ဧပြီ ၂၅ ရက်၊ ထိပ်တန်းသတင်းများ- ဖယ်ခုံ၊ ဆောင်းဖွေးဆေးပေးခန်း လေကြောင်းတိုက်ခိုက်ခံရ

ရေးသားခဲ့သည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ထဲမှာရှိတဲ့ စစ်ရှောင်တွေခိုလှုံနေတဲ့ ဆောင်းဖွေးဆေးပေးခန်းကို ဒီကနေ့ ဧပြီ ၂၅ ရက်၊ နေ့လယ် ၁ နာရီလောက်မှာ စစ်ကောင်စီက လေကြောင်းနဲ့ လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ပြောပါတယ်။

တိုက်ခိုက်မှုကြောင့် လူထိခိုက်တာအပြင် ‌အ‌ဆောက်အဦ ၂ လုံး၊ ဆေးပစ္စည်းတွေနဲ့ ဆိုင်ကယ်၊ ကားအချို့ပါ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

"အရပ်သား ၃ ဦးထိခိုက်သွားပြီး ၁ ယောက်ကတော့ စိုးရိမ်ရပါတယ်။ ‌ဒဏ်ရာရသူတွေက အမျိုးသားလား၊ အမျိုးသမီးလားဆိုတာတော့ ကျွန်တော်တို့မသိနိုင်သေးပါဘူး။ ဆောင်းဖွေးဆေးပေးခန်းက တိုက်ပွဲဖြစ်တဲ့နေရာနဲ့လည်း ဝေးပါတယ်။ စစ်ရှောင်နေရာသီးသန့်ပါ" လို့ KNDF ဗဟိုသတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဒီကနေ့မှာတော့ ဖယ်ခုံ - ပင်လောင်းအစပ်က မြောက်စလုံး၊ တောင်မဲသင်းတဝိုက်နဲ့ ဒီမော့ဆိုအရှေ့ဘက်ခြမ်းမှာ တိုက်ပွဲတွေရှိနေတယ်လို့ ‌ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်ကလည်း တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ ဘောလခဲမြို့နယ်၊ ဟော်ခမ်းရွာအနီးကို စစ်ကောင်စီဗုံး ၂ လုံး ကြဲချတဲ့ဖြစ်စဉ်လည်းရှိခဲ့ပြီး ဒါဟာ အရပ်သားခိုလှုံရာနေရာတွေကို တိုက်ခိုက်တာကြောင့် စစ်ရာဇဝတ်မှုကျူးလွန်တာလို့ KNDF က ‌ထုတ်ပြန်ထားပါတယ်။

လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစုံတရာထုတ်ပြန်လာတာမရှိသေးပါဘူး။

မြိုင်နဲ့ပေါက်က ပြည်သူ့ကာကွယ်ရေးအဖွဲ့စခန်းတွေစီးနင်းခံရ

မနေ့ ဧပြီ ၂၄ ရက်တနေ့တည်းမှာပဲ မကွေးတိုင်း၊ မြိုင်မြို့နယ်အရှေ့တောင်ဘက်၊ ညောင်တွင်းရွာအနီးက မြိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ စခန်းဟောင်းနဲ့ ပေါက်မြို့နယ်ထဲက ပြည်သူ့ကာကွယ်ရေးစခန်း‌တွေကို စစ်ကောင်စီက ကုန်းကြောင်းရော လေကြောင်းနဲ့ပါ တပြိုင်နက် ဝင်ရောက်စီးနင်းခဲ့တယ်လို့ မြေပြင်မှာရှိနေသူတွေဆီက သိရပါတယ်။

မြိုင်ဘက်မှာတော့ မြိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ရင်း ၁ ရဲ့ စခန်း‌‌‌ဟောင်းကိုဝင်ရောက်စီးနင်းပြီးနောက် အနီးက ညောင်တွင်းကျေးရွာထဲဝင်ကာ နေအိမ် အလုံး ၃၀ ကျော် မီးရှို့ခံခဲ့ရတယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက် ရွာကထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မြိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က မိုင်းဆွဲ၊ ဗုံးနဲ့တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ပကဖဘက်က ပြောပါတယ်။

တခါ ပေါက်မြို့နယ်မှာတော့ မနေ့ မနက်အစောပိုင်းမှာ ဇီးပြားရွာအနီးတကြောမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့အကြား တိုက်ပွဲဖြစ်ခဲ့ပြီးနောက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ စခန်းတွေကိုပါ ဝင်ရောက်စီးနင်းသလို လေကြောင်းကနေပါ ဂျက်ဖိုက်တာနဲ့ သုံးကြိမ်တိတိ လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့ဝင်တွေကပြောပါတယ်။

"ပေါက်မှာက ဒီနေ့အထိလည်း စစ်ရေးတင်းမာနေတုန်းပဲ။ သူတို့ဘက်ကလည်း လေကြောင်းပဲ တောက်လျှောက်ဝဲနေတယ်" လို့ ပေါက်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် တဦးက ပြောပါတယ်။

ဒီကနေ့မှာပဲ မကွေးတိုင်းထဲ မြိုင်နဲ့ပေါက်ကြားမှာ Well Two ရေနံမြေမှာ စစ်ကောင်စီနဲ့ နှစ်ဖက်တိုက်ခိုက်မှုတွေ ဖြစ်နေတယ်လို့သိရပြီး ဒီဖြစ်စဉ်အသေးစိတ်ကိုတော့ ဘီဘီစီဘက်က သီးခြားအတည်မပြုနိုင်ခဲ့ပါဘူး။

အခုလို ‌မြိုင်နဲ့ပေါက်မြို့နယ်အတွင်းက စစ်ရေးလှုပ်ရှားမှုနဲ့ပတ်သက်လို့စစ်ကောင်စီဘက်က တစုံတရာမထုတ်ပြန်သေးသလို ဘီဘီစီဘက်ကလည်း မေးမြန်းဖို့ကြိုးစားနေပါတယ်။

တက်ကြွလှုပ်ရှားသူနဲ့ အရပ်သားတွေရဲ့ ပိုင်ဆိုင်မှုပေါင်း ၇၅၀ ကျော်ကို စစ်ကောင်စီချိပ်ပိတ်

အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ အခုနှစ် မတ်လ ၂၃ ရက်အတွင်း မြန်မာနိုင်ငံက ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူနဲ့ အရပ်သား ၆၃၆ ယောက်ရဲ့ ပိုင်ဆိုင်မှုပေါင်း ၇၅၁ ခုကို စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ဒီကနေ့မှာပဲ သတင်းထုတ်ပြန်ပါတယ်။

ပိုင်ဆိုင်မှုချိပ်ပိတ်ခံရသူတွေထဲက အနည်းဆုံးအယောက် ၃၀၀ ဟာ လွှတ်တော်အမတ်တွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အဖွဲ့ဝင်တွေနဲ့ ‌NLD ထောက်ခံသူတွေဖြစ်တယ်လို့ AAPP က ပြောပါတယ်။

စစ်ကောင်စီရဲ့ ချိပ်ပိတ်သိမ်းဆည်းထားခံခဲ့ရတဲ့ ရွှေပြောင်းမရနိုင်တဲ့ ပိုင်ဆိုင်မှုတွေထဲမှာ အိမ်နဲ့ တိုက်ခန်းပေါင်း ၆၄၁ လုံးအထိ ပါဝင်ပြီး ဆိုင်ပေါင်း ၄၂ ဆိုင်၊ စီးပွားရေးလုပ်ငန်း ၁၄ခု၊ ခြံ ၁၄ ခြံ စတာတွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။

AAPP ရဲ့ ကောက်ယူထားတဲ့စာရင်းအရ စစ်ကောင်စီဟာ ဒီမိုကရေစီတက်ကြွလှုပ်ရှားသူတွေကို ပစ်မှတ်ထားချိပ်ပိတ်သိမ်းဆည်းတာ‌ကြောင့် သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေကို ဆုံးရှုံးနစ်နာစေသလို ချိပ်ပိတ်ခံရသူတွေဟာ အိမ်ခြေရာမဲ့ဖြစ်ပြီး ငွေကြေးခက်ခဲတာတွေကြုံနေရတယ်လို့ ဒီကနေ့ ဧပြီ ၂၅ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒေသအလိုက်ကြည့်ရင်လည်း စစ်ကိုင်းတိုင်းမှာ ပိုင်ဆိုင်မှုပေါင်း ၁၅၉ ခု ချိပ်ပိတ်ခံရပြီး ရန်ကုန်တိုင်းမှာ ၁၂၄ ခု၊ မန္တလေးတိုင်းမှာ ၉၁ ခုအထိ သိမ်းဆည်းခံခဲ့ရတယ်လို့ ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ သူတို့ချိပ်ပိတ်ခဲ့တဲ့စာရင်းတွေကို ထုတ်ပြန်ပြောကြားတာမရှိသလို ဒီချိပ်ပိတ်သိမ်းဆည်းထားတာတွေကို ဘယ်လိုစီမံမလဲဆိုပြီး သတင်းစာရှင်းလင်းပွဲက မေးမြန်းမှုတွေကိုလည်း တိတိကျကျပြန်လည်ဖြေကြားထားတာမရှိပါဘူး။

ဖားကန့်၊ မှော်ပုံနဲ့ ကံစီးရွာကြားမှာ တိုက်ပွဲဖြစ်

ဒီကနေ့ ဧပြီ ၂၅ ရက် မနက်အစောပိုင်းကစပြီး ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက မှော်ပုံနဲ့ ကံစီးရွာကြားမှာ စစ်ကောင်စီနဲ့ KIA ပူးပေါင်းအဖွဲ့ကြား နှစ်ဖက်တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

"၂၁ ရက် ‌သောကြာနေ့တုန်းက မှော်ပုံကအဖမ်းခံလိုက်ရတဲ့ သူတွေထဲက အယောက် ၇၀ လောက်ကို စစ်ယူနီဖောင်းဝတ်ခိုင်းပြီး အရှေ့ကလာခိုင်းတယ်လို့ သတင်းတွေပြန့်နေတာပဲ။ သူတို့က ကံစီးရွာကတပ်ကနေ ဒီဘက်ကို ပြန်ခေါက်လာခဲ့ကြတာနဲ့ တိုက်ပွဲတွေဖြစ်တာပဲ" လို့ ဖားကန့်ဒေသခံ တဦးက ပြောပါတယ်။

ဒီကနေ့ နေ့လယ် ၁ နာရီဝန်းကျင်အထိ တိုက်ပွဲဆက်ဖြစ်နေဆဲဖြစ်ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ကူတွေနဲ့ပါ ပစ်ခတ်နေတာကြောင့် ထိခိုက်မှုအခြေအနေအသေးစိတ် မသိရဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့တုန်းက စစ်ကောင်စီဟာ မှော်ပုံရွာကို ဝင်စီးနင်းခဲ့ပြီး နေအိမ်တွေကို မီးရှို့တာ၊ မှော်ပုံ ကျေးရွာက သပိတ်အခြေစိုက်ရုံးကို ဝင်ရောက်ဖျက်ဆီး တာတွေအပြင် ဒေသခံဆယ်နဲ့ချီကို ဖမ်းဆီးပြီး NUG အလိုမရှိကြောင်း ဆန္ဒပြခိုင်းတဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။

အဲ့ဒီဖမ်းဆီးရမိသူတွေဟာ ပြန်လည်လွှတ်မြောက်လာတာမရှိသေးဘဲ ဒီကနေ့ စစ်ကြောင်းမှာ အခုလိုရှေ့တန်းကနေ လမ်းလျှောက်ခိုင်းတယ်ဆိုတာနဲ့ပတ်သက်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ဘက်ကို ဘီဘီစီကမေးမြန်းဖို့ကြိုးစားနေပါတယ်။

NUG အစိုးရနဲ့ပါ တွေ့ဆုံအဖြေရှာဖို့ စစ်ခေါင်းဆောင်ကို မစ္စတာဘန်ကီမွန်းပြော

အကြမ်းဖက်မှုတွေအဆုံးသတ်နိုင်ဖို့နဲ့ ငြိမ်းချမ်းပြီးအားလုံးပါဝင်တဲ့ တရားဝင်ဒီမိုကရေစီအစိုးရတရပ် ထူထောင်နိုင်မယ့် လမ်းကြောင်းရှာဖွေပေးဖို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်းက မြန်မာနိုင်ငံကို လာရောက်ခဲ့တာဖြစ်တယ်လို့ ဒီကနေ့ ဧပြီ ၂၅ရက်မှာ ထုတ်ပြန်လာပါတယ်။

ရေရှည်တည်တံ့မယ့် အဖြေတခုရရှိဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် ဘက်ပေါင်းစုံပါဝင်နိုင်ရေးဟာ အရေးကြီးတဲ့အကြောင်း စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ရော သမ္မတဟောင်းဦးသိန်းစိန်နဲ့တွေ့ဆုံချိန်မှာပါ မစ္စတာဘန်ကီမွန်းက အလေးပေးပြောခဲ့ပါတယ်။

ဒါ့အပြင် လွတ်လပ်ပြီးတရားမျှတမှုရှိတဲ့အချိန်မှသာ ရွေးကောက်ပွဲကျင်းပဖို့၊ လက်ရှိအခြေအနေမှာသာ ရွေးကောက်ပွဲကျင်းပမယ်ဆိုရင် အကြမ်းဖက်မှုနဲ့ ကွဲလွဲမှုတွေကို ပိုဖြစ်စေနိုင်ပြီး ရွေးကောက်ပွဲရလာဒ်ကိုလည်း မြန်မာပြည်သူတွေရော၊ အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကပါ အသိအမှတ်မပြုနိုင်ကြောင်း မစ္စတာဘန်ကီမွန်းက သတိပေးခဲ့တယ်လို့ ဖော်ပြပါတယ်။

"မြန်မာစစ်တပ်အနေနဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ အားလုံးပါဝင်တဲ့ အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ စနိုင်ဖို့ မြန်မာနိုင်ငံကိုလာခဲ့တာပါ။ ကျွန်တော့်ရဲ့ တွေ့ဆုံမှုတွေဟာ စူးစမ်းမှုတွေဖြစ်ပြီး မြန်မာပြည်သားတွေ ငြိမ်းချမ်းရေးရဖို့၊ သူတို့နဲ့ထိုက်တန်တဲ့ လွတ်လပ်မှုတွေရရှိဖို့ အတတ်နိုင်ဆုံးကြိုးစားသွားမှာပါ"လို့ ကမ္ဘာ့ခေါင်းဆောင်ဟောင်းတွေ၊ လူသိများထင်ရှားသူ ငြိမ်းချမ်းရေးတက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေးပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ The Elders အဖွဲ့ရဲ့ ဒုတိယဥက္ကဋ္ဌလည်းဖြစ်သူ မစ္စတာ ဘန်ကီမွန်းက ပြောပါတယ်။

မြန်မာနိုင်ငံအတွက် အပြောင်းအလဲတွေအမြန်ဆုံးလုပ်ဖို့လိုအပ်နေကြောင်း စစ်ခေါင်းဆောင်ကိုပြောခဲ့သလို အာဆီယံဘုံသဘောတူညီချက် ၅ ချက်နဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို အရေးတကြီး အကောင်အထည်ဖော်ဖို့ စစ်ကောင်စီဖိတ်ကြားချက်နဲ့ လာရောက်ခဲ့တဲ့ ဧပြီ ၂၃ နဲ့ ၂၄ ရက် နှစ်ရက်တာနေပြည်တော် ခရီးစဉ်အတွင်း ထည့်သွင်းပြောခဲ့တယ်လို့ ဆိုပါတယ်။

မကြာသေးမီက လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ အမျိုးသမီးနဲ့ ကလေးငယ် ၁၆၀ ကျော်သေဆုံးခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က ပဇီကြီးကျေးရွာဖြစ်စဉ်ကိုလည်း နိုင်ငံတကာကပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း မစ္စတာဘန်ကီမွန်းက ထည့်ပြောခဲ့ပါသေးတယ်။

မစ္စတာဘန်ကီမွန်းနဲ့ စစ်ကောင်စီဥက္ကဋ္ဌတို့ဟာ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ နောက်ဆုံးအခြေအနေတွေနဲ့ပတ်သက်လို့ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြတာလို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့ကတည်းက ဘီဘီစီကိုပြောထားပါတယ်။

အခုလို မစ္စတာဘန်ကီမွန်းရဲ့ ခရီးစဉ်အတွင်း အကျဉ်းချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ‌တွေ့ခွင့်ရရေး တောင်းဆိုနိုင်တယ်ဆိုတဲ့ ပြောဆိုချက်တွေ ထွက်ပေါ်ခဲ့ပေမဲ့ ဒီကနေ့ထုတ် The Elders ရဲ့နေပြည်တော်ခရီးစဉ် သတင်းထုတ်ပြန်ချက်မှာတော့ ထည့်သွင်းဖော်ပြထားတာမရှိပါဘူး။

မန္တလေးမြို့ပေါ်မှာ ရေပြတ်၊ တနေ့ကို ရေဂါလံ ၂ သောင်းကျော်လှူဒါန်းနေရတယ်လို့ ပြော

ဧပြီ ၂၀ ရက်ဝန်းကျင်ကစလို့ မန္တလေးမြို့ပေါ်က အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေစတဲ့ မြို့နယ်အများစုမှာ လျှပ်စစ်မီးပြတ်တောက်ချိန်များပြီး သုံးရေပြတ်လပ်တာတွေရင်ဆိုင်နေရတာကြောင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက ‌တနေ့ကို ရေဂါလံသောင်းနဲ့ချီလှူဒါန်းပေးနေရတယ်လို့ သိရပါတယ်။

"အမရပူရမြို့နယ်ကလွဲပြီး အများစုမှာ ရေပြတ်နေလို့ တနေ့ကို ရေဂါလံ ၂ သောင်းကျော်ကို နေရာ ၂၀ ကျော်ကို ပတ်လှူရတယ်။ မနက် ၇ နာရီလောက်ကနေ ည ၁၀ ခွဲလောက်အထိ ကျွန်တော်တို့လုပ်နိုင်စွမ်းရှိသမျှ ကူညီပေးနေပါတယ်။ အခုရက်တော့ အောင်မြေသာစံမြို့နယ်ဘက်က ရေပြတ်တာအများဆုံးပါပဲ" လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး၊ မန္တလေးတိုင်းဒေသကြီးကော်မတီရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လေပြင်းတိုက်ခိုက်တာကြောင့် လျှပ်စစ်မီးကြိုးတွေပျက်စီးရာကနေ လျှပ်စစ်မီးပုံမှန်မရဘဲ အခုလိုအခြေအနေကြုံတွေ့နေတာလို့ သိရပါတယ်။

စစ်ကိုင်း၊ ဒီပဲယင်းကွဲဒေသခံ ၁ ယောက်အသတ်ခံရ ၊ ရွာသုံးရွာက ဒေသခံ ၅‌ ယောက်လည်း ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေပြော

ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့က စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ထဲက အင်းစ၊ မူးသာ၊ ဒီပဲယင်းကွဲ၊ စံသစ်၊ တောင်မြို့ စတဲ့ကျေးရွာတွေထဲကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးချိန်မှာ ဒေသခံ ၁ ယောက် အသတ်ခံရပြီး၊ ၅ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေဆီက သိရပါတယ်။

"၂၃ ရက်နေ့က အသတ်ခံရဗျ။ ဒီပဲယင်းကွဲရွာက အသက် ၄၄ နှစ်အရွယ် ဦးထွန်းထွန်းဝင်းပါ ခေါင်းဖြတ်ပြီးသတ်ခံရပါတယ်။ နောက် စံသစ်က ၃ ယောက်၊ မူးသာက ၁ ယောက်၊ အင်းစက ၁ ယောက်က ဖမ်းခံရတာပြန်မလွှတ်သေးဘူး"လို့ စစ်ကိုင်းဒေသခံတယောက်က ပြောပါတယ်။

သတ်ဖြတ်ဖမ်းဆီးခံရသူတွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီးလည်း ဘီဘီစီဘက်က သီးခြားထပ်မံအတည်ပြုနိုင်တာမရှိသေးပါဘူး။

စစ်ကြောင်းထိုးတဲ့ ဧပြီ ၂၁ ရက်ကနေ ၂၄ ရက်အတွင်း အင်းစ၊ မူးသာ၊ တောင်မြို့၊ စံသစ်၊ ရွာထောင်ရွာ၊ ဒီပဲယင်းကွဲ စတဲ့ရွာ ၆ ရွာက အိမ်ခြေ ၄၅၀ နီးပါးမီးရှို့ခံခဲ့ရပြီး အများစုက အင်းစရွာမှာလောင်ကျွမ်းခဲ့တာလို့ စာရင်းကောက်ယူသူတွေဆီကသိရပါတယ်။

အင်းစရွာမှာ အိမ်ခြေ ၂၈၈ အိမ်လောင်ကျွမ်းခဲ့ပြီး နွေရာသီရေမလုံလောက်ဘဲ မီးကိုအချိန်မီမငြိမ်းသတ်နိုင်ခဲ့တာကြောင့် အခုလိုအများအပြားလောင်ကျွမ်းခဲ့ရတာလို့ မြေပြင်မှာရှိနေသူတွေက ပြောပါတယ်။

ဒီဖြစ်စဉ်တွေကြောင့် ဒေသခံထောင်နဲ့ချီစစ်ရှောင်နေကြရပြီး ရေရှည်စစ်ရှောင်အနေနဲ့ပါ တိမ်းရှောင်လာရသူတွေများလာတာကြောင့် အခက်အခဲတွေကြုံနေရတယ်လို့ ဒေသခံတွေက ‌ဆိုပါတယ်။

အခုလို ဒေသခံတွေဖမ်းဆီးသတ်ဖြတ်ခံရတယ်လို့ပြောဆိုချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ဘက်က တစုံတရာတုံ့ပြန်လာတာမရှိသေးသလို ဘီဘီစီဘက်ကလည်း ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

ကိုဗစ်ကူးစက်ခံရသူ ၅၁ ယောက်ထပ်တွေ့

မနေ့ ဧပြီ ၂၄ ရက်မှာဆိုရင် ပြည်တွင်းမှာ ကိုဗစ်ကူးစက်ခံရသူ ၅၁ ယောက် ထပ်မံတွေ့ရှိတယ်လို့ ဒီကနေ့ထုတ် စစ်ကောင်စီသတင်းစာတွေမှာဖော်ပြပါတယ်။

ဒါဟာ အခုဧပြီလအတွင်း တရက်ထဲ ကိုဗစ်အများဆုံးတွေ့ရှိတာဖြစ်ပြီး ကိုဗစ်ပိုးတွေ့ရာခိုင်နှုန်းလည်း တဖြည်းဖြည်းတက်လာတာကိုလည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့စာရင်းတွေအရ တွေ့ရပါတယ်။

ဧပြီ ၂၂ ရက်အထိ ထုတ်ပြန်ထားတဲ့စာရင်းတွေသာ ပြည်တွင်းကူးစက်ရာခိုင်နှုန်းက ၅၈.၇ အထိ ရှိနေပြီးပြည်ပကူးစက်မှုက ၄၁.၃ ရာခိုင်နှုန်းရှိတယ်လို့ ဖော်ပြထားပြီး အခုရက်ပိုင်း ကူးစက်မှုအခြေအနေအပါအဝင် တိုင်း‌ဒေသကြီးပြည်နယ်အလိုက် ကူးစက်ခံရသူစာရင်းတွေကို အချိန်နဲ့တပြေးညီ ထုတ်ပြန်လာတာမျိုးမတွေ့ရသေးပါဘူး။

ဒါ့အပြင် အခုပြည်တွင်းကူးစက်မှုတွေဟာ အိုမိုခရွန်ကိုဗစ်မျိုးကွဲသစ် XBB.1.16 မဟုတ်ဘူးလို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနကဒီရက်ပိုင်းထဲပြောထားပြီး ပြည်တွင်ကူးစက်မှု အနည်းငယ်ပြန်မြင့်တက်လာတဲ့အခြေအနေလို့သာ သတင်းစာတွေမှာ ဖော်ပြပါတယ်။

နေ့အပူချိန်မြင့်တက်နေတဲ့ အခုနွေရာသီကာလမှာဖြစ်လေ့ရှိတဲ့ အပူရှပ်တာ‌နဲ့ ကိုဗစ်ရောဂါလက္ခဏာတွေဟာ မတူညီတာကို ပုဂ္ဂလိကကျန်းမာရေးအသိုင်းအဝိုင်းက သတိပေးထားသလို ကိုယ်ခံအားစနစ်ကောင်းမွန်အောင် နေထိုင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနဘက်ကလည်း လက်ရှိပြည်တွင်းမှာ အသုံးပြုထားတဲ့ ကိုဗစ်ကာကွယ်ဆေးတွေဟာ ထိရောက်မှုရှိပြီး ထပ်ဆောင်းကာကွယ်ဆေးထိုးနှံဖို့အပါအဝင် လူစုလူဝေးမသွားဖို့၊ နှာခေါင်းစည်းမက်စ်တပ်ဖို့ ထုတ်ပြန်ထားပါတယ်။

ရခိုင်ဝန်ကြီးချုပ် ဦးညီပုအပါအဝင် ဖမ်းဆီးခံ ရခိုင်က နိုင်/ကျဥ်းတွေ ဆေးကုသခွင့်မရကြ

ရခိုင်ပြည်နယ်အတွင်းက အကျဉ်းထောင်တွေမှာ အကျဉ်းချခံနေကြရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဆေးကုသခွင့်ရဖို့ခက်ခဲနေတာအပြင် ကျန်းမာ‌ရေးစောင့်ရှောက်မှုလည်း မရတာမျိုးတွေအထိဖြစ်နေရတယ်လို့ လူ့အခွင့်အရေးဆောင်ရွက်သူအချို့က ဘီဘီစီကိုပြောပါတယ်။

အများစုက စစ်တွေ၊ ဘူးသီးတောင်၊ ကျောက်ဖြူ၊ သံတွဲ စတဲ့ အကျဉ်းထောင် တွေမှာ အကျဉ်းချခံနေရသူ နိုင်ငံရေးအကျဥ်းသားတွေအများဆုံး ရင်ဆိုင်ကြုံတွေနေကြ ရတာပါ။

ဒီလိုဆေးကုသခွင့်မရသူတွေထဲ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုလည်းပါဝင်နေတာပါ။ ဦးညီပုဟာ ထောင်အတွင်း မျက်စိရောဂါဝေဒနာကို ပြင်းပြင်းထန်ထန်ခံစားနေရသလို မျက်စိတဖက်လုံးဝမမြင်ရတော့တာကြောင့် ဆေးကုသခွင့်ရရှိဖို့ တင်ပြတောင်ဆိုထားပေမယ့် ဆေးကုသခွင့်မရတဲ့အခြေနေဖြစ်နေပါတယ်။

"အဖေလည်း ထောင်တွင်းကနေ ဆေးကုသခွင့်ကို တောင်းဆိုနေတယ်လို့ သိထားရတယ်။ မိသားစုကလည်း တောင်းဆိုထားတယ်။ ၁ လကျော်ပြီ၊ အကြောင်းကြားတာတော့မရှိသေးဘူး" လို့ ဦးညီပု သမီးဖြစ်သူ ဒေါ်ကြည်ကြည်ဦးက ပြောပါတယ်။

ဝန်ကြီးချုပ်ဟောင်း ဦးညီပု အပါအဝင် ပြည်နယ်ဝန်ကြီးတွေဖြစ်ကြတဲ့ ဦးမင်းအောင်၊ ဦးအောင်ကျော်ဇံ၊ ဦးကျော်လွင်နဲ့ ဦးကျော်အေးသိန်းတို့ဟာလည်း ဖမ်းဆီးခံလိုက်ရတဲ့အချိန်ကနေ နှစ်နှစ်ကျော်ကာလအတွင်း မိသားစုတွေနဲ့တွေ့ခွင့်မရရှိကြသလို နှစ်ရှည်ထောင်ဒဏ်တွေလည်း ချမှတ်ခံထားရပါတယ်။

ထောင်ချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုက တွေ့ဆုံခွင့်မရကြတာကြောင့် ‌ထိန်းသိမ်းခံထားရသူတွေအနေနဲ့ အကျဉ်းထောင်ထဲမှာ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်ဆိုတာကို မသိရတဲ့အခြေအနေထိကို ဖြစ်လာနေတယ်လို့ ဆိုကြပါတယ်။

ဖမ်းဆီးထောင်ချခံထားရသူတွေအားလုံးဟာ ထောင်အတွင်းမှာ ကျန်းမာရေးစောင့်ရှောက်မှုရဖို့ခက်နေကြသလို သက်သေခိုင်လုံမှုမရှိဘဲ ပုဒ်မအမျိုးမျိုးနဲ့ ဖမ်ဆီးခံနေကြရသူတွေဖြစ်လို့ လူ့အခွင့်ချိုးဖောက်ခံရတာလည်း ဖြစ်တယ်လို့ ရခိုင်လူအခွင့်အရေးဆောင်ရွက်သူတွေကထောက်ပြနေကြပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်အတွင်း မှာ နိုင်ငံ‌ရေးအကျဥ်းသားအနေနဲ့ ထောင်ဒဏ်ကျခံနေရသူအရေအတွက်က ၂၀၀ ကျော်ရှိနေတယ်လို့ ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။

နိုင်ငံရေးအကျဥ်းသား အများစုက NLD အစိုးရအဖွဲ့ဝင်တွေနဲ့ စစ်ပွဲကာလတွေအတွင်း ရက္ခိုင့်တပ်တော် အေအေနဲ့ ဆက်စပ်သူတွေအဖြစ် ဖမ်းဆီးခံလိုက်ရသူတွေဖြစ်ကြပါတယ်။