တောင်ကိုရီးယားနဲ့ ဂျပန်တို့ ပြန်ပေါင်းထုပ်တဲ့ စာမျက်နှာသစ်

S Korea

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, နိုင်ငံခြားရေး အတွေ့အကြုံမရှိတဲ့ ဝါနု နိုင်ငံရေးသမား ယွန်က ဆယ်စုနှစ်များစွာ ကြာနေတဲ့ မယုံကြည်မှုတွေကို လျှော့ချဖို့ ကြိုးစားနေ
ရေးသားခဲ့သည်။

တောင်ကိုရီးယားနဲ့ ဂျပန်ခေါင်းဆောင်တွေ ကြာသပတေးနေ့က တိုကျိုမှာ ဆုံတွေ့ နိုင်ကြတာက ပြဿနာတွေပြည့်နေတဲ့ သူတို့ နှစ်နိုင်ငံ ဆက်ဆံရေး ခရီးလမ်းမှာ “သမိုင်း မှတ်တိုင်သစ်” တခုကို စိုက်နိုင် လိုက်တာလို့ မှတ်ချက်ချ ပြောကြပါတယ်။ မြောက်ကိုရီးယားကတော့ ဒီ သီတင်းပတ်အတွင်းမှာပဲ မစ်ဇိုင်းကို ၄ လုံးမြောက် ပစ်ပြခဲ့ပါတယ်။

၂၀၁၁ ကတည်းက ပထမဆုံးအကြိမ်အဖြစ် ခေါင်းဆောင်တွေ တွေ့ဆုံကြတဲ့ အရေး က ဘယ်လောက်အရေးပါသလဲ ဆိုတာကို ဘီဘီစီ သတင်းထောက်တွေက ဆန်းစစ် လေ့လာထားပါတယ်။

ဆိုးလ်က စရွှေ့တာဖြစ်ပြီး အတော်လည်း မျှော်လင့်ထား

ဂျဲန်း မက်ကင်းဇီး (ဆိုးလ်)

တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ယိုက ဒီထိပ်သီးဆွေးနွေးပွဲအထိ ရောက်လာအောင် ခပ်သွက်သွက်နဲ့ အများအံ့အားသင့်စရာတွေ လုပ်ခဲ့ပါတယ်။

၁၂ နှစ်တာ ကာလအတွင်း တောင်ကိုရီးယား ခေါင်းဆောင် တယောက် တိုကျိုကို လာလည်ဖို့ ပထမဆုံးအကြိမ် ဖိတ်ကြားခံရတာပါ။

သူတို့ရဲ့ ခက်ခဲတဲ့ သမိုင်းနဲ့အတူ အိမ်နီးချင်း နှစ်နိုင်ငံရဲ့ ဆက်ဆံရေးက ဆယ်စုနှစ် များစွာကြာအောင် ဆိုးနေခဲ့တာပါ။ ၁၉၁၀ ကနေ ဒုတိယကမ္ဘာစစ်ပြီးတဲ့ အချိန်အထိ တောင်ကို ရီးယားဟာ ဂျပန်ရဲ့ ကိုလိုနီလက်အောက်မှာ နေခဲ့ရပါတယ်။ ဂျပန်စစ်သား တွေက သိန်းနဲ့ချီတဲ့ တောင်ကိုရီးယားတွေကို သတ္တုမိုင်းတွင်းတွေ၊ စက်ရုံတွေမှာ အတင်းအဓမ္မ အလုပ်စေခိုင်းခဲ့ပါတယ်။ ကိုရီးယားအမျိုးသမီးတွေကို လိင်ကျွန် အဖြစ် သူတို့ လုပ်ခိုင်း ခဲ့ပါတယ်။

တောင်ကိုရီးယားတို့အဖို့ ဒီဒဏ်ရာတွေက ဟောင်းအိုသွားပေမယ့် ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်သလို ဘယ်တော့မှ ခွင့်လွှတ်နိုင်မှာ မဟုတ်ပါဘူး။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒါပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ ကျွန်ပြုခံခဲ့ရသူတွေ အတွက် ဂျပန်က လျော်ကြေးပေးရမယ်ဆိုတဲ့ တောင်းဆိုချက်ကို သမ္မတ ယွန်က စွန့်လွှတ်လိုက် ပါတယ်။ အဲဒီအစား တောင်ကိုရီးယားကပဲ ဒီလျော်ကြေးတွေကို ပေးမယ်လို့ သူက သဘောတူလိုက်တာပါ။ ဒီလိုလုပ်လိုက်တာက အတိတ်က ပြဿနာတွေကို ဘေးဖယ် ချလိုက်ပြီး အရှေ့မြောက် အာရှရဲ့ လုံခြုံရေးအတွက် သူ ဦးစားပေးလိုက်တာပါ။

ဒီသဘောတူချက်ကို အတိုက်အခံခေါင်း‌ဆောင်က “ ကျွန်ုပ်တို့ သမိုင်းကို အကြီးဆုံး အရှက်ခွဲလိုက်တာပဲ” လို့ ဆိုလိုက်ပါတယ်။ ဒါပေမယ့် အဲဒီလုပ်ဆောင်ချက်က သမ္မတ ယွန်ရဲ့ တိုကျိုခရီးကို ဖြစ်စေခဲ့ပါတယ်။ သံတမန်တွေက တိတ်တိတ်လေး အံ့သြကြ ပြီး ဒီလုပ်ဆောင်ချက်က ကောင်းပါပေတယ်လို့ မြင်ကြပါတယ်။ နိုင်ငံရေးသမား မျက်နှာသစ်တယောက်ဖြစ်ပြီး နိုင်ငံခြားရေး ပေါ်လစီနဲ့ ပတ်သက်လို့ အတွေ့အကြုံ မရှိသူ သူလိုလူက ရဲရင့်ပြီး ထက်မြက်တဲ့ ခြေလှမ်းကို လှမ်းလိုက်တာလို့ သူတို့က ချီးကျူးပါတယ်။ အရင်နှစ် အထိ မစ္စတာ ယွန်က ရှေ့နေ တယောက်သာ ဖြစ် ပါတယ်။

သူအာဏာရကတည်းက သူ့နိုင်ငံခြားရေးမူရဲ့ အဓိကအခန်းမှာ ကျိုးပဲ့နေတဲ့ နှစ်နိုင်ငံကြား ဆက်ဆံရေးကို ပြန်ပြင်ရေးကို ထားခဲ့ပါတယ်။ နျူကလီးယား လက်နက်ပိုင်ဆိုင်ထားတဲ့ မြောက်ကိုရီးယားက ပိုအန္တရာယ်များလာတော့ တိုကျိုနဲ့ ထောက်လှမ်းရေး သတင်း အချက်အလက်တွေ ဖလှယ်တာ၊ နှစ်နိုင်ငံ စစ်တပ်တွေ အတူ ပူးတွဲ လုပ်ကိုင်ကြတာ စတာတွေက ပိုအကျိုးဖြစ်တယ်လို့ တောင်ကိုရီးယားအစိုးရက ခံယူပါတယ်။

သူက တရုတ်လွှမ်းမိုးမှု ကြီးမားလာတာကို တန်ပြန်လိုတဲ့ သူ့ရဲ့ မဟာမိတ် အမေ ရိကန် ကိုလည်း ကျေနပ်အားရ ဖြစ်စေလိုပါတယ်။ သမ္မတ ဂျိုးဘိုင်ဒန်က မစ္စတာ ယွန်ရဲ့ ဂျပန် (လျော်ကြေး)နဲ့ ပတ်သက်ပြီး လုပ်ဆောင်ချက်ကို “ကြီးကျယ်တဲ့ စာမျက်နှာသစ်ဖွင့်လိုက်တာ”လို့ ချီးမွှမ်းပါတယ်။ နောက်နေ့မှာပဲ အိမ်ဖြူတော်ကို နိုင်ငံတော် ခရီးစဉ်အဖြစ်လာလည်ပတ်ဖို့ သူက တောင်ကိုရီးယား သမ္မတကို ဖိတ်ကြားလိုက်ပါတယ်။

S Korea

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, အစားထိုး လျော်ပေးမယ်ဆိုတဲ့ သဘောတူချက်က ဂျပန်ရဲ့ အတင်းအဓမ္မစေခိုင်းခံခဲ့ရ သူတွေ၊ အတိုက်အခံပါတီတွေ အတွက် ဒေါသထွက်စရာ ဖြစ်နေ

ကမ္ဘာမှာ‌တောင်ကိုရီးယားရဲ့ နေရာအတွက် စာမျက်နှာသစ် ဖွင့်ပြီ ဆိုတာကို ဒီခြေလှမ်းသစ်တွေက အချက်ပြတာလည်း ဖြစ်ပါတယ်။ မြောက်ကိုရီးယား နဲ့ ပတ်သက်ရင် ကတုတ်ကျင်းထဲကပဲ ကြည့်တဲ့ သူ့နိုင်ငံရဲ့ အမြင်ကို သမ္မတ ယွန်က အဆုံးသတ် ချင်ပါတယ်။ အဲဒီအမြင်အစား သူက အပြင်ကို ဖောက်ထွက်ကြည့်ပြီး အင်ဒိုပစိဖိတ် ဒေသမှာ တောင်ကိုရီးယားအနေနဲ့ ပိုကြီးမားတဲ့ အခန်းကဏ္ဌကနေ ပါဝင်ဖို့ ရည်မျှော် တာပါ။ ဂျပန် ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက ဟီရိုရှီးမားမှာ မေလကျရင် ကျင်းပမယ့် G7 ထိပ်သီးညီလာခံကို တက်ရောက်ဖို့ တောင်ကိုရီးယားကို ဖိတ်ကြားပါပြီ၊ ဒါကိုကြည့်ရင် သူ့ရည်မှန်းချက် တခု အောင်မြင်ပြီလို့ ဆိုရမှာပါ။

စီးပွားရေးဆိုင်ရာ ဆုလာဘ်တွေလည်း ရဖို့ရှိပါတယ်။ ၂၀၁၉ မှာ နှစ်နိုင်ငံကြား ဆက်ဆံရေး ဆိုးခဲ့ပြီး ဂျပန်က သူတို့ ဓာတုဒြပ်ပေါင်းတွေ တောင်ကိုရီးယားကို တင်ပို့တာကို ပိတ်လိုက်ပါတယ်။ အဲဒါတွေက တောင်ကိုရီးယားမှာ တပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်ရေးအတွက် လိုအပ်တဲ့ အရာတွေပါ။ ဒါတွေကို ပြန်ဖွင့်ပေးရေးက ဦးစားပေးတွေထဲက တခုပါလို့ တောင်ကိုရီးယား အစိုးရ ထိပ်တန်း အရာရှိတယောက် က ဆိုပါတယ်။

နှစ်ပေါင်းများစွာ ယုံကြည်မှု ပျက်ယွင်းနေတာတွေကိုလည်း ဒီထိပ်သီးအစည်းအဝေးကနေ ပြန်လည် ပြင်ဆင်ဖို့ အခွင့်အလမ်းပေးပါလိမ့်မယ်။ အခုအချိန်အထိတော့ ဆိုးလ်က ပေးထားရတာက တိုကျိုထက် များပါတယ်။ ဝါရင့် သံတမန်တယောက်က ဘယ်လိုပြောသလဲဆိုတော့ တောင်ကိုရီးယားက ဆလိုက်ထိုးထားတဲ့ အက ခန်းမ ပြင်ဆီကို လျှောက်ဝင်သွားပြီ၊ လူတိုင်းကလည်း ကြည့်နေကြပြီ၊ သူက သူ့အိမ်နီးချင်း အဖော်ကို သူနဲ့ ထွက်လာ ကဖို့ ခေါ်နေတာတဲ့။ ဂျပန်အနေနဲ့ အတူကဖို့ သဘောတူ ရပါလိမ့်မယ်။ ဒါပေမယ့် တောင်ကိုရီးယားက ဒီထက်မက မျှော်လင့်ထား တာတွေ ရှိပါသေးတယ်။

ဂျပန်အတွက်လည်း သေနင်္ဂဗျူဟာ အောင်ပွဲဖြစ်

ရှီမာ ကာလေ (တိုကျို)

သူသိပ်မျှော်လင့်ထားတဲ့ ခရီးစဉ်အတွင်း တောင်ကိုရီးယား ခေါင်းဆောင်ဟာ ထိပ်တန်း အစည်းအဝေးတွေ အတော်လုပ်ဖို့ ရှိပါတယ်။ ဒါပေမယ့် ယွန်ဆွတ်ယို က သူ့ရဲ့ အကြိုက်ဆုံးအစားအစာတခုဖြစ်တဲ့ ကြက်ဥကြော်လေးတင်ထားတဲ့ ထမင်းကြော်ကိုလည်း စားရဦးမှာလို့ ဒေသတွင်း မီဒီယာတခုက ဆိုပါတယ်။

ဂျပန်က ယိုမီယုရီ သတင်းစာက ဖူမီယို ကီရှီဒါဟာ သူတို့ထိပ်သီး အစည်းအဝေး ပြီးရင် မစ္စတာ ယွန်ကို နာမည်ကျော် ရန်ဂါတေ စားသောက်ဆိုင်ကို ခေါ်သွားဦးမှာ လို့ ရေးပါတယ်။

ဒီအပေါ် တချို့မီဒီယာတွေက “နောက်ထပ် ပိုတိုး သွားလိုက်တာ” လို့ ဆိုကြသလို လူမှုမီဒီယာထဲမှာလည်း “ကြက်ဥထမင်းကြော် ဒီပလိုမေစီ” လို့ ပြောနေကြပါတယ်။

နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးဝန်ကြီးဌာနဆိုင်ရာ အရာရှိတွေအနေနဲ့လည်း လုံခြုံရေး ဆွေးနွေးပွဲတွေ ပြန်စလိမ့်မယ်လို့ ကျိုတို သတင်းက ဆိုပါတယ်။

ပိုမိုနီးကပ်စွာ ဆက်ဆံလိုက်တာက နှစ်နိုင်ငံလုံးအတွက် အကျိုးဖြစ်တယ် ဆိုတာကို သံသယ ဖြစ်စရာ မလိုပါဘူး။ ဒါပေမယ့် ဂျပန်အတွက် သေနင်္ဂဗျူဟာ အရရော၊ သံတမန်ရေး အရပါ အောင်မြင်မှု ရတာပါ။ ကမ္ဘာရဲ့ တတိယအကြီးဆုံး စီးပွားရေးကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံဟာ ဟီရိုရှီးမားမှာ G7 ထိပ်သီးညီလာခံကို အိမ်ရှင် အဖြစ် မေလထဲမှာ လက်ခံကျင်းပဖို့ ပြင်ဆင်နေတာပါ။

‌‌မြောက်ကိုရီးယားနဲ့ တရုတ်တို့ရဲ့ ခြိမ်းခြောက်မှု အရေးက အစည်းအဝေး ခေါင်းစဉ်တွေထဲ ထိပ်ကနေ ပါမှာမလွဲပါ။ ဒီအရေးတွေကို ရင်ဆိုင်ဖြေရှင်းဖို့၊ ကိုင်တွယ် ဆောင် ရွက်ဖို့ ရှိနေတဲ့ ဂျပန်ဟာ တောင်ကိုရီးယားနဲ့ လုံခြုံရေးအရ ပိုနီးကပ်လိုက်ခြင်း အားဖြင့် ပိုပြီး ခိုင်ခိုင်မာမာ ရှိသွားမှာပါ။

ဒါကလည်း အမေရိကန်ကို အရေးကြီးတဲ့ သတင်းစကားတခု ပါးလိုက်တာပါ။ မတည်ငြိမ်တာတွေ၊ အင်အားထိန်းညှိလို့မရတာတွေ ဖြစ်နေတဲ့ ဒေသအတွင်း သူ့ရဲ့ အဓိကမဟာမိတ်အဖြစ် အားထားနေရတဲ့ ဝါရှင်တန်ကိုလည်း တိုကျိုက အာမခံချက် ပေးချင်နေပါတယ်။

အတိတ်က ဂျပန်ရဲ့ အတင်းအဓမ္မအလုပ်စေခိုင်းမှုကြောင့် တိုကျိုနဲ့ ဆိုးလ်ကြား ဆက်ဆံရေး ဆိုးဆိုးရွားရွားကျဆင်းခဲ့တဲ့ ၂၀၁၉ ကာလနောက်ပိုင်း မစ္စတာ ယွန်ဟာ ဂျပန်ကို သွားလည်တဲ့ ပထမဆုံးသော တောင်ကိုရီးယား သမ္မတပါ။

အဲဒီနှစ်က G20 ထိပ်သီးညီလာခံမှာ နှစ်နိုင်ငံ ခေါင်းဆောင်တွေ တွေ့ခဲ့ပါတယ်၊ ဒါပေမယ့် အဲဒီမှာ နှစ်နိုင်ငံကြား ဆွေးနွေးခဲ့တာမျိုး မဖြစ်ခဲ့သလို ထူးထူးခြားခြား အဖြစ်လည်း မရှိခဲ့ပါဘူး။

Japan S Korea

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, မစ္စတာ ယွန်နဲ့ မစ္စတာ ကီရှီဒါ (ဂျိုးဘိုင်ဒန်ရဲ့ ဘယ် ညာ နှစ်ဘက်မှာ ထိုင်နေကြ သူတွေ) က ဇွန်လက နေတိုး မက်ဒရစ် စည်းဝေးပွဲမှာလည်း ဆုံခဲ့ကြဖူး

စမတ်ဖုန်းနဲ့ တီဗီ မျက်နှာပြင်တွေ၊ တပိုင်းလျှပ်ကူးတွေ လုပ်တဲ့အခါမှာ သုံးရတဲ့ အဆင့်မြင့် ကုန်ပစ္စည်းတွေ ဥပမာ - ဓာတု ဒြပ်ပေါင်းတွေ တင်ပို့မှုကို တိုကျိုက ပိတ်လိုက်တဲ့ အခါမှာ တင်းမာမှုတွေက မြင့်တက်ခဲ့ပါတယ်။

ကာလရှည်ကြာစွာ အငြင်းပွားနေခဲ့တဲ့ ပြဿနာတခုကို ဖြေရှင်းနိုင်မယ့် အစီအစဉ်ကို တောင်ကိုရီးယားက ဒီလ အစောပိုင်းက ထုတ်ပြန်လိုက်တဲ့ အခါ နိဒါန်း အသစ်တခု ပျိုးပြီလို့ အနည်းဆုံးတော့ သံတမန်တွေနဲ့ နိုင်ငံရေး သမားတွေကြား စိတ်လှုပ်ရှား စရာ ဖြစ်လာပါတယ်။

မစ္စတာ ကီရှီဒါက ဒီအရွေ့ကို ချီး‌ကျူးလိုက်ပြီး နိုင်ငံခြားရေး ဝန်ကြီး ယိုရှိမာဆာ ဟာရာရှီက “ဆက်ဆံရေးကို ကောင်းမွန်တဲ့ဘက်ဆီ ပြန်လှည့်လိုက်တာ” လို့ ဆိုကာ ကြိုဆိုသလို လွန်ခဲ့တဲ့ ၄ နှစ်လောက်က လုပ်ခဲ့ကြတဲ့ ကုန်သွယ်ရေးအကန့်အသတ် တွေကို ပြန်ဆွေးနွေးကြမယ်လို့ နှစ်ဖက်စလုံးက ကြေညာပါတယ်။

ဒီလို ပြန်ပေါင်းထုပ်ကြတဲ့ အချိန်ကလည်း သိပ်ကို အရေးကြီးနေပါတယ်။ ဒီအိမ်နီး ချင်း နှစ်နိုင်ငံအတွက်သာမဟုတ်ပါဘူး၊ သူတို့ရဲ့ သေနင်္ဂဗျူဟာမြောက် မဟာမိတ် ဖြစ်တဲ့ အမေရိကန်အတွက်လည်း အရေးကြီးတာပါ။

“အမေရိကန်ရဲ့ အနီးဆုံး မဟာမိတ်တွေထဲက နှစ်နိုင်ငံအကြား ပူးပေါင်းမှု၊ မိတ်ဖက် ဖြစ်မှု စာမျက်နှာသစ်” လို့ သူ့ ကြေညာချက်ထဲမှာ ဂျိုးဘိုင်ဒန်က အခု တိုးတက် ဖြစ်ထွန်းမှုကို ဂုဏ်ပြုပါတယ်။

သူက “ပွင့်လင်းပြီး လွတ်လပ်တဲ့ အင်ဒို ပစိဖိတ်ဒေသအတွက် ကျွန်တော်တို့ရဲ့ ဘုံအမြင်တွေ ခိုင်မြဲစေဖို့အတွက် သူတို့ရဲ့ ခြေလှမ်းတွေက ကူညီလိုက်တာပါ” လို့ ထပ်ဖြည့်ပြောပါတယ်။

ဒါပေမယ့် ခေါင်းဆောင် နှစ်ယောက်လုံးအတွက် ရှေ့မှာ တည်ငြိမ်ကြည်လင်နေတဲ့ ပင်လယ်‌ပေါ် ရွက်လွှင့်ရုံသာ ဆိုတာမျိုး မဟုတ်ပါဘူး။ နိုင်ငံ နှစ်ခုလုံးမှာ သမိုင်းကြွေး တွေ၊ တင်းမာတဲ့ နိုင်ငံရေး သမားတွေရဲ့ မယုံကြည်မှုတွေ အထင်အရှား ရှိနေဆဲပါ။

တချိန်တည်းမှာပဲ နှစ်နိုင်ငံစလုံးဟာ တိုးလာတဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နေရ ပါတယ်။ ဒီ ခရီးစဉ်ဟာ မြောက်ကိုရီးယားက ဂျပန် ပင်လယ်ကို တာတိုပစ် မစ်ဇိုင်း အနည်းဆုံး ၂ လုံး ချိန်ရွယ် ပစ်ခတ်ခဲ့တဲ့ သီတင်းပတ် အတွင်းမှာ ဖြစ်ခဲ့တာပါ။

ပြုံယမ်းဟာ ပိုအစွမ်းထက်၊ ပိုအဆင်မြင့်တဲ့ မစ်ဇိုင်းတွေ ထုတ်လုပ်နေတဲ့ အပြင် နျူကလီးယား လက်နက်တွေ မကြာခင် စမ်းသပ်တော့မယ်လို့လည်း အများက စိုးရိမ်နေကြတာပါ။

တရုတ်က ဒေသတွင်းမှာ မာန်ပါပါနဲ့ ချဲ့ထွင်နေပြီး ဆော်လမွန် ကျွန်းစုနားမှာ စစ်အခြေစိုက် စခန်း စီမံကိန်း လုပ်နေတယ် (ဒါကို တရုတ်က ငြင်းထား) လို့ ဝါရှင်တန် နဲ့ သူ့ အာရှ ပစိဖိတ် မဟာမိတ်တွေက သံသယရှိကြကာ စိုးရိမ် နေကြပါတယ်။

အမေရိကန်က တရုတ် သူလျှို မိုးပျံပူဖောင်းတွေကို ပစ်ချလိုက်ပြီးတဲ့နောက် အရင်လထဲမှာ ဂျပန်အစိုးရက သူတို့ နိုင်ငံ ပိုင်နက်အတွင်း တရုတ် သူလျှို မိုးပျံပူဖောင်းတွေ ဖြတ်ပျံနေတာကို တွေ့ရတာ ၂၀၁၉ ကတည်းကနေဆိုရင် ၃ ခါရှိပြီလို့ ပြောပါတယ်။

နိုင်ငံရဲ့ လေပိုင်နက်ထဲကို နိုင်ငံရပ်ခြားက မိုးပျံပူဖောင်းတွေ အနာဂတ်မှာ ကျူးကျော် ဝင်လာရင် အင်အားသုံးမလားဆိုတဲ့ စည်းမျဉ်းတွေကို ပြန်စိစစ်မယ်လို့ ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။ ကာကွယ်ရေး ဝန်ကြီး ယာဆူကာဇူ ဟာမာဒါက နိုင်ငံခြားပူဖောင်းတွေကို ပစ်မချဘူးဆိုပြီး ပုံသေ သတ်မှတ်မထားဘူး လို့ အစောပိုင်းတုန်းက အရိပ်အမြွက်ပြောပါတယ်။

ထိုင်ဝမ်ကို တရုတ်က ကျူးကျော်နိုင်တဲ့အပေါ်မှာလည်း ဂျပန်က အထူးစိုးရိမ် နေတာပါ။ ဒီလို စိုးရိမ်မှုတွေက နက်ရှိုင်းလာလေလေ ဘေဂျင်းကလည်း ယူကရိန်းကို စစ်ပြု နေတဲ့ မော်စကိုဘက်ကို ပိုယိမ်းသွားလေလေ ဖြစ်နေပါတယ်။

ဂျပန်နဲ့ တောင်ကိုရီးယားတို့မှာ ခက်ခဲတဲ့ သမိုင်းရှိခဲ့ပါတယ်၊ ဒါပေမယ့် ဒေသတွင်း လုံခြုံ‌ရေး ကို ကြည့်လိုက်တဲ့အခါ လက်ရှိမှာဖြစ်နေတဲ့ တင်းမာမှုတွေ သာမက မရေရာတဲ့အနာဂတ်ကိုပါ နှစ်နိုင်ငံလုံးက တွေ့နေတာပါ။