ဩဂုတ် ၂၅ ရက် နိုင်ငံတဝန်း သတင်းအနှစ်ချုပ် - ရိုဟင်ဂျာတွေ မြန်မာက ထွက်ပြေးရတဲ့နှစ်ပတ်လည် ကော့ဆက်ဘဇားမှာပြုလုပ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဆက်ဘဇားမှာ ပြုလုပ်တဲ့ ရိုဟင်ဂျာတွေ မြန်မာပြည်က ထွက်ပြေးရမှု နှစ်ပတ်လည်နေ့ အခမ်းအနား ဝတ်ပြုဆုတောင်းပွဲမှာ ပါဝင်နေသူ ရိုဟင်ဂျာ အမျိုးသားကြီး တစ်ဦး

ဓာတ်ပုံ ရင်းမြစ်, Abdullah/AD_Graphy

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၄

ရခိုင်ပြည်နယ်ထဲ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုကြောင့် ၂၀၁၇ ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို ထွက်ပြေးခဲ့ကြရတဲ့သိန်းနဲ့ချီတဲ့ရိုဟင်ဂျာတွေဟာ အဲဒီဖြစ်ရပ် ၇ နှစ်ပြည့်နှစ်ပတ်လည်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဆက်ဘဇားခရိုင်ထဲက ဒုက္ခသည် စခန်းတွေထဲမှာ ဒီနေ့ ပြုလုပ်နေပါတယ်။

ရိုဟင်ဂျာသိန်းချီ အိုးအိမ်မဲ့ ထွက်ပြေးရတာအပြင် စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှု ခေါင်းစဥ်အောက်မှာ သေဆုံးခဲ့ကြရတဲ့ ရိုဟင်ဂျာတွေအတွက်လည်း ဝမ်းနည်းအောက်မေ့ဖွယ်ကို ဒုက္ခသည် စခန်း အမှတ် ၄၊ ၁၀ နဲ့ ၁၃ တို့မှာပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

‘‘ရိုဟင်ဂျာတွေ သတ်ဖြတ်ခံခဲ့ရတာအတွက် တရားမျှတမှု လိုအပ်တယ်။ နှိမ်နင်းမှုတွေ လုပ်ခဲ့တဲ့ စစ်တပ်အနေနဲ့ ပြစ်ဒဏ်ကျခံရေးနဲ့ ကျွန်တော်တို့ ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ပြီး အခွင့်အရေး ပြည့်ပြည့်ဝဝ ရဖို့ တောင်းဆိုခဲ့တယ်’’ လို့ ရိုဟင်ဂျာ ဒုက္ခသည်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ကုလသမဂ္ဂကတော့ ၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်ကနေ ရိုဟင်ဂျာထောင်နဲ့ချီကို သတ်ဖြတ်မှုဟာ “လူမျိုးတုံးသတ်ဖြတ်မှု ပြဋ္ဌာန်းစာအုပ် စံပြဥပမာ”လို့ ရည်ညွှန်းသုံးနှုန်းပါတယ်။

တစ်ချိန်တည်းမှာပဲ ရခိုင်ပြည်နယ်၊ မောတောမှာ စစ်ကောင်စီတပ်ကို အာရက္ခတပ်တော်(အရင်က ရက္ခိုင့်တပ်တော်)က တိုက်ခိုက်တဲ့တိုက်ပွဲတွေအတွင်း ရာနဲ့ချီတဲ့ရိုဟင်ဂျာတွေ သေဆုံးတယ်လို့ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေက အ‌စောပိုင်းမှာ ဘီဘီစီကို ပြောထားပါတယ်။

အခုလ အစောပိုင်းတုန်းက မောင်တောတိုက်ပွဲရှောင်ဖို့ နတ်မြစ်ကို စက်လှေနဲ့ကူးပြီး ဘင်္ဂလားဒေ့ရှ့်ဘက်ကို ထွက်ပြေးဖို့ ကြိုးပမ်းကြတဲ့ရိုဟင်ဂျာတွေ မြန်မာဘက်ခြမ်း ကမ်းစပ်မှာ ဒရုန်းနဲ့ ဗုံးကြဲခံရပြီး သေဆုံးမှုဟာ အေအေ လက်ချက်ဖြစ်တယ်လို့ အဲဒီဖြစ်ရပ်မှာ အသက်ရှင်ကျန်ရစ်သူတွေက ဘီဘီစီကို ပြောထားပါတယ်။

အာရက္ခတပ်တော်ဘက်ကတော့ ရိုဟင်ဂျာတွေရဲ့ပြောဆိုချက်ကို ပယ်ချထားပါတယ်။

မောင်တောဖြစ်ရပ်မှာ အသက်ရှင်ကျန်ရစ်သူတွေ ကိုယ်တိုင် ပြောပြထားပြီး ဘီဘီစီ တောင်အာရှနဲ့ ပါကစ္စတန်ဆိုင်ရာသတင်းထောက် ယိုဂီတာ လမား ရေးသားထားတဲ့ သတင်းကို ဒီလင့်ခ် ကနေ ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

မန္တလေးမြို့လုံခြုံရေးကို ထိန်းထားနိုင်တယ်လို့ စစ်ကောင်စီပြော

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း(ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း(ပုံဟောင်း)
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စစ်‌ကောင်စီရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ) အခြေစိုက်တဲ့ မန္တလေးမြို့လုံခြုံရေးကို ခိုင်ခိုင်မာမာ ဆောင်ရွက်ထားနိုင်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက သြဂုတ် ၂၄ ရက် မနေ့တုန်းက ဘီဘီစီကို ပြောလာပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်တွေဟာ မန္တလေးမြို့တောင်ဘက် မြင်းခြံ၊ တံတားဦးခရိုင်တွေနဲ့ မြို့ မြောက်ဘက် မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းနဲ့ တကောင်းမြို့နယ်တွေမှာ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေကြား နှစ်ဖက်တပြိုင်နက်ဖြစ်ပွားနေချိန် သူက အခုလိုပြောလာတာပါ။

“မန္တလေးနဲ့ပတ်သတ်ပြီး ကောလာဟလတွေထုတ်လွှင့်တာရှိတယ်။ ခြိမ်းခြောက်တာတွေရှိပါလိမ့်မယ်။ ပြည်သူ လူထုကို ကြောက်လန့်အောင် သတင်းထုတ်ပြန်တာရှိပေမဲ့ တပ်မတော်အနေနဲ့ မန္တလေးမြို့လုံခြုံရေးကို ခိုင် ခိုင်မာမာ ဆောင်ရွက်နိုင်တယ်လို့ ပြောချင်ပါတယ်” လို့ သူက ပြောပါတယ်။

မန္တလေးမြို့ပေါ်မှာတော့ နေ့ဘက်မှာ စစ်ဆေးရေးဂိတ်ချထားတာတွေအပြင် ညဘက်တွေမှာ ကြိုတင်အသိပေးတာမရှိဘဲ ဧည့်စာရင်းဝင် စစ်တာ၊ ညဘက်ပတ်ကင်းလှည့်တာတွေ အခုရက်ပိုင်း တိုးလုပ်လာတယ်လို့ မန္တလေးမြို့ခံတချို့ရဲ့ပြောပြချက်အရသိရပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ စစ်စခန်းတွေ နဲ့ BNI Myanmar Peace Monitorရဲ့စာရင်းအရ မြို့ပေါင်း ၇၆ မြို့ကို ဆုံးရှုံးလာနေချိန်မှာပဲ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးဆိုပြီး အသက် ၃၅ ကနေ ၆၅ နှစ်အထိ အမျိုးသားတွေကို ရပ်/ကျေးအဆင့် စစ် သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးဖို့အထိ ခြေလှမ်းလာတာ တွေ့ရပါတယ်။

သီ‌ပေါမှာ လက်နက်ကြီးနဲ့လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးသူ ၁၇ ဦးအထိရှိလာ

သြဂုတ် ၂၄ ရက်၊ သီပေါမြို့၊ ရွှေကျောင်းရပ်ကွက်မှာ လက်နက်ကြီးထိသူကို ထမ်းစင်ပေါ် တင်ပြီး အမျိုးသား ၆ ဦးက ကယ်ဆယ်ရေးလုပ်နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PSLF/TNLA

ဓာတ်ပုံ ပုံစာ, သြဂုတ် ၂၄ ရက်၊ သီပေါမြို့၊ ရွှေကျောင်းရပ်ကွက်မှာ လက်နက်ကြီးထိသူကို ကယ်ဆယ်ရေးလုပ်နေတဲ့အခြေအနေဖြစ်ပါတယ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်တာတွေကြောင့် သြဂုတ် ၁ ရက်ကနေ ၂၄ ရက်အထိ အရပ်သား ၁၇ ဦး သေဆုံးပြီး ၅၇ ဦးဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်(TNLA)က သြဂုတ် ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

သီပေါမှာ တိုက်ပွဲဖြစ်ပွားနေတာမရှိဘဲ စစ်ကောင်စီက အရပ်သားတွေကို ဦးတည်တိုက်ခိုက်နေတာဖြစ်နေတယ်လို့ TNLAက ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

နောက်ဆုံး လူသေဆုံးတဲ့ ဖြစ်စဉ်ကတော့ သြဂုတ် ၂၄ ရက် မနေ့က မနက်ပိုင်းကနေ မွန်းလွဲပိုင်းအထိ စစ်ကောင်စီက သီပေါကို လက်နက်ကြီး ၆ ကြိမ် ပစ်ခတ်မှုအတွင်း ဖြစ်ခဲ့တာပါ။

TNLA ထုတ်ပြန်ချက်အရ လက်နက်ကြီး ကျရောက်ပေါက်ကွဲတဲ့ ရွှေကျောင်းရပ်ကွက်က အသက် ၆၀ ကျော် အမျိုးသားတစ်ဦးသေဆုံးပြီး နောက်ထပ် အသက် ၅၀ နဲ့ ၆၀ ကျော် အမျိုးသားနဲ့ အမျိုးသမီး ၂ ဦး အပါအဝင် ၃ ဦး ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

သီပေါမြို့နယ်ဆေးရုံက ပိတ်ထားတဲ့အတွက် ဒဏ်ရာပြင်းထန်တဲ့လူနာတွေ ဆေးကုသမှုခံယူဖို့ လားရှိုးအထိ သွားရမလိုဖြစ်နေတယ်လို့ သီပေါမြို့ခံတစ်ဦးကပြောပါတယ်။

"မြို့မှာက ဆေးဝါး၊ စားစရာအကုန် ဈေးတက်ပြီး ခက်ခဲနေကြတယ်။ ဒဏ်ရာရတဲ့သူတွေတော့ ပရဟိတတွေက တတ်နိုင်သလောက် ကုသပေးနေကြတာပဲ"လို့ သူက ပြောပါတယ်။

သြဂုတ် ၂၅ ရက် နေ့လယ်ပိုင်းထိ သီပေါ ခလရ ၂၃ တပ် ဘက်ကနေ လက်နက်ကြီးပစ်ခတ်သံကြားနေရပေမဲ့ လေကြောင်း လာပစ်တာမရှိသေးဘူးလို့ သီပေါမြို့မှာ ဆက်လက်နေထိုင်နေသူတချို့ရဲ့ပြောပြ ချက်အရ သိရပါတယ်။

မြန်မာအ‌ရေး ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ လွှတ်တော်လုံခြုံရေးကော်မတီဥက္ကဋ္ဌတို့ ဆွေးနွေး

ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ မဲရစ် နဲ့ ထိုင်းလွှတ်တော် အမျိုးသားလုံခြုံရေး၊နယ်စပ်ရေး၊မဟာဗျူဟာနဲ့ ပြုပြင်ပြောင်းလဲရေး ကော်မတီဥက္ကဋ္ဌ ရန်စီမံရုန်း

ဓာတ်ပုံ ရင်းမြစ်, MFA

ဓာတ်ပုံ ပုံစာ, ထိုင်းနိုင်ငံခြားရေးဝန်ကြီး(ဝဲ)နဲ့ ထိုင်းလွှတ်တော် အမျိုးသားလုံခြုံရေး၊နယ်စပ်ရေး၊မဟာဗျူဟာနဲ့ ပြုပြင်ပြောင်းလဲရေးကော်မတီဥက္ကဋ္ဌ (ညာဘက်)

ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာရစ် ဆန်ယန်ဖွန်းနဲ့ ထိုင်းလွှတ်တော် အမျိုးသားလုံခြုံရေး၊ နယ်စပ်ရေး၊ မဟာဗျူဟာနဲ့ ပြုပြင်ပြောင်းလဲရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ရန်စီမံရုန်းတို့ သြဂုတ် ၂၃ ရက်မှာ တွေ့ဆုံပြီး ထိုင်းနိုင်ငံနဲ့ နယ်နိမိတ် ချင်း ထိစပ်နေတဲ့ နိုင်ငံတွေကနေ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေကိစ္စဆွေးနွေးကြချိန်မှာ မြန်မာ့အရေးကို ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန်က သြဂုတ် ၁၆ ရက်တုန်းက ချင်းမိုင်မှာကျင်းပတဲ့ ၉ ကြိမ်မြောက် မဲခေါင်-လန်ခြမ်းပူးပေါင်း ဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ တရုတ်၊လာအိုအပြင် မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ပါတွေ့ခဲ့ပြီး မူးယစ် ဆေးဝါးနဲ့အွန်လိုင်းလောင်းကစားကိစ္စတွေနဲ့ ဆက်စပ်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အမျိုးသားလုံခြုံရေးကော်မတီက နိုင်ငံခြားရေးဝန်ကြီးဌာနကို မေးမြန်းထားတဲ့ မြန်မာစစ်တပ်လက်နက်ဝယ်ယူ ရေးငွေလွှဲပြောင်းရာမှာ ထိုင်းဘဏ်တွေက ပါဝင်ပတ်သတ်နေတယ်ဆိုတဲ့ကိစ္စရပ်ကိုလည်း သက်ဆိုင်ရာအေဂျင်စီတွေနဲ့တွေ့ဆုံကာ တရားဝင် မူဘောင်အတွင်းကသာ လုပ်ဆောင်ဖို့နဲ့နိုင်ငံတကာစံနှုန်းအတိုင်းလုပ်ဆောင်ဖို့ သဘောတူညီပြီးဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေးကိစ္စရပ်တွေနဲ့ပတ်သတ်ပြီး ကုလအထူး ကိုယ်စားလှယ်နဲ့လည်း ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆွေးနွေးပွဲမှာ ပြောထားပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊တည်ငြိမ်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေး တိုးတက်လာဖို့ ဦးစားပေးလုပ် ဆောင်နေပြီး အထူးသဖြင့် ထိုင်း-မြန်မာနယ်စပ်ဒေသ အေးချမ်းရေးကိုဆောင်ရွက်နေတယ်လို့ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။

လက်ပံတန်း၊ ထန်းပင်ချောင်ရွာဘက်ကို စစ်တပ်က အင်အား ၁၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုး

လက်ပံတန်းမြို့နယ်ထဲမှာ သြဂုတ် ၂၄ ရက် တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) ဘက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆီကနေ သိမ်းဆည်းရရှိတဲ့ လက်နက်တွေ လို့ ဆိုပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ မြေပြင်က ပိုက်လုံးအိပ်ယာအခင်းတွေပေါ် ဖြန့်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ သေနတ်တွေ ကျည်ဆန်တွေ ကျည်ကာ ဦးထုပ်တွေကို ဖြန့်ခင်း ထားပါတယ်။ အဲဒီနောက်မှာတော့ ပကဖ အဖွဲ့ဝင်တွေက ၉ ဦးက တန်းစီ မတ်တပ်ရပ်ပြီး ဓာတ်ပုံ အရိုက်ခံနေတာတွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂

ဓာတ်ပုံ ပုံစာ, သြဂုတ် ၂၄ ရက် တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) ဘက်က သိမ်းဆည်းရရှိတဲ့ လက်နက်တွေ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်ထဲက ထန်းပင်ချောင်ရွာကို စစ်ကောင်စီတပ်က အင်အား ၁၀၀ ဝန်းကျင်နဲ့ သြဂုတ် ၂၅ ရက်မှာ စစ်ကြောင်းထိုးလာနေတဲ့သတင်းရထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်(PDF)ရဲ့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ က တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ထန်းပင်ချောင်ရွာဟာ မနေ့က ပဲခူးရိုးမကို တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေ ဖြတ်တိုက်ခိုက်တဲ့ အုပ်ဖိုစုရွာကို လာတဲ့လမ်းက ရွာဖြစ်ပါတယ်။

“ဒီအနီးနားနေတဲ့ ရွာသားတွေက လွန်ခဲ့တဲ့တစ်လ လောက်တည်းကရှောင်နေကြတာ။ အိမ်စောင့်လောက်ပဲကျန်တာ။ အခုတော့ အားလုံးရှောင်နေကြပြီ”လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂က တာဝန်ရှိသူကပြောပါတယ်။

မနေ့က သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ နဲ့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့် စစ်‌ကောင်စီစစ်ကြောင်းထဲက အရာရှိ ၅ ဦးအပါအဝင် ၂၀ သေဆုံးပြီး ၁၀ဦးဖမ်းဆီးရမိကာ လက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့တယ်လို့ အမျိုသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဒီထုတ်ပြန်ချက်မှာ ''စစ်တောင်းမြစ်ဝှမ်းစိုးမိုးရေး''နဲ့ ''ပဲခူးရိုးမ ထိုးဖောက်ရေး'' ကို စစ်ရေးစီမံချက်ချမှတ်ပြီး စစ်ရေးလှုပ်ရှားနေတယ်လို့ NUG ကာကွယ်ရေးဘက်က ပြောထားပါတယ်။

စစ်ကောင်စီက ပြည်သူ့လုံခြုံရေးအဖွဲ့ကို ဖွဲ့စည်းဖို့ ဘာကြောင့် ခြေလှမ်းတာလဲ

စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ဖေဖော်ဝါရီလဆန်းပိုင်းမှာ အသက်သွင်းခဲ့ပြီးတဲ့နောက်  မွန်ပြည်နယ်မှာ စစ်သင်တန်းတက်နေသူတွေ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, HRFM

ဓာတ်ပုံ ပုံစာ, စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ဖေဖော်ဝါရီလဆန်းပိုင်းမှာ အသက်သွင်းခဲ့ပြီးတဲ့နောက် မွန်ပြည်နယ်မှာ စစ်သင်တန်းတက်နေသူတွေ (ပုံဟောင်း)

ပြည်သူတွေအနေနဲ့ စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့တွေနဲ့ပူး ပေါင်းချိန်တန်ပြီလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောလာပါတယ်။

လမ်းများအားလုံး နေပြည်တော်ဆီသို့ ဆိုပြီး NUG နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ပြောဆိုချက်နဲ့ မြို့သိမ်းတိုက်ပွဲတွေလုပ်နေတာဟာ အဖျက်လုပ်ငန်းတွေလို့ဆိုပြီး သူက ဘီဘီစီကို သြဂုတ် ၂၄ ရက်မှာ ပြောချိန် အခုလို တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

“သူတို့ သိမ်းပိုက်နိုင်ပြီလို့ ကြွေးကြော်ထားတဲ့ မြို့တွေမှာ လူ ဘယ်နှယောက်ကျန်သေးလဲ။ ဘာတွေလုပ်နေလဲ။ ဘယ်လို ပဋိပက္ခတွေ ဖြစ်ပွားနေလဲဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ မြို့ဖျက်၊ ပြည်ဖျက်၊တိုင်းပြည်ဖျက်လုပ်ငန်းတွေလုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။”

“ပြည်သူလူထုအနေနဲ့ကတော့ ကျွန်တော်အသိပေးချင်တာက ဒီအဖျက်လုပ်ငန်းတွေကို မြင်ချိန်တန်ပြီ။ သိချိန်တန်ပြီ။ ကျွန်တော်တို့ လုံခြုံရေးအဖွဲ့များနဲ့ မြို့ရွာလုံခြုံရေးကို ပူးပေါင်းဆောင်ရွက်ဖို့အချိန်တန်ပြီလို့ ပြောချင်ပါတယ်။”

စစ်ကောင်စီက အသက် ၃၅ နှစ်ကနေ ၆၅ နှစ်အထိ အမျိုးသားတွေကို စစ်သင်တန်းတစ်လ ပေးပြီး ရပ်ကျေးအဆင့် လက်နက် တပ်ဆင်ပေးမယ့် ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တွေကိုလည်း ကိုယ့်ရပ်ရွာကို ကာကွယ်ချင်တဲ့ ပြည်သူတွေအတွက် ဖွဲ့စည်းပေးတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

စစ်ကောင်စီက ထပ်ဖွဲ့ဖို့ ခြေလှမ်းလာတဲ့ အခုအဖွဲ့သစ်ဟာ တော်လှန်ရေး အင်အားစုတွေကို ထိထိရောက် ရောက်တုံ့ပြန်ဖို့ စဥ်းစားချက်ဖြစ်သလို စစ်တပ်ကိုထောက်ခံတဲ့ လက်နက်ကိုင်အဖွဲ့တွေကို ပြန်ပြီးထိန်းချုပ်ဖို့အတွက်လည်း စစ်ခေါင်းဆောင်မှာ ရည်ရွယ်ချက်ရှိနိုင်တယ်လို့ စစ်ရေးအကဲခတ် တစ်ဦးက ဘီဘီစီကို ပြောထားပါတယ်။

ဖူးဖက်မြေပြိုမှုမှာ သေဆုံးမြန်မာတွေရဲ့ရုပ်အလောင်းတွေ ထုတ်ယူခွင့်ရရှိထားပြီ

သြဂုတ် ၂၃ ရက် မိုးသည်းထန်လို့ ဖူးခက်မြေပြိုတဲ့ အခြေအနေ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, သြဂုတ် ၂၃ ရက် မိုးသည်းထန်လို့ ဖူးခက်မြေပြိုတဲ့ အခြေအနေ

ထိုင်းနိုင်ငံ၊ ဖူးခက်မြို့၊ ကတရပ်ကွက်မှာ သြဂုတ် ၂၃ ရက်တုန်းက မိုးကြီးပြီး မြေပြိုမှုကြောင့် သေဆုံးသွားတဲ့ မြန်မာရွှေ့ ပြောင်းအလုပ်သမား ၈ ဦးရဲ့ အလောင်းကို ဆေးရုံကနေ ထုတ်ယူခွင့် ရရှိထားပြီဖြစ်ပြီး ဆရာဝန်ရဲ့ စစ်ချက်နဲ့ သေမိန့်လက်မှတ်ရယူဖို့ လိုနေသေးတယ်လို့ ဒီအရေး အကူအညီပေးနေသူတွေက ဘီဘီစီကို ပြောပါတယ်။

သေဆုံးသူတွေနဲ့ ပတ်သက်ပြီး ရဲစခန်းမှာတိုင်ချက်ဖွင့်ပြီးတဲ့နောက် ရဲစခန်းထောက်ခံစာနဲ့ စုံစမ်းရေးဌာနက စစ်ချက်ယူပြီးတာကြောင့် အလောင်းတွေကို ထုတ်ယူခွင့် ရရှိထားတာလို့ သိရပါတယ်။

ဒါပေမဲ့ ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးက ဒီမြေပြိုမှုမှာ သေဆုံးခဲ့သူတွေအရေးကို သြဂုတ်လ ၂၅ ရက်နေ့ ညနေပိုင်းအထိ တစုံတရာ လာရောက် အကူအညီပေးတာ မရှိသေးဘူးလို့ သေဆုံးသူတွေ အရေး လိုက်ပါကူညီပေး သူတွေက ပြောပါတယ်။

“လျော်ကြေးကိစ္စနောက်မှ အခုအလောင်းတောင် ထုတ်မရသေးဘူး။ မြန်မာသံရုံးက အခုဘယ်သူမှ မလာဘူး။ သူများနိုင်ငံက သက်ဆိုင်ရာအဖွဲ့အသီးသီးက လာတယ်ရှင်”လို့ ရဲစခန်းကနေ သေဆုံးသူ အလောင်းရရှိရေး ကူညီနေသူတစ်ဦးက ပြောပါတယ်။

သေဆုံးသူ ရုပ်အလောင်းတွေကို မနက်ဖြန်မှာ ထုတ်ယူလို့ရရင်တော့ နာရေးအတွက် ဖူးခက်နဲ့ ရနောင်းမြို့တွေမှာရှိတဲ့ ဘုန်းကြီး‌ကျောင်းတွေကို ပို့ဆောင်ပြီး စျာပန ပြုလုပ်သွားဖို့ရှိတယ်လို့လည်း သူက ပြောပါတယ်။

ဒီမြေပြိုမှုမှာ မြန်မာနိုင်ငံသား ထားဝယ်ဒေသခံ ၈ ဦး၊ ထိုင်းနိုင်ငံသား ၃ ဦးနဲ့ ရုရှားနိုင်ငံသား ၂ဦးတို့ အသက်ဆုံး ရှုံးခဲ့ပါတယ်။

မြန်မာအလုပ်သမားထဲက ပျောက်ဆုံးနေတာတော့ မရှိတော့ဘူးလို့ သိရပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးကို သေဆုံးမြန်မာနိုင်ငံသားတွေအရေးနဲ့ပတ်သက်လို့ မေးမြန်းဖို့ ဘီဘီစီက ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။