အာဆီယံထိပ်သီး ညီလာခံကနေ ဘာတွေ သိလာရနိုင်လဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
မကြာခင်ရက်ပိုင်း မေလ ၁၀ ရက်နဲ့ ၁၁ ရက် နေ့တွေမှာ အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ ရှိနေပါတယ်။
အဲဒီ ၄၂ ကြိမ်မြောက် ထိပ်သီး ဆွေးနွေးပွဲကို လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌ နိုင်ငံလည်း ဖြစ်၊ အာဆီယံ အတွင်းရေးမှူးချုပ် ရုံးစိုက်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပမှာ ဖြစ်ပါတယ်။
မြန်မာ့ အကျပ်အတည်း ဖြေရှင်းရေးဟာလည်း ဆွေးနွေးစရာ အဓိက အကြောင်းအရာအဖြစ် ထိပ်သီးဆွေးနွေးပွဲအတွင်း ဆက်လက် လွှမ်းမိုးနေမယ်လို့ မျှော်လင့်ရပါတယ်။
အထူးသဖြင့်တော့ အလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားဟာ အခုနှစ်ဆန်းပိုင်းကစပြီး ပြီးခဲ့တဲ့ ၄ လတာ ကာလ အတွင်း “quiet diplomacy” တိတ်ဆိတ်တဲ့ သံတမန်နည်းနာတွေ သုံးပြီး မြန်မာ့ အရေး ပါတွေ လုပ်ဆောင် နေခဲ့သလဲ ဆိုတာကို ကျန် အဖွဲ့ဝင် နိုင်ငံတွေကို ဒီ ထိပ်သီးဆွေးနွေးပွဲအတွင်း ရှင်းပြ ပြောဆိုတာတွေ လုပ်လာလိမ့်မယ်လို့ အာဆီယံရေးရာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
အင်ဒို နိုင်ငံခြားရေး ဝန်ကြီးပြောတဲ့ တိတ်ဆိတ်တဲ့ သံတမန်ရေး ချည်းကပ်မှု

ဓာတ်ပုံ ရင်းမြစ်, Getty Images
မကြာခင်တုန်းကလည်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်တနိုမာဆုဒီက မြန်မာ့အရေးနဲ့ ပတ်သက်ပြီး တိတ်ဆိတ်တဲ့ သံတမန်နည်းနာတွေ သုံးပြီး လုပ်သင့်လုပ်ထိုက်တာတွေ တောက်လျှောက် လုပ်ဆောင်နေတယ် ဆိုတဲ့ သဘောမျိုး ပြောဆိုထားပါတယ်။
မစ္စ မာဆုဒီ ပြောသွားတဲ့ “တိတ်ဆိတ်တဲ့ သံတမန်နည်းနာ” ဆိုတဲ့ ချည်းကပ်မှုဟာ လက်တွေ့မြေပြင် အကောင်အထည် ဖော်ဆောင်နိုင်ရေး အပေါ် ဦးစားပေးပြီး လူသိရှင်ကြား ထုတ်ပြန်တာမျိုးကို ထိန်းထိန်းသိမ်းသိမ်း သတိထား လုပ်တာမျိုး ဖြစ်တယ်လို့ နားလည်ရပါတယ်။
ဒါ့ကြောင့် စစ်ကောင်စီနဲ့ဘက်နဲ့ရော၊ NUG အပါအဝင် ဒီမိုကရက်တစ် မိတ်ဖက် အင်အားစုတွေ၊ အရပ်ဘက်အဖွဲ့တွေနဲ့ကြားမှာ အင်ဒိုနီးရှား ကမကထ လုပ်နေတဲ့ အာဆီယံ မိသားစု အနေနဲ့ ဘယ် အတိုင်းအတာအထိ ညှိနှိုင်းဆွေးနွေးထားတာမျိုး၊ ဘယ်အချက်တွေမှာ သဘောတူမှုတွေ ရထားတာမျိုးတွေ ရှိလဲ ဆိုတာကို အများအနေနဲ့ မသိရှိရ ဖြစ်နေပါတယ်။
ဒါပေမဲ့ တွေ့နေရတဲ့ မြေပြင် အခြေအနေတွေ၊ သတင်းတွေ၊ ဘက်အသီးသီးရဲ့ ပြောဆိုချက်တွေကို ခြုံငုံကြည့်မယ် ဆိုရင်တော့ နိုင်ငံရေး အရ တိုးတက်မှုတွေ၊ မြေပြင် တိုက်ပွဲ လျှော့ချရေးတွေ ဆိုတဲ့ ခေါင်းစဥ်မျိုးတွေထိ ရောက်ဖို့ရာ အလှမ်းဝေးနေဆဲလို့ သုံးသပ်နိုင်ပြီး၊ စာနာမှု ဆိုင်ရာ အကူအညီတွေ ပေးရေး ဆိုတဲ့ အပိုင်းမှာတောင် ထိထိရောက်ရောက် လုပ်ဆောင်နိုင်အောင် အတော်လေး ကြိုးစား နေကြဟန်ရှိတယ်လို့ အကဲခတ်တွေက ဆိုပါတယ်။
ယခုဆောင်းပါးတွင် Google YouTube မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် Google YouTube ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။
End of YouTube post
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ထရက် ဝမ်းပွိုင့်ဖိုက် ဒိုင်ယာလော့ဂ် ဆိုတာ အာဆီယံလမ်းကြောင်းကို ကူညီမှာလား၊ အပြိုင်ထားလာတာလား
အခုနှစ်ဆန်းပိုင်းကစပြီး အာဆီယံ ကျင့်သုံးလာခဲ့တဲ့ နည်းနာတွေထဲ မြန်မာ အပေါ် အစဥ်အဆက် ထောက်ပံ့ ကူညီမှုတွေ လုပ်ကြတဲ့ တရုတ်၊ အိန္ဒိယနဲ့ ဂျပန်တို့ရဲ့ အကူအညီကိုပါ ပိုပြီး ယူလာတယ် ဆိုပြီးတော့လည်း အကဲခတ် တချို့က ဆိုပါတယ်။
အဲဒီလို အာဆီယံရဲ့ ငြိမ်းချမ်းရေး အစီအစဥ်တွေကို စစ်ကောင်စီဘက်က သဘောပေါက် သိမြင်လာရေး၊ ပူးပေါင်း ဆောင်ရွက်တာမျိုး အတိုင်းအတာတစ်ခုထိ ရှိလာပြီး လမ်းပွင့်လာရေး အတွက် ဖော်ဆောင်လာတဲ့ နည်းနာတွေထဲ ပြီးခဲ့တဲ့ လပိုင်းတွေမှာ ဘန်ကောက်နဲ့ ဒေလီမြို့တော်မှာ ပြုလုပ်ခဲ့ကြတဲ့ track 1.5 dialogue မြန်မာ့အရေး ဆွေးနွေးပွဲတွေလည်း ပါဝင်ပါတယ်။
Track 1.5 ဆိုပြီး သံခင်းတမန်ခင်း ဆိုင်ရာ ဝေါဟာရ အနေနဲ့ ရည်ညွှန်း ခေါ်ကြတဲ့ အစိုးရရော၊ အစိုးရ မဟုတ်တဲ့ ကိုယ်စားလှယ်တွေရော၊ တတ်သိပညာရှင်တွေ၊ ကျွမ်းကျင်သူတွေ တစ်မိုးတည်းအောက် အတူ ဆွေးနွေးတဲ့ ဆွေးနွေးပွဲ အမျိုးအစားတွေ မြန်မာ့ အရေး ဖြေရှင်းရေးမှာလည်း စတင် ကျင့်သုံး လာနေခဲ့တာမှာ အတိုင်းတာတစ်ခုထိ တိုးတက်တဲ့ အပေါင်းသဘောဆောင်တဲ့ ရလဒ်မျိုးတွေ ရှိဟန်တူတယ်လို့လည်း အကဲခတ်တွေက ယူဆထားပါတယ်။
အကြောင်းကတော့ ဘန်ကောက် ဒိုင်ယာလော့ဂ် ပြုလုပ်ပြီး ချက်ခြင်းဆိုသလိုပဲ နောက်လထဲမှာ ဒေလီမှာ တခါ ထပ်ပြီး လုပ်ပါတယ်။ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ နောက်တစ်နှစ်ဖြစ်လာမယ့် လာအိုမှာ နောက်တစ်ကြိမ်လုပ်ဖို့လည်း စီစဥ်ပြီး ဖြစ်ပါတယ်။
ဒီတော့ အင်ဒိုနီးရှား ကမကထ လုပ်နေတဲ့ တိတ်ဆိတ်တဲ့ သံတမန်နည်း ဆောင်ရွက်ချက်တွေနဲ့ Track 1.5 ဆွေးနွေးပွဲတွေကနေ ရလာတဲ့ တိုးတက် ဖြစ်ထွန်းမှုတွေကို လာမယ့် ထိပ်သီးညီလာခံ အပါအဝင် တခြား ဆက်စပ်အစည်းအဝေးတွေ အတွင်းမှာ ပိုမို သိမြင်လာရနိုင်ဖွယ် ရှိတယ် ဆိုပြီး အကဲခတ်တွေက ခန့်မှန်း နေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Angshuman Choudhury
ဘီဘီစီ။ ။ ဘန်ကောက်မှာ ပြီးခဲ့တဲ့ လတုန်းက စတင် ပြုလုပ်ခဲ့ပြီး၊ အခုတစ်ခေါက် ဒေလီမှာ လုပ်သွားခဲ့တဲ့ ဒီ Track 1.5 Dialogue တွေ့ဆုံပွဲရဲ့ သဘောသဘာဝက ဘာလဲဗျ။ ဘာကို ရည်ရွယ်ပြီး သူတို့ လုပ်နေကြတာလဲ အန်ရှူမန်ရေ။
အန်ရှူမန်ချောက်ဒရီ။ ။ ဒီ Track 1.5 Dialogue တွေ့ဆုံပွဲတွေဟာ မြန်မာ့ အကျပ်အတည်း ဖြေလျှော့နိုင်ရေးမှာ တနည်းတဖုံ အထောက်အကူပြုဖို့ အတွက် ထိုင်းနဲ့ အိန္ဒိယတို့ဘက်က ကမကထလုပ်လာခဲ့တဲ့ ဆောင်ရွက်ချက်တွေ အဖြစ် ရှုမြင်နိုင်ပါတယ်။
အတိတကျ ဖြေရှင်းရေး နည်းနာ တစ်ခု၊ လမ်းစဥ်တစ်ရပ် ရလာဖို့ အထိ ရည်ရွယ်ကြတယ်လို့တော့ ကျွန်တော် မယူဆပါဘူး။ ဒါပေမယ့် ရေတိုကာလ အတွက် ဘာတွေ လုပ်ဆောင်နိုင်လဲ၊ ဘာတွေ လုပ်ဆောင်သင့်လဲ ဆိုတာတွေ အပေါ် အာရုံစိုက်ကြတာ ဖြစ်တယ်လို့ သုံးသပ်နိုင်ပါတယ်။
အထူးသဖြင့် လက်ရှိ မြန်မာ့ အကျပ်အတည်း ပြဿနာကြောင့် နယ်စပ်ချင်း ထိစပ်နေတဲ့ သူတို့ရဲ့ နယ်မြေတွေထဲမှာပါ သက်ရောက် ရိုက်ခတ်လာနေတဲ့ အကြောင်းချင်းရာတွေ အပေါ် ကိုင်တွယ်ရေး အတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။
ဒီ ဒိုင်ယာလော့ဂ် ဆွေးနွေးပွဲတွေကို တက်တက်ကြွကြွ ကမကထလုပ် ကျင်းပကြတဲ့ နိုင်ငံတွေ၊ စိတ်ဝင်တစား ပါဝင်ကြသူတွေကို ကြည့်ပြီး အဲဒီလို ကောက်ချက်မျိုး ချနိုင်တာ ဖြစ်ပါတယ်။ မြန်မာနဲ့ တိုက်ရိုက် နယ်စပ်ချင်း ထိစပ်နေတဲ့ နိုင်ငံတွေ အဓိက ပါဝင်ကြပါတယ်။
ပြီးတော့ မြန်မာ့အရေး အဖြေရှာဖို့ အတွက် ဆိုပြီး ဒေသတွင်းမှာရော၊ နိုင်ငံတကာကပါ အခုအချိန် အထိ ဆက်လက် ကိုင်စွဲထားတဲ့ အာဆီယံ ဘုံသဘောတူမှု ၅ ချက် အကောင်အထည် ဖော်ရေး နှောင့်နှေး ကြန့်ကြာနေချိန်မှာ အခုလို တွေ့ဆုံပွဲတွေ ဖန်တီးလာတာ ဖြစ်ပါတယ်။
သဘောကတော့ ... မြန်မာ့အကျပ်အတည်းမှာ အာဆီယံနည်းနာနဲ့ တွေ့ဆုံ ညှိနှိုင်း ဆွေးနွေးမှုတွေ ပေါ်ပေါက် မလာနိုင်ဘူး၊ အင်မတန် နှေးကွေး ကြန့်ကြာနေတယ် ဆိုရင် တခြား ဘယ်လို နည်းလမ်းမျိုးတွေရော ရှိနိုင်သေးလဲ၊ မြန်မာနိုင်ငံရဲ့ မတူတဲ့ အုပ်စုတွေကြား ဒိုင်ယာလော့ဂ်တွေ ပေါ်ပေါက်လာအောင် ဘယ်လို ပံ့ပိုး ပေးနိုင်လဲ ဆိုတာကို ရှာဖွေပေးဖို့ ဆိုတဲ့ အသွင်မျိုးကို ဆောင်ထားပါတယ်။
ဒါပေမဲ့ ဒီနေရာမှာ စိုးရိမ်စရာ ကောင်းတဲ့ အချက်တွေ ရှိနေပါတယ်။ စိုးရိမ်စရာ အကောင်းဆုံးကတော့ မြန်မာ့ အကျပ်အတည်း ဖြေရှင်းနိုင်ရေး ဒိုင်ယာလော့ဂ်တွေ ပေါ်ပေါက်လာစေဖို့ ရည်ရွယ်တယ် ဆိုပေမယ့်၊ တကယ်တမ်းကျတော့ စစ်ကောင်စီနဲ့ကြား ဆက်ဆံရေး ထားရှိတာဟာ ဘာပြဿနာမှ မရှိတဲ့ လုပ်ရိုးလုပ်စဥ် ပုံစံမျိုး ဖြစ်လာအောင် normalize လုပ်နေကြတာလား၊ ဖန်တီး နေကြတာလား ဆိုပြီး ကျွန်တော် စိုးရိမ်မိပါတယ်။
ဘီဘီစီ။ ။ တကယ်လို့သာ ဒီ ဆွေးနွေးပွဲတွေဟာ အန်ရှူမန် ပြောသလို စစ်ကောင်စီနဲ့ကြား ဆက်ဆံရေး ထားရှိတာ ဘာမှ မဖြစ်ဘူး၊ ဒါဟာ ပုံမှန် အပြုအမူပဲ ဆိုတဲ့ ပုံစံမျိုး ဖန်တီးလာကြတာ ဆိုရင်ရော ... အဲဒီ လမ်းကြောင်းဟာ ဘယ်လို စိုးရိမ်ဖို့ ကောင်းတာလဲ။ မြန်မာနိုင်ငံထဲက အကြမ်းဖက် ဖြစ်ရပ်တွေ ရပ်တန့်နိုင်ရေး အတွက် စစ်ကောင်စီကို ပြောဖို့ ဆိုရင်လည်း စစ်ကောင်စီနဲ့ကြား ထိတွေ့ဆက်ဆံမှု တစ်နည်းနည်းနဲ့တော့ လုပ်ဖို့ လိုမယ် မဟုတ်ဘူးလား။
အန်ရှူမန်ချောက်ဒရီ။ ။ ဒါဟာ အင်မတန်မှ ကောင်းတဲ့ မေးခွန်းပါ။ အခုလိုမျိုး ဒိုင်ယာလော့ဂ် ဆွေးနွေးပွဲ၊ တွေ့ဆုံပွဲမျိုးတွေဟာ သဘောတရား အားဖြင့်တော့ ကောင်းမွန်ပါတယ်။ သဘောတရား အနှစ်သာရ အားဖြင့်တော့ ပါဝင်ပတ်သက်နေတဲ့ သူတွေ ... သက်ဆိုင်သူ စတိတ်ဟိုလ်ဒါတွေ တစုတဝေးတည်း တွေ့ဆုံကြတဲ့ နေရာမျိုး ဖြစ်ပါတယ်။
အစိုးရပိုင်းက သူတွေရော၊ အစိုးရကို ကိုယ်စားမပြုတဲ့ ပညာရှင် အသိုင်းအဝိုင်းက သူတွေပါ တစ်မိုးတည်းအောက်မှာ လာရောက် စုရုံးကြပြီး ပြဿနာကို အဖြေရှာနိုင်ဖို့ ကြိုးစားကြတယ်ဆိုတာ ကောင်းတဲ့ လုပ်ရပ်ဖြစ်ပါတယ်။
ကျွန်တော်ကိုယ်တိုင်လည်း CSI အင်ဒိုနီးရှား အတွက် ပြီးခဲ့တဲ့နှစ်က တင်သွင်းခဲ့တဲ့ စာတမ်းထဲမှာ အလားတူ အကြံပြုခဲ့ပါတယ်။ မြန်မာ့အရေး အဖြေရှာရာမှာ အာဆီယံတင်မက တခြား သက်ဆိုင်ရာနိုင်ငံတွေ၊ အထူးသဖြင့် မြန်မာနဲ့ နယ်စပ်ချင်းထိနေတဲ့ အိမ်နီးချင်းနိုင်ငံတွေ အားလုံး ပူးပေါင်း လုပ်ဆောင်ကြဖို့ရာ အာဆီယံပလပ်စ် ဖွဲ့စည်းမှုမျိုး တစ်ခု ထားရှိပါ ဆိုပြီး ကျွန်တော် တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
ဒီတော့ အခု ဆွေးနွေးပွဲတွေ လုပ်ဆောင်လာကြတဲ့ အခြေခံ အိုင်ဒီယာ သဘောတရားဟာ ကောင်းမွန်တယ်လို့ ကျွန်တော် လက်ခံပါတယ်။ ဒါပေမယ့်၊ ကျွန်တော့်ရဲ့ စိုးရိမ်မှုကတော့ အခု track 1.5 ဆွေးနွေးပွဲတွေမှာ မြန်မာ့ အကျပ်အတည်း ပဋိပက္ခတွေရဲ့ ဘက်တစ်ဘက်တည်းသာ ပါဝင်ခွင့် ရှိနေတယ်လို့ ကျွန်တော် တွေ့နေရတဲ့ အတွက် ဖြစ်ပါတယ်။
ဒီနိုင်ငံတွေကို စစ်ကောင်စီနဲ့ လုံးဝ စကားမပြောနဲ့ ဆိုပြီး ကျွန်တော် မဆိုလိုပါဘူး။ ပြဿနာကို အဖြေရှာဖို့ရာ၊ ဖြေရှင်းဖို့ရာ စစ်ကောင်စီကို ပြောရဆိုရတာမျိုး လုပ်ဖို့ လိုမှာ အမှန်ပါပဲ။ စစ်ကောင်စီနဲ့ ပြောဖို့ဆိုဖို့ လိုတယ်ဆိုရင်၊ အလားတူပဲ နောက်တစ်ဘက်ခြမ်းနဲ့လည်း ပြောဖို့ဆိုဖို့ လိုမယ် မဟုတ်ဘူးလား။
အခု ကျွန်တော် ထောက်ပြနေတာက ဒီ track 1.5 ဆွေးနွေးပွဲတွေမှာ စစ်ကောင်စီဘက်ခြမ်းရဲ့ ပါဝင်မှုကိုသာ တွေ့ရပြီး၊ နောက်တစ်ဘက်ခြမ်း ဖြစ်တဲ့ ပြည်သူတွေရဲ့ ရွေးကောက်မှုကနေ တရားဝင် ဖွဲ့စည်းထားရှိတဲ့ အရပ်သား အစိုးရ ဘက်ခြမ်း၊ ဒီမိုကရက်တစ် အင်အားစုဘက်ခြမ်းကတော့ လုံးဝ ဘေးဖယ် ခံထားရပါတယ်။
သတင်းရင်းမြစ် တချို့ရဲ့ အဆိုအရတော့ တချိန်ချိန်မှာ NUG ဘက်ကိုလည်း ဖိတ်ကြားတာမျိုး လုပ်မလား ဆိုတဲ့ ဆွေးနွေးမှုမျိုး ရှိခဲ့တယ်လို့ ယေဘူယျ သဘော နားလည်ရပါတယ်။ အတိတကျတော့ မသိရပါဘူး။ လက်ရှိ အခြေအနေထိကတော့ ဒီ ဆွေးနွေးပွဲ ဒိုင်ယာလော့ဂ်တွေဟာ စစ်ကောင်စီကို နေရာပေးပြီး၊ NUG ကို ဘေးဖယ်ထားတဲ့ ဆွေးနွေးပွဲတွေ ဖြစ်နေတာဟာ အဓိက အားနည်းချက် ဖြစ်နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ahacentre.org
ဘီဘီစီ။ ။ အခုလုပ်ခဲ့တဲ့ ဒေလီ ဆွေးနွေးပွဲကို ကြည့်ရင် အတိုင်းအတာ တစ်ခုထိ အဓိပ္ပာယ်ရှိတဲ့ တိုးတက်မှုတွေ ရနိုင်ခဲ့တယ်လို့ မြင်ရလား အန်ရှူမန်။
အန်ရှူမန်ချောက်ဒရီ။ ။ ဆွေးနွေးပွဲအတွင်း ဘာတွေ ပြောကြဆိုကြလည်း ဆိုတာကို ပေါက်ကြားမှု မရှိအောင် အတော်လေး သိုသိုသိပ်သိပ် ထားရှိတဲ့ အတွက်၊ အသေးစိတ်တွေကို သိရှိဖို့ရာ ခက်လှပါတယ်။ ဒါပေမဲ့လည်း သတင်းရင်းမြစ်တချို့ရဲ့ ပြောဆိုမှုတချို့နဲ့၊ အိန္ဒိယ မီဒီယာတွေရဲ့ ရေးသားချက်တချို့တော့ ရှိပါတယ်။
အခြေခံ အားဖြင့်တော့ မြန်မာ့ အကျပ်အတည်းကြောင့် ဖြစ်ပေါ်လာရတဲ့ စာနာမှု ဆိုင်ရာ အခြေအနေတွေ အကြောင်းနဲ့ ဘယ်လို ကိုင်တွယ်ကြမလဲ ဆိုတဲ့ အပေါ် အာရုံစိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အကူအညီ ပေးရေးအတွက် တိကျတဲ့ အခြေခံ လုပ်ငန်းစဥ် မူဘောင် ထွက်ပေါ်တဲ့ အထိ တိုးတက်မှု ရှိခဲ့လား ... ပိုပြီး အရေးကြီးတာက စစ်ကောင်စီ ကိုယ်စားလှယ်တွေ ဘက်ကရော ဘယ်လို သဘောထားမျိုး ရှိလဲ ... တိကျတဲ့ အာမခံချက်မျိုးတွေ ပေးခဲ့လား စတာတွေကို မသိရပါဘူး။
နောက်ပြီး၊ သူတို့ အဓိက အာရုံစိုက်ကြတဲ့ အထဲ လက်ရှိ မြန်မာ့ အကျပ်အတည်းရဲ့ တိုက်ရိုက် သက်ရောက်မှုလို့ ဆိုနိုင်တဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ တိုးမြင့် ပေါ်ပေါက်လာနေတဲ့ အကြောင်းလည်း ပါဝင်တယ်လို့ နားလည်ထားပါတယ်။ တကျော့ပြန် စစ်အာဏာသိမ်းပြီးတဲ့နောက် ဒုက္ခသည် ပြဿနာ အပြင် နယ်စပ်ဖြတ်ကျော် မူးယစ်ကုန်သွယ်တဲ့ ရာဇဝတ်မှုတွေဟာလည်း အဆမတန် တိုးမြင့်လာပါတယ်။
ဒီ အချက်တွေအပေါ် အာရုံစိုက် ဆွေးနွေးခဲ့ကြတယ် ဆိုတာဟာ အံ့ဩစရာတော့ မရှိလှပါဘူး။
ကျွန်တော်တို့ မသိရတာကတော့ မြန်မာနိုင်ငံထဲ ပေါ်ပေါက်နေတဲ့ လူ့အခွင့်အရေး ပြင်းထန် ဆိုးရွားစွာ ချိုးဖောက် ခံနေရတဲ့ အဖြစ်အပျက် အခြေအနေတွေကိုရော ဆွေးနွေးကြရဲ့လား ... ဒါကိုတော့ မသိရပါဘူး။ ဒီအချက်ဟာ စိုးရိမ်ဖို့ ကောင်းပါတယ်။
ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် မကြာခင်မှာပဲ ဒေလီ ဒိုင်ယာလော့ဂ် ကျင်းပတာ ဖြစ်တဲ့ အတွက်၊ ပဇီကြီး ဖြစ်ရပ် အကြောင်း ပါဝင်နိုင်တယ်လို့ ကနဦး သတင်းတွေက ဆိုပေမယ့်၊ တကယ်တမ်း ဆွေးနွေးခဲ့ကြရဲ့လား၊ စစ်တပ်အပေါ် ရှုတ်ချ ပြစ်တင်တာမျိုး လုပ်ခဲ့ကြလား ဆိုတာကို မသိရပါဘူး။
နောက်တစ်ချက်ကတော့ အာဏာသိမ်း မြန်မာ စစ်တပ်ထံကို တရားဝင် ထုတ်ပြန်ခြင်း မရှိတဲ့ လက်နက်တွေ စီးဝင်နေတဲ့ ကိစ္စ၊ လွှဲပြောင်း ပေးနေတဲ့ ကိစ္စ အပေါ်မှာရော ဆွေးနွေးကြရဲ့လား။ ဒါတွေကတော့ အခု track 1.5 ဆွေးနွေးပွဲ အပေါ်မှာ ကျွန်တော် ထုတ်လိုတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။ အဲဒီအရာတွေကို မတို့မထိပဲ ချန်ခဲ့တယ် ဆိုရင်တော့ ဘယ်လို အနှစ်သာရမျိုးမှ ရှိနိုင်မှာ မဟုတ်ပါဘူး။
ဘီဘီစီ။ ။ နောင် အနာဂတ်မှာရော အခုလိုမျိုး 1.5 ဒိုင်ယာလော့ဂ်မျိုးတွေ ဆက်ပြီး လုပ်လာတာကို တွေ့မြင်ရနိုင်ဖွယ်ရှိလား အန်ရှူမန်ရေ။
အန်ရှူမန်ချောက်ဒရီ။ ။ သူတို့ရဲ့ အစီအစဥ်ကတော့ နောက်တစ်ကြိမ် တွေ့ဆုံဆွေးနွေးပွဲကို လာအိုနိုင်ငံမှာ ကျင်းပမယ်လို့ သိရပါတယ်။ လာအိုဟာ လာမယ့်နှစ်မှာ အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌ နိုင်ငံ ဖြစ်ပါတယ်။
ဒီနေရာမှာ ကျွန်တော် ထောက်ပြလိုတဲ့ အချက်လည်း ရှိပါတယ်။ ဒီ ဆွေးနွေးပွဲတွေ ပြုလုပ်ရတဲ့ အခြေခံ ရည်မှန်းချက်တစ်ခုကတော့ အာဆီယံ ဘုံ သဘောတူမှု ၅ ချက် လက်တွေ့ အကောင်အထည် ဖော်ရေးမှာ တစ်ဖက်တစ်လမ်းကနေ လမ်းပွင့် စေဖို့ ဖြစ်တယ်လို့ ဆိုပေမယ့်၊ အာဆီယံ နိုင်ငံအားလုံး ပါဝင်မှု မရှိတာဟာ သတိပြုမိဖွယ် ဖြစ်ပါတယ်။
အာဆီယံရဲ့ မူလ အဖွဲ့ဝင်တွေ မဟုတ်ပဲ စီ အလ်လ် အမ် ဗွီ (CLMV) နိုင်ငံတွေလို့ ရည်ညွှန်း ခေါ်ကြတဲ့ နောက်တိုး နိုင်ငံတွေရဲ့ ပါဝင် ပတ်သက်မှုကိုပဲ တွေ့ရပါတယ်။ ဒါတောင် ကမ္ဘောဒီးယား၊ လာအိုနဲ့ ကာယကံရှင် မြန်မာက စစ်ကောင်စီဘက်ခြမ်းပဲ ပါပြီး၊ ဗီယက်နမ် ပါတာကို မတွေ့ရပါဘူး။ အင်ဒိုနီးရှားကတော့ လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ နိုင်ငံ အဖြစ် အဖိတ်ခံရတာကို တွေ့ရပါတယ်။
အခုလိုမျိုး track 1.5 ဆွေးနွေးပွဲတွေ ကျင်းပလာတဲ့ အပေါ် ကျန် အာဆီယံ နိုင်ငံတွေရဲ့ သဘောထား ရပ်တည်မှုကို အတိတကျ မသိရပါဘူး။ ဒီတော့ အာဆီယံထဲက အစိတ်အပိုင်း တချို့ပဲ ပါဝင်တဲ့ ဆွေးနွေးပွဲတွေကနေ ထွက်ပေါ် လာတာတွေဟာ အာဆီယံ အဖွဲ့အတွင်း တစည်းတလုံး ဖြစ်စေမယ့် အစား၊ ပိုပြီး ရပ်တည်မှု ကွဲပြားသွားစေနိုင်တဲ့ အန္တရာယ်မျိုးလည်း ရှိနေပါတယ်။
အာဆီယံ မိသားစုအဖြစ် ဖွဲ့စည်း တည်ဆောက်ထားမှုကို ဗဟိုပြုပြီး ကမ္ဘာ့ မိတ်ဖက် နိုင်ငံတွေနဲ့ကြား ဆက်ဆံရေး ဆိုတဲ့ ASEAN centrality အပေါ်ကိုလည်း ထိခိုက် နိုင်စေပါတယ်။
ဒီ လို အာဆီယံ နိုင်ငံတွေ အားလုံး ပါဝင် ပတ်သက်မှု မရှိတဲ့ အပြိုင် လမ်းကြောင်းမျိုးကနေ ဆိုရင် ... အာဆီယံ ဘုံ သဘောထား ၅ ချက် အကောင် အထည် ဖော်ရေး အတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြုစေမယ့် နည်းနာတွေ ထွက်လာမှာထက် စာရင် ... ပိုပြီး သွေးကွဲသွားစေမယ့် အန္တရာယ်မျိုးလည်း ရှိနိုင်တာကို ထည့်သွင်းစဥ်းစားဖို့ လိုမယ်လို့ ထင်ပါတယ်။
နောက်ပြီး အာဆီယံရဲ့ ဘုံသဘောထား ၅ ချက်ကို အထောက်အကူ ပြုဖို့ ဆိုရင် မြန်မာ့ အရေးမှာ အာဆီယံရဲ့ ရပ်တည်ချက် အခြေခံမူက ဘာလဲ ဆိုတာနဲ့ ချိန်ထိုး နှိုင်းဆရမှာ ဖြစ်ပါတယ်။ အာဆီယံ ထိပ်သီး ညီလာခံကနေ ထွက်ပေါ်လာတဲ့ ထုတ်ပြန်ချက် အရလည်း မြန်မာ့အရေး အဖြေရှာရာမှာ ဘက်ပေါင်းစုံ ပါဝင်ရေး ဆိုတာကို အခြေခံထားတာဖြစ်ပါတယ်။
လက်တွေ့ အနေအထားမှာတော့ စစ်ကောင်စီဘက်ကရော၊ NUG ဘက်ကရော ဒိုင်ယာလော့ဂ်အတွက် စိတ်ဆန္ဒ လုံးဝ မရှိတာကို ထင်ထင်ရှားရှား ပြနေပါတယ်။ စစ်တပ်ကို လုံးဝ ဖယ်ရှားရေး တစ်ဖက်က ပြောနေသလို၊ တစ်ဖက်ကလည်း NUG ဟာ အကြမ်းဖက်အဖွဲ့ သာ ဖြစ်တယ်ဆိုပြီး ထပ်ပြန်တလဲလဲ ပြောနေပါတယ်။
ဒီလို အခြေအနေမျိုးမှာ တစ်ဖက်ကိုသာ နေရာပေးတဲ့ ဖိတ်ခေါ်တဲ့ ဆွေးနွေး အဖြေရှာမှုမျိုးဟာ ဘယ်လောက် ယုံကြည်စိတ်ချဖွယ်ရာ ကောင်းနိုင်မလဲ ဆိုတဲ့ မေးခွန်းမျိုး ထွက်လာစေပါတယ်။
ကြားဝင် ညှိနှိုင်းပေးလိုတဲ့ နိုင်ငံတွေအနေနဲ့ အခြေခံ အားဖြင့်တော့ ပါဝင်သင့် ပါဝင်ထိုက်တဲ့ သူတွေ အားလုံးကို ဖိတ်ခေါ်တဲ့ ရပ်တည်မှုမျိုးတော့ အနည်းဆုံး ပြသဖို့ လိုပါတယ်။
ပြန်ချုပ်ရရင်တော့ နောက်တကျော့ track 1.5 ဆွေးနွေးပွဲကို လာအိုမှာ ကျင်းပမယ်လို့ ဆိုပေမယ့် အာဆီယံ နိုင်ငံတွေ အားလုံး ပါဝင်မှာလား၊ ကျိူးကြောင်း ညီညွတ်တဲ့ ဘယ်လို ရလဒ်မျိုး အနည်းဆုံး ထွက်ပေါ်လာနိုင်ဖို့ ရည်မှန်းထားကြလဲ ... စတဲ့ အချက်တွေကတော့ ပြီးခဲ့တဲ့ ဆွေးနွေးပွဲတွေ တုန်းကလိုပဲ အများအတွက် အသိရခက်နေဆဲ ... မရှင်းမလင်း ဖြစ်နေဆဲပဲလို့ ဆိုချင်ပါတယ်။

ဘီဘီစီ။ ။ အန်ရှူမန်လည်း ကောင်းကောင်း သတိထားမိမှာပါ။ ဘန်ကီမွန်းဟာ The Elders အဖွဲ့ကို ကိုယ်စားပြုပြီး နေပြည်တော် ခရီးစဥ်ကို လတ်တလော ပြုလုပ်ခဲ့တယ်။ အဲဒီ ကာလ ဝန်းကျင်မှာပဲ စစ်ကောင်စီ ကိုယ်စားလှယ်တွေ ပါဝင် ပတ်သက်ခွင့် ရှိတဲ့ ဒေလီ ဒိုင်ယာလော့ဂ်လည်း ရှိနေခဲ့တယ် ဆိုတော့ ... ဒါတွေ အားလုံးဟာ ကြုံကြိုက် တိုက်ဆိုင်မှုလား .... စစ်ကောင်စီနဲ့ကြား ထိတွေ့ဆက်ဆံရေးကို နိုင်ငံတကာ အသိုင်းအဝိုင်းက လမ်းကြောင်း တချို့ အပြိုင် ထားရှိ လာကြတာကို ပြသနေတယ်လို့ ယူဆ နိုင်လားဗျ။
အန်ရှူမန်ချောက်ဒရီ။ ။ ဘန်ကီမွန်း ခရီးစဥ်နဲ့ ဒေလီ ဒိုင်ယာလော့ဂ်ဟာ တိုက်ဆိုင်မှု ဟုတ်တယ် မဟုတ်ဘူး ဆိုတာ အပြတ် ပြောနိုင်လောက်တဲ့ သက်သေ အထောက်အထားမျိုး ကျွန်တော့်မှာ မရှိပါဘူး။ ဒါပေမယ့် ပိုကျယ်ပြန့်တဲ့ “pattern” လို့ ခေါ်ရမယ့် အသွင်တူ ဖြစ်စဥ်တွေ ရှိနေတာကိုတော့ သတိထားမိ ပါတယ်။ ခင်ဗျား ပြောသလိုပဲ ကမ္ဘာ့ ဇာတ်ခုံပေါ်မှာ စစ်ကောင်စီဟာ ချန်လှပ်ထား ခံနေရတာကနေ ၊ ပလက်ဖောင်းနေရာ ပေးတာမျိုး ပိုပိုပြီး တွေ့လာရပါတယ်။ ဘန်ကီးမွန်း အနေနဲ့ NUG ဘက်နဲ့လည်း တွေ့ဆုံဖို့ ကြိုးစားနေတယ် ဆိုတဲ့ ပြောဆို ချက် တချို့ ရှိပေမယ့် အခုထက်ထိတော့ မြင်မလာရသေးပါဘူး။
ဘန်ကီမွန်းရဲ့ ခရီးစဥ်ဟာ The Elders ဘက်က နောက်ပိုင်း ဘယ်လိုပဲ ထုတ်ပြန်သည် ဖြစ်စေ၊ စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိရေးမှာ အသုံးချ ခံရတာကတော့ အသေအချာပါပဲ။ သူတို့ရဲ့ ဂလိုဘယ် နယူးလိုက် သတင်းစာ ရှေ့ဖုံးမှာ စစ်ခေါင်းဆောင်နဲ့ ဘန်ကီမွန်း ဘေးချင်း ယှဥ်လျက်ထိုင်တာကို အကြီးအကျယ် မီးမောင်းထိုး ဖော်ပြပါတယ်။
ဘန်ကီမွန်းနဲ့ NUG ခေါင်းဆောင်ပိုင်း အတူတွဲပြီး မမြင်မတွေ့ရတာကလည်း လက်တွေ့ အချက်အလက်ပဲ ဖြစ်ပါတယ်။ ဒီတော့ ဘန်ကီးမွန်း ခရီးစဥ်ဟာ စစ်ကောင်စီကို ကမ္ဘာ့ဇာတ်ခုံပေါ် နေရာပေးတဲ့ ဖြစ်ရပ် တစ်ခု အဖြစ် ဝေဖန်မှုတွေ ထွက်လာတာ ဖြစ်လာပါတယ်။ အနည်းဆုံးတော့ စစ်ကောင်စီ အတွက် ဖိုတိုအော့ပ် “photo op” လို့ ခေါ်တဲ့ “ပြစား” ဖို့ရာ အခွင့်အရေး ရသွားခဲ့ပါတယ်။
စစ်ကောင်စီ အနေနဲ့ PR လို့ ခေါ်တဲ့ အများနဲ့ ဆက်ဆံရေး ဗျူဟာ ပိုပြီး ကောင်းမွန်အောင် ကျင့်သုံး လာနိုင်တာလား ဆိုတဲ့ အချက်ကိုလည်း ဒီနေရာမှာ ထည့်သွင်း စဥ်းစားသင့်တယ်လို့ ကျွန်တော် ယူဆပါတယ်။ စစ်ကောင်စီရဲ့ ဖိတ်ခေါ်ချက်အရ ဘန်ကီမွန်း သွားခဲ့တာဆိုပြီးတော့လည်း The Elders အဖွဲ့ဘက်ကလည်း ထုတ်ပြောထားတယ် မဟုတ်လား။
ဒီတော့ ကောက်ချက်ချရရင် နိုင်ငံတကာ မျက်နှာစာပေါ်တက်ဖို့ စစ်ကောင်စီဘက်ကလည်း ဗျူဟာမြောက် ကျင့်သုံးလာနေပြီး၊ သူတို့ကို နေရာပေးဖို့ ဝန်မလေးကြသူတွေနဲ့ ပေးမယ့် နေရာ ပလက်ဖောင်းမျိုးတွေ အသင့် ရှိနေတယ် ဆိုတဲ့ အချက်အပေါ် အားလုံး မျက်ခြေမပြတ်ကြဖို့ လိုမယ် ထင်ပါတယ်။








