ပြည်ပအဖွဲ့အစည်းတွေကို စစ်ကောင်စီ ပိုတိုးတင်းကျပ်

UN Logo

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရေးသားခဲ့သည်။

မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှု မှန်သမျှကို စောင့်ကြည့်ဖို့ဖွဲ့စည်းထားတဲ့ စစ်ကောင်စီရဲ့ လုပ်ငန်းကော်မတီ အစည်းအဝေးကို စက်တင်ဘာလ ၂၉ ရက်နေ့က ကျင်းပခဲ့ပါတယ်။ 

အဲဒီ အစည်းအဝေးမှာ ကုလသမဂ္ဂနဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်း INGO အဖွဲ့အစည်းတွေ နဲ့ ပူးပေါင်းဆောင်ရွက်ရာမှာ အဆင်ပြေ ချောမွေ့ စေရေးနဲ့ ကော်မတီရဲ့ လုပ်ငန်းတာဝန်တွေကို အရှိန်မပျက် ဆက်လက် အကောင်အထည်ဖော်ရေးတို့ကို ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ 

စစ်တပ်က အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့တဲ့ နိုင်ငံခြားသားများ ကြီးကြပ် စောင့်ရှောက်ရေး လုပ်ငန်း ကော်မတီဟာ INGO တွေရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို မြို့နယ်အဆင့်အထိ စောင့်ကြည့် ထိန်းချုပ်ထားပါတယ်။

လုပ်ငန်းကော်မတီ ဖွဲ့စည်းပုံနဲ့ တာဝန်

လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးကိုကိုလှိုင်

ဓာတ်ပုံ ရင်းမြစ်, MOFA Facebook

နိုင်ငံခြားသားများ ကြီးကြပ် စောင့်ရှောက်ရေး လုပ်ငန်း ကော်မတီကို စစ်ကောင်စီရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးကိုကိုလှိုင်က ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပါတယ်။  

စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဒုတိယဥက္ကဋ္ဌဖြစ်ပြီး သတင်းရဲတပ်ဖွဲ့ နဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့အပြင် ဗဟိုဘဏ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန စတဲ့ ဝန်ကြီးဌာန ပေါင်းစုံက ညွန်ကြားရေးမှူချုပ်တွေ လည်း ဒီကော်မတီမှာ ပါဝင်ပါတယ်။

ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေနဲ့ INGO အဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေနဲ့ လှုပ်ရှားမှု ဆိုင်ရာ ကြိုတင် သတင်းတွေကို လုပ်ငန်း ကော်မတီက မြို့နယ်အလိုက် အဆင့်ဆင့် ကောက်ခံရယူပြီး နိုင်ငံခြားသားများ ကြီးကြပ်စောင့်ရှောက်ရေး ဗဟိုကော်မတီကို တင်ပြရ ပါတယ်။ 

နိုင်ငံခြားသားများ ကြီးကြပ်စောင့်ရှောက် ရေး ဗဟိုကော်မတီကို စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး လက်တွေ့ဆောင်ရွက်ရမယ့် အလုပ်တွေအတွက် လုပ်ငန်း ကော်မတီကို ညွှန်ကြားပါတယ်။ 

အချုပ်အခြာအာဏာကို ထိခိုက်နိုင်တဲ့ ကိစ္စတွေ မဖြစ်ပေါ်လာစေဖို့ ရည်ရွယ်ပြီး လုပ်ငန်းကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်ထားတာလို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနက ပြောပါတယ်။ 

နိုင်ငံခြားသားတွေရဲ့ ပြည်တွင်းခရီးစဉ်တွေနဲ့ လုံခြုံရေး အတွက်ပါ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း အရာရှိတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီးရုံးမှာလုပ်တဲ့ ကော်မတီ အစည်းအဝေး

ဓာတ်ပုံ ရင်းမြစ်, MOFA Facebook

INGO ဝန်ထမ်းတွေကြုံရတဲ့ အခြေအနေ

သက်ဆိုင်ရာပြည်ပ အဖွဲ့အစည်းတွေအလိုက် လှုပ်ရှားဆောင်ရွက်မှုတွေကို စောင့်ကြည့်ထိန်းချုပ်ရာမှာ ဝန်ထမ်းတွေရဲ့ ကိုယ်ရေးအချက်အလက်၊ အလုပ်ကိစ္စနဲ့ သွားတဲ့ ခရီးစဉ်၊ လုပ်ဆောင်မယ့်အစီအစဉ်၊ ခရီးစဉ်အတွက် သုံးမယ့်ဘတ်ဂျက် ဆိုတာတွေကအစ အသေးစိတ်ပေးရတယ်လို့ အမည်မဖော်လိုတဲ့ INGO ဝန်ထမ်းတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။  

ဒါ့အပြင် လုပ်ငန်းသဘောအရ INGO အဖွဲ့အစည်း အသီးသီးရဲ့ ရုံးတွေကို ဝင်ထွက် သွားလာကြသူတွေရဲ့ စာရင်းနဲ့ ကိုယ်ရေး အချက်အလက်တွေကိုပါ တောင်းယူတယ် လို့လည်း ဆိုပါတယ်။  

ဒီလိုရယူထားတဲ့ အချက်အလက်တွေကို စစ်ကောင်စီက သူတို့ လိုသလို သုံးနိုင်တဲ့အတွက် INGO ဝန်ထမ်းတွေသာမက နိုင်ငံတွင်းမှာ နေထိုင်တဲ့ သာမန်ပြည်သူတွေရဲ့ လုံခြုံရေးကိုပါ ထိခိုက်စေနိုင်တယ်ဆိုပြီး စိုးရိမ်မှုတွေ ရှိနေပါတယ်။

တင်းကျပ်တဲ့ကန့်သတ်မှုတွေရဲ့ ပြဿနာ

ပြီးခဲ့တဲ့နှစ်က WFP ရဲ့ ရိက္ခာ ထောက်ပံ့မှု ရခဲ့သူ

ဓာတ်ပုံ ရင်းမြစ်, Getty Images

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စစ်ကောင်စီရဲ့ တင်းကျပ်တဲ့ ကန့်သတ်မှုတွေကြောင့် နိုင်ငံတဝန်း လိုအပ်နေတဲ့ လူသားချင်းစာနာမှု အကူအညီတွေဆက်ပေးနိုင်ဖို့ရာ လက်တွေ့ အလုပ်မဖြစ်တော့ဘူးလို့ ဝန်ထမ်းတချို့က ဘီဘီစီကို ပြောပါတယ်။ 

တဖက်မှာလည်း စစ်ကောင်စီနဲ့ လက်ရှိ ပူးပေါင်းဆောင်ရွက်နေတဲ့ ကုလသမဂ္ဂနဲ့ INGO အဖွဲ့အစည်းတွေကို ရှုတ်ချတယ်ဆိုပြီး အရပ်ဘက်အဖွဲ့အစည်း ခြောက်ရာကျော်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဆီကို အခုလထဲမှာပဲ စာရေးသား ပေးပို့ခဲ့ပါတယ်။  

လက်ရှိ ပြည်တွင်းမှာ စစ်ကောင်စီနဲ့ လက်တွဲပြီး ဆက်လုပ်နေကြတဲ့ အဖွဲ့အစည်းတွေက လူသားချင်းစာနာမှုအကူအညီတွေဆက်ပေးနိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်နေတာလို့ ပြောကြပါတယ်။  

ဒါပေမဲ့ လက်တွေ့မှာက စစ်ကောင်စီနဲ့ ပေါင်းလုပ်ရင်  တကယ်လိုအပ်တဲ့ နေရာတွေကို ထိထိရောက်ရောက် ကူညီနိုင်ဖို့  ခက်ခဲနေသေးတယ် ဆိုတာ သူတို့ သိလာကြပြီလို့ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ နီးစပ်တဲ့ နိုင်ငံရေးလေ့လာစောင့်ကြည့်သူ စိုင်းကြည်ဇင်စိုးက ပြောပါတယ်။ 

ဒါ့အပြင် ရခိုင်ပြည်နယ်ထဲကို ဆေးတွေ သွင်းယူဖို့ ခွင့်မပြုတဲ့ ကိစ္စ၊ ရခိုင်ပြည်နယ်ဘက်မှာပဲ ဂျပန်နိုင်ငံက လှူထားတဲ့ ဆန်တွေ ရှိပေမဲ့ ခွင့်ပြုမိန့် မရလို့ မလှူရတဲ့ အတွက် ပျက်စီးကုန်တာတွေ ရှိတယ်လို့ သူသိရတာတွေကို ပြောပြပါတယ်။ 

တဆင့်ပြီးတဆင့် တိုးလာတဲ့ တင်းကျပ်မှုတွေကြောင့် စစ်ကောင်စီနဲ့ တိုက်ရိုက် ချိတ်ဆက် အလုပ်လုပ်ရာမှာ အလုပ်မဖြစ်ဘဲ အခက်အခဲတွေ ပြဿနာတွေရှိလာတာမြင်တွေ့ရတဲ့ လက္ခဏာတွေလို့လည်း ဆိုနိုင်ပါတယ်။