ဒီဇင်ဘာ ၁၄ ရက် နိုင်ငံတဝန်းသတင်းအနှစ်ချုပ် - တောင်ကိုရီးယားသမ္မတနုတ်ထွက်ပေးရေးအဆိုအနိုင်ရ

ဓာတ်ပုံ ရင်းမြစ်, Getty Images
မအောင်မြင်တဲ့ စစ်အုပ်ချုပ်ရေးကြေညာခဲ့သူ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ယို ရာထူးကနှုတ်ထွက်ပေးရေး စွပ်စွဲပြစ်တင်တဲ့အဆိုကို လွှတ်တော်မှာ ဒီနေ့ မဲခွဲဆုံးဖြတ်အနိုင်ရခဲ့ပါတယ်။
ထောက်ခံမဲ ၂၀၄ မဲ နဲ့ အပြတ်အသတ်အနိုင်ရခဲ့ပြီး ကန့်ကွက်မဲ ၈၅ မဲ၊ ကြားနေ ၄ မဲ နဲ့ ပယ်မဲ ၈ မဲ ရခဲ့ပါတယ်။
အဆိုကိုအတည်ပြုလိုက်ပြီလို့ ကြေညာပြီးတဲ့နောက်မှာ အတိုက်အခံ ဒီမိုကရက်တစ်ပါတီဘက်က သြဘာ ပေးနေချိန်မှာ အာဏာရပါတီဘက်ကတော့ လွှတ်တော်ထဲတိတ်ဆိတ်နေခဲ့တယ်လို့ ဘီဘီစီကိုရီးယားက ဖော်ပြပါတယ်။
"တောင်ကိုရီးယားပြည်သူတွေအတွက်တော့ ဒီနှစ်ကုန်ပိုင်းက ပိုပျော်စရာကောင်းလာတော့မှာပါ။ ဖျက်ထား တဲ့ နှစ်သစ်အစီအစဉ်တွေလည်း ပြန်စလို့ရပါပြီ" လို့ လွှတ်တော်ဥက္ကဋ္ဌ ဝူဝန်ဆစ်ကပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံရဲ့အနာဂတ်၊ကျွန်တော်တို့မျှော်လင့်ချက်တွေဟာ ပြည်သူ့လက်ထဲမှာရှိတယ်လို့ သူက ဆက်ပြောခဲ့ပါတယ်။
လွှတ်တော်ရှေ့မှာတော့ သမ္မတနုတ်ထွက်ရေးထောက်ခံဆန္ဒပြသူတွေ အောင်ပွဲခံနေပြီး ကန့်ကွက်သူတွေကတော့ ငြိမ်သက်နေပါတယ်။
မဲခွဲဆုံးဖြတ်မှုအောင်မြင်ခဲ့ပေမဲ့ သမ္မတနုတ်ထွက်ရေးလုပ်ငန်းစဉ်က လနဲ့ချီကြာနိုင်သေးတာဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်ပြီးလို့ ရာထူးကနုတ်ထွက်ဖို့အကြောင်းကြားစာကို သမ္မတယွန်းနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးကို ပို့ပြီးရင်တော့ သမ္မတဟာ အာဏာ နဲ့ တာဝန်ဝတ္တရားတွေကနေ ဆိုင်းငံ့ခံရမှာဖြစ်တယ်လို့ လွှတ်တော်ဥက္ကဋ္ဌ ဝူဝန်ဆစ်ကပြောပါတယ်။
ဝန်ကြီးချုပ် ဟန်ဒတ်ဆိုးကတော့ ယာယီသမ္မတအဖြစ်တာဝန်ယူရမှာဖြစ်ပါတယ်။
ထိုင်းရေလုပ်သား ၄ ဦးကိစ္စ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မြန်မာလာဖို့ရှိ

ဓာတ်ပုံ ရင်းမြစ်, Ministry of Foreign Affairs of the Kingdom of Thailand
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ယန်ဖွန်းဟာ မြန်မာစစ်တပ်က ဖမ်းဆီးထားတဲ့ ထိုင်းရေလုပ်သား ၄ ဦးကို လွှတ်ပေးရေး ညှိနှိုင်းဖို့ မြန်မာကို ဒီဇင်ဘာ ၁၉ မှာလာဖို့ရှိနေတယ်လို့ ထိုင်းသတင်းတွေကဖော်ပြပါတယ်။
ထိုင်းဝန်ကြီးချုပ် ပေထုန်တန်က နိုင်ငံခြားရေးဝန်ကြီးကို ရေလုပ်သား ၄ ဦး ပြန်လွတ်ဖို့ မြန်မာအရာရှိတွေနဲ့ တွေ့ဆုံဖို့ ညွှန်ကြားခဲ့တယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ထနာထစ် ဆဝမ်ဆန်ရဲ့ပြောဆိုချက်ကို ကိုးကားဖော်ပြထားကြတာပါ။
ဒီရေလုပ်သားတွေ ဖမ်းဆီးခံထားရတာ အချိန် ၂ ပတ်ကျော်လာပြီဖြစ်ပြီး မြန်မာဘက်က ကော့သောင်းမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိထားရတယ်လို့ ထိုင်းသတင်းတွေကဆိုပါတယ်။
ထိုင်းနိုင်ငံသားတွေကို ပြန်လွှတ်ပေးမှာသေချာပေမဲ့ မြန်မာနိုင်ငံတရားဥပဒေအရ ဆက်လက်လုပ်ဆောင်နေဆဲ အခြေအနေဖြစ်တယ်လို့ မြန်မာသံအမတ်က ထိုင်းဝန်ကြီးချုပ်ကို ပြောတယ်လို့ သတင်းမှာဖော်ပြပါတယ်။
ထိုင်းနိုင်ငံသားတွေနဲ့အတူ မြန်မာရေလုပ်သား ၂၇ ဦးလည်း ဖမ်းဆီးခံထားရပြီး အကြမ်းဖက်ဥပဒေနဲ့ စစ်ဆေးခံ နေရတာပါ။
ထိုင်းအစိုးရဘက်က ထိုင်းနိုင်ငံသားတွေပြန်လွှတ်ရေးအတွက် ဖိအားပေးပြောဆိုတာရှိပေမဲ့ မြန်မာရေလုပ်သားအရေးအတွက် ပြောဆိုတာတော့မရှိသေးပါဘူး။
နိုဝင်ဘာ ၃၀ ရက်မှာ ကော့သောင်းမြို့နယ်ထဲက မြန်မာရေပိုင်နက်ထဲ ရောက်နေတဲ့ ထိုင်းငါးဖမ်းလှေကို မြန်မာ ရေတပ်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်စဉ်မှာ ရေထဲခုန်ဆင်းခဲ့တဲ့ ထိုင်းနိုင်ငံသားတစ်ဦးတော့ အသက်ဆုံးရှုံးထားရတာပါ။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ထိုင်းနဲ့မြန်မာရေလုပ်သားတွေကောင်းမွန်စွာရှိနေပြီး ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံ အစိုးရချင်း၊စစ်တပ်ချင်း ကောင်းမွန်တဲ့အဆက်မပြတ်ဆက်သွယ်ဆောင် ရွက်တာတွေရှိတယ်လို့ ဒီဇင်ဘာ ၂ ရက်မှာ ပြောထားပါတယ်။
အုန်းဖန်ဗုံးပေါက်ကွဲမှုကျူးလွန်သူတွေ KNU ရှုတ်ချ

ဓာတ်ပုံ ရင်းမြစ်, KNU
ထိုင်းနိုင်ငံ၊တာ့ခ်ခရိုင်၊ အုန်းဖန်မြို့နယ်က ပွဲဈေးကို ဗုံးပစ်တိုက်ခိုက်မှုကြောင့် သေဆုံးထိခိုက်ခဲ့သူတွေ ရဲ့ မိသားစုတွေနဲ့ ထပ်တူဝမ်းနည်းကြေကွဲကြောင်းနဲ့ လုပ်ဆောင်သူတွေကို ကန့်ကွက်ရှုတ်ချတယ်လို့ ကရင် အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ပါတယ်။
"သတင်းမီဒီယာမှာ ဖော်ပြသလို KNU တပ်ဖွဲ့ဝင်တွေပါတယ်ဆိုတာကိုတော့ လုံးဝငြင်းဆိုပါတယ်။ လုံးဝမမှန်ကန်ပါဘူး" လို့ KNU ပြောခွင့်ရ ပဒိုစောတောနီးက ဘီဘီစီကိုပြောပါတယ်။
ဒီဇင်ဘာ ၁၃ ရက်၊ ဗုံးပစ်တိုက်ခိုက်မှု သံသယရှိသူအဖြစ် ထိုင်းနိုင်ငံသားတစ်ဦးနဲ့အတူ KNU တပ်ဖွဲ့ဝင်တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ ထိုင်းဘက်ကကြေညာချက်ထုတ်ပြန်အပြီးမှာ အခုလိုပြောလာတာဖြစ် ပါတယ်။
KNU ကတော့ ဒီလိုအကြမ်းဖက်လုပ်ရပ်ကို လက်မခံဘူးလို့ပြောပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် ထိုင်းအာဏာပိုင် တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဆိုထားပါတယ်။
ထိုင်းရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရဆိုရင်တော့ KNU တပ်ဖွဲ့ဝင်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာတုန်းက ထိုင်းရိုးရာ လွိုင်က ထုံ မီးမျှောပွဲအတွင်းဖြစ်ခဲ့တဲ့ လူငယ်ချင်းရန်စကြောင့် အခုလိုဗုံးသယ်ဆောင်ပစ်ခတ်ခဲ့တာဝန်ခံထားတာပါ။
ဒီဇင်ဘာ ၁၃ ရက်၊ မနေ့ညက တာ့ခ်ခရိုင်တောင်ပိုင်း၊အုန်းဖန်မြို့နယ် ဒွိုင်လွိုင်ပွဲတော်ရဲ့ ဖျော်ဖြေရေးစင်အနီး ဗုံးပစ်ခတ်ခံရပြီး ၃ ဦး သေဆုံးကာ ၄၈ ဦးဒဏ်ရာရခဲ့တာဖြစ်ပါတယ်။
ထိုင်းပွဲဈေးဗုံးပေါက်မှု ထိုင်း ၁ဦး နဲ့ KNU တပ်သား ၁ ဦးဖမ်းဆီးထားတယ်လို့ ထိုင်းရဲတပ်ဖွဲ့ထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, Khasod
ထိုင်းနိုင်ငံ၊တာ့ခ်ခရိုင်တောင်ပိုင်းက အုန်းဖန်မြို့နယ်မှာ ကျင်းပတဲ့ ပွဲဈေးဖျော်ဖြေရေးစင်နားမှာ ဗုံးပစ်ခဲ့တယ်လို့ စွပ်စွဲပြီး ထိုင်း ၁ဦး နဲ့ KNU တပ်သား ၁ ဦးဖမ်းဆီးထားတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ဒီနေ့ မှာထုတ်ပြန်လာပါတယ်။
ကနဦး ထိုင်းသတင်းတွေမှာ ကရင်လူငယ် ၂ ဦးကို အုန်းဖန်ရဲစခန်းက ဖမ်းဆီးထားတယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၃ ရက် မနေ့က ည ၁၁နာရီခွဲအချိန်မှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုကြောင့် ၃ ဦးသေပြီး ၄၈ ယောက်ဒဏ်ရာရတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
"အုန်းဖန်ရဲ့ တစ်ဖက်ကမ်းမှာက ကြာအင်းဆိပ်ကြီးရှိတယ်။ အဲ့ဒီမှာနေတာက ထိုင်းကရင်နဲ့မြန်မာကရင်တွေအနေ များတယ်'' မဲဆောက်အခြေစိုက် မြန်မာလုပ်သားအရေးဆောင်ရွက်နေသူ ဦးမိုးကြိုးက ဘီဘီစီကိုပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့ ၂ ဦးထဲက KNU တပ်သားကတော့ ဗုံးသယ်ဆောင်ခဲ့ကြောင်း ဝန်ခံထားတယ်လို့ ထိုင်းရဲတပ်ဖွဲ့ထုတ်ပြန်ချက်မှာဆိုထားပါတယ်။
ဗုံးပစ်မှုဟာ ပုဂ္ဂိုလ်ရေးမကျေနပ်ချက်ကြောင့်ဖြစ်တယ်လို့ မျက်မြင်သက်သေတွေကဆိုတယ်လို့လည်း ထိုင်း သတင်းဖော်ပြချက်မှာ ထည့်သွင်းပြောဆိုထားပါတယ်။
ပန်းရောင်ကတ်(ဘတ်)စာရင်း ဒီဇင်ဘာ ၁၆ ရက် စဖွင့်မယ်လို့ မြန်မာသံရုံးကြေညာ

ဓာတ်ပုံ ရင်းမြစ်, AFP
တရားမဝင်မြန်မာရွှေ့ပြောင်းတွေ ထိုင်းနိုင်ငံတွင်း ယာယီနေထိုင်အလုပ်လုပ်ခွင့်ကတ်ဖြစ်တဲ့ ပန်းရောင်ကတ် (ဘတ်)လျှောက်ထားဖို့ နာမည်စာရင်းပေးသွင်းတာကို ဒီဇင်ဘာ ၁၆ ရက်မှာ ထိုင်း အလုပ်အကိုင်ဦးစီးဌာနက စဖွင့်ပေးတော့မယ်လို့ ဘန်ကောက်မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၁၆ ကနေ ၃၀ အထိ ၁၅ ရက်အတွင်း နာမည်စာရင်းပေးသွင်းတဲ့လုပ်ငန်းစဉ်ကို လုပ်ဆောင်ရမှာဖြစ် တယ်လို့ သံရုံးကထုတ်ပြန်ပါတယ်။
နာမည်စာရင်းပေးသွင်းပြီးရင်တော့ ကျန်းမာရေးအာမခံနဲ့ကျန်းမာရေးစစ်ဆေးတာ၊အလုပ်လုပ်ကိုင်ခွင့် ပါမစ် လျှောက်တာ၊စာရွက်စာတမ်းစစ်ဆေးတာနဲ့အလုပ်ခွင့်ပြုချက်ဆောင်ရွက်တဲ့အဆင့်တွေအတွက် အချိန် ၄ လ ကျော်ကြာမှာပါ။
ဒါပြီးရင်တော့ ၂၀၂၆ ခုနှစ် မတ်လကုန်အထိ အလုပ်လုပ်ကိုင်ခွင့် တစ်နှစ်တာရရှိမှာ ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG အလုပ်သမားဝန်ကြီးဌာနရဲ့ အချက်အလက်အရ ပန်းရောင်ကတ်(ဘတ်) လျှောက်ရမဲ့ အထောက်အထားမဲ့မြန်မာရွှေ့ပြောင်း ၁ ဒသမ ၅ သန်းကျော်ရှိနေပါတယ်။
ဒီကတ်အတွက် ကုန်ကျစရိတ်က ဘတ်ငွေ ၇,၀၀၀ ကနေ ၁၂,၀၀၀ အထိ ပြင်ပအကျိုးဆောင်ဈေးကွက်မှာ ဈေးပေါက်နေတာဖြစ်ပါတယ်။
မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်နေသူတွေကတော့ ငွေကြေးလိမ်လည်မခံရအောင် ယုံကြည်စိတ်ချတဲ့ အကျိုးဆောင်တွေကို စုံစမ်းလုပ်ဆောင်ဖို့ သတိပေးနေကြပါတယ်။
မြန်မာ့လူဦးရေ ၁၅ သန်းကျော် အစာရေစာမလုံလောက်မှု ရင်ဆိုင်ရနိုင်

ဓာတ်ပုံ ရင်းမြစ်, AFP
လာမယ့်နှစ်မှာ မြန်မာက လူဦးရေ ၁၅ သန်းကျော်ဟာ အစာရေစာမလုံလောက်တာကို ကြုံရနိုင်တယ်လို့ ကုလသ မဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ဒီဇင်ဘာ ၁၃ ရက် မနေ့က ထုတ်ပြန် ပါတယ်။
လူပေါင်းသန်းချီဟာလည်း လုံခြုံတဲ့ခိုလှုံရာနေရာမရှိကြတာ၊ သောက်သုံးရေမရတာတွေကြုံနေရတယ်လို့ UNOCHA ကဆိုထားပါတယ်။
လူသားချင်းစာနာထောက်ထားမှုအကူအညီရဖို့အတွက် ရုန်းကန်နေတဲ့သူကလည်း ၅ ဒသမ ၅ သန်းရှိနေသလို လာမယ့်နှစ်မှာ အကူအညီလိုအပ်သူ သန်း ၂၀ ဝန်းကျင်ထိရှိလာမယ့်လို့ ကုလကခန့်မှန်းထားတာပါ။
ဒီထဲမှာ ကလေး ၆ သန်းကျော်လည်း ပါပါတယ်။
စစ်အာဏာသိမ်းတဲ့ ၂၀၂၁ နောက်ပိုင်းကစလို့ မြန်မာမှာ လူသားချင်းစာနာထောက်ထားမှုအကူအညီလိုအပ်ချက် တဟုန်ထိုးမြင့်တက်လာတယ်လို့ ထုတ်ပြန်ချက်မှာဆိုထားပါတယ်။
ဒါအပြင် သဘာဝဘေး၊ကပ်ရောဂါဘေး၊ပေါက်ကွဲတတ်တဲ့ စစ်လက်ကျန်ပစ္စည်းနဲ့မြေမြှုပ်မိုင်း တိုးမြင့်သုံးတဲ့ အန္တရာယ် နဲ့ စီးပွားရေးကျဆင်းမှုတွေကြောင့်လည်း အကူအညီလိုအပ်ချက်က မြင့်မားလာရတယ်လို့ UNOCHA ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
မြန်မာမှာ ပြည်တွင်းစစ်ရှောင်ကလည်း ၃ ဒသမ ၅ သန်းရှိလာပြီး ဒီထဲက သုံးပုံ တစ်ပုံဟာ ကလေးတွေဖြစ်ကြ ပါတယ်။
ကမ္ဘာမှာ မြန်မာနဲ့တပြိုင်နက် စစ်ဘေးကြုံနေရတဲ့ နိုင်ငံတွေတိုးလာတာကြောင့် မြန်မာအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီတွေဟာ ၂၀၂၄ ခုနှစ်ကတည်းက သိသိသာသာလျော့နည်းသွားပြီး အရေးပေါ်လိုတဲ့သူတွေကိုသာ ဦးစားပေးကူနေရတယ်လို့ UNOCHA ကဆိုပါတယ်။
ဖမ်းဆီးခံထားတဲ့ ရေလုပ်သား ၃၁ ယောက်ပြန်လွှတ်ဖို့ တံငါသည်များအခွင့်အရေးကွန်ယက်တောင်းဆို

ဓာတ်ပုံ ရင်းမြစ်, FRN
မြန်မာရေတပ်က ဖမ်းဆီးထားတဲ့ ထိုင်းရေလုပ်သား ၄ ဦး နဲ့ မြန်မာရေလုပ်သား ၂၇ ဦးတို့ကို ချက်ချင်းပြန်လွှတ်ပြီး မိသားစုဆီ ဘေးကင်းကင်းနဲ့ပြန်လည်ပို့ဆောင်ဖို့ တံငါသည်များအခွင့်အရေးကွန်ယက် (FRN) က တောင်းဆို လိုက်ပါတယ်။
ရနောင်းအခြေစိုက် ကွန်ယက်က ရေလုပ်သားတွေစုပေါင်းပြီး ထိုင်းအလုပ်သမား ဝန်ကြီးဌာန နဲ့ မြန်မာသံရုံးက တာဝန်ရှိသူတွေကို ဒီဇင်ဘာ ၁၃ ရက်က တွေ့ဆုံခဲ့တယ်လို့ FRN ကထုတ်ပြန်ပါတယ်။
"သံရုံးကတော့ ရာထူးငယ်တဲ့သူတွေလာတာမို့ သူတို့ဒါကိုပြန်တင်ပြမယ်လို့ပဲပြောတယ်။ ထိုင်းအလုပ်သမား ဝန်ကြီးဌာနကဘက်ကတော့ သူတို့ဒါကို သေချာဆက်လက်လုပ်ဆောင်ပေးမယ်လို့ပြောတာကြောင့် မြန်မာ ရေလုပ်သားတွေအတွက်ပါ ကူညီမယ်လို့မျှော်လင့်ပါတယ်" လို့ FRN ဥက္ကဋ္ဌ ကိုရဲသွေးက ဘီဘီစီကို ပြောပါ တယ်။
နိုဝင်ဘာလကုန်ပိုင်းမှာ ကော့သောင်းက မြန်မာရေပိုင်နက်ထဲကို ကျူးကျော်ငါးဖမ်းလို့ မြန်မာရေတပ်ကဖမ်းထားတဲ့ ငါးဖမ်းလှေပေါ်ပါ ရေလုပ်သားတွေဟာ တရားဝင်အထောက်အထားနဲ့ လှေလိုက်နေသူတွေဖြစ်တယ်လို့ FRN က ဆိုပါတယ်။
ထိုင်းအစိုးရဟာ ငါးဖမ်းသင်္ဘောတွေကို စနစ်တကျစစ်ဆေးဖို့၊စောင့်ကြည့်ဖို့ နဲ့ ILO ငါးဖမ်းလုပ်ငန်းဆိုင်ရာ သဘောတူညီချက် C188 ပါ ပြဋ္ဌာန်းချက်တွေကို လိုက်နာဖို့ပျက်ကွက်နေတယ်ဆိုတာ အခုဖြစ်စဉ်က ပြသနေ တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
"ကျွန်မယောကျာ်းက ဘာအမှားမှ မလုပ်ခဲ့ဘဲနဲ့ မတရားဖမ်းဆီးချုပ်နှောင်ခံရတယ်" လို့ရေလုပ်သားတစ်ဦးက ဇနီးက ဆိုထားပါတယ်။
စစ်ကောင်စီကတော့ ထိုင်းနိုင်ငံသားတွေကို ပြန်လွှတ်ပေးမယ်ပြောထားပြီး မြန်မာရေလုပ်သားတွေကိုတော့ အကြမ်းဖက်ဥပဒေနဲ့ စစ်ဆေးနေတယ်လို့ ပြောထားပါတယ်။
မြန်မာရေတပ်က တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ် ဇာဒက်ကြီးကျွန်းအောက်ဘက်၊ သံကျွန်းအနီးမှာ နိုဝင်ဘာ ၃၀ ရက်က နယ်ကျော်လာတဲ့ ထိုင်းငါးဖမ်းလှေ ၄ စီးကို ပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။
ဒီဖြစ်စဉ်မှာ ရေထဲ ခုန်ဆင်းထွက်ပြေးတဲ့ အသက် ၂၄ နှစ်အရွယ် ထိုင်းနိုင်ငံသားတစ်ဦးသေဆုံးကာ ထိုင်း၊မြန်မာ ရေလုပ်သား ၃၁ယောက်ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။











