လောက်ကိုင်ကနေ ဘေးလွတ်ရာ ထွက်သွားကြဖို့ တရုတ်နိုင်ငံသားတွေကို တရုတ်အစိုးရ တိုက်တွန်း- ဒီဇင်ဘာ ၂၈ နိုင်ငံတကာ ထိပ်တန်းနိုင်ငံတကာသတင်းများ

လောက်ကိုင်နဲ့တဝိုက် တိုက်ပွဲတွေ ပြင်းထန်နေခဲ့

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, လောက်ကိုင်နဲ့တဝိုက် တိုက်ပွဲတွေ ပြင်းထန်နေခဲ့
ရေးသားခဲ့သည်။

မြန်မာနိုင်ငံမြောက်ပိုင်းမှာ လူမျိုးစု လက်နက်ကိုင်တပ်တွေနဲ့ အာဏာသိမ်း မြန်မာ စစ်တပ်ကြား တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် အဲဒီ ဒေသတွေမှာ ရှိနေကြတဲ့ တရုတ်နိုင်ငံသားတွေ ထွက်ခွာလာကြဖို့ တရုတ် အစိုးရက တိုက်တွန်း နေပါတယ်။

လောက်ကိုင် ပတ်ဝန်းကျင်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်နေခဲ့တယ်လို့ ကိုးကန့်တပ် MNDAA နဲ့ ဆက်စပ်မှုရှိတဲ့ သတင်း မီဒီယာက ဆိုပါတယ်။

“မြန်မာနိုင်ငံထဲက ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ လက်ရှိ ပေါ်ပေါက်နေတဲ့ အခြေအနေတွေဟာ အင်မတန် လေးနက်ပြင်းထန်ပြီး ရှုပ်ထွေးမှုတွေ ရှိနေပါတယ်။ တရုတ်နိုင်ငံသားတွေကို မြန်မာနိုင်ငံမြောက်ပိုင်း အရပ်ကို ခရီးမသွား လာကြဖို့ လက်ရှိ သတိပေးထားပါတယ်။ ရှိနှင့်ပြီးသူတွေ၊ အထူးသဖြင့် လောက်ကိုင် မြို့မှာ ရှိနေသူတွေ အနေနဲ့ လုံခြုံရေး သတိနဲ့ ဘေးကင်းရာ အရပ်တွေဆီ ထွက်သွားကြဖို့၊ တတ်နိုင်သမျှ အမြန်ဆုံး ကိုယ့်အိမ်ကိုယ် ပြန်လာကြဖို့ တိုက်တွန်းပါတယ်” တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြောခွင့်ရ မစ္စ မော်နင်းက မြန်မာနိုင်ငံ မြောက်ပိုင်းက အခြေအနေ အကြောင်းကို ပြောပါတယ်။

ဘေဂျင်းအနေနဲ့ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ညီနောင်တွေကြား စကားပြောပွဲတွေကို ကြားဝင် ဆောင်ရွက်ခဲ့ပေမဲ့ တိုက်ပွဲတွေ ရပ်တန့် မသွားပဲ ဆက်လက် ပြင်းထန်နေတာ ဖြစ်ပါတယ်။

အစ္စရေးသတ်ဖြတ်နေတာတွေရပ်ပါလို့ ကုလ လူ့အခွင့်အရေးမင်းကြီးပြော

အနောက်ဘက်ကမ်းခြေ ဒေသမှ ပါလက်စတိုင်း အယောက် ၃၀၀ သေဆုံးခဲ့ပြီး ဖြစ်ကြောင်း အတည်ပြုထားနိုင်

ဓာတ်ပုံ ရင်းမြစ်, NURPHOTO VIA GETTY IMAGES

ဓာတ်ပုံ ပုံစာ, အနောက်ဘက်ကမ်းခြေ ဒေသမှ ပါလက်စတိုင်း အယောက် ၃၀၀ သေဆုံးခဲ့ပြီး ဖြစ်ကြောင်း အတည်ပြုထားနိုင်

ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တုခ်က အသိမ်းပိုက်ခံ အနောက်ဘက် ကမ်းခြေဒေသမှာ အခြေအနေတွေ အလျင်အမြန် ဆိုးရွားလာနေတယ်လို့ ပြောပြီး အစ္စရေးကိုလည်း ပါလက်စတိုင်းတွေ အပေါ် တရားမဲ့ သတ်ဖြတ်နေတာတွေတွေ ရပ်တန့်ပါ ဆိုပြီး တောင်းဆို လိုက်ပါတယ်။

အစ္စရေးဘက်က အသုံးပြုနေတဲ့ စစ်ရေးနည်းနာတွေ၊ အင်အားအလွန် အကျွံ သုံးမှုတွေနဲ့ ပါလက်စတိုင်းတွေရဲ့ သွားလာ လှုပ်ရှားမှုတွေ အပေါ် ကန့်သတ် ထိန်းချုပ်ပုံတွေကြောင့် လူတွေဟာ အင်မတန် ဒုက္ခဆင်းရဲ ကျရောက် နေရတယ်လို့လည်း မစ္စတာတုခ်က ပြောပါတယ်။

အောက်တိုဘာ လဆန်းကတည်းက စပြီး တွက်မယ် ဆိုရင် အနောက်ဘက်ကမ်းခြေ ဒေသမှာ ကလေးသူငယ် ၇၉ ယောက် အပါအဝင် ပါလက်စတိုင်း အယောက် ၃၀၀ သေဆုံးခဲ့ပြီး ဖြစ်ကြောင်း အတည်ပြု ထားနိုင်တယ်လို့လည်း မစ္စတာတုခ်က ဆိုပါတယ်။

ဂါဇာမှာ ဒုက္ခသည်စခန်းတွေကနေ လူတွေ ထပ်ဆင့် ထွက်ပြေးနေကြရ

မြို့ပြ ဒေသတွေမှာ ရှိတဲ့ ဒုက္ခသည် စခန်းတွေကနေ လူတွေ သောင်းနဲ့ချီပြီး ထွက်ပြေး နေကြရ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြို့ပြဒေသတွေမှာ ရှိတဲ့ ဒုက္ခသည် စခန်းတွေကနေ လူတွေ သောင်းနဲ့ချီပြီး ထွက်ပြေး နေကြရ

ဟားမတ်စ်အဖွဲ့ရဲ့ ကျန်းမာရေး ဝန်ကြီးဌာန ဘက်က ထုတ်ပြန်ချက် အရ ဒီကနေ့ ကြာသပတေးနေ့ တစ်ရက်တည်းမှာတင် ဂါဇာကမ်းမြောင် ဒေသ တစ်ခုလုံး ပါလက်စတိုင်း အယောက် ၅၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

တောင်ဘက်ပိုင်း ခန်းယူနစ်မြို့၊ အလယ်ပိုင်း မာဂါဟ်ဇီနဲ့ မြောက်ပိုင်း နယ်စပ်အနီး ဘိတ်လာဟီးတို့လို ဂါဇာအနှံ့ အစ္စရေး စစ်တပ်လက်ချက်ကြောင့် သေဆုံးထိခိုက် ဒဏ်ရာရမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

အစ္စရေး စစ်တပ်ရဲ့ တင့်ကားတွေက အပြင်းအထန် ပစ်ခတ်ပြီး ချဉ်းနင်း ဝင်ရောက်လာနေတာကြောင့် မြို့ပြ ဒေသတွေမှာ ရှိတဲ့ ဒုက္ခသည် စခန်းတွေကနေ လူတွေ သောင်းနဲ့ချီပြီး ထွက်ပြေး နေကြရပါတယ်။

ဂါဇာ အလယ်ပိုင်း အယ်လ်-ဘူရပ်ဂျ် ဒုက္ခသည် စခန်း ကနေ ထွက်ပြေးလာရတဲ့ ဖာရပ်ဂျ်က “ကျွန်တော်တို့လိုချင်တာ တောင်းဆိုချင်တာ တစ်ခုပဲ ရှိတယ်။ ဒီစစ်ကို ရပ်ဖို့ပါပဲ။ လူတွေ ဒုက္ခရောက်နေတာတွေ၊ ခံစားနေရတာတွေ သက်သာရ ရစေဖို့ ဖြစ်တဲ့နည်းနဲ့ လုပ်ဆောင်ကြပါ။ အခုဆို ကလေးတွေဟာ အအေးထဲ ဒီအတိုင်း အိပ်နေရတယ်။ အခု ဒုက္ခရောက်နေကြသူတွေထဲ ကလေးတွေ၊ မသန်စွမ်းသူတွေ အများကြီး ပါပါတယ်။ ခရီးမိုင်အရှည်ကြီးကို သူတို့ ဒီအတိုင်း ထွက်ပြေး နေကြရတာပါ” ဆိုပြီး ပြောပါတယ်။

ထိုင်ဝမ်ရွေးကောက်ပွဲ အကြို ပြည်မကြီး ဆန့်ကျင်ရေး ချဲ့ကားသတင်းတွေ ပြောနေတယ်လို့ ဘေဂျင်းစွပ်စွဲ

ဇန်နဝါရီမှာ ထိုင်ဝမ် ရွေးကောက်ပွဲရှိ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဇန်နဝါရီမှာ ထိုင်ဝမ် ရွေးကောက်ပွဲရှိ

ထိုင်ဝမ်မှာ လာမယ့် ရှေ့လ ဇန်နဝါရီထဲ ရွေးကောက်ပွဲ ရှိနေချိန် ထိုင်ဝမ် အပေါ် တရုတ် ပြည်မကြီး အစိုးရက စစ်ရေး ခြိမ်းခြောက်မှုတွေ ပြုနေသယောင် ထိုင်ဝမ်အစိုးရက တမင်သက်သက် ပုံဖော်နေတယ် ဆိုပြီး တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနက စွပ်စွဲ ပြောဆိုလိုက်ပါတယ်။

တရုတ်ရဲ့ စစ်သင်္ဘောတွေ၊ တိုက်လေယာဉ်တွေ ထိုင်ဝမ်ကျွန်းအနီး လှုပ်ရှားနေတဲ့ အပေါ် လက်ရှိ ဒီမိုကရက်တစ် ပရိုဂရက်ဇစ်ပါတီ ဦးဆောင်တဲ့ ထိုင်ဝမ် အစိုးရက ပုံကြီးချဲ့ပြီး ပြောဆိုနေတယ်လို့ တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ပြောခွင့်ရ ဝူချင်က ဆိုပါတယ်။

စစ်ရေးတင်းမာမှုတွေ အလွန်အကျွံ ပေါက်ကွဲထွက်လုမတတ် အခြေအနေမျိုး အသွင် ထိုင်ဝမ်က သာမန်ပြည်သူတွေ ထင်မြင်လာအောင် ပုံဖော် ပြောနေကြတာ ဖြစ်တယ်လို့လည်း ပြောခွင့်ရ မစ္စတာဝူက ဆိုပါတယ်။

တရုတ်သမ္မတ ရှီကျင်းပင်ကတော့ ထိုင်ဝမ်ဟာ တနေ့မှာ မလွဲမသွေ တရုတ်ပြည်မကြီးနဲ့ ပြန်လည် ပေါင်းစည်းရမှာ ဖြစ်တယ် ဆိုပြီး အခု သီတင်းပတ် အစောပိုင်းမှာပဲ ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

အိန္ဒိယ အစိုးရက သတင်းသမားတွေရဲ့ အိုင်ဖုန်းကို ထွင်းဖောက်နေတယ်လို့ AI အဖွဲ့ သတိပေး

အိုင်ဖုန်းကုမ္ပဏီကိုယ်တိုင် အိန္ဒိယ အာဏာပိုင်တွေရဲ့ ထွင်းဖောက်မှု ရှိကြောင်း ထုတ်ပြန်ထား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အိုင်ဖုန်းကုမ္ပဏီကိုယ်တိုင် အိန္ဒိယ အာဏာပိုင်တွေရဲ့ ထွင်းဖောက်မှု ရှိကြောင်း ထုတ်ပြန်ထား

အိန္ဒိယ အာဏာပိုင်တွေဟာ စာနယ်ဇင်းသမား ဂျာနယ်လစ်တွေကို ပစ်မှတ်ထားပြီး သူတို့ရဲ့ အိုင်ဖုန်းတွေကို ထွင်းဖောက်နိုင်တဲ့ သူလျှိုဆော့ဝဲတွေ ထည့်သွင်းတာမျိုး ဆက်လက် လုပ်ဆောင်နေတယ် ဆိုပြီး နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ Amnesty International က စွပ်စွဲ လိုက်ပါတယ်။

အစ္စရေးက တီထွင်ထားတဲ့ ပက်ဂါဆပ်စ် စပိုင်ဝဲကို အသုံးပြုကြောင်း အထောက်အထားတွေ တွေ့ထားရတယ်လို့ AI အဖွဲ့က ဆိုပါတယ်။ ဥပမာ- ရာဇဝတ်ဂိုဏ်းတွေနဲ့ ခြစားမှုတွေအကြောင်း စုံစမ်းဖော်ထုတ်တဲ့ ပရောဂျက်ရဲ့ အယ်ဒီတာ အာနန်ဒ် မန်ဂါနာလီရဲ့ ဖုန်းထဲ ပက်ဂါဆပ်စ် စပိုင်ဝဲ ထည့်ခံထားရတာကို တွေ့ရတယ်လို့ AI အဖွဲ့ရဲ့ အစီရင်ခံစာထဲ ဖော်ပြထားပါတယ်။

AI အဖွဲ့နည်းတူ ဝါရှင်တန်ပို့စ် သတင်းစာကလည်း အိန္ဒိယထဲမှာ သတင်းသမားတွေရဲ့ ဖုန်းတွေကို ထွင်းဖောက်ဖို့ အာဏာပိုင်တွေ လုပ်ဆောင်ကြတဲ့ အကြောင်း စုံစမ်း ဖော်ထုတ်ထားပါတယ်။

အိန္ဒိယထဲမှာ ဆိုရင် အာဏာပိုင်တွေ ကိုယ်တိုင် ကျူးလွန်တဲ့ ဖုန်း ဖောက်ထွင်းမှုမျိုး ရှိနိုင်ကြောင်း အိုင်ဖုန်း ကိုင်ဆောင်သူတွေကို အိုင်ဖုန်း ဖုန်းကုမ္ပဏီ ဘက်ကလည်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။