ဖေဖော်ဝါရီ ၂၃ ရက် ထိပ်တန်းသတင်းများ- တရုတ်အထူးသံသစ် မိတ်ဆက်လာရောက်ခြင်းဖြစ်၊ အန်ယူဂျီရုံး ကိစ္စမပြောဘူးလို့ ကေအိုင်အိုပြော

လိုင်ဇာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရေးသားခဲ့သည်။

တရုတ်-မြန်မာနယ်စပ်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့ထံ သွားရောက်ခဲ့တဲ့ တရုတ်အထူးသံတမန်သစ် မစ္စတာ တိန့်ရှီကျွင်း ကချင်လွတ်လပ်ရေးအဖွဲ့ - ကေအိုင်အိုဌာနချုပ်ကိုလည်း လာရောက်ခဲ့တာဟာ သံတမန်သစ်အနေနဲ့ မိတ်ဆက်လာရောက်ခဲ့ခြင်း ဖြစ်တယ်လို့ ကေအိုင်အိုဗဟိုက ပြောခွင့်ရသူက ပြောပါတယ်။

ဒါ့အပြင် သူ့ခရီးစဥ်နဲ့ ပတ်သက်လို့ သတင်းတချို့ မှာ ဖော်ပြနေတဲ့ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမှာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) ရုံးဖွင့်ထားတာနဲ့ပတ်သက်ပြီးတော့ သံအမတ်အနေနဲ့ တစ်စုံတရာ ဆွေးနွေးပြောဆိုတာမျိုး မကြားမိဘူးလို့ လည်း သူက ပြောပါတယ်။

“သံအမတ်အသစ်ဖြစ်နေလို့ရယ်၊ ဒီနယ်စပ်ဒေသမှာရှိနေတဲ့ မိတ်ဆွေတွေပေါ့နော်၊ အဲ့ဒါတွေကို လာတွေ့တဲ့ မိတ်ဆက်သဘောပေါ့နော်၊ အဲဒါတစ်ချက်ပါတယ်။ ဒုတိယအချက်ကတော့ ကိုဗစ်ရောဂါနဲ့ ပတ်သက်လို့ နယ်စပ်ဒေသတွေမှာ ဘယ်လိုအခြေအနေရှိတယ် ဂိတ်တွေဖွင့်လို့ရသလား မရသေးဘူးလားဆိုတာရယ် ” ပြောခဲ့တယ်လို့ ကေအိုင်အို ဗဟို သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

“ကျန်တဲ့ဟာကတော့ လိုင်ဇာမှာရှိတဲ့ စစ်ရှောင်စခန်းက လူတွေ ဘယ်လိုနေတာလဲ သူတို့ရဲ့ ကျန်းမာရေးတွေ စားဝတ်နေရေးတွေ ဘယ်လိုနေတာလဲ ဆိုတာတွေကို ကြည့်ပြီးပြန်သွားတယ်ဆိုတဲ့ အကြောင်းလောက်ဘဲ ကျွန်တော်ကြားပါတယ်ခင်ဗျ” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

တိန့်ရှီကျွင်း

ဓာတ်ပုံ ရင်းမြစ်, Social Media

တရုတ်သံတမန်အသစ် မစ္စတာ တိန့်ရှီကျွင်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလောက်ကလည်း နေပြည်တော်မှာ စစ်ကောင်စီဥက္ကဋ္ဌနဲ့လည်း တွေ့ဆုံခဲ့ပြီး အခုတစ်ခါမှာတော့ ကချင် ကေအိုင်အို ဌာနချုပ် လိုင်ဇာ၊ ဝတပ်ဖွဲ့ UWSA ဌာနချုပ် ပန်ဆန်းနဲ့ NDAA ဌာနချုပ် မိုင်းလားက အဖွဲ့တွေ့နဲ့ သံအမတ်သစ်က တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

စစ်တွေမှာ လူငယ်စုံတွဲတစ်တွဲ ဓားထိုးလုယက်ခံရ

Sittwe, Rakkhine

ဓာတ်ပုံ ရင်းမြစ်, CJ

ဒီရက်ပိုင်း စစ်တွေမှာ မှုခင်းတွေ ခပ်စိတ်စိတ်ဖြစ်နေ

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဖေဖော်ဝါရီ ၂၂ ရက်နေ့ညနေပိုင်းက လူငယ်စုံတွဲတစ်တွဲမှာ ကောင်လေးကိုဓား နဲ့ထိုးသတ်ပြီး အမျိုးသမီးငယ်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မနေ့ကညနေပိုင်း ၈ နာရီလောက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်တွေမြို့အာဂျိတ်တော်ကုန်းမှာရှိတဲ့ ကန်တော်ကြီးအနီးမှာ သမီးရည်းစားနှစ်ဦး ချိန်းတွေ့နေကြတဲ့အချိန် လူသုံးယောက်ရောက်ရှိလာပြီး ဖုန်းတွေကိုလုယူကာ အမျိုးသားဖြစ်သူကို ဓားနဲ့ထိုးပြီး အမျိုးသမီးငယ်ကို ဓါးထောက်ခေါ်ဆောင်သွားခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဓါးထိုးခံလိုက်ရသူဟာ စစ်တွမြို့ ကန်တော်ကြီးရပ်ကွက် ၃ မှာနေထိုင်တဲ့ အသက် ၂၀ အရွယ် လူငယ်တစ်ဦး ဖြစ်ပြီး မိန်းကလေးမှာ အသက် ၁၈ နှစ်အရွယ် မင်းဂံရပ်ကွက်မှာနေထိုင်သူဖြစ်တယ်လို့သိရပါတယ်။

ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ မိန်းကလေးငယ်ကတော့ မကြာခင်မှာပဲ နေအိမ်ကိုပြန်လည်ရောက်ရှိလာခဲ့တယ်လို့သိရပါတယ်။

အမျိုးသားဖြစ်သူမှာတော့ ကျောဘက်မှာ ဒဏ်ရာရရှိထားပြီး စိုးရိမ်ရတဲ့အခြေအနေမှာရှိနေသလို လက်ရှိမှာတော့ စစ်တွေဆေးရုံကြီးမှာ ဆေးဝါးကသမှုခံယူနေရတယ်လို့ ကူညီပို့ဆောင်ပေးခဲ့တဲ့ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းက ပြောပါတယ်။

ကျူးလွန်သူတွေကိုတော့ ဘယ်သူဘယ်ဝါဆိုတာမသိရှိရသေးဘူးလို့လည်း သိရပါတယ်။

အခင်းဖြစ်ပွားပြီးနောက် ဖမ်းဆီးခံခဲ့ရတဲ့မိန်းကလေးကို အနီးဝန်းကျင်ကလူတွေနဲ့ မိသားစုတွေ ကန်တော်ကြီးအနီးတဝိုက်ကို လိုက်လံရှာဖွေကြရာမှာ ကန်တော်ကြီးကန်ဘောင်မှာ သေဆုံးနေတဲ့လူသေအလောင်းတစ်လောင်းကိုလည်း ရှာဖွေတွေ့ရှိခဲ့ရတယ်လို့ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းက ပြောပါတယ်။

ဒါ့အပြင် မနေ့ကညနေပိုင်း ၆ နာရီလောက်မှာတော့ စစ်တွေမြို့မဈေးကြီးက အထည်ဆိုင်တစ်ခုမှာ အလုပ်လုပ်နေတဲ့ မိန်းကလေးတစ်ဦးရဲ့ ဖုန်းလည်း လုယူခြင်းခံလိုက်ရတယ်လို့သိရပါတယ်။

အခုလို ခိုးဆိုးလုယက်၊ လူသတ်တဲ့ဖြစ်စဉ်တွေဟာ အခုနောက်ပိုင်းမှာ စစ်တွေမြို့ပေါ်မှာ နေ့စဉ်လိုလို ဖြစ်ပွားလာနေပြီး စစ်တွေ-ရန်ကုန် အဝေးပြေးကားကွင်းအနီးဝန်းကျင်နေရာတွေမှာ ပိုမိုအဖြစ်များနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်တွေမှာ ဒီရက်ပိုင်း အခုလို မှုခင်းတွေခပ်စိတ်စိတ်ဖြစ်ပွားနေတာနဲ့ပတ်သက်လို့ မှုခင်းကိုင်တွယ်မှုနဲ့ပတ်သက်ပြီး လုံခြုံရေးအဖွဲ့အစည်းတွေနဲ့ ဒေသအာဏာပိုင်တွေကိုမေးခွန်းထုတ်မှုတွေရှိနေပါတယ်။

ရန်ကုန် မှာ ဝင်ငွေမလုံလောက်လို့ အစားလျှော့စားရတဲ့ အိမ်ထောင်စုတွေရှိနေတယ်လို့ UNDP ပြော

Yangon

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရန်ကုန်က လူ ၃ ထောင်ကို စစ်တမ်းကောက်ယူမှုအရ ပြီးခဲ့တဲ့ ၁ နှစ်အတွင်း အစားလျှော့စားရတဲ့အထိ ဝင်ငွေမလုံ‌လောက်မှုရှိခဲ့တယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP က ထုတ်ပြန်ချက်ကဖော်ပြပါတယ်။

စစ်တမ်းကောက်ယူတာကို အဆင်းရဲဆုံးဖြစ်တဲ့ မြို့နယ် ၈ မြို့နယ် မှာလုပ်ခဲ့တာဖြစ်ပြီး စစ်တမ်းမှာပါဝင်သူတွေရဲ့ လူဦးရေ လေးပုံတစ်ပုံဟာ ဝင်ငွေမရှိသလို သုံးပုံတစ်ပုံကတော့ အစားလျှော့စားရတဲ့အထိရှိတာကို တွေ့ရတယ်လို့ဆိုပါတယ်။

ရန်ကုန် ရှိ အဆင်းရဲဆုံးမြို့နယ်တွေက လူထုအနေနဲ့ အစားလျှော့စားရတာအပြင် ဝင်ငွေမရှိတဲ့ပြဿနာကို ဖြေရှင်းဖို့ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေ ‌ကိုရောင်းချခဲ့ကြရသလို ဒီလိုဝင်ငွေလျော့နည်းလာတဲ့ အခြေအနေက အိမ်ထောင်စုတွေရဲ့ ကျန်းမာရေး နဲ့ ရေရှည်လူမှုစီးပွား ကိုလည်း ခြိမ်းခြောက်နေတယ်လို့ဖော်ပြပါတယ်။

အစီရင်ခံစာ နဲ့ စစ်တမ်းကောက်ယူချက်အရ မြို့နယ် ၈ ခုက နေထိုင်သူတွေဟာ တခြား မြို့နယ် ကသူတွေနဲ့ ယှဥ်ကြည့်တဲ့အခါမှာ စီးပွါးရေးနဲ့ လူမှုရေးဆိုင်ရာ အခြေအနေတွေ ပိုပြီးနိမ့်ကျလာတယ်လို့ လည်းဆိုပါတယ်။ မြန်မာမှာ ၂၀၂၁ ခုနှစ်ကစတင်စီးပွားရေးကျဆင်းမှုက ၂၀၂၂ မှာ သိသိသာသာမြင့်တက်ခဲ့ပြီး ဆင်းရဲနွမ်းပါးမှုရဲ့ နောက်ဆက်တွဲအကျိုးဆက်ကို ရန်ကုန်ဧရိယာမှာ ပိုခံစားနေရတယ်လို့လည်းပြောထားပါတယ်။

"ရန်ကုန် ရဲ့ မြို့ပြဆင်းရဲနွမ်းပါးမှုနှုန်းက သိသိသာသာမြင့်တက်နေပြီး အလုပ်လက်မဲ့ဖြစ်တာနဲ့ ဝင်ငွေလျော့နည်းတာက တနေ့တခြား ပိုများလာတယ် " လို့ UNDP ရဲ့ ဌာနေကိုယ်စားလှယ် Titon Mitra မှ ပြောကြားထားတဲ့အကြောင်း UNDP ရဲ့ ထုတ်ပြန်ချက်ထဲဖော်ပြပါတယ်။

ဒါတွေကို ကျော်လွှားဖြေရှင်းနိုင်ဖို့ လူငယ်တွေအတွက် အသက်မွေးဝမ်းကြောင်း သင်တန်းတွေဖန်တီးပေးတာ၊ တပိုင်တနိုင် နဲ့ အသေးစား စီးပွါးရေးလုပ်ငန်းထူထောင်နိုင်အောင် ပံ့ပိုးပေးတာတွေ ကို လုပ်ပေးထားတယ်လို့ UNDP က ဆိုပါတယ်။

တဖက်မှာတော့ စီးပွားရေးမြို့တော်လို ရန်ကုန်မှာတောင် ဒီလိုပြဿနာတွေရှိလာလို့ ဆင်းရဲတဲ့တခြားဒေသတွေမှာ ပိုဆိုးနိုင်တာကမြင်သာထင်သာရှိလာတယ်လို့ စီးပွားရေးပညာရှင်အချို့က ဝေဖန်ထောက်ပြကြပါတယ်။

တာချီလိတ် - မယ်ဆိုင် ကနေ ထိုင်းဘက်ဝင်တဲ့မြန်မာနိုင်ငံသားတွေ ရက်ကျော်မနေဖို့ ထိုင်းသတိပေး

Myanmar-Thailand border Gate

ဓာတ်ပုံ ရင်းမြစ်, ไทย - พม่า : เพราะแผ่นดินเราติดกัน

ဓာတ်ပုံ ပုံစာ, တာချီလိတ် ကနေ မယ်ဆိုင် ဝင်ဖို့ တန်းစီနေတဲ့မြင်ကွင်း

မြန်မာ - ထိုင်း တာချီလိတ် - မယ်ဆိုင် အမှတ် (၁) တံတား ပြန်ဖွင့်လိုက်တဲ့နောက် ထိုင်းနိုင်ငံထဲ ဝင်တဲ့ မြန်မာတွေ ရက်ကျော်မနေဘဲ သတ်မှတ်ရက်အတွင်း ပြန်ထွက်ကြဖို့ ချင်းရိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက သတိပေးထုတ်ပြန်လိုက်ပါတယ်။

သတ်မှတ်ရက်ကျော်လွန်တာကို စစ်ဆေးတွေ့ရှိရင် ထိုင်းလဝက ဥပဒေအရ အရေးယူသွားမယ်လို့ဆိုပြီး ဒါကိုအထူးလိုက်နာကြဖို့ စာထုတ်ပြန်လိုက်တာပါ။ တာချီလိတ် - မယ်ဆိုင် အမှတ် (၁) တံတား ကနေ Border Pass လို့ခေါ်တဲ့ နယ်စပ်ဖြတ်သန်းခွင့် စာအုပ် အစိမ်းနဲ့ ၆ညအိပ် ၇ရက် ထိုင်းနိုင်ငံမယ်ဆိုင် ဘက်ခြမ်းထဲ သွားလာနိုင်တဲ့နောက် ပြန်မထွက်ဘဲတရားမဝင်ဆက်နေကြမှာစိုးရိမ်လို့ ထိုင်း လဝက ဘက်က ဒီလို အမိန့်ထုတ်လာတာလို့ မြန်မာလုပ်သားအရေးဆောင်ရွက်သူတွေကပြောပါတယ်။ ''လူပွဲစားတွေက ဒီယာယီဖြတ်သန်းခွင့်နဲ့ ဒီဘက်လာခဲ့ ပြီးရင် ဆက်နေပြီးသူဌေးရှာပေးမယ်၊ အလုပ်ရှာပေးမယ်ဆိုတာတွေကမဲဆောက်မှာဖြစ်လာတာလူရာချီပဲ။ ဆိုတော့ အခုမယ်ဆိုင် နဲ့ချင်းရိုက်ဘက်မှာလည်း တံတားဖွင့်လိုက်တဲ့နောက်မှာ ဒီလိုမပြန်ဘဲ ဆက်နေကြတာဖြစ်လာမှာကို ထိုင်းဘက်က စိုးရိမ်တယ်။မြန်မာတွေကလည်း ကိုယ့်နိုင်ငံမှာအဆင်မပြေတော့ ဒီဘက် ကိုဝင်နေဖို့ကြိုးစားကြတာကိုး '' လို့ မြန်မာလုပ်သားအရေးဆောင်ရွက်သူ ဦးမိုးကြိုးက ပြောပါတယ်။

၃ နှစ်နီးပါးပိတ်ထားခဲ့တဲ့ တာချီလိတ်နဲ့ မယ်ဆိုင်အကြားက မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ် (၁) တံတားကို ဖေဖော်ဝါရီ ၂၀ရက်မှာ ပြန်လည်ဖွင့်လှစ်လိုက်တာဖြစ်ပြီး နှစ်နိုင်ငံကြားခရီးသွားလာ‌ရေးအတွက်ရည်ရွယ်တယ်လို့ ထိုင်းဘက်ကပြောထားပါတယ်။ တာချီလိတ်မှာ အမှတ် ၁ တံတားဟာ နှစ်နိုင်ငံကြားလူဖြတ်သန်းမှုအတွက် အဓိကသုံးတာဖြစ်လို့ ဒီတံတားပြန်ဖွင့်ဖို့ တာချီလိတ်ဘက်ကဒေသခံတွေကလိုလားခဲ့ကြတာပါ။

လက်ရှိမှာတော့ အခုပြန်ဖွင့်တဲ့ အမှတ် ၁ တံတားကနေ Border Pass လို့ခေါ်တဲ့ နယ်စပ်ဖြတ်သန်းခွင့် စာအုပ်နဲ့ ဖြတ်သန်းနိုင်သလို မှတ်ပုံတင်မူရင်းပြပြီး ကတ်အဖြူရောင်နဲ့လည်း ဖြတ်သန်းခွင့်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ထိုင်းဘက်ခြမ်းဝင်မယ့်သူတွေဟာ ကိုဗစ်ကာကွယ်ဆေးထိုးထားကြောင်း လက်မှတ်ပြရတယ်လို့ သိရပါတယ်။

လေးကေကော်စစ်ဘေးရှောင် စခန်းအနီး တိုက်ပွဲ ဖြစ်ပွားလို့ စစ်ရှောင်တစ်ထောင်ကျော် သောင်ရင်းမြစ်ဘေး အရေးပေါ် ရှောင်တိမ်းရ

Lay Kay Kaw, Karen State

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, သောင်ရင်းမြစ်ကို ဖြတ်ကူးနေတဲ့ စစ်ရှောင်များ

ဖေဖော်ဝါရီ လ ၂၂ ရက်က မြ၀တီ-ဝေါလေ လမ်းပိုင်း မှတစ်ဆင့် စစ်ကူရောက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တွေနဲ့ လေးကေကော် စစ်ရှောင်စခန်း (ပလော့တပို့) နေရာအနီးမှာ တိုက်ပွဲ ဖြစ်ပွားနေတဲ့အတွက် ထိုင်းမြန်မာနယ်စပ် သောင်ရင်းမြစ်ဘေး သဲသောင်ပြင်တွေဘက်ကို အရေးပေါ် စစ်ဘေးရှောင်နေကြရကြောင်း စစ်ရှောင်တွေက ပြောပါတယ်။

"နေ့လယ်ဘက်ကြီး ဖလူး ကားလမ်းဘေး ပစ်ကြခတ်ကြတော့ လူတွေချည်း အကုန် သောင်ရင်းမြစ်ဘေး ပြေးဆင်းရတယ်။ ကျည်ဆံတွေ က စစ်ရှောင်တဲတွေ၊ သစ်ပင်တွေ ကိုလာထိတယ်။ စစ်ရှောင် တစ်ယောက် ခေါင်းကို ကျည်ရှပ်ထိတယ်။ အခုညဘက်လည်း မြစ်ဘေးသောင်ပြင်တွေမှာ စုပြီး အိပ်တစ်၀က် နိုးတစ်၀က်နဲ့ နေနေကြရတယ်။ စစ်တပ်ဘက်ကတော့ သေတဲ့သူ၊ ဒဏ်ရာလည်းရတဲ့သူတွေကို ဖလူးရွာဘက်ကနေ မြ၀တီဘက် လာပြန်သယ်သွားတယ်။ စစ်တပ်က ဖလူးလေးရွာနဲ့ ကားလမ်းဘေးမှာ စစ်ကြောင်းလမ်းကင်း ရှိနေတော့ တိုက်ပွဲ က ဆက်ဖြစ်ဦးမယ့်သဘော ရှိနေတယ်။ စစ်ရှောင်တွေ ကို စခန်းဘက် ပြန်သွားလာလို့မရသေးဘူး"လို့ လေးကေကော်ဒေသစစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

ဖလူး-ဝေါလေ လမ်းပိုင်းကို စစ်ကောင်စီတပ်က နယ်မြေစိုးမိုးထိန်းချုပ်နိုင်ဖို့ စစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး ဒီတစ်နှစ်နီးပါးရှိလာချိန်ကာလအတွင်း KNLA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေကြား နှစ်ဖက်အထိအခိုက်အကျအဆုံးရှိသလို စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်တချို့စီဒီအမ်ပြုလုပ်လာတာတချို့လည်းရှိခဲ့ပါတယ်။

ဝေါလေတိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီနဲ့နီးစပ်တဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ ဖေဖော်ဝါရီ ၂၁ ရက်နေ့က ဝေါလေမြို့နယ်ကို နယ်မြေရှင်းလင်းတဲ့အခါ M 22 တစ်လက်၊ M 21 တစ်လက်၊ ပွိုင့် ၂၂ မှန်ပြောင်းတစ်လက်၊ ၆၀ မမ စိန်ပြောင်းတစ်လက်၊ ဒရုန်းတစ်စီးနဲ့ ကားတစ်စီးတို့ကို သိမ်းဆည်းရမိတယ်လို့ ဖော်ပြနေကြပါတယ်။

"အခုတပ်က ၅၈၅ တပ်၊ ကစခ ၁၃ ထား၀ယ်၊ တနင်္သာရီဘက်ကနေ ကရင်ဘက်ကို စစ်ဆင်ရေး ၀င်နေတာ။ စစ်ကား၃ စီးနဲ့ စစ်ကြောင်းတက်ဖို့ ဖလူးလေးရွာဘက် ရောက်နေတာ။ သူတို့၃ ရက်လောက် ရှိနေပြီ။ ၃ထပ်ကွေ့ တောင်ပေါ် လမ်းကို တက်လာတော့ တိုက်ပွဲ ဖြစ်တာမှာ သူတို့ဘက်က ဗိုလ်မှုးတစ်ယောက်၊ ရဲဘော်တစ်ယောက်ကျတယ်။ ၄ ယောက်ဒဏ်ရာရသွားတယ် ဆိုတာတော့ သိထားရတယ်။ နောက်ထပ် ထပ်တက်လာဖို့ ရှိနေတယ်။ ဝေါလေ-ထီးကပလယ်ဘက်မှာ တိုက်ပွဲ ပြင်းထန်နေတော့ သူတို့ စစ်ကူ တက်လာတာ ကို ဒီဘက် KNLA ပူးပေါင်းအဖွဲ့ တွေ ဖြတ်တိုက်တဲ့သဘောပဲ" လို့ KNLA ပူးပေါင်းတပ်ဖွဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။

စစ်ကောင်စီဘက်က အကျအဆုံးရှိတယ်ဆိုတဲ့ပြောကြားချက်နဲ့ပတ်သက်လို့ ဘီဘီစီကတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီက ကရင်ပြည်နယ်အတွင်းက မြို့နယ် ၂ ခုအပါအဝင် ကရင်၊ ကယား၊ ချင်း၊ စစ်ကိုင်း၊ မကွေးနဲ့ ပဲခူး၊ တနင်္သာရီတို့မှာ မြို့နယ်ပေါင်း ၄၀ ကို စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားခဲ့တဲ့နောက် အဲဒီဒေသအများစုမှာ စစ်ရေးအရှိန်မြင့်နေတာဖြစ်ပါတယ်။

KNU တပ်မဟာ၆ နယ်မြေ လက်အောက်ခံ KNLA ပူးပေါင်းတပ်တွေနဲ့ ဖာပွန်၊သံတောင်၊ ကော့ကရိတ်၊ ဝေါလေ၊ ထီကပလယ်ဒေသတွေဘက်မှာ စစ်ကောင်စီ တပ်တွေတို့ ဒီရက်ပိုင်းထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

တရုတ်အထူးသံအသစ် ဝ၊ မိုင်းလားနဲ့ ကေအိုင်အေ ဌာနချုပ်ကို ရောက်လာ

China special envoy to Myanmar

ဓာတ်ပုံ ရင်းမြစ်, Social Media

တရုတ်အထူးသံတမန်သစ်ဟာ ကချင်တပ်ဖွဲ့ KIO ဌာနချုပ် လိုင်ဇာ၊ ဝတပ်ဖွဲ့ UWSA ဌာနချုပ် ပန်ဆန်း နဲ့ NDAA ဌာနချုပ် မိုင်းလား တို့ကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက သွားရောက်ခဲ့တယ်လို့ ဒီအဖွဲ့တွေနဲ့နီးစပ်တဲ့ တိုင်းရင်းသားအရေးလေ့လာစောင့်ကြည့်သူတွေက ဘီဘီစီကိုအတည်ပြုပါတယ်။ ကျန်တဲ့ လက်နက်ကိုင် လေးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ် MNDAA ရှမ်းပြည်တပ်မတော် SSPP တအာင်းတပ်TNLA နဲ့ ရက္ခိုင့်တပ်တော် AA တို့နဲ့လည်း တွေ့ဆုံဖွယ်ရှိတယ်လို့ တိုင်းရင်းသားအရေးလေ့လာစောင့်ကြည့်သူတွေက သုံးသပ်ပါတယ်။

တရုတ်အထူးသံတမန်နဲ့ လက်နက်ကိုင်တွေ တွေ့ဆုံပွဲမှာ အမေရိကန်ပြည်ထောင်စုဝါရှင်တန်ဒီစီမှာ NUG ရုံးခန်းဖွင့်လှစ်ခဲ့တာနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြတယ်လို့ နီးစပ်သူတွေက ပြောကြားခဲ့ပြီး အထူးသံနဲ့တွေ့ဆုံခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေထံကိုဆွေးနွေးမှုတွေနဲ့ပတ်သက်လို့ အသေးစိတ်သိရဖို့ ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖေဖောိဝါရီ ၂၂ ရက်ညပိုင်းအထိ အဆက်အသွယ်မရခဲ့ပါဘူး။

တရုတ်အနေနဲ့ NUG ကို အမေရိကန်ကထောက်ခံတဲ့အကြောင်းကို အရင်ကထဲကသိရှိပြီးဖြစ်လို့ ရုံးခန်းမဖွင့်ခင်ကတည်းက သတိကြီးကြီးထားနှင့်ပြီးဖြစ်တယ်လို့ ဦးအေးမောင်ကျော်ကပြောပါတယ်။ တရုတ်အနေနဲ့ မြန်မာ့အရေးမှာ အမေရိကန်ရဲ့ ပါဝင်မှုနဲ့ပတ်သက်လို့ ပေါ့ပေါ့ဆဆဘယ်တော့မှမတွေးတဲ့အကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက ပြောပါတယ်။

အမေရိကန်နဲ့ ဗြိတိန်အပါအဝင် အနောက်နိုင်ငံတချို့ရဲ့ ထောက်ခံမှုကိုရရှိထားတဲ့ NUG အနေနဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကောင်းဖို့ကြိုးစားနေတာတွေ့ရလို့ သံခင်းတမန်ခင်းကို ပါးပါးနပ်နပ်ဆောင်ရွက်သင့်တယ်လို့ နိုင်ငံရေးလေ့လာသူတွေကသုံးသပ်ပါတယ်။

မစ္စတာ ဆွန်ကော့ရှန်နေရာကို ဆက်ခံတဲ့ မစ္စတာ တိန့်ရှီကျွင်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာက တရုတ်နယ်စပ်တလျှောက်က တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တွေ့ခဲ့သလို ကောင်စီဥက္ကဋ္ဌ နဲ့လည်း နေပြည်တော်မှာ တွေ့ဆုံခဲ့ပါသေးတယ်။

ခင်ဦး မြို့နယ် အင်းပတ်‌ကျေးရွာမှာ လက်နက်ကြီးကျလို့ နှစ်ဦးဒဏ်ရာရ

Khin Oo, Sagaing

ဓာတ်ပုံ ရင်းမြစ်, CJ

Khin Oo, Sagaing

ဓာတ်ပုံ ရင်းမြစ်, CJ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် အနောက်ခြမ်း အင်းပတ်ကွေ့ဈေးတန်းအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက အင်းပတ်ကျေးရွာထဲကို ဖေဖော်ဝါရီ ၂၁ ရက် ည ၈ နာရီလောက်မှာ လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံနှစ်ဦး လက်နက်ကြီးစ ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“ ညက လက်နက်ကြီး ၃ လုံးနဲ့ပစ်တာ။ ၂လုံးက မကွဲဘူး။ တစ်လုံးကကွဲပြီး နှစ်ယောက် ဒဏ်ရာရသွားကြတာ။ တစ်ယောက်ကတော့ နံရိုးကျိုးတယ်။ ကျောကို လက်နက်ကြီးစ မှန်တယ်။ နောက်တစ်ယောက်က ကျည် ထိမှန်တယ်။ အခုတော့ ဆေးကုသမှုခံယူနေပါတယ်။ စိုးရိမ်ရတဲ့အနေအထားမရှိတော့ဘူး" လို့ ပြောပါတယ်။

အခုလို လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့ ဖြစ်စဉ် မဖြစ်ခင်ရက်ပိုင်းကတည်းက အနီးတဝိုက်မှာ တိုက်ပွဲ ဖြစ်ပွားခဲ့တာလည်းမရှိသလို စစ်ကောင်စီတပ်တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်တွေ မရှိခဲ့ဘူးလို့ ဒေသခံတွေထံက သိရပါတယ်။

ဒါ့အပြင် မနေ့ ဖေဖော်ဝါရီ ၂၁ ရက် မနက်ပိုင်းကလည်း အရှေ့ဘက် ခင်ဦးနယ် အရှေ့မြောက်ခြမ်း ယောက်သွာအိုင်ကျေးရွာ ကိုလည်း လက်နက်ကြီးငယ် ပစ်ခတ်ဝင်ရောက်လာမှုကြောင့် အလယ်ရှို၊ ယောက်သွားအိုင်၊ ကုလားလူး၊ ရှားလွင် စသည့်ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

အခုဖြစ်စဥ်နဲ့ပတ်သက်လို့ စစ်ကောင်စီကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

စစ်အုပ်ချုပ်ရေးကြေညာပြီးတဲ့နောက် သုံးပတ်တာအတွင်း စစ်ကိုင်းတိုင်းထဲက ခင်ဦး၊ ကန့်ဘလူ၊ ဆားလင်းကြီး၊ ယင်းမာပင်၊ ပုလဲ စတဲ့ ပီဒီအက်ဖ်တွေအားကောင်းတဲ့ ဒေသတွေမှာ စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုး ဝင်ရောက်တာတွေရှိနေပြီး စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေပါတယ်။

စျေးကွက်ထဲမှာ ဆန်တွေ စျေးထပ်တက်လာနေ

Myanmar Rice

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဖေဖော်ဝါရီ လဝက်အတွင်းမှာပဲ ဆန်အမျိုးအစားအလိုက် ဆန်တစ်အိတ်ကို ကျပ် တစ်သောင်းကနေ ကျပ်နှစ်သောင်းကြား စျေးမြင့်တက်ခဲ့ရာကနေ အခု လကုန်ဖို့နီးလာချိန်မှာ ဆန်တစ်အိတ်ကို သုံးထောင်ကနေ တစ်သောင်းကြား ထပ်မံ မြင့်တက်သွားတာ တွေ့ရပါတယ်။

တိုက်ပွဲပြင်းထန်တဲ့ စစ်ကိုင်း ရွှေဘိုဘက်က ထွက်တဲ့ရွှေဘိုထိပ်စဆန်တွေကို ဒေသ အခြေအနေကြောင့် တောင်သူတွေက စပါးလက်ထဲမထားဘဲ အကုန်ရောင်းချကြတဲ့နောက် ကုန်သည်တွေက ဝယ်လှောင်ပြီးစျေးကစားတာကနေ ဆန်စျေးတက်တာ အစပြုခဲ့တယ်လို့ ဆန်စျေးကွက် နားလည်သူတွေက ထောက်ပြကြပါတယ်။

ရွှေ ဘို ပေါ် ဆန်း စျေးတက်လာပြီးတဲ့နောက် အလယ်အလတ်ဆန်တွေဖြစ်တဲ့ တောင်ပျံတွေ ဆက် ‌စျေးတက်လာသလို အခြေခံ လူတန်းစားတွေ အစားများတဲ့ ဇီယာ ၊ စင်းသွယ်၊ မနောသုခ၊ အညာသား စတဲ့ ဆန်ကြမ်းတွေပါ စျေးလိုက်တက်လာတာလို့ ဆန်ရောင်းချသူတွေက ပြောကြပါတယ်။

" ဆန်က ရွှေဘိုက အခု မတက်ဘူး။ အရင်က အပတ်တွေက တက်ထားတာ၊ အခုတက်နေတာက အလယ်အလတ်ဆန်နဲ့ ဆန်ကြမ်းစျေးတွေ ပိုတက်လာတာ။ အချက် နှစ်ချက်ပေါ့။ ရွှေဘိုကတော့ ဝယ်လှောင်ထားကြတော့ ဆန်ဆိုတာ ပိုးထိုးတတ်တဲ့အရာမို့ တစ်ချိန်ချိန်တော့ ထုတ်ရောင်းရမှာပဲ။ အဲဒီအခါ ပြန်ကျနိုင်တယ်။ အခု စျေးတက်တာက ရွှေဘို အတက်ကြမ်းသွားတဲ့အချိန်မှာ ရွှေဘိုမစားနိုင်ကြတဲ့သူတွေက ‌ဆန်ပြောင်းစားလာကြတဲ့အတွက် အလယ်အလတ်ဆန်နဲ့ ဆန်ကြမ်းတွေက စျေးတက်တယ်။ တစ်အိတ်ကို ၃၀၀၀ လောက်ကနေ တစ်သောင်းနားအထိ တက်တယ်" လို့ ဆန်ရောင်းချသူတစ်ဦးကပြောပါတယ်။

ဇန်နဝါရီလ နောက်ဆုံးအပတ်လောက်ကစပြီး စျေးကွက်ထဲမှာ ဆန်တွေစျေးမြင့်တက်လာတာ အခု ဖေဖော်ဝါရီလထဲမှာတော့ ဆန် တစ်အိတ်ကို အမျိုးအစားပေါ် မူတည်ပြီး ကျပ် တစ်သောင်းကနေ နှစ်သောင်းနီးပါးလောက် အထိ စျေးတွေ မြင့်တက်လာတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကတော့ အခြေခံအလုပ်သမားနဲ့ဝန်ထမ်းမိသားစုတွေအတွက် ဧည့်မထ ဆန် ငါးပြည်ဝင်တစ်အိတ်ကို ကျပ် တစ်သောင်းနှုန်းနဲ့ ရောင်းချပေးမယ်လို့ကြေညာထားပါတယ်။