မတ် ၁၂ရက် ဘီဘီစီရဲ့နောက်ဆုံးရသတင်းများ - ဖားကန့်မှာ KIO ဝန်ထမ်းနဲ့ ဒေသခံတွေကို စစ်တပ်ကဖမ်းဆီး

ဓာတ်ပုံ ရင်းမြစ်, KNG
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဖာပြင်ရွာမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဝန်ထမ်းအပါအဝင် ဒေသခံ ၁၀ဦးကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မတ်လ ၁၁ရက်နေ့၊ မနက် ၁၁နာရီ လောက်က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၁၁ရက်နေ့၊ ဖားပြင်ရွာနီးစပ် ကျောက်စိမ်းလုပ်ကွက် မှော်ပတ်လည်တစ်ဝိုက် အခွန်အခ ကောက်ခံ ရေး ဆွေးနွေးမယ့် အစည်းအဝေးလုပ်ဖို့ပြင်ဆင်နေချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရောက်ရှိလာပြီး ဖမ်းဆီးခဲ့တာလို့ ဖားပြင်ဒေသခံတွေထံကသိရပါတယ်။
“ကေအိုင်အို ဝန်ထမ်းကတော့ လေးယောက် လို့သိရတယ် လူများတယ်လို့တော့ပြောတယ် ပါကျဲရိုး ကားငါးစီးအပြည့်ဘဲတဲ့သူတို့စီးလာတဲ့ကားတွေနဲ့ဘဲခေါ်သွားတယ်။လူကတော့တစ်ဆယ်ကျော်လောက်ပါ သွားတယ်လို့လဲပြောတယ် အတိအကျတော့ မသိရသေးဘူး”လို့ ဖားပြင်ဒေသခံ ကဆိုပါတယ်။
အဲဒီအဖမ်းအဆီး ဖြစ်စဉ်တွေအပြီးမှာတော့ ဆိပ်မူ ဖားပြင်ဘက်မှာ စစ်ကောင်စီတပ်တွေ က လုံခြုံရေး ယူပြီးစစ်ဆေးမှုတွေလဲ ရှိခဲ့တယ်လို့ဆိုပါတယ်။
မတ်လ ၁၁ ရက်နေ့ ကေအိုင်အို ဝန်ထမ်းတွေ ဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီးကေအိုင်အို သတင်းနဲ့ပြန်ကြားရေး တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကတော့ ဖမ်းဆီးခံရတာကိုသိရပေမယ့်၊ နောက်ထပ် အသေးစိတ်သတင်းတွေကို ထပ်မံသိရှိရတာမရှိသေးဘူးလို့ ဘီဘီစီကိုဖြေကြားပါတယ်။
၂၀၂၃ ခုနှစ် နှစ်ဆန်းကာလမှာတော့ ဖားကန့်မြို့နယ်အတွင်းမှာ စစ်ကောင်စီဘက်က မကြာခဏ ဆိုသလို ဖမ်းဆီးမှုတွေကို ပြုလုပ်နေတာလည်းဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်အင်အား ၄၀၀ ကျော်နဲ့ လမ်းပိုင်းရှင်းလင်းရေးလုပ်နေတယ်လို ဆို
မကွေးတိုင်း ပခုက္ကူမြို့အခြေစိုက်တပ်ရင်း ၁၀၁ အပါအဝင်၊ အင်အားရာချီတဲ့ စစ်ကြောင်းနဲ့ စစ်ယာဥ်တန်း တွေက ပခုက္ကူကတဆင့် ပေါက်မြို့နယ်ထဲကို မနေ့ကစတင်ပြီးရောက်ရှိနေပြီလို့ ဒေသကာကွယ်ရေးအဖွဲ့ တွေဘက်ကသိရပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မတ်လ ၁၀ရက်နေ့၊ ပခုက္ကူဘက်က ထွက်ခွာလာတဲ့ အစီးရေ ၇၀ ကျော်ပါတဲ့ စစ်ယာဥ်တန်းက ပေါက်မြို့ နယ်အတွင်းမှာရပ်တန့်နေပြီး အဲဒီယာဥ်တန်းနဲ့အတူ ပါလာတဲ့ အင်အား ၄၀၀ ကျော် စစ်ကောင်စီခြေလျင် အဖွဲ့ဝင်တွေက ပေါက်ကတဆင့် ပုံတောင်ကို ဖြတ်ကျော်ကာ ယောနယ်ဘက်ကို ဝင်ရောက်လာပြီလို့ ယောဒေသကာကွယ်ရေးတပ်တွေ ထံကသိရပါ တယ်။
“အခုကျွန်တော်တို့ဘက်ကိုရောက်နေပြီ။ ပုံတောင်ထိပ်ကို၊ ပုံတောင်ကျော်လာပြီး သပျင်းရွာကိုရောက်နေပြီ။ ခါတိုင်းဆိုလည်း ဒီလမ်းတိုင်းပဲ ခြေလျင်အရင်လာပြီးမှ ကားတွေကဖြတ်ကြတာ” လို့ ကျောက်ထုဒေသကာ ကွယ်ရေးတာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ယောဒေသကာကွယ်ရေးတပ်တွေရဲ့ ယူဆချက်အရ အဲဒီစစ်ကြောင်းက ချင်းပြည်နယ်၊ မင်းတပ်အထိကို သွားနိုင်တယ်လို့ ပြောဆိုကြပါတယ်။
အခုလို ရှေ့ပြေးစစ်ကြောင်းတွေ လမ်းရှင်းလင်းပြီးမှသာ ပါရှိလာတဲ့ စစ်ယာဥ်တန်းတွေက ဖြတ်သန်းတာမျိုး ဖြစ်နိုင်တယ်လို့လည်း ယောဒေသကာကွယ်ရေးတပ်တွေက ပြောကြပါတယ်။
ဒါပေမယ့် ပေါက်မြို့နယ်ကိုရောက်နေတဲ့ စစ်ယာဥ်တန်းတွေမှာတော့ ဘယ်လိုပစ္စည်းမျိုးတွေကိုတင်ဆောင် လာတယ်ဆိုတာကိုတော့ လက်ရှိအချိန်ထိ အတိအကျမသိရသေးပါဘူး။
ဒါကြောင့်လည်း ပခုက္ကူ - ကျောက်ထုလမ်းပိုင်းကိုလည်း မတ်လ ၁၀ရက်ကစလို့ အရေးကြီးအခြေအနေက လွဲရင်အသုံးမပြုကြဖို့ ကျောက်ထုကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ဒေါ်တောမုန့်တီ
မန္တလေးမြို့ က ဒေါ်တော မုန့်တီဆိုင်ကို ဒီကနေ့ မတ်လ ၁၂ရက် မနက်ပိုင်းက အမျိုးသား ၂ဦးဝင်ရောက် ပြီး ဓားပြတိုက်မှု ဖြစ်သွားခဲ့တယ်လို့ ဒေါ်တောမုန့်တီဆိုင်ကအတည်ပြုပါတယ်။
မန္တလေးမှာ ဒေါ်တော မုန့်တီဆိုင် ၂ ဆိုင်ရှိပြီး အခုဖြစ်ပွားတဲ့ဆိုင်က မန္တလေးမြို့၊ ၂၆ လမ်း၊ မြို့တော်ဥယျာဉ်အရှေ့ဘက် ဖို့ကုန်းရပ်က ဆိုင်မှာဖြစ်ခဲ့တာလို့ ဆိုပါတယ်။
"ကျွန်တော်အစ်မကိုသေနတ်နဲ့ ထောက်ပြီး ကျန်တဲ့သူတွေကို ထိုင်ခိုင်းထားတယ်။ အမျိုးသား ၂ယောက် တစ်ယောက်က သေနတ်နဲ့ နောက်တစ်ယောက်က လက်ပစ်ဗုံးနဲ့ အစ်မရဲ့လက်ဝတ်လက်စားတွေအကုန်ယူသွားတာ။ သိန်းတစ်ရာကျော်ဖိုးလောက်တော့ရှိပါတယ်" လို့ ဆိုင်ပိုင်ရှင် မိသားစုဝင်အမျိုးသားက ဘီဘီစီကို ပြောပါတယ်။
ဓားပြတိုက်လာသူ အမျိုးသား ၂ဦးက သက်လတ်ပိုင်းအရွယ် ၂ဦးဖြစ်ပြီး၊ ဆိုင်ကယ်တစ်စီးနဲ့ မနက် ၅နာရီကျော်မှာရောက်ရှိလာတာဖြစ်ပြီး၊ ဆိုင်ကယ်ဦးထုပ်အပြင် နှာခေါင်းစည်းလည်းတပ်ဆင်ထားကြတယ်လို့ အဲဒီအမျိုးသားက ဘီဘီစီကိုပြောပါတယ်။
ဖြစ်စဥ်ဖြစ်ပြီးနောက်ပိုင်း စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေရောက်ရှိခဲ့ပြီး ဖြစ်စဥ်ကိုတိုင်ကြားအမှုဖွင့်ထားတာမျိုးကို ဆိုင်ဘက်က လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။
ဒေသခံအချို့ပြောကြားချက်အရ ဆိုင်အတွင်း သေနတ်ပြခြိမ်းခြောက်လုယူတာဖြစ်ပြီး ဆိုင်ပြင်မှာ သေနတ်ပစ်ဖောက်တာလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။
မန္တလေးမြို့ ဟာ အာဏာသိမ်းပြီးနောက် ဓားပြမှု၊လုယက်မှုနဲ့ ခိုးမှုတွေ မကြာခဏဖြစ်ပေါ်နေပြီး နာမည်ရဆိုင်ကြီးတွေကို ဝင်ရောက်ဓားပြတိုက်မှုကလည်း ခပ်စိတ်စိတ်ဖြစ်ပေါ်နေလို့ လုံခြုံမှုမရှိတော့ဘူးဆိုပြီး မြို့ခံတွေကဝေဖန်နေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Taze News
မတရားပြုကျင့်ခံရတဲ့ အနေအထားနဲ့ သေဆုံးတယ်လို့ဆို
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ အရှေ့ဘက် မှာ မနေ့ မတ်လ ၁၁ရက်က အမျိုးသမီးရုပ်အလောင်းတစ်ခု တွေ့ရှိရပြီး ဦးခေါင်းမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာကိုတွေ့ရတယ်လို့ ဒေသခံအချို့က ပြောပါတယ်။ သေဆုံးနေတဲ့ ပုံအရ မတရားပြုကျင့် ခံရ တဲ့ ပုံစံနဲ့ သေဆုံးနေတယ်လို့ ပြောဆိုမှုတွေလည်းရှိနေပါတယ်။
သေဆုံးသူဟာအသက် ၂၆နှစ်အရွယ် တန့်ဆည်မြို့ (လမ်းဆုံ) စျေးဟောင်းအတွင်း ကုန်စုံဆိုင် တခုက အရောင်းဝန်ထမ်း တစ်ဦးဖြစ်ပြီး ကာပေါင်းကျကျေးရွာနေသူလို့သိရပါတယ်။
သူ့ကို ပြီးခဲ့တဲ့ မတ်လ ၄ ရက်က သေဆုံးသူ အမျိုးသမီး အလုပ်လုပ်ကိုင်နေတဲ့ ကုန်စုံဆိုင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး သုံးဘီးမောင်းသူ အမျိုးသားတစ်ဦးလည်း သူနဲ့အတူ ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။ သုံးဘီးမောင်းသူ အမျိုးသားကတော့ မိသားစုနဲ့ အဆက်အသွယ်မရသေးဘူးလို့ သိရပါတယ်။
သေဆုံးခဲ့တဲ့ အမျိုးသမီးကိုတော့ စစ်ကြောင်းတလျှောက် ခေါ်ဆောင်သွားတဲ့ အခြေအနေဖြစ်နိုင်တယ်ဆိုတဲ့ သုံးသပ်ပြောဆိုမှုတွေလည်းရှိနေသလို ဒေသတွင်း Taze News ရဲ့ ဖော်ပြချက်အရ မတ်၁၀ ရက်က တန့်ဆည်မြို့ အရှေ့ဘက် ဖလံချိုင်ရွာအနီး စစ်ကောင်စီတပ် မိုင်းဆွဲ တိုက်ခိုက်ခံရတဲ့နောက် ဖမ်းဆီးခံအမျိုးသမီးကို သတ်ဖြတ်ခဲ့တာလို့ဆိုပါတယ်။
မုဒိမ်းကျင့်ခံရပြီး သေဆုံးတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။ တန့်ဆည်မြို့က အမျိုးသမီး မတရားကျင့်ခံရပြီးသတ်ဖြတ်ခံရတယ်ဆိုတဲ့ အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက် ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KNDF
ရှမ်းကယားနယ်စပ် ပင်လောင်းမြို့နယ်ထဲက တောင်မဲရွာ၊ တောင်မဲကင်းရွာ၊ နန့်နှိမ်ရွာ၊ လုံးပြင်ရွာ အပြင် ပင်လောင်းနဲ့ ဖယ်ခုံနယ်စပ်က တောင်တလုံးနဲ့ မြောက်တလုံး စတဲ့ရွာတွေက ရွာလုံးကျွတ်စစ်ဘေးတိမ်းရှောင် နေရတယ်လို့ KNDF ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဘက်က သိရပါတယ်။
အဲဒါအပြင် ဒီးမော့ဆို မြို့နယ်ထဲက ဒေါဒမကြီး၊ ဒေါညင်းခူ၊ ဒေါဆိုဖျားတို့လည်း အလားတူ ရွာလုံးကျွတ် စစ်ဘေးရှောင်နေကြရပါတယ်။
အဲဒီရွာတွေက အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပထမဦးဆုံး ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ရတဲ့ ကယားနဲ့ ရှမ်းကယားနယ်စပ်က ရွာကြီးတွေဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က သိရပါတယ်။
စစ်ဘေးရှောင် အကူအညီပေးသူတွေအနေနဲ့လည်း လက်ရှိထွက်ပြေးတိမ်းရှောင်လာရသူတွေရဲ့ အရေ အတွက်ကို အတိအ ကျမသိကြရသေးပေမယ့် လူဦးရေ တစ်ထောင်ကျော်အထိကို ရှိတဲ ရွာကြီးတွေ ဖြစ်တယ်လို့ ပြောကြပါ တယ်။
အခုလို တိမ်းရှောင်ရတာက ဒီးမော့ဆိုမြိုန့ယ်အရှေ့ဘက်ခြမ်း (ဘောလခဲ) မြို့နယ်ဘက်ကနေ စစ်ကြောင်း တွေက ဒေသခံ ကာကွယ်ရေးတပ်တွေ ခိုလှုံတည်လို့ ယူဆထားတဲ့နေရာနဲ့ ကာကွယ်ရေးအဖွဲ့တွေ စိုးမိုးထား တဲ့နေရာတွေကို၊ ဖေဖော်ဝါရီ နောက်ဆုံးအပတ်ကစလို့ မတ်လ ၁၂ရက်နေ့အထိ စစ်ကြောင်းထိုး တိုက်ခိုက် တာ၊ လက်နက်ကြီး၊ လေကြောင်းနဲ့ပါပစ်ခတ်တာတွေကြောင့်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောကြ ပါတယ်။
အဲဒါအပြင် လွိုင်ကော်ဘက်နေလည်း ဒီးမော့ဆိုဘက်ကို အလားတူ စစ်ကြောင်းထိုး တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
အလားတူ ဒီကနေ့ မနက်ပိုင်းအထိကို ကယားပြည်နယ်ထဲက ဒီးမော့ဆို နဲ့ ရှမ်းကယားနယ်စပ်က ပင်လောင်း၊ မိုးဗြဲ စတဲ့မြို့နယ်တွေထဲမှာလည်း စစ်တပ်နဲ့ KNDF၊KA၊PDF (Phekhon)၊ PDF (Moe Bye)၊ PNDF(KK)၊SSRY အပြင် အခြားမဟာမိတ်တပ်ပေါင်းတို့အကြား တိုက်ပွဲတွေပြင်းထန်နေ တာပါ။
မတ်လ (၁၁) ရက်နေ့ ၊နေ့လည်(၁၁း၀၀) နာရီခန့်မှာလည်း ပအိုဝ်းစစ်ရှောင်ပြည်သူများ ခိုလှုံနေသော နမ်းနှိမ် ကျေးရွာက ဘုန်ကြီးကျောင်းအပါအဝင် နေအိမ် ၄၀ လောက်ကိုမီးရှို့ခဲ့သလို၊ ဒီးမော့ဆိုမြို့နယ်ထဲက ကျေးရွာ အချို့မှာလည်း နေအိမ်အချို့ မီးရှို့ခံခဲ့ရတယ်လို့ KNDF ဘက်က သိရပါတယ်။
ဒီးမော့ဆို၊ ပင်လောင်း၊ မိုးဗြဲဘက်က တိုက်ပွဲတွေ၊ မီးရျို့မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ပြောဆိုထားတာတော့ မရှိသေးပါဘူး။ ဒေသခံအချို့ကတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က မီးရှို့တာဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေရှိနေလို့ နေအိမ်မီးလောင်မှုနဲ့ပတ်သက်လို့ ဘီဘီစီကသီးခြားအတည်ပြူနိုင်တာ မရှိသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, KNU
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃)၊ မူးမြို့နယ်အတွင်း ကို မတ်လ ၁၁ရက် မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်နေပြီး ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တယ်လို့ KNU ကထုတ်ပြန်ပါတယ်။
မူးမြို့နယ်အတွင်း သင်္ကန်းပင်ကျေးရွာအတွင်းကို စစ်ကြောင်းထိုးဝင်ရောက်တာမတိုင်ခင် စစ်တောင်းမြစ် နံဘေးရှိ ကျေးရွာတွေဖြစ်တဲ့ ရေလဲအနောက်ဘက်ကမ်းကျေးရွာကို လက်နက်ကြီး ၁၀ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး ရွာအပြင်ဘက်တွင်လည်း ဆယ်ချီ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလက်နက်ကြီးတွေကျရောက်ပေါက်ကွဲလို့ ရေလဲအနောက်ဘက်ကမ်းကျေးရွာနဲ့ သင်္ကန်းပင်ကျေးရွာက ဒေသခံ ၁၃၀၀ကျော်ဟာ အသက်ဘေးလွတ်ရာ ကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ထုတ်ပြန်ချက်ကဖော်ပြပါတယ်။
ဒါ့အပြင် မနေ့ မတ် ၁၁ရက် နေ့လည် ပိုင်းကလည်း မူးမြို့နယ်၊ လူအကျေးရွာအတွင်းကို ဒရုန်းမှာ လက်နက်တပ်ဆင် ပစ်ခတ်လို့ ဒေသခံ နှစ်ဦးဖြစ်တဲ့ အသက် ၁၄ နှစ်အရွယ် ရှိ စောအယ်ခူစိုး နဲ့ အသက် ၄၅ နှစ်ရှိ စောပြည့်စုံ ဆိုသူနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားတာပါ။
လက်ရှိမှာစစ်ကောင်စီဘက်က ကေအဲန်ယူ-မူးမြို့နယ် စီမံအုပ်ချုပ်နယ်မြေ အတွင်းက ကျေးရွာတွေအတွင်း စစ်ကြောင်းအင်အားဖြည့်တင်းတာတွေလုပ်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ ကေအဲန်ယူ-မူးမြို့နယ် စီမံအုပ်ချုပ်နယ်မြေ အတွင်းက စစ်ရေး အခြေအနေနနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်တာမတွေ့ရသေးပါဘူး။








