ဧပြီ ၁၀ ရက် နောက်ဆုံးရသတင်းများ - မြိုင်မြို့နယ် ညောင်အုပ်ရွာက အိမ် ၂၈လုံးမီးရှို့ခံရ

ဓာတ်ပုံ ရင်းမြစ်, Pakokku Media
မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက ညောင်အုပ်ကျေးရွာကို ဧပြီလ ၉ရက်နေ့ ညနေပိုင်းမှာ ဘီလူးစစ်ကြောင်းက ဝင်ရောက် စီးနင်းကာ မီးရှို့ခဲ့လို့ နေအိမ် ၂၈လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ညောင်အုပ်ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့ နီးစပ်သူတွေထံကသိရပါ တယ်။
ဧပြီလ ၅ရက်နေ့ကစလို ဘီလူးစစ်ကြောင်းဆိုကာ ရဟတ်ယာဥ်နဲ့ မြိုင်မြို့နယ် ညောင်ရွာကို လာရောက် ချထားတဲ့ စစ်ကြောင်းနဲ့အတူ ကုန်းကြောင်းကရောက်လာတဲ့ စုစုပေါင်း ၁၅၀ လောက်ရှိတဲ့ စစ်ကြောင်း တွေက ကျေးရွာတွေကို ဝင်ရောက် စီးနင်းတာတွေလုပ်နေတာလို့ ကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။
အဲဒီစစ်ကြောင်းက ညောင်ရွာ၊ မင်းဂံရွာတွေကို စီးနင်းခဲ့သလို၊ အိုင်းမကိုလည်း အလူးတူစီးနင်းပြီး ဒေသခံနေအိမ် ၁၈လုံးနဲ့ ညောင်အုပ်က ဒေသခံနေအိမ် ၂၈လုံးတို့ကို မီးရှို့ခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့တွေရဲ့ စာရင်းတွေအရသိရပါတယ်။
တဲကြီးကျေးရွာက စိတ်မနှံ့သူ တစ်ဦးလည်းဖမ်းဆီးလာခဲ့ပြီး မနေ့က ညောင်အုပ်ရွာကိုအရောက် ဖမ်းခံရသူထွက်ပြေးချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဧပြီလ ၉ရက်ညပိုင်းမှာ ညောင်အုပ်ကနေ ပြန်ထွက်ခွာသွားပြီး ဒီကနေ့မနက်ပိုင်းမှာ မြိုင်မြို့နယ် အင်ပင် ကျေးရွာကိုရောက်ရှိခဲ့ကာ၊ အဲဒီကနေ အရပ်သားကား ၅ စီးခန့်ကို ခေါ်ဆောင်ကာ ပခုက္ကူမြို့နယ်ထဲက တပ်မ ၁၀၁ ထဲကိုပြန်သွားခဲ့တယ်လို့သိရပါတယ်။ တပ်မ ၁၀၁ ထဲကနေတဆင့် ရဟတ်ယာဥ်တွေနဲ့ အဲဒီစစ်ကြောင်းတွေက ထပ်မံထွက်ခွာသွားပြီလို့ ပခုက္ကူ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံကသိရပါတယ်။
မြိုင်မြို့နယ်အတွင်းက ညောင်ရွာ၊ ဘဒိုင်းတော၊ မင်းဂံ၊ အိုင်းမ၊ တဲကြီးရာ၊ ညောင်အုပ်၊ နှောပင် အပါအဝင် ကျေးရွာ ၁၃ ရွာက ဒေသခံ ၅၀၀၀ ကျော်က ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။
အဲဒီစစ်ကြောင်းက ဖမ်းဆီးခဲ့တဲ့ ညောင်အုပ်ရွာဒေသခံ တစ်ဦးက ဒီကနေ့အထိ ပြန်လွှတ်မြောက်တာမရှိသေး ဘူးလို့ သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ဖလမ်း၊ ဝေဘူလမြို့က အရပ်သား ၉ ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, Zalen
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ထဲက ဝေဘူလမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ လာရောက်ဗုံးကြဲတိုက်ခိုက်တာကြောင့် သေဆုံးသူ ၉ ဦးအထိမြင့်တက်လာတယ်လို့ ဘီဘီစီက သိရှိရပါတယ်။
ဗားစခန်းရွာက စစ်ကောင်စီရဲစခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မနက်ပိုင်းမှာ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးတဲ့နောက်မှာ စစ်တပ်က ဝေဘူလမြို့ကို လေယာဥ်နဲ့ လာရောက်ပစ်ခတ်ခဲ့တာလို့ ချင်းအမျိုးသားတပ်ဦး(CNF) ကနေ ဘီဘီစီကို အတည်ပြုပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ဝေဘူလမြို့က ကျောင်းအုပ်ဆရာကြီး တစ်ဦးအပါအဝင် အရပ်သား ၆ ဦး ကနဦးသေဆုံးတယ်လို့ အစောပိုင်းက သိရှိခဲ့ရတာဖြစ်ပေမဲ့ နာရီပိုင်းအတွင်းမှာတင်သေဆုံးသူ ၉ ဦးနဲ့ အပြင်းအထန် ဒဏ်ရာရသူ ၂ ဦးအထိရှိလာတယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေကပြောပါတယ်။
ဗားရ်ကျေးရွာရဲစခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ချိန်မှာ ရဲ ၇ ဦးသေဆုံးပြီး ချင်းပူးပေါင်းတပ်တွေက ၁ ဦးနဲ့ အရပ်သား ၁ ဦးတို့ သေဆုံးတယ်လို့လည်း သိရပါတယ်။
အဲဒီစခန်းကို တိုက်ခိုက်မှုမှာ ရဲအချို့ကို ချင်းပူးပေါင်းတပ်ဖွဲ့တွေက ဖမ်းဆီးမိထားတယ်လို့ သိရပေမဲ့ အရေအတွက်ကိုတော့ တိတိကျကျမပြောနိုင်သေးပါဘူး။
အမြန်လမ်းမှာ သတ်မှတ်အရှိန်နှုန်းထက်ကျော်လွန်မောင်းနှင်တဲ့ ယာဥ် ၁၁၀၀၀ ကျော်ကိုအရေးယူခဲ့

ဓာတ်ပုံ ရင်းမြစ်, အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံး
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
၂၀၂၂ - ၂၃ ခုနှစ် ဘဏ္ဍာနှစ်အတွင်း ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်မှာ အရှိန်လွန်မောင်းနှင်တဲ့ မော်တော်ယာဥ်ပေါင်း ၁၁,၃၀၀ ကျော်ကို အရေးယူခဲ့ရတယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး၊ ဒုတိယရဲမှူးကြီး မျိုးလင်းသန်းက စစ်ကောင်စီရုပ်သံကတဆင့် ဖြေဆိုထားပါတယ်။
အမြန်လမ်းမကြီးပေါ်မှာ မကြာခဏဆိုသလိုဖြစ်နေတဲ့ ယာဥ်မတော်တဆမှုတွေမှာ သတ်မှတ်အရှိန်နှုန်းထက် ကျော်လွန်ပြီးမောင်းနှင်တာတွေကြောင့် ဖြစ်တာလည်းပါဝင်နေတယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး၊ ဒုတိယရဲမှူးကြီး မျိုးလင်းသန်းက ပြောပါတယ်။
ဒါကြောင့် ရန်ကုန်- မန္တလေးအမြန်လမ်းမကြီးရဲ့ မိုင်တိုင်အမှတ် သုညကနေ မိုင်တိုင် ၃၅၂ မိုင် ၆ ဖာလုံအထိကို အရှိန်တိုင်းတာစက် ၁၈ လုံးအထိတပ်ဆင်ကာ စောင့်ကြည်နေတယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးကသိရှိရပါတယ်။
အမြန်လမ်းမှာ သတ်မှတ်အရှိန်နှုန်းကိုကျော်လွန်မောင်းနှင်တဲ့ မော်တော်ယာဥ်တွေကို ပုံရိပ်ရိုက်ကူးပြီး ဖမ်းဆီးတာတွေ လုပ်နေတာလို့ သိရပါတယ်။
ရန်ကုန်က စတင်ထွက်ခွာတဲ့ ရန်ကုန်- မန္တလေးအမြန်လမ်းမကြီးရဲ့ မိုင်တိုင် ၇ဖာလုံ၊ ၁၁၅မိုင်၊ ၂၀၁ မိုင် နေပြည်တော်ဂိတ်၊ ၂၈၄မိုင် သီးကုန်းဂိတ်နဲ့ ၃၅၁ မိုင် ၂ ဖာလုံက စကားအင်း ဂိတ် စတဲ့နေရာတွေမှာ အမြန်လမ်းရဲတပ်ဖွဲ့ဝင်တွေကို ထားရှိပြီး သတ်မှတ်အရှိန်နှုန်းကျော်လွန်မောင်းနှင်တဲ့ ယာဥ်တွေကို ဖမ်းဆီးအရေး ယူနေတာလို့ သိရပါတယ်။
အမြန်လမ်းမှာ မောင်နှင်တဲ့အရှိန်သတ်မှတ်ချက်တွေကတော့ ကားလေး တစ်နာရီ ၁၀၀ ကီလိုမီတာ၊ ကားကြီး တစ်နာရီ ၈၀ ကီလိုမီတာလို့ သတ်မှတ်ထားတာဖြစ်ပါတယ်။
ဧပြီလ ၁၀ရက်၊ ဒီကနေ့ မနက် ၁၁နာရီခွဲအချိန်၊ ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးရဲ့ မိုင်တိုင် ၃၂၅မိုင်၊ ၆ဖာလုံနဲ့ ၇ ဖာလုံအကြားမှာ Honda Civic ကား ၁ စီးက လမ်းဘေးက ဘယ်ရီယာတုံးကို ဝင်ရောက်တိုက်မိ ပြီး မီးလောင်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
အဲဒီကားမီးလောင်မှုကို မီးသတ်တပ်ဖွဲ့က သွားရောက်မီးငြိမ်းသတ်ကူညီခဲ့တယ်လို့ သိရပါတယ်။ အဲဒီဖြစ်စဥ် မှာ ယာဥ်ပေါ်ပါလာသူ အမျိုးသား ၃ ဦးလုံးသေဆုံးခဲ့တယ်လို့လည်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက် အရသိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Su Su San
၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၃ရက်နေ့ ကနေ ၂၀ရက်နေ့ အတွင်းစစ်ကိုင်းတိုင်းအောက်ပိုင်း မန္တလေးတိုင်း နဲ့ မကွေးတိုင်း တွေမှာ ထူးကဲအပူချိန်ရှိနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒပညာရှင်အချို့က ခန့်မှန်းထားပါတယ်။
မိုးလေဝသပညာရှင် ဒေါ်စုစုစံကတော့ အဲဒီဒေသတွေမှာ အပူချိန်က ၄၁ ဒီကရီစင်တီဂရိတ်ကနေ ၄၆ နဲ့ ၄၇ အထိကိုရောက်ရှိနိုင်တယ်လို့ သူ့ရဲ့ လူမှုကွန်ယက်ကတဆင့် ခန့်မှန်းပြောဆိုထားပါတယ်။
အဲဒါကြောင့် သင်္ကြန်ကာလလည်းဖြစ်တဲ့ အဲဒီအချိန်တွေရဲ့ မနက် ၁၁နာရီမှ ညနေ၅နာရီအတွင်း ရေလောင်း ရေပက်တာတွေ မပြုလုပ်သင့်ဘူးလို့လည်း သူက တိုက်တွန်းပြောဆိုပါတယ်။ အဲဒီကာလအတွင်း ရန်ကုန်မှာတော့ အပူချိန်က ၃၆ ကနေ ၃၉ အထိရှိမယ်လို့လည်း ခန့်မှန်းထားပါတယ်။
စစ်ကိုင်းတိုင်း မြင်းခြံ၊ စစ်ကိုင်းမြို့၊ ရွှေဘိုနဲ့ မုံရွာမြို့မှာတော့ ၄၀ ကနေ ၄၆၊ မန္တလေးမြို့မှာလည်း ၄၀ ကနေ ၄၆၊ မကွေးတိုင်း ရေစကြိုမှာ ၄၁ ကနေ ၄၆ ဒီဂရီစင်တီဂရိတ်အထိရှိနိုင်တယ်လို့ မိုးလေဝသပညာရှင် ဒေါ်စုစုစံက ခန့်မှန်းထား ပါတယ်။
နွေရာသီရဲ့ အပူဆုံးအချိန်ဟာ ဧပြီလဖြစ်တာကြောင့် အလားတူ ခန့်မှန်းချက်အပူချိန်မျိုးတွေရှိ လာနိုင်တယ် လို့လည်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှထွန်းက ဘီဘီစီကိုပြောပါတယ်။
မကွေး၊ စစ်ကိုင်းနဲ့ မန္တလေးတို့မှာ မိုးရွာသွန်းခဲ့ရင် ခန့်မှန်း အပူချိန်တွေထက် လျော့နည်းသွားမယ် လို့လည်း ဦးလှထွန်းက ပြောပါတယ်။
ဒါပေမယ့် ဧပြီလအတွင်းမှာ မြန်မာနိုင်ငံ တောင်ပိုင်း၊ မြောက်ပိုင်းနဲ့ အရှေ့ပိုင်းနေရာအချို့ မှာသာ မိုးရွာသွန်းနိုင်မယ့်အခြေအနေရှိတာကြောင့် ခန့်မှန်းအပူချိန်တွေကိုရောက်ရှိတာမျိုး ဖြစ်နိုင်မှာ လို့ ခန့်မှန်းပြောဆိုပါ တယ်။
၂၀၂၀ ခုနှစ်၊ မေလတုန်းကတော့ မကွေးတိုင်းချောက်မြို့နယ်မှာ အပူချိန် ၄၇ ဒဿမ ၅ ဒီဂရီစင်တီဂရိတ် အထိ ရောက်ရှိခဲ့ပြီး နှစ်ပေါင်း ၇၀အတွင်း အပူချိန်စံချိန်သစ်အဖြစ်လည်း ဖြစ်ပေါ်ခဲ့ပါသေးတယ်။

ဓာတ်ပုံ ရင်းမြစ်, ဒီပဲယင်းမြို့ကသတင်းတစ်ချို့
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် မုန့်စီကျေးရွာအနီးက မရကန်လက်တံလို့ခေါ်တဲ့ ဆည်ရေပေးတဲ့မြောင်း တလျှောက်မှာ ဖောက်ထားတဲ့ လမ်းတွေကို စစ်တပ်က လိုက်လံဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။
ပြီးခဲ့တဲ့ ၂ရက်အတွင်း ဆက်တိုက်လမ်းအသုံးပြုလို့မရအောင်အထိကို လမ်းတွေကို ဖျက်ဆီးကာ၊ ဖြတ် တောက်မှုတွေလုပ်ဆောင်နေတာလို့ ဒေသခံတွေကပြောပါတယ်။
အဲဒီလမ်းတွေဟာ ခြောက်သွေ့တဲ့ရာသီမှာ ရေဦး-တန့်ဆည်-မုံရွာ လမ်းမကြီးကို အသုံးပြုတာထက် ရေဦး ကနေ ရွှေဘို၊ အရာတော်တို့ဘက်အထိကို ဖြတ်လမ်းအဖြစ် ဒေသခံအများစုအသုံးပြုကြတဲ့လမ်းတွေ ဖြစ်တယ်လို့ သိရပါတယ်။
စစ်တပ်ဘက်က ဖျက်ဆီးခဲ့မှုကြောင့် လမ်းတွေဟာ ဆိုင်ကယ်တွေအထိ သွားလာလို့မရဘဲ ပျက်စီးနေလို့ ဒေသခံတွေကပြန်လည် ပြင်ဆင်နေရတယ်လို့သိရပါတယ်။
အဲဒီလမ်းကို စစ်တပ်က အပြင်းအထန်လေကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ဒီပဲယင်းထဲက လက်ယက်ကုန်း၊ ညောင်လှ၊ သစ်တုံ၊ မရကန် အပါအဝင် ဒီပဲယင်း၊ ရေဦးစတဲ့မြို့နယ်တွေထဲက ကျေးရွာပေါင်း ၄၀ လောက်က ဒေသခံသောင်းချီ မှီခိုပြီးအသုံးပြုနေတာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေကတည်းက ရွှေဘိုဘက်က ထွက်လာတဲ့ စစ်ကြောင်းကအခုလို အမျးသူငှာအသုံးပြုတဲ့ လမ်းတွေကို ဖြတ်တောက် ဖျက်ဆီးတာတွေလုပ်နေတာလို့ ဒေသခံတွေက ပြောကြပါတယ်။ လမ်းတွေကို ဖျက်ဆီးတာတွေရှိနေသလို၊ စစ်ကြောင်းဝင်ရောက်မှာကိုလည်း အဲဒီက ကျေးရွာဒေသခံတွေက စိုးရိမ်နေကြ ပါတယ်။
ဒီလို လမ်းတွေဖျက်ဆီးဖြတ်တောက်တာရှိတယ်ဆိုတာနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်ခဲ့ပေမယ့် ရုံးပိတ်ရက်နဲ့ ပြောခွင့်ရသူပြောင်းလဲမှုရှိတာကြောင့် မေးမြန်းသိရှိရတာမျိုးမရှိသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, AA
ရက္ခိုင့်တပ်တော် - AA ထူထောင်တာ ၁၄ နှစ်ပြည့် ဧပြီ ၁၀ ရက် ဒီကနေ့မှာ ရက္ခိုင့်တပ်တော်နေ့အဖြစ် ရခိုင်ပြည်နယ်ထဲက အေအေ ရဲ့ ထိန်းချုပ်နယ်မြေတွေမှာ ကျင်းပပြုလုပ်နေကြပါတယ်။
တိုက်ပွဲသံ လက်နက်သံ၊ အမြောက်ဆံတွေကြားမှာ နာကျင်မှုမျက်ရည်တွေနဲ့ ရဲရင့်စွာရပ်တည်နေကြတဲ့ အာရက္ခပြည်သူတွေ၊ အဝေးရောက်ပြည်သူတွေအနေနဲ့ ဆက်လက်ကြံ့ကြံ့ခံရပ်တည်ပေးကြဖို့ ၊ စည်းလုံးမှုအပြည့်နဲ့ ခရီးဆက်ကြဖို့ ရက္ခိုင့်တပ်တော်အေအေရဲ့ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တပ်တော်နေ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ရခိုင်တော်လှန်ရေးအတွက် ရဲဝံ့စွန့်စားခဲ့ကြတဲ့ တိုက်ပွဲဝင်ရဲဘော်ရဲဘက်တွေကို ဂုဏ်ပြုကြောင်းပြောဆိုပြီး တော်လှန်ရေးအတွက် ပံ့ပိုးကူညီပေးကြတဲ့ ပြည်တွင်းပြည်ပမှာရှိနေကြတဲ့ ပြည်သူတွေကိုလည်း ကျေးဇူးတင်ကြောင်း ဆိုပါတယ်။
၁၄ နှစ်မြောက်ရက္ခိုင့်တပ်တော်နေ့ကို ပြည်တွင်းပြည်ပမှာရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ညီနောင်တပ်တွေဖြစ်တဲ့ တအာင်းတပ်မတော် TNLA ၊ ကိုးကန့်တပ်မတော် MNDAA ၊ မန္တလေးကျန်းမာရေးမိသားစု၊ ကျောင်းသားတပ်လက်ရုံးတပ်တော်တို့အပါအဝင် တော်လှန်ရေးမဟာမိတ်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေက သဝဏ်လွှာတွေ ပေးပို့နေကြတာဖြစ်ပါတယ်။
ဒီကန့မနက်ပိုင်းမှာ ပေးပို့ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့သဝဏ်လွှာမှာတော့ ရက္ခိုင့်တပ်တော်ဟာ တိုင်းပြည်တဝှမ်းဆင်နွှဲနေကြတဲ့ နွေဦးတော်လှန်ရေးမှာ ဖိနှိပ်ခံပြည်သူတွေနဲ့အတူ ရပ်တည်ပြီး ဘုံရန်သူကို ပြင်းပြင်းထန်ထန် ခုခံတွန်းလှန်နေတဲ့အပြင် တော်လှန်ရေးအင်အားစုတွေကိုလည်း လက်တွဲကူညီ ပံ့ပိုးပေးလျက်ရှိတယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် ဘုံရန်သူစစ်ကောင်စီက အပြီးသတ်ချေမှုန်းနိုင်ဖို့ အတူတကွ စုစည်းညီညွတ်စွာဖြင့် ရုန်းကန်ဖောက်ထွက်ကြိုးစားကြရမှာဖြစ်တယ်လို့ NUG ရဲ့ သဝဏ်လွှာမှာရေးသားထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Commoners' Party
ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက မြန်မာ-ထိုင်းနယ်စပ်၊ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ဖမ်းဆီးခံရတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(ပီဒီအက်ဖ်) ၃ ဦးကို ထိုင်းလူဝင်မှုကြီးကြပ်ရေးနဲ့ ထိုင်းအာဏာပိုင်တွေက မြန်မာပြည်ကို ပြန်လွှဲပြောင်းပေးလိုက်တဲ့ကိစ္စဟာ ပြည်တွင်းနဲ့နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်တာလို့ဆိုပြီး ထိုင်းအခြေခံလူတန်းစားပါတီ(Commomers’ Party)က စာထုတ်ပြောဆိုလာပါတယ်။
လွှဲပြောင်းခံရတဲ့ ပီဒီအက်ဖ် ၃ ဦးဟာ မြန်မာလက်နက်ကိုင်တွေလက်ထဲမှာ သတ်ဖြတ်ခံရတယ်လို့ မြန်မာပြည်လာတဲ့သတင်းရင်းမြစ်တွေအရ ကြားသိရတာကြောင့် ဒါဟာ ညှင်းပန်းနှိပ်စက်မှု ဆန့်ကျင်ရေးနဲ့ လူပျောက်ဆုံးစေမှုဆိုင်ရာအက်ဥပဒေပါ ပြဋ္ဌာန်းချက်ကို ထိုင်းအစိုးရအောက် လူဝင်မှုကြီးကြပ်ရေးဌာနက ချိုးဖောက်မှုဖြစ်တယ်လို့ ပါတီဘက်က ဧပြီလ ၈ ရက်မှာ ပြောပါတယ်။
ဒါ့အပြင် တက်ခ်ခရိုင်၊ မဲဆောက်မြို့မှာ ဆေးလာကုတဲ့ အဲဒီ ပီဒီအက်ဖ် ၃ ဦးကို ထိုင်းလဝက က ဖမ်းဆီးခဲ့တာဟာ ဂျီနီဗာ ကွန်ဗန်းရှင်းမှာပါတဲ့ စစ်ဥပဒေသဆိုင်ရာပြဋ္ဌာန်းချက်ကို ချိုးဖောက်မှုဖြစ်တယ်လို့လည်း အဲဒီပါတီက ပြောပါတယ်။
ဒါကြောင့် လူသားဂုဏ်သိက္ခာကို အရိုအသေတန်စေတဲ့ဒီဖြစ်ရပ်နဲ့ ပတ်သတ်ပြီး ထိုင်းအစိုးရရဲ့လုပ်ရပ်တွေကို ရှုတ်ချတယ်လို့ပြောပါတယ်။
ဒါဟာ ထိုင်းအစိုးရက မြန်မာစစ်တပ်ရဲ့တောင်းဆိုချက်အတိုင်း လိုက်လုပ်မှုဖြစ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်တဲ့ မြန်မာစစ်အာဏာရှင်တွေကို ထောက်ပံ့မှုဖြစ်သလို စစ်ရာဇဝတ်မှုမှာ ကြံရာပါအဖြစ် တာဝန်ခံရနိုင်တယ်လို့လည်း ဆိုပါတယ်။
ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာရဲ့ အိမ်စောင့်အစိုးရအနေနဲ့ ထိုင်းလဝကက ဆေးလာကုတဲ့ ပီဒီအက်ဖ်တွေကို မြန်မာလက်နက်ကိုင်တွေဘက်ဆီ လွှဲပြောင်းခဲ့မှုကြောင့် ဒီလူ ၃ ဦးသေဆုံးခဲ့မှုဟာ နိုင်ငံ တကာနဲ့ ပြည်တွင်းဥပဒေတွေကို ချိုးဖောက်မှုရှိ မရှိဆိုတာ လူထုကို ရှင်းပြဖို့လိုတဲ့အကြောင်းကိုလည်း အဲဒီ ပါတီက ပြောထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဘင်္ဂလားပင်လယ်အော်ထဲက မြန်မာနိုင်ငံပိုင် ကိုကိုးကျွန်းကို စစ်အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရောက်ရှိနေတယ်လို့ စစ်ကောင်စီရဲ့ ဧပြီလ ၁၀ရက်ထုတ် သတင်းစာတွေမှာဖော်ပြပါတယ်။
စစ်ကောင်စီဘက်က အပြောအရ နိုင်ငံတကာကုန်သွယ်ရေကြောင်းမှာ အရေးပါတဲ့ ကပ္ပလီပင် လယ်ပြင်(Andaman Sea) နဲ့ ဘင်္ဂလားပင်လယ် အော် (Bay of Bengal) တို့ နှစ်ခုဆုံမှတ်တည် နေရာမှာ အောင်မြေအထိမ်းအမှတ်ကျောက် တိုင်စိုက်ထူဖို့ရောက်နေတယ်လို့သိရပါတယ်။
ကိုကိုးကျွန်းကို ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာ ၂၈ရက်နေ့တုန်းက သွားရောက်ချိန် ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင် လယ်အော်တို့ဆုံမှတ်ဖြစ်တဲ့ ကိုကိုးကျွန်းမှာ အထိမ်းအမှတ်ကျောက်တိုင်စိုက်ဖို့ ညွှန်ကြားခဲ့ဖူးတယ်လို့ဆိုပါတယ်။
အဲဒါအပြင် ကိုကိုးကျွန်းက ဌာနဆိုင်ရာတွေနဲ့ တွေ့ဆုံတာ၊ တပ်နယ်မိသားစုဝင်တွေနဲ့ တွေ့ဆုံတာတွေကိုလည်း ဖော်ပြထားပါတယ်။
အခု စစ်ခေါင်းဆောင်ရဲ့ ခရီးစဥ်မတိုင်မီ မတ်လကုန်လောက်တုန်းကတော့ ကိုကိုးကျွန်းမှာ စစ်ရေးဆိုင်ရာတိုး ချဲ့ဆောက်လုပ်မှုတွေကို ပြုလုပ်နေတယ်လို့ ကောင်းကင်ဓာတ်ပုံတွေက ရိုက်ယူသိရှိရတဲ့ အထောက်အထား တွေကို အင်္ဂလန်အခြေစိုက် သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Chatham House က ထုတ်ဖော်ခဲ့ပါတယ်။
Chatham House ရဲ့ တွေ့ရှိချက်မှာ ၂၀၂၃ခုနှစ် ဇန်နဝါရီလအတွင်း ရိုက်ကူးထားတဲ့ ကောင်းကင်ဓာတ်ပုံတွေ အရ ကိုကိုးကျွန်းမှာ အရှည် ၂,၃၀၀ မီတာရှိသော အသစ်စက်စက်ပြေးလမ်းနဲ့ ရေဒါဘူတာရုံတို့အနီးမှာ မြင်သာတဲ့ နေရာထိုင်ခင်းအသစ်နှစ်ခု၊ ကားလမ်းအသစ်နဲ့ တည်းခိုခန်းတစ်ခုတို့ကို ရှိလာတာကို ထုတ်ပြန် လာပါတယ်။
ကိုကိုးကျွန်းနဲ့ အနီးနားက ကျွန်းလေးတွေကို ဆက်သွယ်ထားတဲ့ လမ်းမကြီးပုံစံထက်ကြီးမား ကျယ်ပြန့်ထက် တည်ဆောက်ရေးလုပ်ငန်း တွေကိုလည်း ကောင်းကင်ဓာတ်ပုံ ရိုက်ကူးတဲ့ မတ်လကုန်အချိန် အထိကို မြင်တွေ့ထားရတယ်လို့ ပါရှိပါတယ်။
အဲဒီလိုပေါ်ထွက်လာတဲ့ ဆောက်လုပ်ရေးနဲ့ အဆောက်အဦတွေဟာ မြန်မာစစ်တပ်နဲ့အတူ တရုတ်ကုမ္ပဏီ တွေက ရေနက်ဆိပ်ကမ်းတို့လိုအဓိက အခြေခံအဆောက်အဦ ပရောဂျက်များကို တည်ဆောက်နေတယ်လို့ Chatham House က သူတို့ရရှိထားတဲ့အထောက်အထားတွေကို ကိုးကားပြီး ယူဆပြောဆိုထားပါတယ်။
အဲဒီလိုတည်ဆောက်မှုတွေကိုလည်း စစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေနဲ့ လုံခြုံရေးရယူးပေးတာမျိုးတွေ ရှိတယ်လို့ လည်း ထည့်သွင်းပြောဆိုထားပါတယ်။
အခုလို ပြောဆိုမှုတွေအပေါ်ကိုတော့ စစ်ကောင်စီရဲ့ ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြင်းဆိုထားပါတယ်။ မြန်မာနိုင်ငံအတွင်း နိုင်ငံခြားတပ်ဖွဲ့တွေကို ဝင်ရောက်ခွင့်မပြုသလို၊ တရုတ်နဲ့ အိန္ဒိယ တပ်ဖွဲ့တွေလည်း ကိုကိုးကျွန်းကို ရောက်ရှိဖူးတာမျိုးမရှိခဲ့ဘူးလို့ သတင်းမီဒီယာတွေကို ပြောဆိုထား ပါတယ်။
ကိုကိုးကျွန်းမှာ လူနေရပ်ကွက် ၂ ခုနဲ့ နှင့် လူဉီးရေ ၁၂၀၀ ကျော်သာ နေထိုင်တဲ့ နေရာလည်းဖြစ်ပါတယ်။ ရန်ကုန်မြို့ကနေ ရေမိုင် ၂၆၀ အကွာမှာတည်ရှိတာပါ။ ရန်ကုန်ကနေ ကိုကိုးကျွန်းကိုတော့ အချိန်မရွေးသွား လာနိုင်တဲ့ ရေလမ်းပို့ဆောင်ရေးလမ်းကြောင်းမျိုးမရှိဘဲ၊ အာဏာပိုင်တွေက စီစဥ်ပြေးဆွဲပေးတဲ့ ခရီးစဥ်ပို့ ဆောင်ရေးအစီအစဥ်တွေကိုသာ အားကိုးသွားလာရတာဖြစ်ပါတယ်။

ကာကွယ်ရေးအသုံးစရိတ်ကို ကျပ်ဘီလီယံ ၅၆၀၀ ကျော်အထိ သုံးစွဲဖို့ စစ်ကောင်စီက ခွင့်ပြုပေးလိုက်ပြီး မနှစ်ကထက် ကျပ်ဘီလီယံ ၂၀၀၀ နီးပါး တိုးမြှင့်ချပေးခဲ့တာပါ။
မနှစ်က ကာကွယ်ရေးအသုံးစရိတ်ကို ကျပ်ဘီလီယံ ၃၇၀၀ ကျော် ခွင့်ပြုခဲ့တာဖြစ်ပါတယ်။
ဧပြီလက စတင်ပြီး တစ်နှစ် သက်တမ်းရှိတဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အသုံးစရိတ်အတွက် ကာကွယ်ရေးအသုံးစရိတ်ကို အများဆုံးချပေးလိုက်တာဖြစ်ပါတယ်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အသုံးစရိတ်အတွက် ကျပ်ဘီလီယံ နှစ်သောင်းနီးပါးအထိ သုံးဖို့ စစ်ကောင်စီကပြဋ္ဌာန်းတဲ့ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေမှာဖော်ပြထားပါတယ်။
ကာကွယ်ရေးဘတ်ဂျတ်ပြီးရင် အများဆုံးသုံးတဲ့ ဋ္ဌာနက ဝန်ထမ်းတွေအားလုံးကို လစာထုတ်ပေးနေတဲ့ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနဖြစ်ပြီး ဘီလီယံ ၄၃၀၀ ကျော် သုံးစွဲမှာ ဖြစ်ပါတယ်။
ပညာရေးကဏ္ဍအတွက် ကျပ်ဘီလီယံ နှစ်ထောင်ကျော်သုံးဖို့ ခွင့်ပြုထားပါတယ်။
လျှပ်စစ်ကဏ္ဍအတွက်တော့ ကျပ်ဘီလီယံ ၆၈၀ ကျော်သုံးဖို့ ခွင့်ပြုထားပြီး ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းအတွက် ဘတ်ဂျတ်ပြင်ပကနေ ဘီလီယံ တစ်ထောင်ကျော် ထပ်တိုးသုံးစွဲမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
ကျန်းမာရေးအသုံးစရိတ်ကိုတော့ ကျပ်ဘီလီယံ ရှစ်ရာကျော်သုံးစွဲမယ်လို့ ထုတ်ပြန်ထားပါတယ်။








