ပုလဲမှာ အစုလိုက်အသတ်ခံရပြီး အလောင်းပြန်မရသူ ၁၄ ဦးအတွက် နှစ်လပြည့် စီစဥ်

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲက ရွာသုံးရွာက ဖမ်းဆီးသွားသူ အမျိုးသား ၁၄ ဦး ကို စစ်ကောင်စီတပ်က ဇူလိုင်လ ၁၁ ရက်နေ့ တစ်ရက်တည်းမှာပဲ အစုလိုက်သတ်ဖြတ်ခဲ့ပြီး သူတို့ ရုပ်အလောင်းတွေလည်း ပြန်မရဘူးလို့ ဒေသကာကွယ်ရေးတပ်နဲ့ ဒေသခံတွေထံက သိရပါတယ်။
သူတို့သေဆုံးတယ်ဆိုတာကို တစ်လကျော်အကြာမှ မိသားစုတွေ သိကြရတာပါ။
သူတို့ဟာ ပြည်သူတွေဖြစ်ပြီး ထောက်ပို့လုပ်နေတာ၊ ဒေသကာကွယ်ရေးတွေနဲ့ ဆက်နွှယ်တာမရှိဘူးလို့လည်း ဒေသခံတွေက ပြောကြပါတယ်။
အလောင်းတွေ ပြန်မရတဲ့အတွက် သူတို့ပြန်လာဦးမလားလို့ မိသားစုတွေက မျှော်လင့်နေတဲ့ကြားက အခုတော့ သူတို့သေဆုံးပြီလို့ ယူဆပြီး သူတို့အတွက် ဘာသာရေး၊ ဓလေ့ထုံးစံအတိုင်း နှစ်လပြည့် အလှူအတန်း လုပ်ပေးဖို့ မိသားစုတွေ ပြင်ဆင်နေရပါပြီ။
ဘယ်လို ဖမ်းဆီးသတ်ဖြတ်ခံရလဲ
ရွာထဲကို စစ်ကောင်စီတပ် စစ်ကြောင်းဝင်သွားပြီးနောက် ရွာနားကို ပြန်လာတဲ့ ရွာသားတွေနဲ့ အဲဒီစစ်ကြောင်း ထိပ်တိုက်တိုးခဲ့ရာက ဖမ်းဆီးသတ်ဖြတ်ခံရတာလို့ ဒေသခံတွေက ဆိုပါတယ်။
ဇူလိုင်လ ၉ ရက်မှာ အင်ကြင်းစုရွာက ၈ ဦး၊ ကံကြီးရွာက ၄ ဦး၊ ညောင်ကုန်းရွာက ၂ ဦး စုစုပေါင်း ၁၄ ဦး ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကြောင်း နောက်နေ့ ၁၀ ရက်နေ့မှာ ပြန်ထွက်သွားခဲ့ပြီးနောက် ၁၁ ရက်နေ့မှာတော့ ၁၄ ဦးစလုံးကို တစ်ခါတည်း သတ်ပစ်ခဲ့တာလို့ မျက်မြင်တွေ့ရှိသူတွေရဲ့ ပြောဆိုချက်အရ နောက်ပိုင်းမှာ မိသားစုတွေက ပြန်သိခဲ့ရပါတယ်။
၁၁ ရက်နေ့ မနက်မှာ အင်မထီးရွာက စစ်ကြောင်းထွက်သွားပြီး မကြာခင်မှာပဲ စစ်သားနှစ်ယောက်နဲ့ ပျူစောထီးဆိုသူတွေက ဒေသခံ ၁၄ ဦးကို ရေနံခပ်တဲ့ နိုင်လွန်ကြိုးတွေနဲ့ တုပ်နှောင် ပြီးတော့ ရွာအပြင်ကို ခေါ်သွားတယ်ဆိုတာကိုလည်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေက တစ်လကျော်ကြာသွားပြီးတဲ့နောက် အခြေအနေကို သတင်းလှမ်းပေးချက်အရ သေဆုံးသူတွေရဲ့ မိသားစုတချို့ သိရှိရခဲ့တာ ဖြစ်ပါတယ်။
သူတို့ကို သတ်ဖြတ်ခဲ့ပြီး အင်မထီးကျေးရွာအနီးမှာ မြှုပ်ထားတယ်လို့ အင်မထီးကျေးရွာက မျက်မြင်တွေ့သူတွေက ပြောပါတယ်။
ဒါပေမဲ့ လုံခြုံရေးအခြေအနေအရ ရုပ်အလောင်းတွေကို မိသားစုတွေ ပြန်ဖော်ယူနိုင်တာ မရှိသေးပါဘူး။
ဒါ့အပြင် အဲဒီ ဇူလိုင်လ ၁၁ ရက်နေ့ တစ်ရက်တည်းမှာပဲ ပုလဲမြို့၊ တောင်ရွာသစ်ကျေးရွာက ၄ ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့တာရှိတဲ့အတွက် တစ်ရက်တည်းမှာပဲ ပုလဲမြို့ ဒေသခံ ၁၈ ဦး အသတ်ခံခဲ့ရတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပြပါတယ်။ သူတို့တွေဟာ အသက် ၁၄ နှစ်ကနေ အသက် ၆၀ ကျော် အရွယ်တွေ ဖြစ်ကြပါတယ်။
ပြန်လာနိုးမျှော်လင့်နေကြဆဲ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒေသခံ ၈ ဦး ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ရွာဖြစ်တဲ့ အင်ကြင်းစုရွာက ဒေသခံတစ်ဦး ပြောပြတာက “ ပုလဲကနေ ကံကြီး၊ ကံကြီးကနေ ညောင်ကုန်း၊ ကံပေါက်ကိုရောက်တယ် (စစ်ကောင်စီတပ်စစ်ကြောင်း) တစ်ညအိပ် တပ်စွဲတယ်။ နောက် ၉ ရက်နေ့မှာ ကျွန်တော်တို့ အင်ကြင်းစုရွာကို စစ်ကြောင်းထိုးလာတယ်။ တစ်ညအိပ် တပ်စွဲတယ်။"
“၁၀ ရက်နေ့မှာ စစ်ကြောင်းထွက်သွားပြီလို့ သတင်းရတော့ အခု ပါသွားတဲ့သူတွေက ရွာနားကို ချဉ်းကပ်တာပေါ့ဗျာ။ အဲဒီမှာ စစ်ကြောင်းက မထွက်သေးဘဲနဲ့ သူတို့ပြန် ထွက်မယ့်စစ်ကြောင်းနဲ့ အခုပါသွားတဲ့ ပြည်သူ ၈ ဦးနဲ့က ထိပ်တိုက်တိုးသလိုဖြစ်တာပေါ့၊စစ်တပ်က မြင်ရတဲ့နေရာမှာရောက်နေတော့ မြင်တဲ့သူတွေကို လိုက်ဆွဲပြီး ဖမ်းခေါ်သွားတော့တာပေါ့။ ဟိုဘက်ရွာတွေက ပါလာတဲ့သူတွေပါဆို ၁၄ ဦးပေါ့" လို့ သူကြုံရပုံကို ပြောပြပါတယ်။
သူကပဲ ထပ်ပြီး “ အဲဒီနေ့က အင်ကြင်းစုရွာကပဲ ၉ ဦးကိုဖမ်းသွားတာ၊ အသက်၇၀ ကျော်အရွယ်အဘိုးကြီးကိုတော့ ညတွင်းချင်းပြန်လွှတ်ပေးလိုက်တယ်။ လွှတ်ပေးတယ်ဆိုတာလည်း ခြေလှမ်းမှ ကောင်းကောင်းမလှမ်းနိုင်တဲ့သူ မကျန်းမာတဲ့သူမို့လို့ ပြန်လွှတ်လိုက်တာ၊ သူ ပြန်ပြောပြချက်အရ အဖမ်းခံရတဲ့အထဲ တခြားရွာက သူတွေပါ ပါတယ်ဆိုတာ သိရတာ”လို့ ပြောပါတယ်။
ဖမ်းဆီးခံရသူတွေ ဘယ်လို၊ ဘယ်နေရာမှာ အသတ်ခံရတယ်ဆိုတာကို အခုအခါမှာ မိသားစုဝင်တချို့ သိကြပြီ ဖြစ်ပေမဲ့ သတင်းမရကြသေးတဲ့ မိသားစုဝင်တချို့ မသိကြသေးပါဘူး။
“ ဘယ်နေရာမှာ သင်္ဂြိုဟ်တယ်။ ဘယ်လိုသတ်လိုက်တယ်။ ဘယ်လိုတွေ ဖမ်းဆီးခံရချိန်နှိပ်စက်ခံရတယ်တွေဆိုတာ ကျွန်တော်တို့ ပြည်သူတွေ လုံးလုံး မသိရပါဘူး။ သေတယ်လို့ပဲ သိရတာပါ။ သိသိချင်း မိသားစု၀င်တွေကိုတောင်မှ မင်းတို့ မိသားစု၀င်တွေ အဖမ်းခံရတာ သေပြီလို့ မပြောရက်ခဲ့ပါဘူး။ ပြန်လာနိုး ပြန်လာနိုးနဲ့ တချို့ သူတို့ မျှော်နေကြတုန်းပဲ” လို့ အင်ကြင်းစုရွာက ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။
လေးဦးအဖမ်းခံရပြီး လေးဦးလုံး သတ်ဖြတ်ခံခဲ့ရတဲ့ ကံကြီးကျေးရွာက ဒေသခံတွေကလည်း တစ်လကျော်ကြာပြီးဖြစ်တဲ့ အတွက် သေပြီလို့ပဲ ယူဆထားရပေမယ့် ရုပ်အလောင်းတွေကို ပြန်မရတဲ့အတွက် ၅၀ ရာခိုင်နှုန်းလောက်တော့ အသက်ရှင်ဖို့ မျှော်လင့်မိနေကြတုန်းပဲလို့ သူတို့ မျှော်လင့်ချက်တွေကို ပြောပြကြပါတယ်။
ကံကြီးရွာက အသတ်ခံခဲ့ရသူတွေထဲမှာ ၂၀ ကျော်က နေ အသက် ၄၀ ကျော်အထိ ပါ၀င်ပြီး အမျိုးသား၄ ဦးလို့ သိရပါတယ်။ သေဆုံးသူ တစ်ဦးကတော့ အခုရက်ပိုင်းအတွင်းမှာမှ ကလေးမီးဖွားပြီးသူ အမျိုးသမီးရဲ့ ခင်ပွန်းဖြစ်တာကြောင့် အခုလိုသတင်းကို ဒေသခံတွေက ဖုံးဖိထားကြရတယ်လို့ ဆိုပါတယ်။
သေဆုံးသူနှစ်ဦးရဲ့ အစ်မတော်စပ်သူက “ မောင်နှစ်ယောက်လုံး စစ်ကြောင်းထဲပါသွားတာ။ တစ်ယောက်က ကလေး ၃ ယောက်အဖေပါ။ သူ့အမျိုးသမီးက သူ့မိဘရွာကို သွားပြီး ကလေး မီးဖွားနေတာ။ အဲဒီအချိန်မှာပဲ သူ့ယောက်ျား စစ်တပ်က အဖမ်းခံရတာ။ သွေးနုသားနုမှာ ကလေးမွေးကာစလေးနဲ့ အဖမ်းခံလိုက်ရပြီလို့ ဘယ်သူက ပြောရက်ကြမလဲ။ အခု သေပြီဆိုတော့ ပိုဆိုးသေးတယ်။ မပြောရက်ကြဘူး။”
“ ဒါပေမယ့်လည်း တဖြည်းဖြည်းနဲ့ အခု မီးထွက်တော့မှ ပြောရင်း သူလည်း သိသွားပါပြီ ။ ကလေးမွေးပြီးတော့ ရွာကို ကလေးတွေခေါ်ပြီး လာလည်သေးတယ် ။ အဲဒီမှာသိသွားတော့ အခုတော့ သူလည်း ကလေးတွေနဲ့အတူ သူ့မိဘရွာ ပြန်သွားပြီ” လို့ လက်ရှိအခြေအနေကို ပြောပြပါတယ်။
သူကပဲ ဆက်ပြီး သေဆုံးသူတွေမှာ မွေးချင်း မောင်နှမ ငါးဦးရှိပြီး သူတို့ ဖခင်ဟာ သားတွေ၊ မြေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင် သိုက်သိုက်ဝန်းဝန်းနေလာခဲ့ရာကနေ အခု မြေးတွေကလည်း အနားမှာမရှိ၊ သားနှစ်ဦးကလည်း ဆုံးပါးသွားတဲ့ အခြေအနေဆိုတော့ အစားအသောက်တောင် မဝင်တော့ဘဲ စိတ်ထိခိုက်နေတဲ့အတွက် ကျန်းမာရေးစိုးရိမ်နေရတယ်လို့ ပြောပြပါတယ်။
“အိမ်က အဖေက အသက်၆၀ ကျော်၊ ၇၀ နီးပြီလေ။ အရင်က သားတွေနဲ့ မြေးတွေနဲ့နေလာတာ သိုက်သိုက်ဝန်းဝန်းပဲ။ အခုကျ ချွေးမကလည်း ကလေးတွေခေါ်ပြီး မိဘအိမ်ပြန်သွားတယ်။ သား နှစ်ယောက်ကလည်း သေသွားပြီလို့ ကြားရတယ်ဆိုတော့ အဖေက ထမင်းလည်း မစားဘူး။ ငူငိုင်ပြီး ထိုင်နေတယ်။ မျက်ရည်ကျ တယ်။ စကားလည်း မပြောဘူး” လို့ သေဆုံးသူနှစ်ဦးရဲ့ အစ်မက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ပုလဲဂျိုကာ
“ (အဖမ်းခံရသူတွေကို) ပစ္စည်းထမ်းခိုင်းတယ်ဆိုရင်လည်း လိုရာခရီးရောက်ရင် ပြန်လွှတ်ပေါ့၊ မဟုတ်ဘူး သတ်ပစ်တော့တာပဲ။ သတင်းစကြားတော့ မိသားစုဝင်တွေ ငိုကြ ယိုကြတာ ပွက်လောကိုညံကုန်တာပဲ” လို့ ဖမ်းဆီးခံထားရသူတွေ သေဆုံးသွားပြီလို့ သတင်းစကြားကြားချင်းက သြဂုတ်လ ၂၃ ရက်က အခြေအနေကို ဒေသခံတစ်ဦးက ပြန်ပြောပြပါတယ်။
ဖမ်းဆီးခံရသူ ၁၄ ဦးကို ပျူစောထီးရွာလို့ ဒေသခံတွေ သိထားတဲ့ အင်မထီးကျေးရွာအနီးမှာ ဇူလိုင်လ ၁၁ ရက်နေ့က ရေနံခပ်တဲ့ မနီလာကြိုးတွေ(နိုင်လွန်ကြိုး)နဲ့ ကြိုးတုပ်ပြီး စစ်တပ်က ခေါ်ဆောင်သွားတာ တွေ့ရပြီး စစ်တပ်ပြန်လာတဲ့အချိန်မှာ ၁၄ ဦးလုံး ပြန်မပါလာတော့ဘူးလို့ အင်မထီးရွာကနေ နောက်ထပ် ထွက်ပြေးလာသူတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။
အဲဒီ ထွက်ပြေးလာသူတွေရဲ့ ပြောပြချက်နဲ့ ဒေသအုပ်ချုပ်ရေးအဖွဲ့တွေရဲ့ သိရှိတဲ့အချက်အလက်တွေအရ ဖမ်းဆီးခံရသူ ၁၄ ဦးလုံးကို သေဆုံးသွားပြီလို့ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ မိသားစုဝင်တွေဟာ သူတို့သေဆုံးပြီလို့ တစ်ထစ်ချ မယုံကြည်နိုင်သေးဘဲ ပြန်လာဖို့ မျှော်လင့်နေကြတယ်လို့လည်း သိရပါတယ်။
ကံကြီးရွာက အသက် ၂၇ နှစ်အရွယ် သားအငယ်ဆုံး ဖြစ်သူ သေဆုံးတဲ့အထဲ ပါသွားတဲ့ အသက် ၇၀ ကျော်အရွယ် သူ့ရဲ့ဖခင်ကတော့ “ နေ့တိုင်းမျှော်နေတာပေါ့။ မျှော်သလို မဖြစ်လာတော့ ရင်ထဲမှာ ပြောမပြတတ်ဘူး။ တကယ်သာ ဟုတ်တယ်ဆိုရင်တော့ လာမယ့် စက်တင်ဘာ ၁၁ရက်နေ့မှာ နှစ်လပြည့်အလှူ လုပ်ပေးဖို့ ပြင်ရတော့မှာ” လို့ ပြောရင်း အသံတိမ်ဝင်သွားပါတယ်။
တစ်လကျော်ကြာ ဖမ်းဆီးခံသွားရပြီးမှ သေဆုံးသွားပြီလို့ သိလိုက်ရတဲ့အပေါ် မိသားစုဝင်အများစုကတော့ ရုတ်တရတ် လက်မခံနိုင်သေးဘဲ ပြန်လာနိုးနဲ့ မျှော်လင့်နေကြဆဲပေမဲ့ တစ်ဖက်မှာလည်း သေဆုံးသွားသူတွေအတွက် ထုံးတမ်းစဥ်လာအတိုင်း ကုသိုလ်လုပ်ပေးဖို့ မိသားစုတွေ စီစဥ်နေကြပါတယ်။








