ပိုမိုလှုပ်ရှားလာတဲ့ ယူကရိန်း-ရုရှား စစ်ပွဲကြားက နိုင်ငံတွေ

နေတိုးမဟာမိတ်ဟာ ကျောက်သားလိုခိုင်မာတယ်လို့ သမ္မတဘိုင်ဒန်ကဆို

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရေးသားခဲ့သည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ဟာ ရုရှားက ယူကရိန်းကိုဝင်ရောက်တိုက်ခိုက်တဲ့ နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။ နှစ်ပတ်လည်နေ့အကြိုကာလမှာ အရှေ့အနောက် နိုင်ငံရေးအင်အားစုတွေရဲ့ လှုပ်ရှားမှုတွေဟာ လျင်လျင်မြန်မြန် ဖြစ်ပေါ်တိုးတက်နေပါတယ်။

သမ္မတဘိုင်ဒန်နဲ့ဘူခါရက်စ် ၉

သမ္မတဂျိုးဘိုင်ဒန်ဟာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ဘူခါရက်စ် ၉ သို့မဟုတ် B9 လို့ခေါ်တဲ့ အရှေ့ဥရောပနေတိုးအဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တွေနဲ့ ပိုလန်နိုင်ငံဝါဆောမြို့မှာဆွေးနွေးခဲ့ပါတယ်။ နေတိုးအတွင်းရေးမှူးချုပ်ယန်းစတော့တင်ဘတ်လည်း သူနဲ့အတူပါဝင်ပါတယ်။

နာဇီစနစ်ကိုပြန်လည်အသက်သွင်းနေတယ်လို့ပူတင်ကစွပ်စွဲ

အနောက်နိုင်ငံတွေဟာ နာဇီဂျာမနီကို ပြန်လည်အသက်သွင်းနေပြီလို့ သမ္မတပူတင်က စွပ်စွဲပါတယ်။ ရုရှားဆန့်ကျင်ရေးအုပ်စုဖြစ်တဲ့ နာဇီလက်သစ် ယူကရိန်းကို အနောက်နိုင်ငံတွေက အသက်သွင်းပေးနေတယ်လို့ ဆိုပါတယ်။ သမ္မတဘိုင်ဒန်ကလည်း နာရီအတန်ကြာမှာပဲ ပြန်လည်ချေပပါတယ်။ အာဏာရှင်တွေဟာ ဘူးတလုံးဆောင်ပြီးငြင်းဖို့ပဲနားလည်တယ်လို့ ဆိုပါတယ်။ နေတိုးရဲ့ မကြုံစဖူးတဲ့ စည်းလုံးညီညွတ်ရေးမျိုးရရှိနေပြီး ယူကရိန်းဘက်ကနေ မပျက်မကွက် ရပ်တည်သွားမယ်လို့လည်း သူက ဆိုပါတယ်။ နေတိုးရဲ့ အခန်းကဏ္ဍဟာ လွတ်လပ်သောကမ္ဘာကို ကာကွယ်စောင့်ရှောက်သွားဖို့ ဖြစ်တယ်။ ယူကရိန်းစစ်ပွဲနိုင်ရမယ်လို့ သမ္မတဘိုင်ဒန်က ကျူးရင့်ပါတယ်။

အမေရိကန်နဲ့ချုပ်ဆိုထားတဲ့ နျူးကလီးယားမပြန့်ပွားရေးစာချုပ်ကို ဆိုင်းငံ့ကြောင်းကြေညာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဝင်ရိုးတခုစနစ်ကိုလက်မခံဘူးလို့ဝမ်ယီကဆို

ဒီနေ့ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာပဲ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီဟာ ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလက်ဗရော့ဗ်၊ ရုရှားလုံခြုံရေးကောင်စီအကြီးအကဲ နီကိုလိုင်ပက်ထရူရှက်ဗ်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါဟာ ရုရှားသမ္မတဗလာဒီမီယာပူတင်နဲ့ တရုတ်သမ္မတရှီကျင်းဖျင်တို့ တွေ့ဆုံဖို့အတွက် ရှေ့ပြေးပြင်ဆင်ညှိနှိုင်းမှုလည်း ဖြစ်ပါတယ်။ ကမ္ဘာကြီးကို ဝင်ရိုးတခုတည်းပေါ်လည်ပတ်တဲ့ တဗိုလ်စနစ်အဖြစ်မခံဘဲ ဝင်ရိုးအများပေါ်လည်ပတ်တဲ့ ဗိုလ်အများစနစ်အဖြစ် ဆက်လက်ထိန်းသိမ်းထားဖို့ သန္နိဋ္ဌာန်ချထားတယ်လို့ ဝမ်ယီက ဆိုပါတယ်။

“နိုင်ငံတကာရေးရာ အခြေအနေတွေ မကောင်းပေမဲ့ တရုတ်နဲ့ ရုရှားဟာ ကမ္ဘာကြီးကို ဝင်ရိုးအများနဲ့လည်ပတ်တဲ့စနစ်အဖြစ် ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ တရုတ်နဲ့ရုရှားက သန္နိဋ္ဌာန်ချထားတယ်”လို့ သူက ရုရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံအပြီးမှာ ထုတ်ဖော်ပြောကြားလိုက်တာပါ။

“တရုတ်နိုင်ငံဟာ ရုရှားနဲ့သာမက တခြားနိုင်ငံ အများအပြားနဲ့လည်း အပြန်အလှန်ပူးပေါင်းဆက်ဆံရေးထူထောင်ဖို့လမ်းဖွင့်ထားပါတယ်” လို့လည်း သူက ဆိုပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီဟာ ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလက်ဗ်ရော့ဗ်နဲ့တွေ့ဆုံပြီးနောက်မှာ သမ္မတပူတင်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ရုရှားအပေါ်ပိတ်ဆို့အရေးယူတာတွေကို တရုတ်ကလက်မခံပါဘူး။ ရုရှားကိုပိတ်ဆို့အရေးယူတာတွေဟာ ယူကရိန်းပဋိပက္ခကို ပိုပြီးနက်ရှိုင်းအောင် အမေရိကန်ကမွှေနှောက်နေတာလို့ တရုတ်ကစွပ်စွဲပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက အမေရိကန်ဟာ နိုင်ငံတကာအရေးကို “အဓိကအနှောင့်အယှက်ပေးနေသူ” လို့ ဖေဖော်ဝါရီလ ၂၁ ရက်အင်္ဂါနေ့မှာ သုံးနှုန်းပြောဆိုခဲ့ပါတယ်။

တရုတ်နဲ့ရုရှားဆက်ဆံရေးဟာ ကျောက်သားလိုခိုင်မာတယ်လို့ ဝမ်းယီကဆို

ဓာတ်ပုံ ရင်းမြစ်, Getty Images

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

နျူးကလီးယားအန္တရာယ်

အမေရိကန်နဲ့ ရုရှားတို့ချုပ်ဆိုထားတဲ့ New Start နျူးကလီးယား မပြန့်ပွားရေးစာချုပ်ကို ဆိုင်းငံ့လိုက်ပြီလို့ ရုရှားဘက်က ကြေညာပါတယ်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာပြောကြားခဲ့တဲ့ ရုရှားသမ္မတဗလာဒီမီယာပူတင်ရဲ့ မိန့်ခွန်းထဲမှာထည့်သွင်းပြောကြားသွားတာပါ။ New Start နျူးကလီးယား မပြန့်ပွားရေးစာချုပ်ဟာ ရုရှားနဲ့အမေရိကန်ကြားမှာ ရှားရှားပါးပါး တခုတည်းသာကြွင်းကျန်တော့တဲ့ နျူးကလီးယားမပြန့်ပွားရေး အတွက်သဘောတူညီချက်လည်းဖြစ်ပါတယ်။

New Start နျူးကလီးယား မပြန့်ပွားရေးစာချုပ်မှာ မဟာဗျူဟာအဆင့်နျူးကလီးယားထိပ်ဖူးတွေကို နှစ်ဖက်စလုံးက ကန့်သတ်ထားကြဖို့သဘောတူလက်မှတ်ရေးထိုးထားတာပါ။

မဟာဗျူဟာအဆင့် တိုက်ခိုက်ရေးလက်နက်တွေကို အဆင်သင့်ပြင်ဆင်ထားနိုင်တဲ့ အမိန့်ဒီကရီကိုလည်း သမ္မတပူတင်ကလက်မှတ်ရေးထိုးထားပြီးပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ရုရှားဟာ နျူးကလီးယားလက်နက်စမ်းသပ်မှုတွေ ပြုလုပ်ဖို့လည်း အဆင်သင့်ပဲလို့ဆိုပါတယ်။

“ရုရှားဘက်ကစမလုပ်ပါဘူး။ ဒါပေမဲ့အမေရိကန်က နျူးကလီးယားစမ်းသပ်မှုလုပ်ရင် ရုရှားကလည်းလုပ်မှာပဲ”လို့ သူကဆိုပါတယ်။ စစ်ကိုစတင်သူဟာ အမေရိကန်ဖြစ်ပြီး ရုရှားကခုခံကာကွယ်ရတာလို့ သူကဆိုပါတယ်။

တကယ်တော့ အခုထိမြေပြင်မှာ အမေရိကန်နဲ့ နေတိုးစစ်သားတွေ ရှိမနေသေးပါဘူး။ ဒါပေမဲ့ နေတိုးအင်အားချဲ့ထွင်လာပြီး ရုရှားကို ဝိုင်းပတ်မိတဲ့အနေအထားပြင်ဆင်လာတာ ကို စစ်ရေးအပြုအမူလို့ ရုရှားကစွပ်စွဲပြီး စစ်ကိုအမေရိကန်ကစတင်တာလို့ ပြောတာဖြစ်ပါတယ်။

ယူကရိန်းစစ်တပ်ရဲ့ စိန်ပြောင်းတပ်ဖွဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရုရှားဟာ New Start နျူးကလီးယား မပြန့်ပွားရေးစာချုပ်ကို မလိုက်နာဘဲ ချိုးဖောက်နေပြီလို့ အမေရိကန်က ပြီးခဲ့တဲ့လကပဲ စွပ်စွဲခဲ့ပါတယ်။ ဒီစွပ်စွဲချက်နဲ့ ပတ်သက်ပြီး ရုရှားဘက်က မချိုးဖောက်ကြောင်းရှင်းလင်းချက်မပေးရုံသာမက စာချုပ်ကို ဆိုင်းငံ့လိုက်ကြောင်း ထုတ်ပြန်ပြီးတုံ့ပြန်လိုက်တာဖြစ်ပါတယ်။

ကျောက်သားလိုခိုင်မာ

နေတိုးအဖွဲ့ဝင်နိုင်ငံအားလုံးအပေါ် စုပေါင်းခုခံကာကွယ်ရေးမူဝါဒဟာ ကျောက်သားလိုခိုင်မာတယ်လို့သမ္မတဂျိုးဘိုင်ဒန်က ပိုလန်နိုင်ငံဝါဆောမြို့မှာပဲ ဖေဖော်ဝါရီလ ၂၂ ရက်အင်္ဂါနေ့မှာ ထုတ်ဖော်ပြောဆိုပါတယ်။

“နေတိုးမဟာမိတ်နိုင်ငံတွေအပေါ်မှာနေတိုးစည်းမျဉ်းအမှတ် ၅ နဲ့အညီ အမေရိကန်က အကာအကွယ်ပေးသွားဖို့ ဆုံးဖြတ်ချက်ဟာ ကျောက်သားလိုခိုင်မာတယ်ဆိုတာကို သံသယမရှိကြပါနဲ့” လို့ သမ္မတဘိုင်ဒန်ကပြောသွားတာပါ။

ဖေဖော်ဝါရီလ ၂၂ ရက်အင်္ဂါနေ့မှာပဲ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီကလည်း တရုတ်ရုရှားဆက်ဆံရေးဟာ ကျောင်းသားလိုခိုင်မာတယ်လို့ ရုရှားလုံခြုံရေးကောင်စီအကြီးအကဲ နီကိုလိုင်ပက်ထရူရှက်ဗ်ကို ပြောဆိုခဲ့ပါတယ်။ အဲဒီပြောဆိုချက်ကို ရုရှားအစိုးရမီဒီယာကနေ ထုတ်လွှင့်ခဲ့ပါတယ်။

ရုရှားရော၊ အမေရိကန်နဲ့နေတိုးကပါ သူတို့ဟာ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နေတာပါလို့ ပြောဆိုနေကြပါတယ်။ တခြားတဖက်မှာတော့ ကျောက်သားလိုခိုင်မာတယ်ဆိုတဲ့ အုပ်စုကြီး ၂ စုဟာ အခိုင်အမာ အားပြိုင်ရပ်တည်နေကြပါပြီ။