အာဆီယံထိပ်သီးဆွေးနွေးပွဲ- အင်ဒို ဥက္ကဋ္ဌနိုင်ငံဖြစ်လာချိန် မြန်မာ့အရေးမူတွေ ဘာပြောင်းနိုင်လဲ

လုံခြုံရေးတင်းကျပ်ထားတဲ့ ထိပ်သီးဆွေးနွေးပွဲအကြို ဖနွမ်းပင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လုံခြုံရေးတင်းကျပ်ထားတဲ့ ထိပ်သီးဆွေးနွေးပွဲအကြို ဖနွမ်းပင်
ရေးသားခဲ့သည်။

အခုရက်ပိုင်းမှာပဲ ကျင်းပတော့မယ့် အာဆီယံ ထိပ်သီးညီလာခံကနေ နေပြည်တော် စစ်ကောင်စီ အပေါ် ပိုမို တင်းမာတဲ့ ဖိအားပေးမှုတွေ ပေါ်ပေါက်လာအောင် လုပ်ဆောင်ကြဖို့  မြန်မာ့ဒီမိုကရေစီ အရေး ထောက်ခံ အားပေးကြတဲ့ အာဆီယံ အဖွဲ့ဝင် နိုင်ငံတချို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားကြတယ် ဆိုပြီး အာဆီယံ အသိုင်းအဝိုင်းထဲက သတင်းရင်းမြစ်တွေက ဘီဘီစီကို ပြောပါတယ်။

လာမယ့် ကြာသပတေး၊ နိုဝင်ဘာ ၁၀ ရက်နေ့ဆိုရင် လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌ နိုင်ငံ ကမ္ဘောဒီးယားရဲ့ ဖနွမ်းပင်မြို့တော်မှာ အာဆီယံ ထိပ်သီး ဆွေးနွေးပွဲနဲ့ အတူ စကားပြောဘက် နိုင်ငံတွေနဲ့ကြား တဆက်တစပ်တည်း ပြုလုပ်သွားမယ့် ထိပ်သီး အစည်းအဝေးတွေ ရှိနေပါတယ်။

နိုဝင်ဘာ ၁၃ ရက်၊ တနင်္ဂနွေနေ့ထိ ပြုလုပ်သွားဖို့ စီစဥ်ထားတဲ့ ဒီ ထိပ်သီး ဆွေးနွေးပွဲ အပြီးသတ်မှာ အင်ဒိုနီးရှား နိုင်ငံထံ အလှည့်ကျ ဥက္ကဋ္ဌ နေရာ လွှဲပေးတဲ့ အခမ်းအနားပါ တပါတည်း ကျင်းပသွားမှာ ဖြစ်တယ်လို့ တရားဝင် အစီအစဥ် ဇယားတွေက ပြသနေပါတယ်။

အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှား ဆိုတာ မလေးရှားနဲ့ စင်္ကာပူ နိုင်ငံတွေနဲ့ အတူ မြန်မာစစ်တပ်ရဲ့ တကျော့ပြန် အာဏာသိမ်းမှု အပေါ် ဆန့်ကျင်တဲ့ ရပ်တည်မှုမျိုး ထင်ထင်ရှားရှား ပြသနေတဲ့ အဓိက ဒေသတွင်း နိုင်ငံတစ်ခု ဖြစ်ပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အထူးအစည်းအဝေး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြန်မာအရေး ဂျကာတာ အထူးအစည်းအဝေး

နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အထူးအစည်းအဝေး

အခု ထိပ်သီးဆွေးနွေးပွဲ အကြို အောက်တိုဘာလ နှောင်းပိုင်းမှာ ကတည်းက အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေဟာ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးစိုက်ရာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ “မြန်မာ့အရေး အထူးအစည်းအဝေး” ဆိုတဲ့ ခေါင်းစဥ်အောက် တွေ့ဆုံ ခဲ့ကြပြီး ဖြစ်ပါတယ်။

အဲဒီ အထူး အစည်းအဝေး အပြီး ထုတ်ပြန်ချက်နဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတချို့ရဲ့ ပြောဆိုချက်တွေ အရ၊ အခု လာမယ့် ဖနွမ်းပင် ထိပ်သီး ဆွေးနွေးပွဲ အတွင်း အဓိက လွှမ်းမိုးထားမယ့် အကြောင်းအရာတွေထဲ မြန်မာ့အရေး ထိပ်ဆုံးက ပါဝင်မြဲ ဖြစ်တယ် ဆိုတဲ့ အချက် ထင်ရှား နေပါတယ်။

အခုထိအောင် အလုပ်မဖြစ်ဘဲ ကြန့်ကြာနေတဲ့ မြန်မာ့အရေး အာဆီယံ ဘုံ သဘောထား ၅ ချက် ဆိုတာ အပေါ် ထိပ်သီး ဆွေးနွေးပွဲအတွင်း ပြန်လည် ဆန်းစစ်ကြမယ်ဆိုတဲ့ အချက်အပြင်၊ အချိန်အကန့်အသတ် timeframe ချမှတ်မလား ဆိုပြီးတော့လည်း အာဆီယံ တာဝန် ရှိသူတွေကြား  ဆွေးနွေးမှုတွေ ရှိနေတယ် ဆိုတဲ့ အချက်တွေကို နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အထူးအစည်းအဝေး အပြီး ထွက်လာတဲ့ တရားဝင် ထုတ်ပြန်ချက်အရ အတည်ပြုထားနိုင်ပါတယ်။

စစ်ကောင်စီ နိုင်ငံခြားရေး ဌာနကတော့ အချိန်အကန့်အသတ် ချမှတ်ပြီး ဖိအားပေးတာမျိူးဟာ ဆိုးကျိုးတွေသာ ဖြစ်နိုင်တယ် ဆိုပြီး တုံ့ပြန် သတိပေးထားပါတယ်။

အာဆီယံ ဘုံ သဘောတူမှု ၅ ချက် အကောင်အထည် ပေါ်မလာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အာဆီယံ ဘုံ သဘောတူမှု ၅ ချက် အကောင်အထည် ပေါ်မလာ

အရေးယူမှု ဘယ်လောက် အတိုင်းအတာထိ ရှိနိုင်လဲ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒီတော့ အခု အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွေမှာ ဘုံသဘောတူမှု ၅ ချက် အပေါ် ဆန်းစစ်မယ် ဆိုတာနဲ့  စစ်ကောင်စီ အပေါ် ဖိအားတွေ ပိုမို သက်ရောက် စေမယ် ဆိုတာတွေဟာ ဘယ် အတိုင်းအတာထိ ဖြစ်လာ နိုင်သလဲ ဆိုတဲ့ အပေါ်မှာတော့ အာဆီယံ အရေး ကျွမ်းကျင်သူတွေ၊ မြန်မာ ဒီမိုကရေစီ အရေး လှုပ်ရှားကြသူတွေက ရှုထောင့် အမျိုးမျိုးကနေ သုံးသပ်နေကြပါတယ်။

လူ့ အခွင့်အရေး ဆိုင်ရာ အာဆီယံ ပါလီမန် အမတ်များ အဖွဲ့ APHR ကို ဦးဆောင်နေသူ မလေးရှား ဝါရင့် ပါလီမန် အမတ် ချားလ်စ် စင်တီယာဂိုကတော့ ဘုံသဘောတူမှု ၅ ချက် ဆိုတာ ချမှတ် ကတည်းက အချိန်ကာလ အတိုင်းအတာ အကန့်အသတ် မပါဝင်ပဲ ဖြစ်နေတဲ့ အပေါ် အစဥ်အဆက် ဝေဖန်နေသူ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်က ဘယ်အချက် ဘယ်အချက်တွေကို ဘယ် အချိန်ကာလ အတွင်း ပြီးစီးအောင် လိုက်နာ ဆောင်ရွက်ရမယ် ဆိုတဲ့ အကန့်အသတ်မျိုး ချမှတ်ဖို့နဲ့၊ လိုက်နာဖို့ ပျက်ကွက်ရင် စစ်ကောင်စီ ရှိနေသမျှ မြန်မာကို အဖွဲ့ဝင်အဖြစ်က ဆိုင်းငံ့တဲ့ ပြစ်ဒဏ်မျိုး ချမှတ်တဲ့ အထိ အရေးယူရေး ယန္တရား ထားရှိဖို့ လိုကြောင်း မစ္စတာ စင်တီယာဂိုက ဘီဘီစီနဲ့ မေးမြန်းခန်းမှာ ပြောထားပါတယ်။

အာဆီယံ အဖွဲ့ရဲ့ ပဋိဉာဥ် ချာတာပါ အချက်တွေ၊ ချမှတ်ထားတဲ့မူတွေ၊ ဆောင်ရွက်ခဲ့တဲ့ အစဥ်အလာတွေကို ကြည့်ရင်တော့ အဲဒီလို အဖွဲ့ဝင် နိုင်ငံ အဖြစ်က ဆိုင်းငံ့တွေ၊ ထုတ်ပယ်တယ် ဆိုတာမျိုး လုပ်ဖို့ ရာ မမြင်ဘူး ဆိုပြီး အာဆီယံ အရေး အထူး ကျွမ်းကျင်တဲ့ သုတေသီ ဒေါ်မိုးသူဇာက ပြောပါတယ်။

“မြန်မာဟာ  အဖွဲ့ဝင် နိုင်ငံ ဖြစ်တယ် ဆိုတဲ့ မူ အပေါ်မှာ အခြေခံပြီး အာဆီယံ အဖွဲ့ကြီးက ချည်းကပ်နေတာ ဖြစ်တယ်၊ မြန်မာရဲ့ အာဆီယံ အဖွဲ့ဝင် ဖြစ်ခြင်း ဆိုတဲ့ အချက်အပေါ်မှာ ကွဲပြားမနေကြဘူး” လို့လည်း  စင်္ကာပူရဲ့ အရှေ့တောင်အရှ ဆိုင်ရာ လေ့လာရေး အဓိက ဌာနကြီး ဖြစ်တဲ့ အိုင်စီအက်စ် ယူစွဖ် အီရှတ်ခ် အင်စတီကျူ့က သုတေသီ ဒေါ်မိုးသူဇာက ဆိုပါတယ်။

ဒီတော့ အဖွဲ့ဝင် အဖြစ် ဆိုင်းငံ့တ​ယ် ဆိုတာမျိုးထိ ပြင်းထန်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ လုပ်မလာဘူး ဆိုရင်လည်း၊  လက်ရှိ အလုပ်မဖြစ်ဘူးလို့ နိုင်ငံတကာကရော ဒေသတွင်းမှာပါ ဝေဖန်မှုတွေ အကြီးအကျယ် ရှိနေတဲ့ ဘုံသဘောထား ၅ ချက် အပေါ်မှာရော ဘယ်လို ပြင်ဆင်မှုတွေ လုပ်မှာလဲ ... ဘုံသဘောထား ၅ ချက် ကို ဖျက်ပြီး နောက် အစီအစဥ် တစ်ခုနဲ့ အစားထိုးမှာလား ... အဲဒီလို အစားထိုးမယ့် တိတိကျကျ ရေရေရာရာ အစီအစဥ်သစ်ရော အာဆီယံ ထံမှာ အသင့် ရှိနေလား ဆိုတဲ့ နောက်ဆက်တွဲ မေးခွန်းတွေ ရှိလာစေပါတယ်။

ဘုံသဘောတူမှု ၅ ချက်ကိုပဲ အသက်သွင်းနိုင်ဖို့ လုပ်ဆောင်နေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘုံသဘောတူမှု ၅ ချက်ကိုပဲ အသက်သွင်းနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ အကဲခတ်တွေပြော

ဘုံ သဘောထား ၅ ချက်ကလွဲပြီး ဘာမှ အသင့် ရှိမနေ

အောက်တိုဘာနှောင်းပိုင်း အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အထူး အစည်းအဝေး အပြီး ထုတ်ပြန်ချက်ဟာ စိတ်ပျက်ဖွယ် ကောင်းတယ်လို့ မြန်မာ့ ဒီမိုကရေစီ အရေး လှုပ်ရှား ဆော်ဩနေတဲ့ Progressive Voice ရှေ့ပြေးအသံ အဖွဲ့ကို ထူထောင်သူ ဒေါ်ခင်ဥမ္မာက ဆိုပါတယ်။

“အာဆီယံ နိုင်ငံတွေကြားမှာ ဘယ်လို ဘုံ သဘောထားမှ ရှိမနေတဲ့ အတွက် အခု ရှိလက်စ  ၅ ချက် ဆိုတာကိုပဲ ဘယ်လောက် အလုပ်မဖြစ်ဖြစ် ပြန်ကောက်ပြီး ပြောနေတာဖြစ်တယ်၊ ဒီ ၅ ချက်ကိုပဲ ဘယ်လို ပိုပြီး အလုပ်ဖြစ်လာအောင် လုပ်မလဲ ဆိုတာကို ဆွေးနွေးတာမျိုး လုပ်နိုင်ပေမ​ယ့်၊ ၅ ချက်ကို ဖျက်ပစ်တာမျိုး၊ တခြား အစီအစဥ်သစ် တစ်ရပ်နဲ့ အစားထိုးတာမျိုး ဆိုတာ မဖြစ်နိုင်ဘူး” လို့ ဒေါ်ခင်ဥမ္မာက သုံးသပ်ပါတယ်။

“ဒါ့ကြောင့် အလုပ်မဖြစ်တဲ့ ဒီ သဘောတူမှု ၅ ချက် ဆိုတဲ့ အပေါ်မှာပဲ သောင်တင်မနေပဲ၊ သဘောတူမှု ၅ ချက်ထက် ကျော်ပြီး ကြည့်ဖို့ ကျွန်မတို့ အာဆီယံ ခေါင်းဆောင်တွေကို တိုက်တွန်းနေတယ်” လို့လည်း ဒေါ်ခင်ဥမ္မာက ဆိုပါတယ်။

အခုလို အာဆီယံ ဒေသတွင်း မူဝါဒပိုင်းဆိုင်ရာ ဩဇာညောင်းကြတဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ၊ ဥပဒေပြုအမတ်တွေ၊ ဦးဆောင် အရပ်ဘက် အဖွဲ့အစည်းတွေ၊ ကျွမ်းကျင်သူ ပညာရှင်တွေရဲ့ ရှုထောင့် အမျိုးမျိုး အပေါ် အခြေခံပြီး အင်ဒိုနီးရှား အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်ချိန် ဘုံ သဘောထား ၅ ချက် အပေါ် ပြုလုပ်လာနိုင်တဲ့ ပြင်ဆင်ရေး ဆိုင်ရာ အချက်တွေကို အခု ဘီဘီစီ ဆောင်းပါးမှာ ဖော်ပြသွားမှာ ဖြစ်ပါတယ်။

အင်ဒို အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်ချိန်နဲ့ မြန်မာ့အရေး

မြန်မာနိုင်ငံမှာ ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ သွေးထွက်သံယို အကြမ်းဖက်ဖြစ်ရပ်တွေ ပေါ်ပေါက်လာပြီးနောက် သံတမန်ရေးနည်းနဲ့ ဆွေးနွေး အဖြေရှာဖို့ အလှုပ်ရှား၊ အတက်ကြွဆုံး ဖြစ်ခဲ့တဲ့ နိုင်ငံဟာ အင်ဒိုနီးရှား ဖြစ်ပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး ရက်တနိုမာဆုဒီက သူဟာ မြန်မာ့အရေး အဖြေရှာနိုင်ဖို့ ရာ ‘လွန်းပျံ ဒစ်ပလိုမေစီ’ လို့ ခေါ်တဲ့ မတူတဲ့ အဖွဲ့တွေကြား လူးလာခေါက်တုန့် သွားလာရင်း သတင်းစကားတွေသယ်ပေး၊ ညှိနှိုင်း ပေးတာမျိုးတွေ ပြုလုပ်နေတယ် ဆိုပြီး ပြောခဲ့ပါတယ်။

ရက်တနိုမာဆုဒီ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, လွန်းပျံဒစ်ပလိုမေစီ သုံးနေတယ်လို့ ပြောဖူးတဲ့ ရက်တနိုမာဆုဒီ

အဲဒီနောက်မှာတော့ အာဏာသိမ်း စစ်ခေါင်းဆောင်ကိုပါ အာဆီယံ အတွင်းရေးမှူးချုပ်ရုံး အခြေစိုက်ရာ ဂျကာတာ မြို့ကို ဖိတ်ခေါ်ပြီး  အထူးအစည်းအဝေး ပြုလုပ်ရာကနေ အခု လက်ရှိ ဘုံ သဘောထား ၅ ချက် ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။

ဘုံသဘောထား ၅ ချက် ရှိလာခဲ့တာ တစ်နှစ်ခွဲကျော် ကြာမြင့်နေပြီ ဖြစ်ပေမယ့် တကယ်လက်တွေ့ အကောင်အထည် မဖော်နိုင် ဖြစ်နေတာကြောင့် ၊ ဖျက်ပြီး နောက်အသစ် တစ်ခုနဲ့ အစားထိုးတာမျိုး  မပြုလုပ်ဘူး ဆိုရင်တောင် အင်ဒိုနီးရှား အလှည့်ကျ​ ဥက္ကဋ္ဌ ဖြစ်နေချိန် ပိုမို ထိရောက်အောင် ပြင်ဆင်ပြောင်းလဲနိုင်တဲ့ အချက်တွေ ရှိတယ် ဆိုပြီး  ကျွမ်းကျင်သူတွေ၊ ဝေဖန်သုံးသပ်သူတွေက ထောက်ပြ နေကြပါတယ်။

ပြုပြင်ရေး အဓိက ၅ ချက်ကတော့ ....

၁။ အထူးသံကို သီးသန့် ရာထူးအဖြစ်ခန့်

၂။ ဖော်ဆောင်ရေး ကာလ အကန့်အသတ် ချမှတ်

၃။ NUG နဲ့ ပိုထိတွေ့ ဆက်ဆံ

၄။ စာနာမှု အကူအညီတွေကို စစ်ကောင်စီ ထိန်းချုပ်ရာ လမ်းကြောင်းတွေထက် ကျော်လွန်ပြီးလုပ်

၅။ အာဆီယံ မျက်နှာစာမှာ မြန်မာကို ကိုယ်စားပြုခွင့် တသတ်မှတ်တည်းရှိစေ ... ဆိုတဲ့ အချက်တွေ ဖြစ်ပါတယ်။

နေပြည်တော် ခရီးစဥ်တွေကြောင့် ဝေဖန်ခံရသူ ပရတ်ဆုတ်ခွန်း

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, နေပြည်တော် ခရီးစဥ်တွေကြောင့် ဝေဖန်ခံရသူ ပရတ်ဆုတ်ခွန်း

၁။ အထူးသံကို သီးသန့် ရာထူးအဖြစ်ခန့်

အာဆီယံ လက်ရှိ အဝေဖန်ခံရဆုံး တစ်ခုကတော့ သဘောတူမှု ၅ ချက်ပါ အတိုင်း  မြန်မာ့အရေး အာဆီယံ အထူးသံတမန် ခန့်အပ်ပုံ ခန့်အပ်နည်း ဖြစ်ပါတယ်။  

အလှည့် ဥက္ကဋ္ဌ နိုင်ငံ တွေက သူတို့ရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေကိုပဲ မြနမာအရေး အထူးသံ အဖြစ် တာဝန် ခန့်အပ်နေတာမျိုးကို ပြောင်းလဲ သင့်တယ် ဆိုပြီး ကျယ်ကျယ်ပြန့်ပြန့် ထောက်ပြကြပါတယ်။

မြန်မာအရေး အထူးသံတမန် ဆိုတာ အချိန်ပြည့် ထမ်းဆောင်ရမယ့် သီးသန့် ရာထူး နေရာ ဖြစ်ဖို့လိုတယ် ဆိုပြီး ဘီဘီစီနဲ့ စကားပြောရတဲ့ ကျွမ်းကျင်းသူတွေက တညီတညွတ်တည်း ဆိုကြပါတယ်။

“အလှည့်ကျ​ ဥက္ကဋ္ဌ နိုင်ငံရဲ့ မူဝါဒနဲ့ သဘောထား အပေါ်မှာပဲ အခြေခံလို့ မြန်မာ့အရေးကို ချည်းကပ်တာ မဟုတ်ပဲ၊ အာဆီယံ အဖွဲ့ကြီး တစ်ခုလုံးကို ကိုယ်စားပြုဖို့လိုတယ်” ဆိုပြီး APHR ရဲ့ ဘုဒ် အဖွဲ့ဝင် တစ်ဦး ဖြစ်တဲ့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးဟောင်း ခွန်ကဆစ်ပီရွမ်က ဘီဘီစီကို ပြောထားပါတယ်။

အထူးသဖြင့် ကမ္ဘောဒီးယား အလှည့်ကျ​ ဥက္ကဋ္ဌ ဖြစ်ချိန်မှာ မြန်မာ အရေး အထူးသံလည်း ဖြစ် ကမ္ဘောဒီးယားနိုင်ငံခြားရေး ဝန်ကြီးလည်း ဖြစ်တဲ့ ပရတ်ဆုတ်ခွန်းရဲ့ နေပြည်တော် ခရီးစဥ်တွေကို ရည်ညွှန်းပြီး ခွန်ကဆစ်က ပြောဆိုတာ ဖြစ်ပါတယ်။

“ဘုံသဘောတူမှု ၅ ချက် ဆိုတာ မူဝါဒ သဘောမျိုးပဲ ဖြစ်တဲ့ အတွက် ဘယ်လို ဖော်ဆောင်မလဲ ဆိုတဲ့ အသေးစိတ် အချက်အလက်တွေ ရှိနေဖို့လိုတယ်။ အဆင့်မြင့် တာဝန်ဝတ္တရားတွေနဲ့ မြန်မာ့အရေး ထိတွေ့ ကျွမ်းဝင်ဖူးသူတွေ၊ ဦးစီးဦးဆောင် လုပ်ဖူးခဲ့သူတွေ အာဆီယံ ဒေသတွင်း နိုင်ငံတွေမှာ ရှိကြပါတယ်။ သူတို့ကို အာဆီယံ အထူးသံ အဖြစ် မခန့်ရင်တောင်၊ အကြံပေးတွေ အနေနဲ့ အထူးသံကို ဝန်းရံနိုင်ဖို့ စုစည်း သင့်တယ်” ဆိုပြီး ကျွမ်းကျင်သူ ဒေါ်မိုးသူဇာကလည်း အတော် ခပ်စောစောပိုင်းကတည်းက ပြောနေခဲ့ပါတယ်။

၂။ ဖော်ဆောင်ရေး ကာလ အကန့်အသတ် ချမှတ်

ဘုံသဘောတူမှု ၅ ချက် ထွက်လာစကတည်းက အဲဒီ သဘောတူမှု ဆိုတာတွေထဲ သိသိသာသာ ပျက်ကွက်နေ၊ လစ်ဟင်းနေတဲ့ အရာကတော့ အချိန်ကာလ အကန့်အသတ် ချမှတ် မထားတာဘဲ ဆိုပြီး ဝေဖန်သံတွေ ရှိခဲ့ပါတယ်။

အခုနောက်ဆုံး ပြုလုပ်ထားတဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးမှာတော့ အဲဒီလို အချိန်ကာလ အကန့်အသတ် ချမှတ်ရေး ဆွေးနွေးမှုတွေ ရှိလာတဲ့ အတွက် အထက်မှာ ပြောခဲ့သလို ဦးဝဏ္ဏမောင်လွင် ဦးဆောင်တဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဌာန ဘက်ကလည်း ချက်ခြင်းဆိုသလို ကန့်ကွက်ကြောင်း ထုတ်ပြန် ခဲ့ပါတယ်။

အချိန်ကာလ အကန့်အသတ် ဆိုတာ ချမှတ်ပြီဆိုရင် စစ်ကောင်စီ တစ်ခုတည်း အပေါ်မှာပဲ သက်ရောက်တာ မဟုတ်ဘဲ၊ အဲဒီ သတ်မှတ် အချိန်ကာလ အတိုင်းအတာ တစ်ခု အတွင်း ရည်မှန်းထားတာတွေကို ပြီးမြောက်အောင် ဖော်ဆောင်ဖို့ အာဆီယံ အထူးသံ အပါအဝင် အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေ အားလုံး အပေါ်မှာပါ လာပြီး သက်ရောက်မှာမျိုး ဖြစ်တယ်လို့ အာဆီယံ အရေး ကျွမ်းကျင်သူ ဒေါ်မိုးသူဇာက သုံးသပ်ပါတယ်။

 မလေးရှား နိုင်ငံခြားရေးဝန်ကြီး

ဓာတ်ပုံ ရင်းမြစ်, MOFA-NUG

ဓာတ်ပုံ ပုံစာ, NUG နဲ့ ပေါ်ပေါ်ထင်ထင်တွေ့တဲ့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး

၃။ NUG နဲ့ ပိုထိတွေ့ ဆက်ဆံ

အမျိုးသား ညီညွတ်ရေး အစိုးရ NUG နဲ့ကြား တရားဝင် ထိတွေ့ ဆက်ဆံရေး လမ်းကြောင်းတွေ ထားရှိဖို့ ဆော်ဩသံတွေဟာ နိုင်ငံတကာ သံတမန် မျက်နှာစာမှာရော၊ ဒေသတွင်းမှာပါ ကျယ်ကျယ်လောင်လောင် ရှိနေပါတယ်။

အာဆီယံ နိုင်ငံတွေထဲကဆိုရင် မလေးရှား နိုင်ငံခြားရေး ဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒွလ္လာ ဆိုရင် NUG၊  NUCC တို့နဲ့ တွေ့ဆုံတယ် ဆိုတာမျိုး ကွယ်ဝှက် မထားဘဲ ထုတ်ဖော် ပြောပါတယ်။အင်ဒိုနီးရှားလည်းပဲ အလားတူ လုပ်ဆောင်သင့်တယ် ဆိုပြီး ရှေ့ပြေးအသံ အဖွဲ့ကို ဦးဆောင်သူ ဒေါ်ခင်ဥမ္မာက ဆိုပါတယ်။

“လက်ရှိ ဘုံသဘောထား ၅ ချက် ဆိုတာလည်း အဓိက အင်ဒိုနီးရှားရဲ့ ကမကထ လုပ်မှုနဲ့ ရလာတာပဲ။ အဲဒီ ၅ ချက်ထဲမှာ အားလုံးနဲ့ ထိတွေ့ ဆက်ဆံရေး ဆိုတာလည်း ပါဝင်တယ်။ ဒီတော့ အင်ဒိုနီးရှား အနေနဲ့ NUG နဲ့ကြား ထိတွေ့ ဆက်ဆံတာတွေ တရားဝင် ပြုလုပ်ဖို့ ဆိုတာ ကျိုးကြောင်းဆီလျော်တဲ့ အချက်ပဲ” လို့ ဒေါ်ခင်ဥမ္မာက ဆိုပါတယ်။

အဲဒီလို NUG နဲ့ ထိတွေ့ ဆက်ဆံတာ၊ ပူးပေါင်း ဆောင်ရွက်တာတွေကနေ  တဆင့် စာနာမှု ဆိုင်ရာ အကူအညီတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်တယ် ဆိုပြီး ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

AHA ဟာ မြန်မာ့အရေး ထိရောက်အောင် ကူနိုင်ပါ့မလား

ဓာတ်ပုံ ရင်းမြစ်, AHA Centre

ဓာတ်ပုံ ပုံစာ, မုန်တိုင်းဘေးက ကယ်ဆယ်ဖို့ ဖွဲ့ထားတဲ့ AHA ဟာ မြန်မာ့အရေး ထိရောက်အောင် ကူနိုင်ပါ့မလား

၄။ စာနာမှု အကူအညီတွေကို စစ်ကောင်စီ ထိန်းချုပ်ရာ လမ်းကြောင်းတွေထက် ကျော်လွန်ပြီးလုပ်

စာနာမှု ဆိုင်ရာ အထောက်အပံ့တွေ ပြုလုပ်ဖို့ ဆိုတာကလည်း ဘုံ သဘောတူမှု ၅ ချက်ပါ အချက် ဖြစ်ပါတယ်။ အာဆီယံက ပေးမယ့် စာနာမှု အကူအညီတွေကို အာဆီယံ အစိုးရအဖွဲ့တွေ ပူးပေါင်းဖွဲ့ထားတဲ့ AHA စင်တာ လို့ အတိုကောက် အသိများတဲ့ သဘာဝဘေး စီမံခန့်ခွဲရေး  အဖွဲ့ ကနေ တဆင့်လုပ်ဖို့ အာဆီယံဘက်က တာဝန်လွှဲ ထားပါတယ်။

အဲဒီ AHA စင်တာဟာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ပေါ်ပေါက်လာရတဲ့ ဘေးဒုက္ခတွေအတွင်း ကူညီဆောင်ရွက်ဖို့ရာ ဖွဲ့ထားတာမျိုး မဟုတ်တာကြောင့် မြန်မာ့ လက်ရှိ အခြေအနေတွေ အတွင်း လှုပ်ရှား ဆောင်ရွက်နိုင်ဖို့ရာ လုံလောက်တဲ့ အတွေ့အကြုံနဲ့ စွမ်းရည်မျိုး မရှိဘူးလို့ ဝေဖန်ခံရပါတယ်။

ဒါ့အပြင် စာနာမှု အကူအညီတွေဆိုတာ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ဆိပ်ကမ်းတွေ၊ လေဆိပ်တွေကနေပဲ ဝင်လာလို့ ရတာမျိုး မဟုတ်ဘဲ၊ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေ ထိန်းချုပ်ထားရာ နေရာတွေကို နယ်စပ်ဖြတ်ကျော် ပို့ဆောင်တာမျိုး လုပ်လို့ရတယ် ဆိုတဲ့ ထောက်ပြမှုတွေလည်း ရှိပါတယ်။

အဲဒီလို နယ်စပ်ဖြတ်ကျော် အထောက်အပံ့ ပေးနိုင်ရေးမှာ ဘက်အားလုံးနဲ့ ထိတွေ့ ဆက်ဆံရေးလုပ်ထားဖို့ ဘယ်လောက်အရေးပါလဲ ဆိုတာကို သိနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။

NUG နဲ့ ဒီမိုကရက်တစ် မိတ်ဖက် အဖွဲ့တွေ အားလုံးရဲ့ ပူးပေါင်းမှု၊ ကူညီမှုတွေနဲ့ဆိုရင် လိုအပ်နေသူတွေထံ စာနာမှု ဆိုင်ရာ အကူအညီတွေ၊ အရေးပေါ် ထောက်ပံ့ရေး ပစ္စည်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် ပို့ပေးနိုင်လိမ့်မယ် ဆိုပြီး အကဲခတ်တွေက ထောက်ပြ ကြပါတယ်။

AHA စင်တာရဲ့ ပြဿနာတွေထဲမှာ အဲဒီစင်တာရဲ့ အုပ်ချုပ်ရေး အဖွဲ့ထဲ စစ်ကောင်စီ ကိုယ်စားလှယ် ပါဝင်နေတဲ့ အချက်ကလည်း စိတ်ပျက်ဖွယ် ဖြစ်တယ်လို့ မြန်မာ့အရေး နိုင်ငံတကာမှာ ဆော်ဩနေတဲ့ ဦးဆောင် အရပ်ဘက် အဖွဲ့ ဖြစ်တဲ့ ရှေ့ပြေးအသံ အဖွဲ့ကို ဦးဆောင်သူ ဒေါ်ခင်ဥမ္မာက ပြောပါတယ်။

AHA စင်တာက ပေးသမျှဟာ စစ်ကောင်စီ လက်ထဲကိုပဲ ရောက်နေပြီး၊ အဲဒီ အထောက်အပံ့ ပစ္စည်းတွေဟာ လိုအပ်နေသူတွေထံ ဖြန့်ဝေ ပေးတယ် ဆိုတဲ့ အချက်အလက် အထောက်အထားမျိုးကို မတွေ့ရဘူး လို့လည်း ဒေါ်ခင်ဥမ္မာက ထောက်ပြပါတယ်။

“အဲဒီ ထောက်ပံ့ရေး ပစ္စည်းတွေ ဘယ်ရောက်သွားလဲ၊ ကျွန်မတို့ အာဆီယံကို မေးခွန်းထုတ်ထားတယ်” လို့ ဒေါ်ခင်ဥမ္မာက ဆိုပါတယ်။

မာတီ နာတာလာဂါးဝ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘန်ဒေါင်းမြို့သား မာတီ နာတာလာဂါးဝ

၅။ မြန်မာကို ကိုယ်စားပြုခွင့် တသတ်မှတ်တည်းရှိစေရေး

ဘုံသဘောတူမှု ၅ ချက် အကောင်အထည် ဖော်ရေး ပူးပေါင်းဆောင်ရွက်မှု မရှိလို့ ဆိုပြီး အခု ကျင်းပမယ့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွေ၊ နိုင်ငံခြားရေး ဝန်ကြီး အဆင့် ဆွေးနွေးပွဲတွေကနေ စစ်ကောင်စီကို မြန်မာကို ကိုယ်စားပြုခွင့် မပေးဘဲ ချန်လှပ်ထားတဲ့မူကို အာဆီယံက ကျင့်သုံး နေပါတယ်။

ပြည်တွင်းရေး ဝင်ရောက် မစွက်ဖက်ရေးမူ ဆိုတာနဲ့ အာဆီယံ ချာတာပါ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဖော်ဆောင်ရေး ပဋိဉာဥ်ကြား ဟန်ချက်မျှအောင် လုပ်ဆောင်နေတဲ့ အာဆီယံ အနေနဲ့ အခုလို စစ်ကောင်စီ ဥက္ကဋ္ဌနဲ့ စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးတွေကို ခုံနေရာ မပေးတာမျိုးဟာ မကြုံစဖူး အရေးယူ လုပ်ဆောင်နေမှု ဖြစ်ပါတယ်။

“မြန်မာကို နိုင်ငံရေး အရ ကိုယ်စားပြုခွင့် မပေးဘူး” ဆိုတဲ့ မူမျိုး ချမှတ်ပြီး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် စစ်ကောင်စီဘက်က နိုင်ငံဝန်ထမ်း အဆင့်မြင့်အရာရှိ တစ်ဦးဦးကို ကိုယ်စားတော့ စေလွှတ် နိုင်ပါတယ်။

ဒါပေမယ့်လည်း စစ်ကောင်စီ ဥက္ကဋ္ဌနဲ့ နိုင်ငံခြားရေး ဝန်ကြီးတို့ တက်ခွင့်မရှိတာဟာ ခွဲခြား ဆက်ဆံခံရတာ ဖြစ်တယ်၊ အာဆီယံ အခြေခံ မူတွေနဲ့ မကိုက်ညီဘူး ဆိုတဲ့ ရပ်တည်ချက်နဲ့ စစ်ကောင်စီဘက်ကလည်း  နိုင်ငံ့ဝန်ထမ်း ကိုယ်စားလှယ် စေလွှတ်တာမျိုး မလုပ်ဘဲ နေတာကြောင့် မြန်မာနိုင်ငံ ခုံနေရာဟာ အခု ထိပ်သီးဆွေးနွေးပွဲမှာလည်း ဆက်ပြီး လွတ်နေဦးမှာ ဖြစ်ပါတယ်။

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားကြသူတွေကတော့ အခုလို ထိပ်သီးဆွေးနွေးပွဲတွေ၊ နိုင်ငံခြားရေး ဝန်ကြီးအဆင့် ဆွေးနွေးပွဲတွေ မှာတင်မက ကျန် အာဆီယံ အဖွဲ့အစည်း အသီးသီးရဲ့ လုပ်ငန်း ယန္တရားတွေ၊ အစည်းအဝေးတွေမှာပါ စစ်ကောင်စီ ကိုယ်စားလှယ်ကို လက်မခံရေး ဆော်ဩနေကြပါတယ်။

လက်တွေ့မှာတော့ တကျော့ပြန် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ အနေနဲ့ မြန်မာနိုင်ငံကို ကိုယ်စားပြုမှု အရှုပ်အထွေးဟာ အာဆီယံ ဒေသတွင်း အဖွဲ့မှာသာမက၊ ကုလသမဂ္ဂ မျက်နှာစာမှာလည်း ဘယ်သူ့ကို၊ ဘယ်အဖွဲ့ကို ကိုယ်စားပြုခွင့် ပေးမလဲ ဆိုတဲ့ အပေါ် တပြေးညီ မူဝါဒမျိုး ရှိမနေတာကို တွေ့နေရပါတယ်။

ဒီတော့ အာဆီယံ ပူးပေါင်း လုပ်ငန်းအဖွဲ့တွေ အားလုံး၊ ဒေသတွင်း အစည်းအဝေးတွေ အားလုံးကနေ စစ်ကောင်စီကို ဖယ်ထုတ်ရေး ဆိုတာ လက်တွေ့ ဖြစ်နိုင်ပါ့မလား ဆိုတဲ့ မေးခွန်းမျိုး ရှိနေပါတယ်။

ဒီ အချိန်မှာပဲ ဒေသတွင်း ထင်ရှားတဲ့ ဝါရင့် သံတမန် တစ်ယောက်ဖြစ်တဲ့ အင်ဒိုနီးရှား နိုင်ငံရေး ဝန်ကြီးဟောင်း ဘန်ဒေါင်းမြို့သား မာတီ နာတာလာဂါးဝ Marty Natalegawa ကတော့ တာဝန်ယူမှု ဖော်ဆောင်ရေး ပြုလုပ်နိုင်ဖို့ ဦးတည်ကြတယ် ဆိုရင် တာဝန်ရှိသူ အဖြစ် ယူဆထားတဲ့ စစ်ကောင်စီ ကိုပါ အထူးအစည်းအဝေးတွေမှာဆို ထည့်သွင်းပြီး စကားပြော ဆိုဖို့ လိုတယ် ဆိုတဲ့ ရှုထောင့်မျိုးကနေ ပြောဆိုခဲ့ဖူးပါတယ်။

ဖိလစ်ပိုင်မှာ ရွေးကောက်ပွဲ နောက်ပိုင်း သမ္မတသစ် ဖြစ်လာတဲ့ မားကို့စ်ဂျူနီယာထံကနေလည်း နေပြည်တော် စစ်ဗိုလ်ချုပ်တွေနဲ့ ထိတွေ့ ဆက်ဆံရေး သဘောထားမျိုး ကြားလာရတာ ရှိပါတယ်။

ဒီတော့ စစ်ကောင်စီနဲ့ NUG အပေါ် ဆက်ဆံရေး ချိန်ခွင်လျှာဟာ အခု လာမယ့်နှစ်အတွင်း ဘယ်ဘက်ကို အလေးသာ သွားနိုင်လဲ ဆိုတာ ဆက်ပြီး စောင့်ကြည့်ဖို့ လိုတယ်လို့ အကဲခတ်တွေက ဆိုပါတယ်။

“ဘက်ပေါင်းစုံနဲ့ ထိတွေ့ ဆက်ဆံရေးဟာ အာဆီယံ မူဖြစ်တယ်၊ Engagement is not acceptance ဆိုတဲ့ အာဆီယံရဲ့ ခံယူချက်အရ  ထိတွေ့ ဆက်ဆံခြင်းသည် အသိအမှတ်ပြုလက်ခံတဲ့ အဓိပ္ပာယ် မသက်ရောက်တဲ့ အတွက် ဆက်ဆံတာဟာ ဘယ်သူနဲ့ မဆို ဆက်ဆံလို့ ရတယ်မဟုတ်လား” ဆိုပြီး အာဆီယံ အရေး ကျွမ်းကျင်သူ သုတေသီ ဒေါ်မိုးသူဇာက ဆိုပါတယ်။