ချက်နိုင်ငံမှာ တနိုင်ငံလုံး တမိနစ်ငြိမ်သက် - ဒီဇင်ဘာလ ၂၃ ရက် နိုင်ငံတကာသတင်းများ

Prague

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရေးသားခဲ့သည်။

ချက် ပြည်သူ့သမ္မတနိုင်ငံမှာ ကျောင်းသားတယောက်က ကြာသပတေးနေ့က လူပေါင်း ၁၄ ယောက်ကို ပစ်သတ်ခဲ့တဲ့အပေါ် ဝမ်းနည်းတဲ့ အထိမ်းအမှတ်အနေနဲ့ ဒီနေ့မှာ တနိုင်ငံလုံး တမိနစ်ကြာ ငြိမ်သက်အောက်မေ့ခဲ့ကြပါတယ်။

နိုင်ငံက ဝမ်းနည်းအမှတ်ရတဲ့နေ့ကို သမ္မတ ပက်တာ ပါဗဲလ်က ဦးဆောင်ကာ ပရပ်ဂ်မြို့တော်က စိန့် ဗစ်တပ်စ် ဘုရားကျောင်းကြီးမှာ လူတွေ စုဝေးခဲ့ကြပြီး နိုင်ငံရေးသမားတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

ဝမ်းနည်းတဲ့ အထိမ်းအမှတ်အနေနဲ့ ဥရောပ သမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ၊ နေတိုးအဖွဲ့ဝင် နိုင်ငံတွေဆီက ခရစ်ယာန်ဘုရားကျောင်းတွေကလည်း ခေါင်းလောင်းတွေ ထိုးခဲ့ကြ ပါတယ်။

ပရပ်ဂ်က တက္ကသိုလ်တခုမှာ ကြာသပတေးနေ့က ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လူအများ အပြားသေဆုံးခဲ့ကာ နောက်ထပ် ဒါဇင်နဲ့ ချီတဲ့လူတွေလည်း ဒဏ်ရာရခဲ့ကြပါတယ်။

ပစ်ခတ်တဲ့ လူကို ရဲတွေ ဝိုင်းမိထားစဉ်မှာ သူဟာ သူ့ကိုယ်သူ ပစ်သတ်သွားပါတယ်။

အဲဒီလူဟာ သူ့ အဖေကိုလည်း ပစ်သတ်ခဲ့သလိုနဲ့ အနီးအနား တောအုပ်ထဲက တခြား လူ ၂ ယောက်ကိုလည်း သတ်ခဲ့တယ်လို့ ရဲတွေက ယူဆကြပါတယ်။

ရာနဲ့ချီတဲ့ ပါလက်စတိုင်း တွေကို အစ္စရေးက ဖမ်းခေါ်သွား

Gaza

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပါလက်စတိုင်း ဒုက္ခသည်စခန်းက လုံခြုံရေး ကင်းမဲ့လာ

ဟားမတ်စ်နဲ့ အစ္စလာမ်မစ် ဂျီဟတ်ဒ်အဖွဲ့ဝင် ၂၀၀ ကျော်ကို မေးမြန်းစစ်ဆေးဖို့ အတွက် အစ္စရေးကို ခေါ်သွားတယ်လို့ အစ္စရေး တို့က ပြောပါတယ်။

အစ္စရေး စစ်တပ်နဲ့ ပြည်တွင်းလုံခြုံရေးအဖွဲ့က ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်ထဲမှာ ဒီလူတွေဟာ အရပ်သား ပြည်သူတွေထဲမှာ ပုန်းအောင်းနေခဲ့ကြပြီး နောက်ပိုင်းမှာ အစ္စရေးတပ်တွေထံ လက်နက်ချခဲ့ကြတယ်လို့ ဆိုပါတယ်။

အခုအချိန်အထိ ပါလက်စတိုင်း တိုက်ခိုက်ရေး သမား ၇၀၀ ကျော်ကို အစ္စရေးကို ဖမ်းခေါ် ခဲ့တယ်လို့လည်း သူတို့က ပြောပါတယ်။

ဂါဇာတောင်ပိုင်းမှာ သူတို့ စစ်ဆင်ရေးတွေ လုပ်နေသလို မြောက်ပိုင်းမှာလည်း လုပ်နေတယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။

ရွေးကောက်ပွဲနီးလားတဲ့ ထိုင်ဝမ်ကျွန်းနားမှာ တရုတ် စစ်အင်အားပြပြန်

Taiwan

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထိုင်ဝမ် မဲဆွယ်ပွဲ တခုအတွင်း

ထိုင်ဝမ်မှာ သမ္မတရွေးကောက်ပွဲ ၃ ပတ်လောက်ပဲ လိုတော့တဲ့ ဒီကာလမှာ တရုတ်က သူတို့ ကျွန်းတဝိုက်ကို တိုက်လေယာဉ်တွေ၊ စစ်သင်္ဘောတွေ စေလွှတ်နေတယ်လို့ ထိုင်ဝမ်က ပြောပါတယ်။

ထိုင်ဝမ်ကျွန်းကို သူတို့ ပိုင်နက်လို့ သဘောထားထားတဲ့ တရုတ်အစိုးရဟာ အရင် ထိုင်ဝမ် ရွေးကောက်ပွဲတွေ တုန်းကလည်း သူတို့ရဲ့ စစ်အင်အားကို ပြသလေ့ရှိ ပါတယ်။

တဘက်မှာလည်း တရုတ်က ချဉ်းကပ်မှု ပုံစံတမျိုးနဲ့ ထိုင်ဝမ်ကနေ Grouper ငါး တင်သွင်းမှု ပိတ်ပင်ထားတာကို မနေ့ သောကြာနေ့ က ပြန်ဖွင့်ပေးခဲ့ပါတယ်။

တရုတ်က မုန့်ပြလိုက်၊ တုတ်ပြလိုက် မူဝါဒ ကျင့်သုံးနေတယ်လို့ လေ့လာ စောင့်ကြည့် သူတွေက ပြောကြပါတယ်။

တရုတ်နဲ့ ဆက်ဆံရေးနဲ့ ပတ်သက်လို့ ထိုင်ဝမ်က ရွေးချယ်ခံ သမ္မတလောင်းတွေ အကြားမှာ အမြင် သိသိသာသာ ကွဲပြားကြပါတယ်။