ယူဂန္ဓာနိုင်ငံက ကျောင်းမှာ ပစ်ခတ်မှုကြောင့် လူ ၄ဝ သေဆုံး- ဇွန် ၁၇ ရက် ညနေခင်း နိုင်ငံတကာ သတင်းများ

No Tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရေးသားခဲ့သည်။

ယူဂန္ဓာနိုင်ငံ အနောက်ပိုင်းမှာရှိတဲ့ ကျောင်းတခုမှာ အိမ်နီးချင်း ကွန်ဂိုမှာ အခြေစိုက်တဲ့ သူပုန်အဖွဲ့ရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူ ၄ဝ လောက် သေဆုံးသွားပါတယ်။ သေဆုံးသူ အများစုက ကျောင်းသူကျောင်းသားတွေ ဖြစ်ပြီး အများစုလည်း ပြန်ပေးဆွဲခံခဲ့ရပါတယ်။

သေဆုံးသူတွေက ဓားတွေနဲ့ အခုတ်ခံရတယ်လို့ အသက်ဘေးကနေ ပြန်လွတ်လာတဲ့ သူတွေက ပြောပါတယ်။ ကျောင်းက တချို့အဆောက်အအုံတွေဆိုရင် မီးရှိုးခံထားရတယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုကို မဟာမိတ် ဒီမိုကရက်တစ် တပ်ပေါင်းစု (ADF)က ပြုလုပ်ခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ADF အဖွဲ့က ဆယ်စုနှစ် ၂ ခုကြာ ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံ အရှေ့ပိုင်းမှာ အခြေစိုက်ခဲ့တာ ဖြစ်ပါတယ်။

၁၉၉၀ ခုနှစ်နောက်ပိုင်းမှာ သမ္မတ ယာဝါရီမူဆာဗန်နီကို ပုန်ကန်ဖို့ ဒီအဖွဲ့ကိုဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ဒီအဖွဲ့ကို ခြေမှုန်းဖို့ လွန်ခဲ့တဲ့ ၁၈ လက ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးကလည်း မအောင်မြင်ဖြစ်ခဲ့ရပါတယ်။

သံတမန်ရေးနဲ့ ကာကွယ်ရေး မြောက်ကိုရီးယား အာဏာရပါတီ ဆွေးနွေး

မြောက်ကိုရီးယား

ဓာတ်ပုံ ရင်းမြစ်, DAMIR SAGOLJ / REUTERS

မြောက်ကိုရီးယား အာဏာရ အလုပ်သမား ပါတီက ကာကွယ်ရေးနဲ့ သံတမန်ရေး ကိစ္စတွေ အတွက် တွေ့ဆုံဆွေးနွေးနေပါတယ်။ ဒီဆွေးနွေးပွဲဟာ နိုင်ငံတကာ အခြေအနေတွေ ပြောင်းလဲဖို့ဆိုပြီး အစိုးရပိုင် မီဒီယာမှာ ဖော်ပြပါတယ်။

ဒီအစည်းအဝေးကို ခေါင်းဆောင် ကင်ဂျုံအွန်းက ဦးဆောင်ကျင်းပတာ ဖြစ်ပြီး ပထမနှစ်ဝက်အတွင်း စီးပွားရေးကို ပြန်လည်သုံးသပ်မယ်လို့လည်း ဆိုပါတယ်။

ကိုဗစ်ကပ်ရောဂါဖြစ်ပြီးတဲ့နောက်ပိုင်း နိုင်ငံရဲ့ စီးပွားရေး ပြန်လည် အားကောင်းဖို့ ပြုံယမ်းက ကြိုးစား လုပ်ဆောင်နေပြီး လက်နက်တပ်ဆင်ရေး အစီအစဉ်ကို ဆက်လုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီတပတ်အတွင်း မြောက်ကိုရီးယားနိုင်ငံထဲမှာ နေထိုင်တဲ့သူတွေကို အင်တာဗျူးပြီး ဘီဘီစီက ဖော်ပြခဲ့တဲ့ သတင်းတွေအရ လူတွေက အစာရေစာ ငတ်မွတ်နေတယ်လို့လည်း ဆိုပါတယ်။

မြောက်ကိုရီးယားမှာမွေးဖွားပြီး နိုင်ငံထဲကနေ ထွက်ပြေးလာတဲ့ တင်မိုသီချိုက လူတွေငတ်နေတာ သူ့အတွက် အံသြစရာ မဟုတ်ဘူးလို့ ပြောပါတယ်။

‘ငတ်မွတ်တဲ့ဘေးက မျှော်လင့်ထားတဲ့အတိုင်း မြေကြီးလက်ခတ်မလွဲ ရောက်လာ တာပါ၊ ပြင်ပနဲ့လုံးဝ အဆက်အသွယ်မလုပ်၊ နိုင်ငံထဲမှာ အရင်းအမြစ်တွေမရှိတော့ အစားအသောက်က ဘယ်ကနေ ရမလဲ၊ အရိုးရှင်းဆုံး Hunger Game နဲ့ ပြောရရင် လူ ၁ဝ ယောက်မှာ လူ ၄ ယောက်စာအတွက်ပဲ ပေါင်မုန့်က ရှိတာကြောင့် ဒီ ၁၀ ယောက်လုံးက အစာရဖို့ လုကြ ရန်ဖြစ်ကြရတယ်’လို့ သူက ပြောပါတယ်။

နိုင်ငံကပိုအထီးကျန်ဆန်လာတာကြောင့် အခြေအနေက ပိုဆိုးလာတယ်လို့လည်း သူက ပြောပါတယ်။

အိန္ဒိယ မဏိပူပြည်နယ်မှာ အဓိကရုဏ်းတွေ ဆက်ဖြစ်

No Tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မဏိပူရပြည်နယ်မှာ အဓိကရုဏ်းတွေ ဆက်ဖြစ်နေပြီး မြို့တော် အင်ပေါ်မှာ လူအုပ်က အဆာက်အအုံတွေထဲကို မွှေနှောက်ဖျက်ဆီးဖို့ ကြိုးစားခဲ့ပါတယ်။

မနေ့ညကဆိုရင် ဒေသခံနိုင်ငံရေးသမားအိမ်နဲ့ ရဲတပ်ဖွဲ့ကို ပစ်မှတ်ထားတဲ့ လူအုပ်ကို လုံခြုံရေး တပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးတွေ သုံးပြီး လူစု ခွဲခဲ့ပါတယ်။

ပြီးခဲ့တဲ့လက အဓိကရုဏ်းကြောင့် လူ ၁ဝဝ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။ လူများစုဖြစ်တဲ့ မိုင်တဲ ခေါ် ကသည်း မျိုးနွယ်စုကို ပြည်နယ်အစိုးရက မျိုးနွယ်စု အဖြစ် အစိုးရက အသိအမှတ် ပြုခဲ့ပြီးတဲ့နောက် အကြမ်းဖက်မှုတွေ ဖြစ်လာတာ ဖြစ်ပါတယ်။

တခြားလူမျိုးစုတွေက ဒီလိုအသိအမှတ်ပြုတာကြောင့် သူတို့ရဲ့ လယ်ယာမြေနဲ့ မြေပိုင်ဆိုင်ခွင့်တွေ ဆုံးရှုံးမှာကို စိုးရိမ်နေတာ ဖြစ်ပါတယ်။

နစ်မြုပ်သွားတဲ့ သင်္ဘောပေါ်က ဆီယိုတာကို တားဆီးတဲ့ လုပ်ဆောင်ချက် ပြီးပြီလို့ ဖိလစ်ပိုင် ထုတ်ပြန်

No Tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

နစ်မြုပ်သွားတဲ့ ရေနံတင်သင်္ဘောပေါ်ကနေ ဆီတွေ စိမ့်ယိုနေတာကို တားဆီးဖို့ လုပ်ဆောင်ချက်က ပြီးဆုံးသွားပြီလို့ ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဒါပေမဲ့ ကမ်းခြေတဝိုက်မှာ ညစ်ညမ်းသွားတာကို ရှင်းလင်းဖို့ ဆက် ဆောင်ရွက်နေ တယ်လို့လည်း ပြောပါတယ်။

ဖေဖော်ဝါရီလမှာ Princess Empress ရေနံတင်သင်္ဘောက မင်ဒေါရို ကျွန်းအနီးက ရေပြင်မှာ နစ်မြုပ်ခဲ့ပြီး မီတာ ရာချီနက်တဲ့ ရေအောက် ကြမ်းပြင်ပေါ်မှာ ရောက်ရှိသွားတာ ဖြစ်ပါတယ်။

ဒီသင်္ဘောပေါ်မှာ တင်ဆောင်လာတဲ့ ဆီ ၃ ပုံ ၂ ပုံ လီတာ သန်းချီက ပင်လယ်ထဲကို ယိုစိမ့်ခဲ့ပြီး ကာကွယ်ပေးထားတဲ့ အဏ္ဏဝါ ရေပြင်ကိုပျက်စီးစေခဲ့ပါတယ်။

ကျန်နေတဲ့ ဆီတွေ ထပ်မယိုစိမ့်နိုင်ဖို့ ကမ်းခြေစောင့် တပ်ဖွဲ့တွေက ကြိုးစား လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

သတင်းထောက်သတ်မှုနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးသမားတစ်ဦးကို ဖမ်း

 ဘင်္ဂလားဒေ့ရှ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဒီသတင်းပတ်အစောပိုင်းက သတင်းထောက်တစ်ဦးကို သတ်ဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး နိုင်ငံရေး သမားတစ်ဦးကို ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ဖမ်းဆီး လိုက်ပါတယ်။

နိုင်ငံမြောက်ပိုင်း ဂျမာပေါ ခရိုင်မှာရှိတဲ့ ရွာအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မာမူဒူ အာလမ်ဟာ သတင်းထောက် ဂိုလမ်ရာဘန်နီကို သတ်ဖြတ်မှုနဲ့ ဆက်နွှယ်ပြီး ဖမ်းဆီးခံရတဲ့ ၇ ဦးမြောက်လည်း ဖြစ်ပါတယ်။

အာဏာရ အာဝါမီ လိဂ် ကလည်း သူ့ကို ပါတီဝင်အဖြစ်ကနေ ရပ်စဲထားပါတယ်။ မစ္စတာ အာလမ်က တစုံတရာ အမှားအယွင်းမလုပ်ဘူးလို့ ဆိုပါတယ်။ မစ္စတာ အာလမ်နဲ့ ပတ်သက်ပြီး ဝေဖန် ရေးသားခဲ့တာကြောင့်လို့ သတင်းထောက်မိသားစုက စွပ်စွဲထားပါတယ်။ နိုင်ငံတကာ ဂျာနယ်လစ် ဖက်ဒရေးရှင်းက သေချာစုံစမ်း စစ်ဆေးပေးဖို့ တောင်းဆိုထားပါတယ်။