုး ခတ်မယ့် ကိစ္စတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနဘက်က ဒီကနေ့ မနက်ပိုင်းအထိ တစုံတရာသတင်းထုတ်ပြန်တာမတွေ့ရသလို စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကိုလည်း ဘီဘီစီက မေးမြန်းနိုင်ဖို့ ကြိုးစားနေပါတယ်။
မြန်မာ - အိန္ဒိယအရေးစောင့်ကြည့်တဲ့ India For Myanmar ရဲ့ စာရင်းအရ မဏိပူရပြည်နယ်ထဲမှာ မြန်မာစစ်ရှောင် ၅၀၀၀ နီးပါး ခိုလှုံနေပါတယ်။
မဏိပူရပြည်နယ်ရောက် မြန်မာဒုက္ခသည်တွေကတော့ ပြည်နယ်အစိုးရရဲ့ အခုလိုကိုင်တွယ်မှုတွေကြောင့် မလုံခြုံမှုတွေခံစားနေရတယ်လို့ ဘီဘီစီကို ပြောကြပါတယ်။
တရုတ်-မြန်မာနယ်စပ်မှာ နိုင်ငံကူးလက်မှတ်နဲ့ ဝင်ထွက်ခွင့်ရမယ်
တရုတ်နဲ့မြန်မာနယ်စပ်ကနေ သာမန်နိုင်ငံကူးလက်မှတ် အနီရောင် ပတ်စ်ပို့ နဲ့ ဝင်ထွက်ခွင့်ရမယ်လို့ မူဆယ်ဒေသခံတွေကပြောပါတယ်။
အနီရောင် ပတ်စ်ပို့ဟာ လေကြောင်းသွားလာမှုအတွက် ဗီဇာနဲ့သာထုတ်ပေးခဲ့တာဖြစ်တဲ့အတွက် အခုလို ဝင်/ထွက်ခွင့်ပြုမယ်ဆိုရင် တရုတ် - မြန်မာ နယ်စပ်မှာပထမဆုံးဖြစ်လာမယ်လို့ မူဆယ်အခြေစိုက် ကမ်းလက်လူမူကူညီရေးအသင်းက ဦးဌေးကပြောပါတယ်။
ဘီဘီစီကရရှိတဲ့ သတင်းတွေအရ လာမယ့်အောက်တိုဘာပထမပတ်မှာ အဲဒီလုပ်ငန်းစဥ်ကို စတင်မယ်လို့သိရပါတယ်။
ဒီကနေ့ စစ်ကောင်စီထိန်းချုပ်နိုင်ငံပိုင်သတင်းစာမှာလည်း တရုတ်ပြည် ၊ ယူနန်ရောက်နေတဲ့ စစ်ကောင်စီလူဝင်မူကြီးကြပ်ရေးဝန်ကြီး ဦးမြင့်ကြိုင်ကလည်း နိုင်ငံကူးလက်မှတ်ပတ်စ်ပို့နဲ့ပါ ဝင်ထွက်ခွင့်ပြုမှာဖြစ်လို့ လုပ်ငန်းတွေအဆင်ပြေဖို့ မှာကြားတဲ့အကြောင်း ဖော်ပြပါတယ်။
ဒါပေမဲ့ ဘယ်လိုပုံစံနဲ့ဝင်/ထွက်ခွင့်ပြုမလဲဆိုတာတော့ တိတိကျကျဖော်ပြတာမရှိပါဘူး။
''နန်းတော်ပေါက်ကနေ ဝင်/ထွက်ခွင့်ပြုမယ်လို့သိရတယ်။ ဒါပေမဲ့ တရုတ်တစ်နိုင်ငံလုံးကိုသွားခွင့်ရှိတာလား၊ အလည်ပဲသွားခွင့်ရှိတာလား၊ ရက်တိုဘယ်နှစ်ရက်ဗီဇာလဲဆိုတာ တိတိကျကျမသိရဘူး၊ အခုသွားလာနေတာကမန်စီလောက်အထိပဲသွားလာကြတာလေ၊ ယူနန်တစ်ခုတည်းသွားရမှာလားဆိုတာလား သေချာမသိရသေးပါဘူး။ ပတ်စ်ပို့အနီကိုခွင့်ပြုမယ်ဆိုတာတော့ကြားပါတယ် '' လို့ ဦးဌေးကပြောပါတယ်။
လက်ရှိမှာ ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ ကနေ တရုတ်နိုင်ငံဘက်ကို ဝင်ရောက်ဖို့ ယာယီဝင်ထွက်ခွင့်ကတ်(TBP)ပြုလုပ်ဝင်ထွက်ခွင့်ပြုနေပါတယ်။
စက်တင်ဘာ ၄ ရက်ကစတဲ့ အဲဒီအစီအစဥ်မှာတော့ စက်တင်ဘာ ၂၉ ရက်အထိသာ ဝင်/ထွက်ခွင့်ထုတ်ပေးဖို့ရှိပြီး တစ်လနီးပါးအတွင်း လူဦးရေ သောင်းချီအဝင်အထွက်ပြုလုပ်ထားတယ်လို့ သိရပါတယ်။