ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေတဲ့ ပြည်ကြီးတံခွန်ဆရာတော်
မန္တလေး၊ ပြည်ကြီးတံခွန်ဆရာတော်လို့သိကြတဲ့ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ သံဃာသပိတ်စစ်ကြောင်းတွေမှာ ဦးဆောင်ပါဝင်သူ ဦးအဂ္ဂဝံသကို စစ်တပ်က ဖမ်းဆီးပြီးနောက်၊ သတ်ဖြတ်တာကိုခံလိုက်ရတယ်လို့ဆိုတဲ့ သတင်းတွေ အခုရက်ပိုင်းမှာ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေပါတယ်။
ဖမ်းမိတဲ့ မတ်လ ၅ရက်နေ့ကဘဲ၊ တွေ့တွေ့ခြင်း သတ်ဖြတ်ခဲ့တယ်။ ခေါင်းဖြတ်ခဲ့တယ်၊ အဲဒီနောက် မီးရှို့ လိုက်တယ်ဆိုတဲ့ ကောလဟာလမျိုးစုံ ဒီကနေ့အထိ ပြည်သူတွေအကြား ကျယ်ကျယ်ပြန့်ပြန်ရှိနေ ပါတယ်။
ဒါပေမယ့် ဦးအဂ္ဂဝံသလို ယူဆလို့ရတဲ့ သေဆုံးမှုတစ်ခုကိုမှ လက္ကပင်နဲ့ နီးစပ်ရာကျေးရွာတွေအနီးတဝိုက်မှာ တွေ့ရှိသူ အတည်ပြုနိုင်သူတစ်ဦးတယောက်မှမရှိသေးပါဘူး။ အများစုကတော့ အချက်အလက်မဲ့ပြော ဆိုကြတဲ့ အပြောတွေကိုသာကြားသိကြရသူတွေ အများအပြားရှိနေပါတယ်။
စစ်အာဏာသိမ်းပြီးကတည်းက မန္တလေးကသံဃာတွေအကြား စစ်အာဏာသိမ်းမှုကို ဦးဆောင်ပြီး နေ့စဥ် ဆိုသလို ဆန့်ကျင်ဆန္ဒပြ သပိတ်မှောက်တဲ့ လှုပ်ရှားမှုတွေကြောင့် ဦးအဂ္ဂဝံသကို လူသိများလှပါတယ်။
မန္တလေး သံဃာသပိတ်စစ်ကြောင်းတွေရဲ့ ဦးဆောင်ပါဝင်သူ သံဃာတစ်ပါးလည်းဖြစ်ပါတယ်။ နေ့စဥ်နဲ့အမျှ စစ်အာဏာသိမ်းမှုကို တွန်းလှန်နေတာကြောင့် စစ်တပ်ဘက်က အချိန်နဲ့အမျှဖမ်းဆီးလိုသူစာရင်းထဲမှာ ထည့်သွင်းခံရတဲ့ သံဃာတပါးလည်းဖြစ်ခဲ့ပါတယ်။
ဒါကြောင့်လည်း ဆရာတော်ကလည်း သူမူလသတင်းသုံးနေတဲ့ ပြည်ကြီးတံခွန်ကနေ အခြားလုံခြုံရာနေရာ တွေမှာ ရွှေ့ပြောင်းနေထိုင်လာခဲ့တာ အာဏာသိမ်းပြီးလပိုင်းအကြာကတည်းကလို့ သိရပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့မှာတော့ ဆရာတော်နေထိုင်နေတယ်ဆိုတဲ့ နေရာကိုစစ်တပ်ဘက်ကသိရှိသွားပြီး အဲဒီကျေးရွာကို မနက်စောစောမှာဝင်ရောက် စီးနင်းခဲ့ပါတယ်။
မတ်လ ၅ရက်နေ့ မနက် ၅နာရီ အလင်းရောင်မသဲမကွဲမြင်ရချိန်အရောက်မှာ စစ်တပ်က မြင်းမူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးက လက္ကပင်ကျေးရွာကို ပိတ်ဆို့ပြီး စီးနင်းခဲ့ပါတယ်။ အဲဒီရွာက ဆရာတော် ဦးအဂ္ဂဝံသ တိမ်းရှောင်သီတင်းသုံးနေတဲ့ရွာဖြစ်ပါတယ်။
လက္ကပင်ရွာဟာ ဧရာဝတီမြစ်ဘေးမှာတည်ရှိပြီး အခြားရွာတွေနဲ့ ထိစပ်မှုနည်းပါပါတယ်။ ဧရာဝတီမြစ်တစ်ဘက် ခြမ်းမှာတော့ မန္တလေးတိုင်း ငါန်းဇွန်းမြို့တည်ရှိပါတယ်။ မြစ်အောက်ဘက်မှာတော့ စစ်ကိုင်းတိုင်း မြောင်မြို့ နယ်တည်ရှိနေပါတယ်။
လက္ကပင်ကို ရုတ်တရက်စီးနင်းလာတဲ့ စစ်တပ်ကြောင့် ဒေသခံတွေ လွတ်မြောက်ရာကိုထွက်ပြေးခဲ့ကြပါတယ်။
ဒါပေမယ့်ဒေသခံ ၃၀၀ လောက်အထိကို စစ်တပ်ကပိတ်ဆို့ပြီးတော့ဖမ်းဆီးခဲ့တာပါ။ အဲဒီဒေသခံတွေ အားလုံးကို လက္ကပင်ရွာရဲ့ ဘုရားကြီးဘုန်းတော်ကြီးကျောင်းမှာ တနေကုန်ထိန်းသိမ်းထားခဲ့ပါတယ်။
အဲဒီဘုရားကြီးဘုန်းတော်ကြီးကျောင်းဆိုတာက ကျေးရွာကိုဝင်စီးနင်းချိန်မှာ အဓိက စီးနင်းခံရတဲ့နေရာ တစ်ခုလည်းဖြစ်ပါတယ်။
အဲဒီကျောင်းမှာတော့ မန္တလေးမြို့က သံဃာသပိတ်တွေကို ဦးဆောင်နေတဲ့ ပြည်ကြီးတံခွန်ဆရာတော်လို့ လူသိများကြတဲ့ ဦးအဂ္ဂဝံသက ရောက်ရှိသီတင်းသုံးနေတာလို့ လက္ကပင်ဒေသခံတွေကအတည်ပြုပြောပြကြပါတယ်။
ဒါကြောင့် ဖမ်းဆီးခံရသူတွေထဲမှာ ဦးအဂ္ဂဝံသလည်း အပါအဝင်ဖြစ်ခဲ့ပါတယ်။ ဦးအဂ္ဂဝံသအပြင် ဆရာတော်ဆီ ကိုရောက်ရှိနေတဲ့ လက္ကပင်ရွာကမဟုတ်တဲ့ အခြားဒေသခံအချို့လည်း ဖမ်းဆီးခံရတဲ့ အထဲမှာ ပါဝင်တယ်လို့ လက္ကပြင်ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။
ဆရာတော် ဦးအဂ္ဂဝံသကို လူဝတ်လဲပြီးနောက် စစ်တပ်ဘက်ကဖမ်းဆီး ချုပ်နှောင်ထားတာလို့ ဘုရားကြီး ကျောင်းမှာ ဆရာတော်နဲ့အတူ ဖမ်းဆီးခံရပြီး ဆရာတော်ကို တွေ့မြင်ခဲ့ကြတဲ့ လက္ကပင်ရွာသားတွေရဲ့ ပြန်ပြောပြချက်အရ သိရပါတယ်။
လက္ကပင်ကျေးရွာဒေသခံတွေကိုတော့ မတ်လ ၅ရက်နေ့ ညနေဘက်မှာ အားလုံးနီးပါးကို ကိုယ့်အိမ်ကိုပြန် ကြဖို့ လွှတ်ပေးခဲ့ပါတယ်။ အဲဒီလိုပြန်လွှတ်လိုက်ချိန်မှာတော့ ဆရာတော်နဲ့အတူဖမ်းဆီးခံထားရတဲ့ လက္ကပင်ရွာသားမဟုတ်သူတွေလည်း ဘုန်းကြီးကျောင်းမှာ ဆက်လက်ကျန်ရှိနေခဲ့ပါတယ်။
ဦးအဂ္ဂဝံသအပါအဝင် သူတို့နဲ့ အတူ လက္ကပင်ကျေးရွာသား ၅ယောက်ကိုတော့ စစ်တပ်ကဆက်ပြီးဖမ်းဆီးထား လိုက်ပါတယ်။
ဖမ်းခံရတဲ့ လက္ကပင်ရွာသား ၅ ဦးထဲက ၁ဦးကိုတော့ မတ်လ ၆ရက်နေ့မှာ စစ်တပ်က ဧရာဝတီမြစ်ရိုးဘက်ကို ခေါ်ယူခဲ့ပြီး သတ်ဖြတ်ခဲ့တယ်လို့ လက္ကပင်ရွာသားတွေထံကသိရပါတယ်။
အဲဒီအပြင် လက္ကပင်ရွာသားတွေမဟုတ်တဲ့ ဦးအဂ္ဂဝံသထံရောက်ရှိနေသူတွေကိုလည်း စစ်တပ်ကသတ်ဖြတ် ခဲ့တယ်လို့ လက္ကပင်ဒေသခံတွေထံကသိထားရပါတယ်။ လက္ကပင်ရွာသားတွေသိကြတဲ့ ဦးအဂ္ဂဝံသဆီကို ရောက်ရှိနေပြီး သတ်ဖြတ်ခံရသူတွေကတော့ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသား ၂ဦးလို့ သိရပါတယ်။
လက္ကပင်ရွာသားတွေကတော့ သတ်ခံရသူတွေက အဲဒီ ၃ဦးအပြင် ထပ်မံရှိနေဦးမယ်လို့ ယူဆပြောဆိုနေ ကြပါတယ်။ ဆရာတော်ဆီရောက်နေတဲ့ အခြားဒေသခံ အရေအတွက်ကိုတော့ လက္ကပင်ရွာသားတွေကိုယ်တိုင်က တိတိကျကျ မသိရှိကြပါဘူး။ ဒါပေမယ့် အဲဒီသတ်ခံခဲ့ရသူတွေရဲ့ အလောင်းတွေကို မြစ်အောက်ပိုင်းမှာရှိတဲ့ မြောင်မြို့နယ်ထဲက မြစ်လယ်ကရွာတခုဖြစ်တဲ့ အညွန့်ရွာမှာ မတ်လ ၉ရက်နေ့က ပြန်တွေ့ခဲ့ရပါတယ်။
အညွန့်ရွာမှာတွေ့ရှိထားတဲ့ အလောင်းအရေအတွက်ကတော့ ၄လောင်းလို့ အလောင်းတွေ့ရှိမှုကို သိရှိရတဲ့ သူတွေထံက ဘီဘီစီက သိရှိထားရပါတယ်။ အခြား ရေလယ်ရွာအချို့ကိုလည်း ဘီဘီစီက လိုက်လံ မေးကြည့်ပေမယ့် အသတ်ခံထားရသူအလောင်းတွေ ထပ်မံတွေ့ရှိတာမျိုး မရှိသေးပါဘူး။
အဲဒီလို သတ်ဖြတ်မှုတွေရှိခဲ့ပြီးနောက်တော့ မတ်လ ၇ရက်နေ့မှာတော့ စစ်တပ်က လက္ကပင်ရွာထဲကနေ ပြန်လည်ထွက်ခွာသွားပါတယ်။
အဲဒီအချိန်မှာတော့ ရွာအတွင်းမှာ သေဆုံးနေသူအခြားနောက်ထပ်အလောင်းတွေတွေ့ရှိတာမျိုးမရှိခဲ့ ပါဘူး။ ဒါပေမယ့် ဖမ်းဆီးထားတဲ့ ဦးအဂ္ဂဝံသနဲ့ လက္ကပင်ရွာသား ၄ဦးကိုတော့ စစ်တပ်ကခေါ်ဆောင်သွားတယ်လို့ လက္ကပင်ရွာသားတွေက ယူဆထားပါတယ်။
အဲဒီစစ်တပ်ဟာ မတ်လ ၇ရက် လက္ကပင်ရွာကထွက်သွားပြီးနောက်တော့ မတ်လ ၈ရက်နေ့မှာ ကျော်မင်းရွာ ကိုစစ်ကြောင်းဝင်ခဲ့ပါသေးတယ်။ အဲဒီနောက် မတ်လ ၈ရက်နေ့ညနေပိုင်းမှာတော့ လက္ကပင်ရွာနဲ့ ၃မိုင် အကွာက ဘိုးမင်းကြီးကျင်း ကျေးရွာအနီးက မုံရွာ - စစ်ကိုင်းလမ်းမပေါ် မြောင်လမ်းခွဲနား စစ်တပ်ရဲ့ ဂိတ်ကိုဝင်ရောက်နေထိုင်ခဲ့ပါတယ်။
အဲဒီလိုနေခဲ့ပြီး မတ်လ ၉ရက်နေ့ ညနေခင်းမှာတော့ အဲဒီဂိတ်ကိုဖြတ်သန်းလာတဲ့ စစ်တပ်ရဲ့ စစ်ယာဥ်တန်းနဲ့ အတူ ဆံအပြောင်ရိတ်ထားတဲ့ ကတုံးပုံစံရှိသူတစ်ဦးကို စစ်ကိုင်းဘက်ကို တင်ပေးလိုက်တာမျိုးရှိတယ်လို့ မြင်းမူသတင်းမှန်ပြန်ကြားရေးက သိရှိထားရတဲ့အကြောင်းအရာကို ဘီဘီစီက သိထားရပါတယ်။
အဲဒီလိုတင်ပေးလိုက်ချိန်မှာ လက္ကပင်ရွာသားတွေပါသွားတာရှိမရှိကိုတော့ အတိအကျ သိရတာမရှိပါဘူး။ စစ်ကြောင်းသွားတဲ့ နေရာတွေ၊ လယ်ကွင်း၊ လမ်းပိုင်းနဲ့ အများသူငါသွားလို့ ရနိုင်တဲ့နေရာတွေမှာတော့ ဒီကနေ့အထိကို သတ်ဖြတ်ခံထားရသူတွေရဲ့ အလောင်းတွေကို လက္ကပင်နဲ့ ဆက်စပ်ဒေသတွေမှာ တွေ့ရှိတာ မျိုး မရှိဘူးလို့ မြင်းမူဘက်ကသတင်းတွေကိုတင်ဆက်နေသူတွေထံကသိရပါတယ်။
လက္ကပင်ရွာကို ဝင်ရောက်တဲ့ စစ်ကြောင်းဟာ အဲဒီမတိုင်ခင်က တာတိုင်ကျေးရွာကိုဝင်ရောက်စီးနင်းခဲ့တဲ့ စစ်ကြောင်းဖြစ်တယ်လို့လည်း သိရပါတယ်။ အဲဒီလို ကျေးရွာတွေကို ဆက်တိုက်ဝင်ရောက် ဖမ်းဆီးတာတွေ အစုလိုက်သတ်ဖြတ်မှု၊ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားတာတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပြတဲ့ အဲဒီစစ်ကြောင်းဟာ မတ်လ ၁၂ရက်နေ့မှာတော့ မြောင်မြို့ပေါ်ကို ရောက်ရှိနေတယ်လို့ သိရပါ တယ်။
အခုလို စစ်ကြောင်းထိုးပြီးနောက်တော့ ဦးအဂ္ဂဝံကို ဖမ်းဆီးထားတာမျိုးရှိမရှိကို စစ်တပ်ဘက်က ထုတ်ဖော်ပြောဆိုတာမရှိသေးပါဘူး။ ဘီဘီစီကလည်း ဦးအဂ္ဂဝံသကို ဖမ်းဆီးထားမှုရှိမရှိမေးမြန်း နိုင်ဖို့ ကြိုးစားနေပါတယ်။