ဇန်နဝါရီ ၂၆ ရက် ထိပ်တန်းသတင်းများ-သပိတ်ကျင်း၊ မကျည်းကုန်းကျေးရွာမှာ ဒေသခံလေးဦး ဖမ်းဆီးသတ်ဖြတ်ခံရ

ရေးသားခဲ့သည်။

သပိတ်ကျင်း၊ မကျည်းကုန်းကျေးရွာမှာ ဒေသခံလေးဦး ဖမ်းဆီးသတ်ဖြတ်ခံရ

Mandalay Region

ဓာတ်ပုံ ရင်းမြစ်, CJ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် မကျည်းကုန်းကျေးရွာမှာ ဒေသခံ လေးဦး ဖမ်းဆီး သတ်ဖြတ်ခံရပြီး ကျေးရွာလည်း မီးရှို့ခံရလို့ ဒီနေ့ဇန်နဝါရီ ၂၆ ရက်အထိ ကျေးရွာ ဒေသခံထွက်ပြေးတိမ်းရှောင်နေရပြီး ရွာကို မပြန်ရဲသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

 

တကောာင်းမြို့အထွက် ၇ မိုင်လမ်းခွဲမှာ စစ်ကောင်စီစစ်ယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အနီးဝန်းကျင်က မကျည်းကုန်းကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့တွေ ဇန်နဝါရီ ၂၄ ရက် မနက်ပိုင်းမှာ ဝင်ရောက်ပြီး ရွာသား ၇ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဒေသခံတွေကပြောပါတယ်။

 

အဲဒီနောက် ဖမ်းဆီးခံရသူတွေထဲက အသက် ၂၀ ကျော်ကနေ ၅၀ ဝန်းကျင်ရှိ အမျိုးသားလေးဦးရဲ့ ရုပ်အလောင်းတွေကို သတ်ဖြတ်ခံရပြီးမီးလောင်ပျက်စီးနေတဲ့အနေအထားနဲ့ ကျေးရွာအနီး တဝိုက်မှာ ပြန်လည်တွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

 

"သူတို့(စစ်ကောင်စီ) က မေးလို့ အဖြေမရရင် ပီ (PDF) ထဲကလို့ ထင်တာ။ အဲဒီ အသတ်ခံရတဲ့ လေးယောက်က ဒေသခံတွေပဲ။ အဖွဲ့အစည်း (PDF) ထဲက အဖမ်းမခံရဘူးလို့ သိရတယ်။ မနေ့ကနဲ့ ဒီနေ့အထိ ကျေးရွာသားတွေ ရွာကို ပြန်မရောက်ကြသေးဘူး။ ထွက်ပြေးနေရတုန်း။ ပြန်လာရင် အဖမ်းခံရမှာကြောက်လို့လေ"လို့ လက်ရှိ မကျည်းကုန်းကျေးရွာ အခြေအနေကို ကျေးရွာသားတစ်ဦးက ပြောပါတယ်။ 

ဖမ်းဆီးခံရတဲ့အထဲကနေ ပြန်လည်လွတ်မြောက်လာသူတချို့ ရှိတယ်လို့လည်း သူက ဆက်ပြောပါတယ်။  

ဇန်နဝါရီ ၂၄ ရက် မနက်ပိုင်းက စစ်ကောင်စီအဖွဲ့တွေဟာ ကျေးရွာသားတွေကို ဖမ်းဆီး သတ်ဖြတ်ခဲ့တာအပြင် ညနေပိုင်းမှာ မကျည်းကုန်းကျေးရွာတွင်းက နေအိမ်တချို့ကိုလည်း  မီးရှို့သွားတယ်လို့ သိရပါတယ်။

တဖက်မှာလည်း မကျည်းကုန်းကျေးရွာ ဖြစ်စဉ်အတွင်း သတ်ဖြတ်ခံရသူတွေထဲမှာဦးမင်းမောင်ဆိုသူ ပါဝင်တယ်လို့သတင်းတချို့က ဖော်ပြနေပြီး ဒါနဲ့ပတ်သက်လို့ မကျည်းကုန်းကျေးရွာဒေသခံကိုမေးကြည့်တော့ ဦးမင်းမောင်ဟာ မန်ကျည်းကုန်းကျေးရွာအနီး အုန်းတကူးရွာက ကျေးရွာ ဥက္ကဋ္ဌ ဖြစ်ပြီး မန်ကျည်းကုန်းရွာဖြစ်စဥ်ဖြစ်ပွားချိန်မှာပဲ ၄င်းတို့မိသားစုလိုက်ပျောက်ဆုံးနေတယ်လို့လည်း သိရတယ်လို့ ပြောပါတယ်။

စစ်ကောင်စီ သတင်းတွေကို ဖော်ပြလေ့ရှိတဲ့တယ်လီဂရန်ချန်နယ်တချို့မှာတော့ ဦးမင်းမောင်နဲ့ မိသားစုကို PDF တွေက ဖမ်းဆီးခေါ်ဆာင်သွားတယ်လို့ ဖော်ပြတာတွေရှိနေပါတယ်။ သပိတ်ကျင်းမြို့နယ်ထဲက ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ဇန်နဝါရီ ၂၆ ရက် ညနေပိုင်းအထိ သီးသန့်သတင်း ထုတ်ပြန်ထားတာမရှိပါဘူး။

ဖားကန့် မှော်စီဆာအနီးမှာ စစ်ကောင်စီစခန်းတစ်ခုကို ကေအိုင်အေနဲ့ PDF ပူးပေါင်းတပ်တွေဝင်တိုက်  

Pharkant, Kachin State

ဓာတ်ပုံ ရင်းမြစ်, Kachin News Group

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကချင်ပြည်နယ်၊ ဖားကန့်မြိုန့ယ်၊ မှော်စီဆာတာဝါတိုင်အနီးမှာ စစ်ကောင်စီတပ်တွေနဲ့ KIA/PDF  ပူးပေါင်းအဖွဲ့တို့ ဇန်နဝါရီလ ၂၅ ရက်နေ့ ည ၁၀ နာရီဝန်းကျင်လောက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့ကင်းစခန်းတစ်ခုဖြစ်ပြီး ဖားကန့်ကိုအသွားလမ်းမှာ တည်ရှိတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

“ဒေသတွင်းလှုပ်ရှားတဲ့ PDF တွေနဲ့ ကေအိုင်အေပူးပေါင်းပြီး တိုက်တာလို့ ထင်ပါတယ်။ မနေ့ညက  ၉ နာရီလောက်ကနေ ၁၀နာရီလောက်ထိ သေနတ်သံတွေ ဝုန်းဒိုင်း ဝုန်းဒိုင်း ကြားနေရတယ်။ ကျွန်မတို့ မှော်စီဆာထိတော့ ရောက်မလာဘူး”လို့ဒေသခံတစ်ဦးကပြောပါတယ်။

ကင်းစခန်းတိုက်ခိုက်ခံရတဲ့နောက် စစ်ကောင်စီဘက်က စခန်းကိုစွန့်ပြီး ဆုတ်ခွာသွားတယ်လို့လည်း သိရပါတယ်။

ဒါအပြင်ဖားကန့်မြို့နယ် ဒွန်ဘုံးခ ကျေးရွာ မှာလည်း ဒီနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့ မနက် ၁၀ နာရီ ထိုးအထိ လက်နက်သံတွေကြားနေရတယ်လို့ အနီးအနားရွာကဒေသခံတစ်ယောက်ကပြောပါတယ်။

အရင် မိုးကောင်းမြို့ ကနေ ဖားကန့် ဘက်ကို သွားတဲ့ လမ်းမှာရှိတဲ့  ကာမိုင်းမြို့နယ် ဂေါ်ရီရွာ နန့်ဟိုင်း ဘက်မှာလည်း ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးလက်နက်ငယ်သံတွေ ကြားရတယ်လို့ ဒေသခံတွေကပြောနေပါတယ်။

ဝက်လက်မှာ  ကျေးရွာတချို့ လေးရက်ဆက်တိုက် မီးရှို့ခံနေရ

Wetlet, Sagaing Region

ဓာတ်ပုံ ရင်းမြစ်, Wetlet Information Network

ဓာတ်ပုံ ပုံစာ, ဝက်လက်မြို့နယ်ထဲက ကျေးရွာတစ်ရွာအတွင်းမီးလောင်ပျက်စီးမှုမြင်ကွင်း/ပုံဟောင်း

ဝက်လက်နဲ့ ဒီပဲယင်းက ကျေးရွာတချို့ စစ်ကြောင်းဝင်ရောက်နေ

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်မှာ ဒီနေ့ ဇန်နဝါရီ ၂၆ မနက်ပိုင်းက ကျေးရွာ သုံးရွာ မီးရှို့ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝက်လက်မြို့နယ် အနောက်ခြမ်းက လိန်ပင်ကျေးရွာကို စစ်ကောင်စီတပ်တွေ  စစ်ကြောင်းထိုးဝင်ရောက်ပြီးတဲ့နောက်  မီးရှို့ခံနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါဟာဆိုရင် ဝက်လက်မြို့နယ်မှာ လေးရက်ဆက်တိုက် ကျေးရွာ လေးရွာ မီးရှို့ခံရပြီး နေအိမ်အလုံးပေါင်း နှစ်ရာဝန်းကျင် မီးလောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လိန်ပင်ကျေးရွာကနေ ကျီးပြားရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေပါ ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဝက်လက်မြို့တွင်း စစ်ကောင်စီလက်အောက် ဌာနဆိုင်ရာရုံးတချို့ကို ဒေသကာကွယ်ရေးတွေ ဝင်ရောက်ပစ်ခတ်ခဲ့တဲ့နောက် စစ်ကောင်စီတပ်တွေက အနီးဝန်းကျင်က ကျေးရွာတွေကို စစ်ကြောင်းထိုးစီးနင်းဝင်ရောက်တာတွေရှိနေပြီး နေ့စဉ်ဆက်တိုက် မီးရှို့ခံနေရတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

"အဲဒီဘက်က ပျူတွေနေတာများတယ်။ အစပိုင်း ရုံးတွေဝင်ပစ်တော့ ပြန်မခုခံသေးဘူး။ နောက်မှ စစ်တပ်ကိုခေါ်တာ။ အဲဒီနောက် ထိတွေ့မှု ဖြစ်ပြီး အနီးနားကျေးရွာတွေ ပတ်မီးရှို့တော့တာပဲ။ သူတို့ဘက်ကလည်း အကျအဆုံးရှိတယ်။ ဒေသကာကွယ်ရေးဘက်ကလည်း အကျအဆုံး ရှိပါတယ်"လို့ ဒီရက်ပိုင်းဖြစ်ပေါ်ခဲ့တဲ့ ဝက်လက်မြို့အခြေနေကို ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဒီပဲယင်းမြို့နယ်မှာ ဒီနေ့မနက်ပိုင်းမှာပဲ  ဒီပဲယင်း အရှေ့ခြမ်း မရကန်ကျေးရွာနဲ့ အုန်းတပင်ကျေးရွာတွေကို စစ်ကောင်စီက စစ်ကြောင်းထိုး ဝင်ရောက်ပြီး နေအိမ်တွေ မီးရှို့သွားတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပြီး ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းမထုတ်ပြန်သေးပါဘူး။

မနေ့ဇန်နဝါရီ ၂၅ ရက်တုန်းကလည်း ဝက်လက်က မူးကြီးရွာကို စစ်ကြောင်းထိုးတဲ့စစ်တပ်နဲ့ ထိတွေ့မှုဖြစ်ပြီး ကျေးရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ဦးသေဆုံး၊ သုံးဦး ဒဏ်ရာရပြီး ၃ ဦး ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

ဇန်နဝါရီ ၂၄ ရက်ကလည်း ပင်းဇင်းရွာမှာ စစ်ကြောင်းနဲ့တိုးတဲ့ အရပ်သားတစ်ဦး သေဆုံးခဲ့တဲ့အကြောင်း ဒေသခံတွေထံကသိရပါတယ်။

ဝက်လက်မြို့နယ်အနောက်ခြမ်းက မူးကြီး၊ ပင်းဇင်း၊ ခေါတောနဲ့ မကျည်းတုန် အပါအဝင်အနီးအနားက ရွာ ၇ ရွာထက်မနည်း မီးရှို့ခံရလို့ လူဦးရေ ၄ သောင်းလောက်ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

စစ်ကောင်စီရဲ့သတင်းတွေကို ဖော်ပြလေ့ရှိတဲ့ တယ်လီဂရန် ချန်နယ်တချို့မှာတော့ ဝက်လက်မြို့နယ် အမှတ် ၁ ရပ်ကွက် ဝက်လက်ပြည်သူ့ဆေးရုံအနောက်ဘက်၊ အမှတ် ၂ ရပ်ကွက်နဲ့ မြင်တော်သာကျေးရွာတွေဘက်ကနေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့လို့ အမျိုးသမီးတစ်ဦးဒဏ်ရာရပြီး အသက် ၁၀ လအရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြတာတွေရှိနေပါတယ်။

စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကတော့  စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်မှာ ၂၀၂၂ခုနှစ် နိုဝင်ဘာလနဲ့ ဒီဇင်ဘာအတွင်း ကျေးရွာ ၂၂ ရွာနဲ့  အိမ်ခြေပေါင်း တစ်သောင်းကျော်ကို KIA/PDF တွေက မီးရှို့ဖျက်စီးခဲ့တယ်လို့ ဇန်နဝါရီ ၂၄ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

အခုနှစ်ဇန်နဝါရီလအတွင်းမှာပဲ NLD ပါတီဝင် ၈ ဦးထက်မနည်း ဖမ်းဆီးခံရ

Aung San Suu Kyi, NLD

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဒီနှစ်ဆန်းပိုင်းမှာ စစ်ကောင်စီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တွေကို တဖန်ပြန်လည် ဖမ်းဆီးတာတွေ ပြုလုပ်နေပြီး အခု ဇန်နဝါရီလမကုန်သေးခင်မှာပဲ အနည်းဆုံး ၈ဦးဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဖမ်းခံရသူ အများစုဟာ လက်ရှိအချိန်ထိ မိသားစုဝင်တွေနဲ့အဆက်သွယ်မရဘူးလို့ ဆိုပါတယ်။ ဇန်နဝါရီ ၂၂ရက် ညပိုင်းက မန္တလေးတိုင်း အောင်မြေသာစံမြို့နယ် မင်းတဲအီကင်းရပ်မှာ NLD ပါတီဝင် သုံးဦးကို စစ်ကောင်စီအဖွဲ့က အင်အားသုံးကာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့အချိန်ထိ ဘာကြောင့်ဖမ်းတယ်၊ ဖမ်းခံရသူတွေကို ဘယ်မှာ ဖမ်းဆီးထားတယ်ဆိုတာ မသိရသေးဘူးဆိုပါတယ်။

အလားတူ ဇန်နဝါရီလဆန်းက မကွေးတိုင်း ပွင့်ဖြူမြို့နယ်၊ စလင်းမြို့နဲ့ မင်းဘူးမြို့နယ်တို့မှာလဲ NLD ပါတီဝင်နဲ့ လွှတ်တော်ကိုယ်စားလှယ် ၃ဦးအပါဝင် အရပ်သား တစ်ဒါဇင်ကျော် ဖမ်းဆီးခံရပါတယ်။ အဖမ်းခံရသူထဲမှာ မင်းဘူးမြို့နယ် ကုလားပါးကျေးရွာမှာနေတဲ့ ဦးဝင်းဝင်းရဲ့ မိသားစုဝင် ၅ဦးလဲ ပါဝင်ပြီး ဒီနေ့အချိန်ထိ အဆက်သွယ်မရ သတင်းမကြားရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

အင်အားသုံးဖမ်းဆီးသွားတာကြောင့် အခုအခါ ဒေသခံ NLD ပါတီဝင်သူတိုင်း ကြောက်လန့်ပုန်းရှောင်နေရတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဒါ့အပြင် ဇန်နဝါရီ လလယ်ပိုင်းကလည်း မန္တလေးတိုင်း ညောင်ဦးမြို့နယ်က NLD ပါတီဉက္ကဋ္ဌ ဦးဝင်းမြင့်ခိုင်နဲ့ သားဖြစ်သူ ကိုခိုင်သီဟတို့နဲ့အတူ ပြည်သူ နှစ်ဦးတို့လည်း ဖမ်းဆီးခံရတယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီကျင်းပဖို့ပြင်နေတဲ့ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်ယူမှုတွေကိုနိုင်ငံတဝန်း ဇန်နဝါရီ ၉ ရက်နေ့ကစတင်ကောက်ယူတဲ့နောက် ဆက်တိုက်ဆိုသလို ဒေသတချို့မှာ ခုလို NLD ပါတီဝင်တွေကို ဖမ်းဆီးခံရတာပြန်ရှိလာတာဖြစ်ပါတယ်။

ဒီလိုဖမ်းဆီးမှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို ဘာကြောင့်ဖမ်းဆီးရသလဲဆိုတဲ့ ဆက်စပ်မှုတွေကိုလည်း ထုတ်ဖော်ပြောကြားတာမရှိသေးပါဘူး။

စစ်အာဏာသိမ်းပြီးနောက် NLD ပါတီ ဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုဥက္ကဋ္ဌ သမ္မတ ဦးဝင်းမြင့်အပါဝင် ပါတီထိပ်ပိုင်းခေါင်းဆောင်အများစု၊ ပါတီဝင်တွေနဲ့ ထောက်ခံသူတွေကို စစ်ကောင်စီက ဖမ်းဆီးပြီး တရားစွဲဆို ထောင်ချတာတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီ ကဖမ်းဆီးထားစဥ် စစ်ကြောရေးမှာနဲ့အကျဥ်းထောင်တွေထဲ​သေဆုံးခဲ့တဲ့ NLD ပါတီဝင်တွေလည်းရှိထားပါတယ်။

ဒေါက်တာရဲလွင်နဲ့ စည်ပင်ကော်မတီဝင်ဟောင်း ဦးကျော်ဇေယျတို့ကို စစ်ကောင်စီ စွဲဆိုထားတဲ့ အဂတိမှု မနက်ဖြန် အမိန့်ချဖို့ရှိ

Dr Ye Lwin,Mandalay Mayor

ဓာတ်ပုံ ရင်းမြစ်, MPA

မန္တလေး မြို့တော်ဝန်ဟောင်း ဒေါက်တာရဲလွင်နဲ့ စည်ပင်ကော်မတီဝင်ဟောင်း ဦးကျော်ဇေယျတို့အပေါ် စွဲဆိုထားတဲ့ နိုင်ငံတော်ဘဏ္ဍာငွေ အလွဲသုံးစားလုပ်မှုကို ဇန်နဝါရီ ၂၇ ရက် သောကြာနေ့မှာ အိုးဘိုထောင်တွင်း အထူးတရားရုံးကနေ အမိန့်ချမှတ်မှာ ဖြစ်တယ်လို့ တရားရုံးအသိုင်းဝိုင်းကနေ သိရပါတယ်။

မြို့တော်ဝန်ဟောင်း ဒေါက်တာရဲလွင်နဲ့ ဦးကျော်ဇေယျတို့ဟာ စစ်အာဏာသိမ်းပြီးနောက် ပုဒ်မ ၅၀၅-ကနဲ့ တရားစွဲခံရပြီး ထောင်ဒဏ် နှစ်နှစ်ချမှတ်ခံခဲ့ရကာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊  နိုဝင်ဘာလက တည်းက လွတ်ရက်စေ့လို့ ပြန်လည်လွတ်မြောက်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ဦးကို စစ်ကောင်စီကပုဒ်မ ၄၀၉ နဲ့ ထပ်မံ တရားစွဲဆိုခဲ့ပြီး မနက်ဖြန်မှာ အမိန့်ချမှတ်မှာ ဖြစ်ပါတယ်။ 

စွဲဆိုထားတဲ့ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်း ၁၂ ခုအနက် စစ်ကောင်စီဘက်က ဌာနဆိုင်ရာ တရားလိုပြသက်သေ ၂၅ ယောက် တင်သွင်းထားပြီး ၁၂ ယောက်လာရောက်ထွက်ဆိုသွားတယ်လို့ သိရပါတယ်။

စွပ်စွဲခံရသူဘက်က သက်သေအဖြစ် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်အပါဝင် သုံးဦး စစ်ဆေးခဲ့တဲ့နောက် ဇန်နဝါရီ ၂၇ ရက်မှာ အပြီးသတ်အမိန့် ချမှတ်မှာ ဖြစ်ပါတယ်။  

တရားရုံးထုတ်စစ်ဆေးချိန်မှာ ဒေါက်တာရဲလွင်က စွဲဆိုထားတဲ့ ဘဏ္ဍာရေးဆိုင်ရာ အချက်တွေနဲ့ ပက်သက်ပြီး ကိုဗစ်ကြောင့် လုပ်ငန်းတွေ နှောင့်နှေးရသလို လုပ်ငန်းနောက်ကျဒဏ်ကြေးတွေ လျှော့ပေါ့ထားတာတွေ ရှိကြောင်း ထွက်ဆိုသွားတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် တရားခံပြသက်သေအဖြစ် မန္တလေးတိုင်း ဒေါက်တာဇော်မြင့်မောင်ကလည်း ဘဏ္ဍာ ရေးနဲ့ပက်သက်ပြီး မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကို တင်ရပြီး လွှတ်တော်က ခွင့်ပြုမှ အစိုးရ အဖွဲ့အစည်းအဝေးခေါ်ယူကာ ဘယ်ဌာန ဘယ်လောက်သုံးဆိုတာ ဆုံးဖြတ်တာဖြစ်တယ်လို့ ထွက်ဆိုသွားကြောင်း တရားရုံးအသိုင်းဝိုင်းကနေ ပြောပါတယ်။

 

စည်ပင်ကော်မတီဝင်ဟောင်း ဦးကျော်ဇေယျအတွက်လည်း ဖမ်းဆီးထောင်ချခံထားရတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်က တရားခံပြ သက်သေထွက်ဆိုသွားပါတယ်။ အမျိုးသားဒီမိုကရေအဖွဲ့ချုပ် NLD ပါတီမှာ လူငယ်ဦးဆောင်အဖွဲ့ဝင် ဖြစ်ခဲ့သူ ကိုကျော်ဇေယျဟာ အဂတိလိုက်စားမှု အလွဲသုံးစားမှုတွေနဲ့ပတ်သက်လို့ တိုင်ကြားခံရတာတွေ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

 

ဒေါက်တာရဲလွင်နဲ့ ဦးကျော်ဇေယျအပါအဝင် စည်ပင်ကော်မတီဝင်ဟောင်း သုံးဦးကို စွဲဆိုထားတဲ့ ပုဒ်မ ၄၀၉ အမှုကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၆ ရက်မှာ စတင်စစ်ဆေးခဲ့ပြီး အပတ်စဉ်တိုင်း ဗုဒ္ဓဟူးနေ့မှာ ရုံးချိန်းထုတ် စစ်ဆေးခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်း ၂၀၂၃ ခုနှစ် နှစ်ဆန်းကစပြီး နေ့စဉ်တိုင်းဆိုသလို ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်တယ်လို့ တရားရုံးအသိုင်းက ပြောပါတယ်။

 

"တရားရုံးက ညွှန်ကြားချက်ရှိလို့နေမှာ။ ရုံးချိန်း နေ့တိုင်းခေါ်စစ်တာ။ သက်သေတွေလည်း လေးငါးခြောက်ယောက်လောက်ကို တထိုင်တည်း စစ်တာကိုး။ ဇန်နဝါရီမှာကို ၅၀၅ အမှုတွေ အပြီးစစ်ဖို့လည်း ရှိတယ်လို့ကြားတယ်" လို့ တရားရုံးအသိုင်းဝိုင်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

မြန်မာစစ်တပ်ကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရတွေနဲ့အဖွဲ့အစည်း ၆၀ ကျော်က ပံ့ပိုးကူညီနေတယ်လို့ Justice For Myanmar ထုတ်ပြန်

Myanmar Military

မြန်မာစစ်ကောင်စီကို ထောက်ခံအားပေးနေတဲ့အစိုးရတွေနဲ့နိုင်ငံတကာအဖွဲ့အစည်း ၆၀ ကျော်စာရင်းကို Justice for Myanmar က မနေ့ ဇန်နဝါရီ ၂၅ ရက်မှာ ထုတ်ပြန်လာပါတယ်။

ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရအဖွဲ့အစည်းပေါင်း ၂၆ ဖွဲ့၊ နိုင်ငံတကာအစိုးရအဖွဲ့ ၂၂ ဖွဲ့၊  နိုင်ငံတကာ ငွေရေးကြေးရေးအဖွဲ့အစည်း ၈ ဖွဲ့နဲ့ တခြားနိုင်ငံတကာအဖွဲ့အစည်း ၈ ဖွဲ့တို့ဟာ မြန်မာအစိုးရနဲ့ပတ်သက်ဆက်နွှယ်နေပြီး  မြန်မာစစ်အုပ်စုကို ပံ့ပိုးကူညီနေတာလို့ အဲဒီအစီရင်ခံစာက ဆိုပါတယ်။

ဒီအဖွဲ့အစည်းတွေဟာ မြန်မာစစ်တပ်ကိုအဓိက အထောက်အပံ့ပေးနေတဲ့နည်းလမ်းလေးမျိုး ရှိပြီး နိုင်ငံတကာဖိုရမ်တွေမှာ မြန်မာနိုင်ငံကိုယ်စားဆုံးဖြတ်ချက်တွေချမှတ်နိုင်တဲ့ သံတမန်ဆက်ဆံရေးနဲ့လုပ်ဆောင်ချက်တွေကတစ်ဆင့် တရားဝင်မှုရရှိစေတဲ့ 'နိုင်ငံရေးဆိုင်ရာပံ့ပိုးကူညီမှု'၊ စစ်အုပ်စုနဲ့ သူ့ရဲ့အကျိုးစီးပွားအတွက်ထမ်းဆောင်ပေးသူတွေကို အသိပညာနဲ့ကျွမ်းကျင်မှုတွေလွှဲပြောင်းပေးနိုင်တဲ့ 'နည်းပညာပူးပေါင်းဆောင်ရွက်မှု'၊ 'ငွေကြေးပံ့ပိုးမှု' နဲ့ စစ်တပ်နဲ့ဆက်နွှယ်တဲ့ အဆောက်အဦတွေကို 'ငှားရမ်းမှု' စတာတွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိအချိန်အထိ နိုင်ငံတကာအသိုင်းအဝိုင်းအများစုဟာ စစ်တပ်ရဲ့ စစ်ဆင်ရေးကိုအထောက်အကူဖြစ်စေမယ့်ရန်ပုံငွေနဲ့အရင်းအမြစ်တွေစီးဆင်းမှုကိုရပ်တန့်ဖို့လုံးဝလုပ်ဆောင်ထားတာမတွေ့ရသလိုနိုင်ငံခြားအစိုးရတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတချို့က မြန်မာပြည်သူတွေကို ကူညီဖို့ လျစ်လျူရှုထားရုံမကမြန်မာပြည်သူတွေကို ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်နေတဲ့ စစ်တပ်ကို တက်တက်ကြွကြွပံ့ပိုးကူညီနေတယ်လို့ Justice For Myanmar ပြောခွင့်ရ မရတနာမောင်က ပြောပါတယ်။

မြန်မာစစ်တပ်ကို လက်နက်ရောင်းချနေတဲ့ တရုတ်နဲ့အိန္ဒိယကုမ္ပဏီကို နော်ဝေ အရေးယူ

Myanmar Military

မြန်မာစစ်တပ်ကို လက်နက်ရောင်းချရာမှာ ပါဝင်ပတ်သက်နေတဲ့ တရုတ်နဲ့အိန္ဒိယက ကုမ္ပဏီလုပ်ငန်းစု နှစ်ခုကို နော်ဝေဓနသဟာရရန်ပုံငွေအဖွဲ့ရဲ့ ရင်းနှီးမြှုပ်နှံမှုစာရင်းကနေ ပယ်ဖျက်အရေးယူလိုက်ကြောင်း နော်ဝေ ဗဟိုဘဏ်က ဇန်နဝါရီ ၂၅ ရက်မှာ ထုတ်ပြန်လာပါတယ်။

တရုတ်ကုမ္ပဏီ AviChina Industry & Technology နဲ့အိန္ဒိယကုမ္ပဏီ Bharat Electronic တို့ဟာ  မြန်မာစစ်တပ်ကို လက်နက်ရောင်းချနေတာဟာ လက်ခံနိုင်စရာမရှိတာကြောင့် အခုလို ၄င်းတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုစာရင်းကနေ ပယ်ဖျက်လိုက်တယ်လို့လည်းဆိုပါတယ်။

နော်ဝေဗဟိုဘဏ်က ချမှတ်တဲ့ ခုဆုံးဖြတ်ချက်ဟာ ရန်ပုံငွေအဖွဲ့ရဲ့ကျင့်ဝတ်ဆိုင်ရာလိုက်နာချက်တွေကို ချိုးဖောက်မှုအပေါ်မှာ အခြေခံထားပြီး ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ဒါမှမဟုတ် စနစ်တကျ ကျူးလွန်တဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်တဲ့ကုမ္ပဏီတွေအတွက် ခုလိုအရေးယူမှု ပြုလုပ်တာလည်းဖြစ်တယ်လို့ ဆိုပါတယ်။

လတ်တလောစာရင်းဇယားအချက်အလက်တွေရ ဒီကုမ္ပဏီနှစ်ခုရဲ့ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုးဟာ ၂၀၂၁ ခုနှစ် နှစ်ကုန်မှာ အမေရိကန် ဒေါ်လာ ၁.၃ ထရီလီယံ ရှိတယ်လို့လည်း  ဖော်ပြထားပါတယ်။

အစီရင်ခံစာအရ မြန်မာစစ်တပ်ဟာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာမှာ AviChina ကုမ္ပဏီထံကနေ အပေါ့စား တိုက်လေယာဥ် ရရှိခဲ့ပြီး တစ်ချိန်တည်းမှာပဲ အိန္ဒိယ Bharat Electronics ကုမ္ပဏီကလည်း ၂၀၂၁ ခုနှစ် ဇူလိုင်မှာ အဝေးထိန်းစနစ်သုံး လက်နက်တွေရောင်းချခဲ့တယ်လို့ ဆိုပါတယ်။