အောက်တိုဘာ ၃၀ ရက် ထိပ်တန်းသတင်းများ - ‘‘ဝ’’နဲ့ မိုင်းလားက အွန်လိုင်းလိမ်လည်မှုတွေ နှိမ်နင်းရေး တရုတ်ကို စစ်ကောင်စီ ဘာပြောလဲ

ဓာတ်ပုံ ရင်းမြစ်, AFP
ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်း တရုတ် - မြန်မာနယ်စပ်မှာရှိနေတဲ့ "ဝ" နဲ့ မိုင်းလား အထူးဒေသတွေမှာမြန်မာအစိုးရရဲ့ နိုင်ငံ့ဝန်ထမ်းတွေတစ်ယောက်မှမရှိကြောင်း တရုတ်ယွမ်ငွေကိုသာ သုံးကြပြီး တရုတ်စကားပြောကြတာကြောင့် ဒီဒေသတွေက ကိစ္စတွေဟာ စစ်ကောင်စီက ပါဝင်မှု မရှိဘူးလို့ ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။
"ဝ" နဲ့ မိုင်းလား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်ရပ်ထားတာဖြစ်လို့ ငြိမ်းချမ်းရေးပျက်စီးမှာ စိုးရိမ်တာကြောင့် စစ်တပ်အနေနဲ့ က ပါဝင်လို့မရဘူးလို့လည်း ထည့်ပြောပါသေးတယ်။
စစ်ကောင်စီရဲ့ အသုံးအနှုန်းအရ "ဝ" နဲ့ မိုင်းလားဒေသတွေမှာ စစ်ကောင်စီရဲ့ တရားဥပဒေစိုးမိုးရေးအဖွဲ့တွေ ဝင်ရောက်နိုင်မှသာ တရုတ်အစိုးရအတွက် အရေးတကြီးဖြေရှင်းဖို့ လိုအပ်တဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှုတွေကို နှိမ်နင်းနိုင်မယ့်အကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောခဲ့တာပါ။
ဒီလို ရဲ၊ အကောက်ခွန် နဲ့ လူဝင်မှုကြီးကြပ်ရေးအဖွဲ့တွေ "ဝ" နဲ့ မိုင်းလားဒေသတွေထဲ ဝင်ရောက်နိုင်ဖို့အတွက်လည်း တရုတ်နိုင်ငံနဲ့ပါ ပူးပေါင်းပြီး ဖိအားပေးဖို့ လိုတယ်လို့ ပြောပါတယ်။
တရုတ်မီဒီယာတစ်ခုဖြစ်တဲ့ Phoenix News Media နဲ့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းတို့ရဲ့ အောက်တိုဘာ ၂၃ ရက်နေ့က တွေ့ဆုံမေးမြန်းခန်းဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီကနေ့ သတင်းစာတွေမှာ အကျယ်တဝင့်ထည့်သွင်းဖော်ပြထားပြီး အခုအကြောင်းအရာကို ထည့်ပြောခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Mongla News
မြန်မာနိုင်ငံထဲ လုပ်ကိုင်နေတဲ့ အွန်လိုင်းငွေကြေးလိမ်လည်နေတဲ့အဖွဲ့တွေကို "ဝ" ၊ မိုင်းလား နဲ့ ကိုးကန့်ဒေသတွေအများဆုံးဖမ်းမိနေတာဖြစ်ပြီး ကိုးကန့်ဒေသက လွဲပြီး ကျန်ဒေသ နှစ်ခုဟာ အထူးဒေသတွေဖြစ်တာကြောင့် စစ်ကောင်စီရဲ့ ကွပ်ကဲမှုအောက်က လွတ်မြောက်နေတယ်လို့ တရုတ်မီဒီယာကိုဖြေကြားချိန်မှာ စစ်ကောင်စီက ဝန်ခံလိုက်ပါတယ်။
ဒါအပြင် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်မှုရှိတယ်ဆိုပြီး တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ်ထားတဲ့ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က အရာရှိနှစ်ဦးဟာလည်း "ဝ" နယ်မြေထဲက ထွက်သွားတဲ့ အထောက်အထားမရှိကြောင်း စစ်ကောင်စီက ထည့်ပြောပြီး အွန်လိုင်းလိမ်ညာမှုတွေကို UWSA ဘက်က အကာအကွယ်ပေးနေတာလို့လည်း စွပ်စွဲပြောခဲ့ပါတယ်။
ဒါပေမဲ့ အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းတွေဟာ စစ်အာဏာသိမ်းပြီး ၂၀၂၁ - ၂၀၂၂ ကာလမှသာ မြန်မာနိုင်ငံမြောက်ပိုင်းမှာ စတင်လုပ်ကိုင်လာတဲ့အကြောင်း ထည့်ပြောခဲ့ပါတယ်။
" ဝ" ဘက်ကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလကစလို့ သူတို့ဒေသထဲက တရုတ်နိုင်ငံသား ထောင်နဲ့ချီကို တရုတ်အာဏာပိုင်တွေဆီ သုံးကြိမ်ထက်မနည်းလွှဲပြောင်းပေးထားခဲ့ပြီး တရုတ်ဖမ်းဝရမ်းထုတ်ထားတဲ့ အရာရှိနှစ်ဦးကိုလည်း တာဝန်က ရပ်နားခဲ့ပါတယ်။
၁၀၂၇ စစ်ဆင်ရေး စစ်ကိုင်းတိုင်း၊ ထီးချိုင့်အထိရောက်လာ

ဓာတ်ပုံ ရင်းမြစ်, AFP
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒီနေ့မနက်ပိုင်း စစ်ကောင်စီ လေကြောင်းကနေ နှစ်ကြိမ်တိုက်ခိုက်
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာ ၁၀၂၇ စစ်ဆင်ရေးအဖြစ် တိုက်ပွဲဖော်ဆောင်နေပြီး နှစ်ဖက်စစ်ရေးပြင်းထန်နေတယ်လို့ ဒီကနေ့မှာ မြောက်ပိုင်းမဟာမိတ်တွေဘက်က တရားဝင်ထုတ်ပြန်လာခဲ့ပါတယ်။
ထီးချိုင့်မြို့နယ်၊ မော်ကွန်းတောင်အနောက်ဖက် တောင်ရိုးတလျှောက်က တိုက်ပွဲတွေမှာ ရက္ခိုင့်တပ်တော် AA ၊ ကချင်လွတ်လပ်ရေးတပ် KIA သာမက ပြည်သူ့ကာကွယ်ရေးတပ် PDF ခရိုင်တပ်ရင်းတွေအပါအဝင် ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်နေတယ်လို့ စစ်ရေးသိရှိသူတွေက ပြောပါတယ်။
"လွန်ခဲ့တဲ့တစ်ပတ်လောက်ကတည်းက ထီးချိုင့်မှာ တိုက်ပွဲတွေစဖြစ်တယ်၊ ၂၈ ရက်ကစပြီးတော့ တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေတယ်။ တောင်ရိုးပေါ်က သူတို့ဗျူဟာကုန်းကို တိုက်နေတာ သူတို့ (စစ်ကောင်စီ) ကလည်း တကောင်း ဘက်ကနေ တပ်ကူတွေ ဖြည့်ထားပြီ" လို့ ကသာခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဒုတိယတာဝန်ခံက ပြောပါတယ်။
ဒါကြောင့် ဒီကနေ့ အောက်တိုဘာ ၃၀ ရက်မနက်ပိုင်းမှာတင် စစ်ကောင်စီလေယာဉ် သုံးကြိမ်တိတိ လာရောက်ပျံဝဲခဲ့ပြီး နှစ်ကြိမ်ကတော့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
မြောက်ပိုင်းမဟာမိတ်တွေရဲ့ ထုတ်ပြန်ချက်အရလည်း ထီးချိုင့်မြို့မှာ အောက်တိုဘာ ၂၇ ရက်နေ့ကစလို့ ဒီကနေ့ အချိန်အထိ တိုက်ပွဲဆက်တိုက်ပြင်းထန်နေပြီး ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲတွေထဲ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု အများဆုံးနေရာတွေထဲက တစ်ခုဖြစ်ကြောင်း ပြောလာပါတယ်။
၁၀၂၇ စစ်ဆင်ရေးအနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာသာမက ကချင်အပါအဝင် အခြားမဟာမိတ်တွေရှိရာ နေရာဒေသတွေ၊ စစ်ဆင်ရေးရဲ့ အရေးကြီးတဲ့နေရာတွေ နဲ့ စစ်ဆင်ရေးကို အထောက်အပံ့ ဖြစ်စေတဲ့ နေရာတွေမှာ တိုက်ပွဲဖြစ်နေတယ်လို့ ဒီကနေ့ နေ့လယ် ၁၂ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြစ်ကြီးနား-မိုးကောင်းရထားလမ်းကို စစ်ကောင်စီ ပြန်ပြေးဆွဲမယ်

ဓာတ်ပုံ ရင်းမြစ်, CJ
အာဏာဖီဆန်ရေးအကြမ်းမဖက်လှုပ်ရှားမှု(CDM)ကြောင့် စစ်အာဏာသိမ်းပြီးကတည်းက နှစ်နဲ့ချီအောင် ပိတ်ထားရတဲ့ မြစ်ကြီးနား-မိုးကောင်းလမ်းပိုင်းကို နိုဝင်ဘာလ ၁ ရက်မှာ ပြန်လည်ပြေးဆွဲဖို့ စစ်ကောင်စီက ပြင်ဆင်နေပါတယ်။
အောက်တိုဘာလ ၂၇ ရက်မှာ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်တဲ့ ရထားလမ်းပြန်လည်ပြေးဆွဲရေး အစည်းအဝေးအပြီးမှာ အခုအစီအစဥ်ထွက်ပေါ်လာတာပါ။
စစ်ကောင်စီဘက်ကတော့ မြစ်ကြီးနား-မိုးကောင်း အသွားအပြန်ပြေးဆွဲမယ့် ဒီခရီးစဥ် ပြန်လည်စတင်တဲ့ သီတင်းတစ်ပတ်အတွင်းမှာ ခရီးသည်တွေကို အခမဲ့စီးနင်းခွင့်ပေးမယ်လို့ ဆိုပါတယ်။
ရထားသံလမ်းတွေပေါ်က ချုံနွယ်တွေကို စစ်ကောင်စီရဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က တပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေက အခုနှစ် ဇူလိုင်လတုန်းက ရှင်းလင်းတာတွေ လုပ်ခဲ့ပါတယ်။
အဲဒီနောက် စစ်ကောင်စီဟာ မြစ်ကြီးနားကနေ မန္တလေးဘက်ကို ပြန်လာတဲ့ လမ်းပိုင်းမှာ မိုးကောင်းအထိ ရထားလမ်းပြန်သွားလို့ရအောင် ပြီးခဲ့တဲ့လတွေအတွင်းပြင်ဆင်နေတာဖြစ်ပါတယ်။
စစ်ကောင်စီဟာ စက်တင်ဘာလ ၁ ရက်မှာ မိုးကောင်းအထိ လမ်းပြန်ပေါက်အောင် ရှင်းလင်းဖို့ ရည်မှန်းထားခဲ့တာဖြစ်ပြီး အခုတော့ ၂ လအတွင်းမှာ ရထားပြေးဆွဲလာတာဖြစ်ပါတယ်။
ဒါပေမဲ့ စစ်ကောင်စီဟာ ရထားပြေးဆွဲဖို့ စီစဥ်နေတဲ့ မြစ်ကြီးနား-မိုးကောင်း ခရီးစဥ်ဟာ ရေရှည်မှာ မဖြစ်လာနိုင်ဘူးလို့ သုံးသပ်ကြပါတယ်။
‘‘ကွန်ဖားတုန်းတုံးတွေ ကျော်ပြီး ခင်းထားတယ်။ အဖြစ်ပေါ့။ မိုးကောင်း - မြစ်ကြီးနား ပြေးဆွဲမယ်ဆိုရင်လည်း မိုးကောင်းကနေ မိုးညှင်းအထိပြေးမှ ရမယ်။ မိုးညှင်းမှာက လောင်စာဆီ ထည့်ရမယ်။ ရထားခေါင်းစက်ရုံက အဲဒီမှာရှိနေတာကိုး’’ လို့ CDM ရုံပိုင်တစ်ဦးက ဘီဘီစီကို ပြောထားဖူးပါတယ်။
တဖက်မှာလည်း စစ်ကိုင်းတိုင်းကိုဖြတ်တဲ့ မန္တလေး-မြစ်ကြီးနား လမ်းပိုင်းထဲက စစ်ကိုင်း-ဝက်လက် လမ်းပိုင်းမှာ ရထားလမ်းပြင်ဆင်နေတာ လနဲ့ချီကြာမြင့်နေပြီဖြစ်ပြီး လမ်းပိုင်းဘေးက ကျေးရွာတွေဟာ စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့တွေကြောင့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
မြန်မာ-တရုတ် နယ်စပ်လုံခြုံရေး ဆွေးနွေး

ဓာတ်ပုံ ရင်းမြစ်, CCTV
တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင်ရဲ့ ဒုတိယဥက္ကဋ္ဌ မစ္စတာ ကျန်းယူရှင်း (Zgang Youxia) နဲ့ စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းတို့ ဘေကျင်းမြို့မှာ တွေ့ဆုံခဲ့ပြီး နယ်စပ်လုံခြုံရေးကိစ္စဆွေးနွေးခဲ့တယ်လို့ တရုတ်အစိုးရပိုင်မီဒီယာတွေမှာ ဖော်ပြပါတယ်။
နယ်စပ်ဒေသလုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် တရုတ်နိုင်ငံနဲ့ လက်တွဲဆောင်ရွက်ဖို့ မျှော်လင့်ကြောင်း တရုတ် ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ က ပြောခဲ့သလို စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးကလည်း စစ်တပ်နှစ်ခုကြား ဘက်စုံပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိကြောင်း တုံ့ပြန်ပြောခဲ့ပါတယ်။
နယ်ပယ်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုအားကောင်းလာဖို့အပြင် မြန်မာစစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ဆက်ဆံရေး ဆက်လက်ထိန်းသိမ်းသွားဖို့ တရုတ်ဘက်က အဆင်သင့်ဖြစ်နေကြောင်း ဒုတိယဥက္ကဋ္ဌ မစ္စတာ ကျန်းယူရှင်း (Zgang Youxia) က ထည့်သွင်းပြောခဲ့ပါတယ်။
နှစ်ဖက် အရာရှိကြီးတွေဟာ ဘေကျင်းမြို့မှာ ကျင်းပနေတဲ့ ရှင်ကျန်းဖိုရမ်ကို တက်ရောက်နေချိန် အောက်တိုဘာလ ၂၉ ရက်မှာ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းမထုတ်ပြန်သေးပါဘူး။
စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်ကို တရုတ်နိုင်ငံတော်ကောင်စီဝင် မစ္စတာဝမ်ရှောက်ဟုန် ဒီညနေ လာရောက်ဖို့ ရှိနေပြီး တရုတ် - မြန်မာနယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်တွေအကြောင်းနဲ့ ရှမ်းမြောက်တခွင် တိုက်ပွဲတွေအကြောင်း ဆွေးနွေးဖို့ရှိတယ်လို့ ဘီဘီစီက စုံစမ်းသိရှိထားပါတယ်။
အောက်တိုဘာ ၂၇ ရက်နေ့ကစလို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ ကိုးကန့်တပ်(MNDAA)၊ တအာင်းတပ် (TNLA)နဲ့ ရက္ခိုင့်တပ်(AA)တို့က ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့ပြီး ရှမ်းမြောက်တခွင်က စစ်ကောင်စီစခန်း ၅၇ ကို သိမ်းယူထားနိုင်ပြီလို့ တရားဝင် ကြေညာထားပါတယ်။
စစ်ကောင်စီဘက်ကလည်း ရှမ်းမြောက်စခန်းတွေတိုက်ခိုက်ခံရကြောင်း ဘီဘီစီကို အတည်ပြုထားပါတယ်။
တရုတ်နိုင်ငံတော်ကောင်စီဝင် နေပြည်တော်လာမယ်

ဓာတ်ပုံ ရင်းမြစ်, တရုတ်နိုင်ငံတော်ကောင်စီ
ရှမ်းပြည်နယ်မြောက်ပိုင်းကနေ တရုတ်နယ်စပ်အထိ ဖြစ်ပွားနေတဲ့ ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်းမှာပဲ တရုတ်နိုင်ငံရဲ့ နိုင်ငံတော်ကောင်စီဝင် မစ္စတာဝမ်ရှောက်ဟုန်ရဲ့ နေပြည်တော် ခရီးစဉ်ရှိနေပါတယ်။
ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာနဝန်ကြီးလည်းဖြစ်တဲ့ မစ္စတာဝမ်ရှောက်ဟုန်ဟာ ဒီရက်ပိုင်းအတွင်းမှာပဲ နေပြည်တော်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံသွားဖို့ရှိတယ်လို့ ဘီဘီစီရဲ့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
မစ္စတာဝမ်ရဲ့ ခရီးစဉ်ဟာ ၁၀၂၇ စစ်ဆင်ရေး မစတင်ခင်ကတည်းက ကြိုတင်စီစဥ်ထားတဲ့ ခရီးစဉ်ဖြစ်ပေမဲ့ သူ့ခရီးစဉ်အတွင်းမှာ ရှမ်းမြောက်တခွင်က တိုက်ပွဲတွေနဲ့ တရုတ်နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်တွေအကြောင်းကိုလည်း ထည့်သွင်းဆွေးနွေးဖွယ်ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန်) နှိမ်နင်းရေး ကိစ္စတွေပါ ဆွေးနွေးကြဖို့ရှိတယ် လို့ ဘီဘီစီ က စုံစမ်းသိရှိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာက တရုတ်နိုင်ငံမှာပြုလုပ်တဲ့ ဒုတိယအကြိမ် ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုညီလာခံကို မစ္စတာဝမ်ရှောက်ဟုန်က ဦးဆောင်ကျင်းပခဲ့တာဖြစ်ပြီး ပြည်ထဲရေးဒုတိယဝန်ကြီး၊ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါတယ်။
လားရှိုး-မူဆယ်လမ်းပေါ်က စစ်ကောင်စီစခန်းတစ်ခုအသိမ်းခံရ

ဓာတ်ပုံ ရင်းမြစ်, TNLA ပြန်ကြားရေး
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်ထဲ လားရှိုး-မူဆယ်လမ်းပေါ် က စစ်ကောင်စီ တပ်စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ တအာင်းတပ်(TNLA) က သတင်းထုတ်ပြန်ပါတယ်။
မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်က မိုင်းလီကျေးရွာအနီးမှာ တပ်စခန်းတစ်ခုကို မနေ့ညပိုင်းမှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီစခန်းကနေ သေနတ် ၁၄ လက်၊ ပစ္စတို ၁ လက်၊ လက်ပစ်ဗုံး ၁၀ လုံး၊ ၄၀ မမ ဗုံးသီး ၁၂ လုံး၊ ကျည်တွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းမိခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် တအာင်းတပ်ဟာ တပ်မဟာ ၆ စစ်ဒေသ၊ လားရှိုးမြို့နယ်ထဲက မိုင်ကျက်တပ်စခန်းကို ဒီနေ့ မနက် ၄ နာရီကျော်ကတည်းက တိုက်ခိုက်နေတယ်လို့ သတင်းထုတ်ပြန်ပါတယ်။
မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ တအာင်းတပ်(TNLA)၊ ကိုးကန့်တပ်(MNDAA)နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ဟာ အောက်တိုဘာလ ၂၇ ရက်မှာ ၁၀၂၇ စစ်ဆင်ရေး ဆိုပြီး ရှမ်းမြောက်တခွင်နဲ့ ကိုးကန့်ဒေသတွေမှာ စစ်ကောင်စီတပ်စခန်းတွေကို စီးနင်းတိုက်ခိုက်နေတာဖြစ်ပါတယ်။
အဲဒီစစ်ဆင်ရေးအတွင်း ရှမ်းမြောက်က လားရှိုး၊ သန္နီ၊ နောင်ချိုနဲ့ ရှမ်းမြောက်နဲ့ မန္တလေးအစပ် မိုးကုတ်မြို့နယ်ထဲမှာပါ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။
စစ်ကောင်စီတပ်ဘက်ကတော့ ရှမ်းမြောက်တခွင်က တပ်စခန်းတွေ တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။
ဒါပေမဲ့ စစ်ကောင်စီပြောခွင့်ရကတော့ စခန်းအသေးတချို့ကနေ ဆုတ်ခွာခဲ့ရတယ်လို့ ဘီဘီစီကို အောက်တိုဘာလ ၂၈ ရက်မှာပြောထားပါတယ်။
တချိန်တည်းမှာပဲ ၁၀၂၇ စစ်ဆင်ရေးကို လူထုက ထောက်ခံနေတာကို ကျေးဇူးတင်တဲ့အကြောင်း ညီနောင်မဟာမိတ်အဖွဲ့တွေက သတင်းထုတ်ပြန်လာပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်အပြင် ပြည်သူလူထုတစ်ရပ်လုံးရဲ့ ဆန္ဒနဲ့မျှော်မှန်းချက်တွေကို အပြည့်အဝရတဲ့အထိ ဆက်ပြီးတိုက်ပွဲဝင်မယ်လို့ ဆိုပါတယ်။
စစ်ဆင်ရေး အောင်မြင်ရေး စည်းလုံးညီညွတ်ဖို့အရေးကြီးတာကြောင့် တတ်နိုင်သမျှ ပူးပေါင်းကြဖို့ကိုလည်း ညီနောင်မဟာမိတ်သုံးဖွဲ့က တိုက်တွန်းထားပါတယ်။








