ဂါဇာတောင်ပိုင်းကနေ ပါလက်စတိုင်းတွေ ထွက်ခွာကြဖို့ အစ္စရေးလိုက်သတိပေးနေ-ဒီဇင်ဘာလ ၁ ရက် ညပိုင်းသတင်းများ

ဂါဇာ၊ အစ္စရေး၊ အပစ်ရပ်၊
ဓာတ်ပုံ ပုံစာ, ၇ ရက်ကြာ အပစ်ရပ်အပြီး အစ္စရေးဘက်က ဗုံးကြဲတိုက်ခိုက်မှုတွေ ပြန်စခဲ့
ရေးသားခဲ့သည်။

၇ ရက်ကြာ အပစ်အခတ် ရပ်စဲထားမှု ပြီးဆုံးသွားခဲ့အပြီး ဂါဇာမှာ တိုက်ပွဲတွေ ပြန်စခဲ့တာနဲ့ပတ်သက်လို့ အစ္စရေးနဲ့ ဟားမတ်စ်တို့က တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် အပြစ်ဖို့နေကြပါတယ်။

အစ္စရေးတို့ဘက်က ဗုံးကြဲတိုက်ခိုက်မှုတွေ ပြန်စစချင်း နာရီပိုင်းအတွင်းမှာပဲ ပါလက်စတိုင်း ၃၀ သေဆုံးခဲ့တယ်လို့ ဂါဇာဒေသက ဟားမတ် ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ဗုံးကျည်ထိမှန်ခဲ့တဲ့ နေရာတွေထဲမှာ ဂါဇာတောင်ပိုင်းက နေရာတွေလည်း ပါဝင်ပြီး အဲဒီမှာ မီးခိုးလုံးကြီးတွေ တက်လာတာကို တွေ့ရပါတယ်။

ဂါဇာဒေသတောင်ပိုင်း ခန်းယူနစ်စ်မြို့နားတဝိုက်မှာ လူတွေကို ထွက်ခွာကြဖို့ သတိပေးထားတဲ့ လက်ကမ်းစာရွက်တွေကို အစ္စရေးတပ်ဖွဲ့က ဝေဟင်ကနေ ကြဲချခဲ့ပါတယ်။

ဒါ့အပြင် နေအိမ် စွန့်ခွာကြဖို့ ပြောထားတဲ့ အရပ်သားတွေ ဘယ်နေရာကို သွားရမလဲ ဆိုတဲ့ ဇုန်နေရာ မြေပုံတစ်ခုကိုလည်း ဂါဇာဒေသတစ်ဝန်းက အရပ်သားတွေအတွက် အစ္စရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒီအတောအတွင်းမှာပဲ ယူနီဆက်ဖ် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့က လူအစုလိုက်အပြုံလိုက် ဘေးကပ်ဆိုးကြီးတစ်ခု မဖြစ်အောင် တားဆီးဖို့အတွက် အရေးပေါ် အပစ်အခတ် ရပ်စဲရေးတစ်ခု လုပ်ဖို့ ထပ်မံတောင်းဆိုလိုက်ပါတယ်။

ယူနီဆက်ဖ် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ ပြောခွင့်ရသူက ဂါဇာမှာ လက်ရှိ အကြီးဆုံး လည်ပတ်နေတဲ့ နက်ဆာ ဆေးရုံမှာ သူရောက်နေကြောင်းနဲ့ အဲဒီဆေးရုံကနေ မီတာ ၅၀ ၊ ၁၀၀ လောက်အကွာကို ဗုံးကျည် ကျခဲ့ပြီး ထိခိုက်ဒဏ်ရာရထားတဲ့ ကလေး၊ လူကြီး လူနာတွေ ဆေးရုံထဲ အပြုံလိုက် ရောက်လာနေကြောင်း ပြောပါတယ်။

မိလ္လာသန့်စင်ရေး အခြေခံ ဝန်ဆောင်မှုတွေ အကြီးအကျယ် ပျက်ပြားသွားပြီ ဖြစ်တဲ့အတွက် ရေကနေတစ်ဆင့် ကူးစက်ရောဂါတွေ ဖြစ်ပွားလာမယ့် အန္တရာယ် ရှိနေတယ်လို့ ယူနီဆက်ဖ် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ ပြောခွင့်ရသူက သတိပေးသွားခဲ့ပါတယ်။

လယ်ယာစိုက်ပျိုးမှုနဲ့ စားနပ်ရိက္ခာ ထောက်ပံ့မှု ကြေညာချက် COP 28 ညီလာခံမှာ သဘောတူ

cop 28၊ ကမ္ဘာကြီးပူနွေးလာမှု

ဓာတ်ပုံ ရင်းမြစ်, UN PRESS OFFICE

ဓာတ်ပုံ ပုံစာ, cop 28 ရာသီဥတု ပြောင်းလဲလာမှု တိုက်ဖျက်ရေး ထိပ်သီးညီလာခံ ဒုတိယမြောက်နေ့

ဒူဘိုင်းမှာ ကျင်းပနေတဲ့ COP 28 ရာသီဥတု ပြောင်းလဲလာမှု တိုက်ဖျက်ရေး ထိပ်သီးညီလာခံ ဒုတိယမြောက်နေ့မှာ ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေက လယ်ယာစိုက်ပျိုးမှုနဲ့ စားနပ်ရိက္ခာ ထောက်ပံ့မှု ဆိုင်ရာ ကြေညာချက်ကြီးတစ်ရပ်ကို သဘောတူ လက်မှတ်ရေးထိုးလိုက်ကြပါတယ်။

ဒါဟာ လူတွေရဲ့ စိုက်ပျိုးမှု၊ စားသုံးမှုက ကမ္ဘာကြီး ပူနွေးလာမှုမှာ အရေးပါတဲ့ အချက်တစ်ချက် ဆိုတာကို ကုလသမဂ္ဂ နှစ်စဉ်ညီလာခံတစ်ခုမှာ ပထမဆုံးအကြိမ် အသိအမှတ်ပြုလိုက်တာ ဖြစ်ပါတယ်။

ဒီကြေညာချက်ကို နိုင်ငံပေါင်း ၁၃၀ ကျော်က လက်မှတ်ရေးထိုး သဘောတူခဲ့ကြပါတယ်။

အဲဒီနိုင်ငံတွေထဲမှာ အမေရိကန်နဲ့ တရုတ်တို့လို စားနပ်ရိက္ခာ ထုတ်လုပ်၊ ဝယ်ယူစားသုံးတဲ့ အဓိက နိုင်ငံကြီးတွေ ပါဝင်ပါတယ်။

ကမ္ဘာကြီး ပူနွေးလာမှုကို ပူးပေါင်း တိုက်ဖျက်ဖို့ ဒီညီလာခံကြီးကို တိုက်တွန်းခဲ့သူတွေထဲမှာ ဘရာဇီးနဲ့ အိန္ဒိယ နိုင်ငံက ခေါင်းဆောင်တွေရော၊ ဗြိတိန်ဘုရင် ချားလ်စ် တို့ပါ ပါဝင်ပါတယ်။

မြောက်ကိုရီးယား လူပုဂ္ဂိုလ် ၁၁ ဦးကို နိုင်ငံပေါင်း ၄ နိုင်ငံ ပူးပေါင်း ဒဏ်ခတ်ပိတ်ဆို့ဖို့ရှိ

မြောက်ကိုရီးယား၊ ထောက်လှမ်းရေး ဂြိုဟ်တု၊ ဒဏ်ခတ်ပိတ်ဆို့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့ သီတင်းပတ်က စစ်ထောက်လှမ်းရေး ဂြိုဟ်တုတစ်စင်း မြောက်ကိုရီးယား စမ်းသပ်ပစ်လွှတ်ခဲ့

မြောက်ကိုရီးယားအစိုးရရဲ့ ဂြိုဟ်တုနဲ့ ပဲ့ထိန်းဒုံးကျည် ထုတ်လုပ်မှုတွေမှာ ပါဝင်ခဲ့သူတွေလို့ ဆိုတဲ့ မြောက်ကိုရီးယား လူပုဂ္ဂိုလ် ၁၁ ဦးအပေါ် တောင်ကိုရီးယားက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လိုက်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ သီတင်းပတ်က စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေး ဂြိုဟ်တု တစ်ခု မြောက်ကိုရီးယားအစိုးရက ပစ်လွှတ်ခဲ့တာကို တုံ့ပြန်တဲ့ အနေနဲ့ လုပ်ခဲ့တာလို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ ဒီ စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေး ဂြိုဟ်တု ပစ်လွှတ်ခဲ့မှုကြောင့် ကြာသပတေးနေ့က အမေရိကန်အစိုးရကလည်း မြောက်ကိုရီးယားအပေါ် နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ကြေညာခဲ့ပါတယ်။

ဂျပန်နဲ့ သြစတြေးလျအစိုးရတို့ကလည်း မြောက်ကိုရီးယားအပေါ် အလားတူ ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်မယ်လို့ အရိပ်အမြွက် ပြောထားပါတယ်။ မြောက်ကိုရီးယားအပေါ် နိုင်ငံကြီး ၄ နိုင်ငံစလုံးက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်တူလုပ်တာ ဒါ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ရုရှားတိုက်ခိုက်မှုအတွင်း အရပ်သား ၄ ဦး သေဆုံးတယ်လို့ ယူကရိန်းပြော

ယူကရိန်း၊ ရုရှား တိုက်ခိုက်မှု၊ အရပ်သားသေဆုံး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရုရှားတပ်ဖွဲ့က အမြောက်တွေ၊ ရော့ကက်ဒုံးတွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းဆို

ရုရှားတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ယူကရိန်းအရပ်သား ၄ ဦး သေဆုံးခဲ့ပြီး အဲဒီထဲက ၃ ဦးဟာ ခါဆွန်ဒေသက ဖြစ်တယ်လို့ ယူကရိန်း အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

ရုရှားတပ်ဖွဲ့တွေက အမြောက်တွေ၊ ရော့ကက်ဒုံးတွေ၊ တင့်ကားပစ်အမြောက်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ခါဆွန်မြို့ကို အမြောက်ကျည်တွေ ထိမှန်ခဲ့တယ်လို့ ဒေသန္တရ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း သေဆုံးသွားတဲ့ နောက်အရပ်သားကတော့ ဒွန်းညက်စ်ခ်ဒေသက ဖြစ်ပါတယ်။

ရုရှား သိမ်းပိုက်ထားတဲ့ နယ်မြေနဲ့ ကပ်လျက် ယူကရိန်းနိုင်ငံတွင်းက တခြားဒေသ အများအပြားမှာလည်း ရုရှားတပ်ဖွဲ့ရဲ့ အမြောက်ကျည်တွေကြောင့် ဒဏ်ရာရသူတွေ ရှိခဲ့ပြီး အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့တယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။