ဦးဦးလှစော - ကဗျာဆရာတစ်ဦးရဲ့ ရိုးသားတဲ့နိုင်ငံရေးခရီး

ဓာတ်ပုံ ရင်းမြစ်, Western News
- ရေးသားသူ, မြင့်လွင်
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၄
''စစ်မှန်တဲ့ နိုင်ငံရေးသမား'' ၊ ''ရခိုင်စာမျက်နှာဟာ သူ့ရဲ့ ဘဝ'' လို့ အများစုက သတ်မှတ်လက်ခံထားကြတဲ့ ရခိုင်နိုင်ငံရေးသမား ဦးဦးလှစောဟာ မေလ ၅ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။
မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူ့ကို ကဗျာဆရာ၊ စာရေးဆရာမောင်ခိုင်အောင်(စစ်တွေ)လို့လည်း လူသိများပါတယ်။
ဦးဦးလှစောဟာ ၂၀၂၃ ခုနှစ်လောက်ကစလို့ လည်ချောင်းကင်ဆာရောဂါကို ခံစားခဲ့ရပြီး ဆေးကုသမှုခံယူနေခဲ့တာလို့ သူနဲ့နီးစပ်သူတွေက ပြောပါတယ်။
ကွယ်လွန်ချိန်မှာ အသက် ၇၂ နှစ်ရှိပြီဖြစ်တဲ့ ဦးဦးလှစောဟာ ဆယ်ကျော်သက်အရွယ် တက္ကသိုလ်ကျောင်းသား ဘဝကနေ သူ ကွယ်လွန်တဲ့ အချိန်ထိ နိုင်ငံရေးနဲ့ တော်လှန်ရေးမှာ သူ့ဘဝတစ်ခုလုံးကို မြှုပ်နှံခဲ့သူဖြစ်ပါတယ်။
သူ့ဘဝရဲ့ နောက်ဆုံးအချိန်အထိ စစ်ကောင်စီတပ်တွေနဲ့ တိုက်နေတဲ့ အာရက္ခတပ်တော် (ULA/AA)ရဲ့ ဗဟိုနိုင်ငံရေးဌာန၊ နိုင်ငံရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
သူဟာ နိုင်ငံရေးလောကမှာရော စာပေလောကဘက်မှာပါ လူသိများသူ ဖြစ်ပါတယ်။ သူ့ရဲ့နိုင်ငံရေးအပေါ် ယုံကြည်ရပ်တည်မှုကို လေးစားကြသလို သူ ရေးသားခဲ့တဲ့ ကဗျားစာပေတွေအပေါ်မှာလည်း တန်းဖိုးထားကြပါတယ်။
သင်္ချာတော်တဲ့ RIT ကျောင်းသား

ဓာတ်ပုံ ရင်းမြစ်, RFA
ဦးဦးလှစောကို ၁၉၅၃ ခုနှစ်၊ မေလ ၂၇ ရက်၊ မြန်မာသက္ကရာဇ် ၁၃၁၅ ခု၊ ကဆုန်လပြည့်နေ့မှာ ဖခင် ဦးအောင်လှဇံ၊ မိခင် ဒေါ်စံသာဖြူတို့က စစ်တွေမြို့မှာ မွေးဖွားခဲ့ပြီး မွေးချင်း ၇ ဦးမှာ သားအကြီးဖြစ်ပါတယ်။
ဦးဦးလှစောဟာ မူလတန်းပညာကို စစ်တွေမြို့ ရူပရွာ မူလတန်းကျောင်းမှာ ပညာသင်ကြားခဲ့ပြီး စစ်တွေခရိုင်၊ စတတ္ထတန်း စကောလားရှစ်(ပညာသင်ဆု)ကို ပထမဆု ရရှိခဲ့ပါတယ်။ ရူပရွာ မူလတန်းကျောင်းကနေ အထက ၁ မှာ ဆက်လက် ပညာသင်ကြားခဲ့ပါတယ်။
အသက် ၁၆ နှစ်မှာ ဆယ်တန်းကို သုံးဘာသာဂုဏ်ထူးနဲ့အောင်မြင်ခဲ့ပါတယ်။ သင်္ချာဘာသာ ၁၀၀ မှတ်နဲ့ ရွှေတံဆိပ်ဆုရရှိခဲ့ပါတယ်။ ဆယ်တန်းသင်္ချာကို အမှတ် ၁၀၀ တင်းပြည့်နဲ့အောင်မြင်ပြီး ရွှေတံဆိပ်ဆုရရှိတာကို သူကိုယ်တိုင် သက်ရှိထင်ရှားရှိချိန်က ဂုဏ်ယူပြောလေ့ရှိပါတယ်။
အဲဒီအချိန်က စစ်တွေမြို့မှာ ဒေသကောလိပ်အဆင့်သာရှိပြီး ရန်ကုန်တက္ကသိုလ်မှာ စက်မှုသိပ္ပံ(RIT) တက်ရောက်ခွင့် ရရှိခဲ့ပါတယ်။
စစ်ခုံရုံးက ထောင်ဒဏ် ၂ ကြိမ်၊ မြေအောက်ကျောင်းသား ရဲဘော်ခိုင်အောင်

ဓာတ်ပုံ ရင်းမြစ်, ANP
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
သူ တက္ကသိုလ် ဒုတိယနှစ် တက်နေချိန် ၁၉၆၉ ခုနှစ်မှာ အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစားပွဲ ဒုတိယအကြိမ်ကို မြန်မာနိုင်ငံက လက်ခံကျင်းပခွင့်ရရှိခဲ့ပါတယ်။
အဲဒီအားကစားပွဲနဲ့ပတ်သက်လို့ ကျောင်းသားတွေ လက်ဝှေ့ပွဲကြည့်ခွင့်လက်မှတ် မရတဲ့ကိစ္စအပါအဝင် တခြားအကြောင်းအရာတွေနဲ့ဆက်စပ်ပြီး ကျောင်းသားတွေက မကျေနပ်လို့ သမိုင်းကောလိပ်ကနေ လှုပ်ရှားမှုတစ်ခု စတင်ခဲ့ပါတယ်။
အဲဒီလှုပ်ရှားမှုဟာ ရန်ကုန်ပင်မတက္ကသိုလ်ထိ ကူးစက်ခဲ့ပါတယ်။ အသက် ၁၈ အရွယ် ဦးလှစောဟာ ဒီလှုပ်ရှားမှုမှာ တက်တက်ကြွကြွပါဝင်တယ်ဆိုပြီး ၂ နှစ် ကျောင်းထုတ်ခံလိုက်ရပါတယ်။
ဒါဟာ ဦးဦးလှစောအတွက် နိုင်ငံရေးလောကထဲကို စတင်ခဲ့တဲ့ခြေလှမ်းလို့ပြောရပါမယ်။ ဦးဦးလှစောဟာ ငယ်စဉ်ကတည်းက အားနည်းသူဘက်မှာရပ်တည်လိုတဲ့စိတ်၊ အဖိနှိပ်ခံတွေဘက်က ကာကွယ်ပေးချင်တဲ့စိတ်ရှိပြီး ဒါဟာ သူ့ရဲ့ပင်ကိုယ်ဗီဇတစ်ခုလို့ မိတ်ဆွေရင်းတွေက မှတ်ချက်ပေးပါတယ်။
နောက်ပိုင်း တက္ကသိုလ်တက်ခွင့်ပြန်လည်ရရှိခဲ့ပြီး ကျောင်းတက်နေရင်း အလုပ်သမားအရေးအခင်းနဲ့ပတ်သက်လို့ ဖမ်းဆီးခံရပြန်ပါတယ်။ ဒုတိယအကြိမ် ကျောင်းထုတ်ခံရသလို စစ်ခုံရုံးကနေ သူ့ကို ထောင် ၉ နှစ် ချမှတ်ခဲ့ပါတယ်။
ထောင်ကပြန် လွတ်လာတဲ့အချိန်မှာ ဦးဦးလှစောကို စက်မှုတက္ကသိုလ်က ဆက်လက်မခံတော့ဘဲ စာပေးစာယူဘက်ကို ပြောင်းခိုင်းတဲ့အတွက် တက္ကသိုလ်ပညာရေးကို စွန့်လွှတ်ခဲ့ပါတယ်။
ကျောင်းသားလှုပ်ရှားမှုတွေ ငြိမ်သက်နေခဲ့ရာကနေ ၁၉၆၉ ခုနှစ်လောက်မှာ ပြန်ပြီးတော့ လှုပ်ရှားမှုတွေအသက်ဝင်လာသလို အဲဒီနောက်ပိုင်းကာလတွေမှာတော့ ကျောင်းသားလှုပ်ရှားမှုတွေကို ခပ်စိပ်စိပ်တွေ့လာရတယ်လို့ သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းက ပြောပါတယ်။
သူ နိုင်ငံရေးအလုပ်တွေကို အစဉ်တစိုက်လုပ်ကိုင်နေချိန် ၈၈ ခုနှစ် လူထုအုံကြွမှုကြီးမှာလည်း ရခိုင်ပြည်နယ် ဘက်က ပါဝင်လာခဲ့ပါတယ်။
"၁၉၈၈ လူထုအုံကြွမှုဖြစ်တဲ့အခါမှာ ရခိုင်နိုင်ငံရေးက ရန်ကုန်က ရခိုင်ဓမ္မာရုံမှာစုဖွဲ့ပြီးတော့ လှုပ်ရှားတစ်ခု စလာတယ်။ စစ်တွေမှာလည်း သပိတ်ကော်မတီဖွဲ့ပြီးတော့ စလှုပ်ရှားကြတာပေါ့။ စစ်တွေမှာလှုပ်ရှားတဲ့အဖွဲ့မှာ သူက အဓိက အခန်းကဏ္ဍက ပါတယ်။ အဲဒီကနေ ရန်ကုန်အဖွဲ့နဲ့ချိတ်ဆက်ပြီးတော့ ALD ဆိုတာ ပေါ်လာတာပေါ့။ ကျူရှင်ဆရာဘဝနဲ့ ALD မှာ အဓိက လှုပ်ရှားတဲ့ထဲပါဝင်ခဲ့တယ်" လို့ တက္ကသိုလ်တက်ဖော် သမိုင်းပါမောက္ခဒေါက်တာအေးချမ်းက ပြောပါတယ်။
အဲဒီနောက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ကို အစိုးရက ဖျက်သိမ်းပြီး ပါတီခေါင်းဆောင်တွေကို ဖမ်းဆီးတဲ့အထဲ ဦးဦးလှစောလည်း ပါဝင်ခဲ့ပြီး စစ်ခုံရုံးကနေ ထောင်ဒဏ် ၁၄ နှစ်ချမှတ်ခြင်းခံလိုက်ရပါတယ်။
၁၉၇၀ ခုနှစ်နောက်ပိုင်းကာလတွေမှာတော့ သူဟာ နိုင်ငံရေးလုပ်ငန်းတွေကို မပြတ်လုပ်ခဲ့ပါတော့တယ်။ တက္ကသိုလ်ထဲကနေ မြေအောက်လှုပ်ရှားမှု UG လုပ်ငန်းတွေကို ထဲထဲဝင်ဝင်လုပ်ကိုင် လာခဲ့ပါတယ်။ ဦးဦးလှစောဟာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ တက္ကသိုလ် UG တစ်ယောက်ပါ။ ကျောင်းတွင်းမြေအောက်လှုပ်ရှားမှုတွေကို ရဲဘော် ခိုင်အောင်အမည်နဲ့ လုပ်ရှားခဲ့သူဖြစ်ပါတယ်။
ထောက်လှမ်းရေးစောင့်ကြည့်ခံ ထောင်ထွက် ကျူရှင်ဆရာ

ဓာတ်ပုံ ရင်းမြစ်, ANP Youth Wing
ဦးဦးလှစောဟာ ကျောင်းထုတ်ခံလိုက်ရတဲ့အချိန်မှာ မြောက်ဦးသူ ဒေါ်အနွဲ့ချေနဲ့ အိမ်ထောင်ကျပါတယ်။ ချိုဉာဏ်ဝေနဲ့ ဆောင်းနှင်းဝေဆိုတဲ့ သမီးနှစ်ဦး ထွန်းကားခဲ့ပါတယ်။ ဒါပေမဲ့ သမီးတွေကိုမွေးဖွားတဲ့အချိန်တိုင်း ဦးဦးလှစောဟာ အကျဉ်းထောင်ထဲရောက်ရှိနေချိန်နဲ့ တိုက်ဆိုင်ခဲ့ပါတယ်။
ဦးဦးလှစောရဲ့ နိုင်ငံရေးသမားဘဝ ဖြတ်သန်းမှုကြမ်းတမ်းသလို ဒေါ်အနွဲ့ချေရဲ့ ဇနီးမယား မိခင်ဘဝဖြစ်တည်မှုဟာလည်း တော်တော်လေးကို ခက်ထန်ခဲ့ပါတယ်။
ထောင်က ဒုတိယအကြိမ်ပြန်လည်လွတ်မြောက်လာချိန်မှာတော့ နိုင်ငံရေးအလုပ်တွေကို ခေတ္တခဏရပ်နားပြီး ပြင်ပကျူရှင်ဆရာဘဝနဲ့ ဖြတ်သန်းခဲ့ပါတယ်။ ကျူရှင်ဆရာအဖြစ် ထောင်အတူတူကျခဲ့တဲ့ သူငယ်ချင်းတစ်ဦးနဲ့ ရသေ့တောင်မြို့နယ် မေယုကမ်းဒေသက ကျေးရွာတွေမှာ သွားရောက်လုပ်ကိုင်ခဲ့ကြတယ်လို့ သူနဲ့အတူ ကျူရှင်ဆရာအဖြစ် လုပ်ကိုင်ခဲ့တဲ့ ဦးဘလှိုင်က ပြောဆိုခဲ့ဖူးပါတယ်။
အဲဒီကနေ စစ်တွေမြို့ကို ပြောင်းရွှေ့လာပြီး အလွတ်တန်းကျူရှင်ဆရာအဖြစ် တစိုက်မတ်မတ်လုပ်ကိုင်ခဲ့ပါတယ်။ ကျူရှင်ဆရာလောကမှာလည်း နာမည်ကြီးတဲ့ဆရာတစ်ဦးပါ။ အထက်တန်း ကျောင်းသားတွေကို အဓိကသင်ကြားပေးပြီး ဘာသာစုံကို ကောင်းကောင်းသင်ကြားပေးနိုင်သူလည်း ဖြစ်ပါတယ်။
မြောက်ဦးကနေ စစ်တွေမြို့ကို မိသားစုပြောင်းရွှေ့အခြေအချရတဲ့အကြောင်းရင်းက နောက်ထပ် ဖမ်းဆီးမခံချင်တော့လို့ဆိုပြီး သူ ပြောဖူးပါတယ်။ မြောက်ဦးမှာ စစ်ထောက်လှမ်းရေးတွေက သူ့နောက်ကို အချိန်ပြည့်လိုက်လံ စောင့်ကြည့်မှုတွေလုပ်နေကြတဲ့အတွက် ပြဿနာတွေဖြစ်မှာကို ရှောင်ရှားတဲ့အနေနဲ့ စစ်တွေမြို့ကို ပြောင်းရွှေ့လာခဲ့တာလို့ ဦးဦးလှစောကိုယ်တိုင် ပြောခဲ့ဖူးပါတယ်။
စစ်တွေမှာနေစဉ်အချိန်ကလည်း နိုင်ငံရေးနဲ့နွှယ်ပြီး စစ်ထောက်လှမ်းရေးတွေက သူ့ကို မကြာခဏ ခေါ်ယူစစ်ဆေးတာ၊ ဖမ်းဆီးတာတွေကိုလည်း သူ ကြုံခဲ့ပါတယ်။
''သူ့ရဲ့ နှလုံးသားက အရမ်းနုတယ်''

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်
အလယ်တန်းကျောင်းသားဘဝတုန်းက မြန်မာစာညံ့ခဲ့သူလို့ ဦးဦးလှစောက သူ့ကိုယ်သူခံယူခဲ့သူဖြစ်ပါတယ်။
ဒါပေမဲ့ အထက်တန်းပညာကို သင်ကြားဖို့ စစ်တွေမြို့ကိုရောက်ရှိလာခဲ့ချိန်မှာတော့ ဦးဦးလှစောဟာ ရခိုင်ပြည်လွတ်လပ်ရေးတပ်မတော် အတွင်ရေးမှူး လုပ်ခဲ့တဲ့ ဆရာစံကျော်ထွန်းရဲ့ သင်ပြမှုတွေကို သင်ယူ၊ အရေးအသားတွေကို လေ့လာပြီး မြန်မာစာကို ခုံမင်တတ်သွားသူလို့ ရခိုင်သားကြီးစာပေက ဦးဦးလှမြင့်က ပြောပါတယ်။
မြန်မာစာအရေးအသားပိုင်နိုင်ခဲ့တဲ့သူဟာ ကျောင်းထုတ်ခံရ၊ ထောင်ချခံရနဲ့ လူငယ်ဘဝကို ခက်ခက်ခဲခဲရင်ဆိုင်နေရချိန် ကျောင်းတွင်း မဂ္ဂဇင်းတွေမှာ စာပေတွေ စတင်ရေးသားခဲ့ပါတယ်။
ရန်ကုန်တက္ကသိုလ်ကထုတ်ဝေတဲ့ ရခိုင့်တန်ဆောင်မဂ္ဂဇင်း၊ ရခိုင်ပြည်နယ်ကထုတ်တဲ့ ရခိုင်ရိုးမမဂ္ဂဇင်း လခြမ်းမြီမဂ္ဂဇင်းစတဲ့မဂ္ဂဇင်းတွေမှာ အယ်ဒီတာအဖြစ်တာဝန်ယူခဲ့ပြီး ပြည်မထုတ် သုတရသ လစဉ်ထုတ်မဂ္ဂဇင်းတွေအပြင် ဖယ်ဒရယ်ဂျာနယ်ရဲ့ အယ်ဒီတာအဖြစ်လည်း တာဝန်ယူခဲ့ပါတယ်။

ရသ၊ ကဗျာနဲ့ နိုင်ငံရေးစာပေတွေ တည်းရေးသားခဲ့ပြီး စာအုပ်ပေါင်း ၁၁ အုပ်ထုတ်ဝေခဲ့ပါတယ်။ စက်မှုတက္ကသိုလ် ဝတ္ထုတိုဆု၊ မိုးမိုးအင်းလျားအမှတ်တရ ပထမဆုတို့ကိုလည်း ရရှိခဲ့ပါတယ်။
မတာ၊ အမင်၊ ၆၄ လမ်းစဉ်၊ ဒိုင်ယာစပိုရာ၊ ကျောင်းစတဲ့စာအုပ်တွေကို ရေးသားခဲ့ပါတယ်။ တခြားစာရေးဆရာ ကဗျာဆရာတွေနဲ့ စုပေါင်းရေးသားထုတ်ဝေခဲ့တဲ့ စာအုပ်တွေလည်း ရှိပါတယ်။
"ဆရာက တစ်ဘဝလုံးနီးပါးကို နိုင်ငံရေးမှာဖြတ်သန်းခဲ့တာပဲ။ စာမျက်နှာမတူတာ၊ ခေါင်းစီးမတူတာပဲရှိမယ်။ တစ်ဘဝလုံးဖြတ်သန်းခဲ့တယ်။ ဆရာ့ရဲ့ အတွေးအခေါ်က ကြီးနိုင်ငယ်ညှင်းလုပ်တဲ့ဟာကိုလည်း မကြိုက်ဘူး။ ပညာမတတ်၊ ဆင်းရဲတဲ့ မိဘမဲ့သားတွေ။ ဆရာက များသောအားဖြင့် အဲဒီဘက်က ခံစားတယ်။ ဆရာ့ကဗျာတွေကို ကြည့်လိုက်ရင်လည်း အဲဒါပဲ ရှိတယ်။ သူ့ရဲ့ နှလုံးသားက အရမ်းနုတယ်။"လို့ ရခိုင်သားကြီးစာပေက ဦးဦးလှမြင့်က ပြောပါတယ်။
ရခိုင်ပြည်နယ်ဟာ ဆင်းရဲတဲ့ဒေသ ပြည်နယ်တစ်ခုဖြစ်ပါတယ်။ ဦးဦးလှစောဟာ ဆင်းရဲတဲ့နေရာကနေ ပြည်သူနဲ့အတူ ရပ်တည်တဲ့ ရှားရှားပါးပါးလူတစ်ယောက်လို့ သူ့မိတ်ဆွေအများစုက သတ်မှတ်ထားကြပါတယ်။
စကားစစ်ထိုးမယ်လို့ လွှတ်တော်ဥက္ကဋ္ဌကို စိန်ခေါ်ခဲ့သူ
၁၉၈၈ အရေးအခင်းကာလမှ နိုင်ငံရေးပါတီလောကထဲ စရောက်လာခဲ့ပါတယ်။ အဲဒီအချိန်က ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD)ကို ဦးဆောင်တည်ထောင်သူတွေထဲ ဦးဦးလှစောရဲ့ဖခင် ကျောင်းအုပ်ကြီးအငြိမ်းစား ဦးအောင်လှဇံ ပါဝင်ပါတယ်။ ဦးဦးလှစောက ပါတီရဲ့အတွင်းရေးမှူးအဖွဲ့ဝင် ဖြစ်လာပါတယ်။
ပါတီလုပ်ငန်းတွေလုပ်ရင်း ပါတီဖျက်သိမ်းခံရချိန် ထောင်ဒဏ် ၁၄ နှစ်ကျခဲ့ပါတယ်။ ထောင်ကလွတ်လာပြီးနောက်ပိုင်း မိသားစုနဲ့ကျောင်းဆရာဘဝကို ဖြတ်သန်းနေချိန် သမီးငယ် ဆေးကျောင်းတက်ဖို့ စစ်တွေမြို့က အိမ်ကို ရောင်းပြီး ရန်ကုန်ကို မိသားစုပြောင်း ရွှေ့လာခဲ့ကြပါတယ်။ စာပေသမား၊ ကဗျာဆရာဘဝနဲ့ သမီး ဆရာဝန်ဖြစ်ဖို့ သူကြိုးစားခဲ့ပါတယ်။
ရန်ကုန်မှာနေထိုင်ရင်း နိုင်ငံရေး ရေစီးက တစ်ပတ်လည်လာခဲ့ပါတယ်။ ကဗျာဆရာမောင်ခိုင်အောင်အဖြစ်ကနေ ပါတီနိုင်ငံရေးထဲ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP)ကို ဦးဆောင်တည်ထောင်သူတွေထဲမှာ သူပါဝင်ပါတယ်။
ပထမအကြိမ်ရွေးကောက်ပွဲမှာ သူက ပါတီအထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ပါတယ်။ အဲဒီအချိန်က ဒေါက်တာအေးမောင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ ALD ပါတီပြန်လည်ထူထောင်တော့ နှစ်ပါတီပေါင်းစည်းရေးအဖွဲ့မှာ ဦးဦးလှစောက ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ၂၀၁၄ ခုနှစ်၊ သံတွဲညီလာခံမှာ ပေါင်းစည်းနိုင်ခဲ့ပါတယ်။
၂၀၁၅ ခုနှစ် ဒုတိယအကြိမ်ရွေးကောက်ပွဲမှာ မြောက်ဦးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ နိုင်ငံရေးခံယူချက်ကြောင့် ဦးဦးလှစောဟာ ရွေးကောက်ပွဲတွေမှာ တစ်ခါမှ မဲမပေးခဲ့ဘူးလို့ သိထားရပါတယ်။
လူထုကိုယ်စားလှယ်အဖြစ်အရွေးခံခဲ့ပေမဲ့ သူမယုံကြည်တဲ့နိုင်ငံရေးလမ်းစဉ်မှာ သူ့ကိုယ်သူ မဲမပေးခဲ့တာလို့ သူ့နဲ့ နီးစပ်သူတွေက ပြန်ပြောပြပါတယ်။
လွှတ်တော်အမတ်ဖြစ်လာခဲ့ချိန်မှာလည်း သူ့ရဲ့ဆောင်ရွက်ချက်တွေထဲ ထင်ရှားမှုတွေ ရှိခဲ့ပါတယ်။ အဲဒီအချိန်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတာဝန်ယူခဲ့တဲ့ ဦးဝင်းမြင့်(နောက်ပိုင်းမှာသမ္မတဖြစ်လာသူ)နဲ့ လွှတ်တော်အစည်းအဝေးထဲ အခြေအတင် ပြောဆိုမှုတွေရှိခဲ့ကြပါတယ်။
နောက်ပိုင်း ANP ကိုပြန်လည်ဖွဲ့စည်းတဲ့အချိန်မှာတော့ ဦးဦးလှစောဟာ ပါတီမူဝါဒရေးရာကော်မတီမှာ တာဝန်ဆက်လက်ယူခဲ့ပါတယ်။ အဲဒီကနေတစ်ဆင့် ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဦးဦးလှစောဟာ စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ULA/AA ရဲ့ ဗဟိုနိုင်ငံရေးဌာနရဲ့ နိုင်ငံရေးမှူးအဖြစ် ကူးပြောင်းသွားခဲ့ပါတယ်။
''ဆရာကြီး ဦးဦးလှစောဟာ ရက္ခိတလမ်းစဉ်ကို ဦးဆောင်ချမှတ်ခဲ့တဲ့ အဓိကခေါင်းဆောင်တွေထဲမှာ ပါဝင်တဲ့ခေါင်းဆောင်တဦးဖြစ်သလို ရက္ခိတလမ်းစဉ်နဲ့ပတ်သက်တဲ့ သူ့ရဲ့ရှင်းလင်းပြတ်သားတဲ့ အယူအဆတွေကြောင့် အာရက္ခပြည်သူတွေနှင့်လူငယ်ထုအကြား အလွန်လူချစ်လူခင်များပြီး ဩဇာကြီးမားတဲ့ခေါင်းဆောင် တယောက်ဖြစ်ပါတယ်'' လို့ ULA/AA ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။
ဦးဦးလှစောဟာ ရခိုင်မြို့သိမ်းတိုက်ပွဲစဥ်တွေမှာ အခက်အခဲတွေကို ကြံ့ကြံ့ခံကျော်ဖြတ်ပြီး အတူလက်တွဲခဲ့တဲ့ ရဲဘော် ရဲဘက်ကောင်း တစ်ဦးလို့လည်း သူက အမှတ်တရ စကားပြောပါတယ်။
''ဒါကြောင့် သူ့ကို ကျွန်တော်တို့ နှလုံးထဲက အမြဲအမှတ်ရနေမှာပါ။ ဘယ်တော့မှ မမေ့ပါဘူး။ ဒါကြောင့်သူကွယ်လွန်သွားခြင်းဟာ ကျွန်တော်တို့ အာရက္ခပြည်နှင့် အာရက္ခပြည်သားတွေအတွက် အလွန်ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်ပါတယ်။ ဆရာကြီးကောင်းရာသုဂတိရောက်ပါစေလို့လည်း ဆုတောင်းပေးပါတယ်။ ဂါရဝလည်းပြုပါတယ်။
ဦးဦးလှစောဟာ လွှတ်တော်ကိုယ်စားလှယ်ဘဝမှာရော ပါတီနိုင်ငံရေးတစ်လျှောက်လုံးမှာ ရိုးရှင်းတဲ့ နိုင်ငံရေးသမားတစ်ဦးအဖြစ် ရပ်တည်ခဲ့သူလို့ နိုင်ငံရေးအသိုင်းအဝိုင်းက လက်ခံထားကြပါတယ်။
ကျောင်းသားဘဝတုန်းက မားစ်ဝါဒကြီးစိုးမှုအောက်ကနေ ကွန်မြူနစ်ပါတီရဲ့ မြေအောက်လှုပ်ရှားမှုလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့တဲ့ ပစ္စည်းမဲ့ဝါဒီတစ်ဦးဖြစ်ပါတယ်။
ဒါပေမဲ့ သူဖြတ်သန်းခဲ့တဲ့နိုင်ငံရေးရေစီးကြောင်းတွေက ရခိုင်ပြည်သူတွေရဲ့ခံစားချက်တွေအပေါ် မှီတွယ်ပြီးတော့ အမျိုးသားရေးသမားတစ်ဦးအဖြစ် ပြောင်းလဲလာခဲ့တယ်လို့ ပြောနိုင်ပါတယ်။
ဦးဦးလှစောဟာ သမီးနှစ်ယောက်ကို အရမ်းချစ်တဲ့အဖေတစ်ယောက်ဖြစ်တယ်ဆိုတာကို သူရေးတဲ့ကဗျာတွေထဲမှာ မြင်နိုင်ပါတယ်။ သမီးတွေကိုမွေးဖွားတဲ့အချိန် အနားမှာ သူမရှိခဲ့သလို ရောဂါသည်အဖေဖြစ်သူကိုလည်း သမီးဖြစ်သူ ဆရာဝန်က ဆေးကုသပေးခွင့် မရခဲ့ပါဘူး။
နောက်ဆုံး သူ့ဘဝ နိဂုံးချုပ်ချိန်မှာလည်း သူရှိတဲ့နေရာကို မိသားစုတွေ သွားရောက်နိုင်ခဲ့ခြင်းမရှိဘဲ ရဲဘော်ရဲဘက်တွေနဲ့ပဲ သူယုံကြည်ရာနိုင်ငံရေးနယ်ပယ်မှာ ဘဝကို အဆုံးသတ်သွားခဲ့သူဖြစ်ပါတယ်။












