မှတ်ပုံတင် နဲ့ အိမ်ထောင်စုစာရင်း တစ်ခုထက် ပိုကိုင်ထားသူတွေ လာအပ်ကြဖို့ လဝက သတိပေး

ရေးသားခဲ့သည်။

နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်ခုထက် ပိုကိုင်ထားသူတွေကို နိုဝင်ဘာ ၁ ရက်နေ့ နောက်ဆုံးထားပြီး လာအပ်ဖို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက သတိပေးလိုက်ပါတယ်။

သတ်မှတ်ရက်အတွင်းလာမအပ်ရင် နောက်ဆုံးထုတ်ထားတဲ့ မှတ်ပုံတင်နံပါတ်ကိုပဲ အတည်ယူမယ်လို့ ထုတ်ပြန်လိုက်တာပါ။

ကိုယ့်ရဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားကို တခြားသူတစ်ယောက်ကိုင်ထားတယ်လို့ သံသယရှိရင် သက်ဆိုင်ရာမြို့နယ်လဝကရုံးကို သတင်းပို့ရမယ်လို့ လည်း ထုတ်ပြန်ချက်မှာပါပါတယ်။

အလားတူ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆) ကိုလည်း နောက်ဆုံးအချက်အလက်တွေ လဝက ရုံးမှာ လာထည့်ဖို့နဲ့ တစ်ခုထက်ပိုမကိုင်ထားဖို့ သတိပေးပါတယ်။

မှတ်ပုံတင် နဲ့ အိမ်ထောင်စုစာရင်း တစ်ခုထက် ပိုကိုင်ထားသူတွေ ကို သတ်မှတ်ရက်ကျော်လွန်တဲ့အခါ ဥပဒေနဲ့အညီဆောင်ရွက်မယ်လို့ ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်ထဲ ပါရှိပါတယ်။

ဒါ့အပြင် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနအနေနဲ့ နိုင်ငံသား၊ဧည့်နိုင်ငံသား၊နိုင်ငံသားပြုခွင့်ရသူနဲ့ တခြားအသိအမှတ်ပြုကတ်တစ်မျိုးမျိုးကိုင်ဆောင်သူ ၅၂ သန်းကျော်ကို စာရင်းသွင်းထားပြီးပြီလို့ထုတ်ပြန်ပါတယ်။

လေ့လာစောင့်ကြည့်သူတွေကတော့ လက်ရှိအချိန်မှာ စစ်ကောင်စီအနေနဲ့ မိုဘိုင်း Banking တွေကို သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ၊ ဖုန်းဆင်းကတ် ဝယ်ယူသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို စိစစ်ကြပ်မတ်နေတဲ့အချိန်မှာ အခုလို မှတ်ပုံတင်တွေနဲ့ အိမ်ထောင်စုစာရင်းတွေကိုပါ အချိန်ကိုက် ကြပ်မတ်တာဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် ပန်းခင်းစီမံချက်နဲ့ မှတ်ပုံတင် သန်းချီထုတ်ပေးခဲ့ပြီးဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MIP

ကျောက်တော်က ဒုက္ခသည် ၁၅၀၀ကျော်ကို နေရပ်ပြန်ခိုင်း

ကျောက်တော် ကန်ဇောက် စစ်ရှောင်စခန်း

ဓာတ်ပုံ ရင်းမြစ်, ML

ဓာတ်ပုံ ပုံစာ, ကျောက်တော် ကန်ဇောက် စစ်ရှောင်စခန်း

ကျောက်တော်မြို့နယ်ထဲက လူဦးရေ ၁၅၀၀ ကျော် ခိုလှုံနေထိုင်နေတဲ့ ဒုက္ခသည်စခန်း ၃ခုက ဒေသခံတွေကို မူလနေရပ်ကို လာမယ့် အောက်တိုဘာလအတွင်း အပြီးပြောင်းကြဖို့ စစ်တပ်က ဖိအားပေးပြန်ခိုင်း နေတယ်လို့ သိရပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးကနေ အခုလို အမိန့်ထုတ်ပြန်လိုက်တဲ့အတွက် အခုလ ၁၈ ရက်နေ့မှာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနကနေ စစ်ဘေးရှောင်ဦးရေ ၁၅၀၀ ကျော်ခိုလှုံနေတဲ့ ကန်ဇောက်၊ ဝါးတောင်နဲ့ တောင်မင်းကုလား ဒုက္ခသည်စခန်းက သက်ဆိုင်ရာ စခန်းတာဝန်ရှိသူတွေကို အကြောင်းကြား လာတာဖြစ်တယ်လို့ စခန်းတာဝန်ခံတွေက အတည်ပြုပြောဆိုကြပါတယ်။

စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် အေအေတို့တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ကြတဲ့အချိန် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့ကတည်းက ထွက်ပြေးလာခဲ့ကြတဲ့ ကျေးရွာသားတွေနဲ့ ပလက်ဝမြို့နယ်အတွင်း ထွက်ပြေးလာခဲ့ ကြသူတွေက အဲဒီနေရာတွေမှာ ခိုလှုံနေကြတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်တွေ၊ မွတ်ဆလင်ဒုက္ခသည်တွေနဲ့ ဝေလံခေါင်ဖျားဒေသတွေမှာ နေထိုင်နေကြသူတွေကို အကူအညီ အထောက်အပံ့တွေပြုလုပ်ပေးနေတဲ့ INGO,NGO အဖွဲ့အစည်းတွေအနေနဲ့ ထောက်ပံ့ကူညီမှုတွေရပ်ထားဖို့ အခုလ ၁၆ ရက်နေ့က စစ်ကောင်စီကနေ အမိန့်ထုတ်ပြန်ထားတာဖြစ်ပါတယ်။ 

စက်တင်ဘာ ၁၈ ရက်နေ့ကနေ ကျောက်တော်မြို့နယ်အထက်ပိုင်းမှာရှိတဲ့ နဂရာကျေးရွာမှာ လက်နက်ကြီး ကျည်တွေကျရောက်ပေါက်ကွဲနေတာ သုံးရက်ရှိနေပြီဖြစ်ကာ ရွာသားလေးဦးထိခိုက်ဒဏ်ရာတွေရရှိခဲ့တဲ့ ဖြစ်စဉ်တွေလည်းရှိပါတယ်။

အခုအခြေအနေမှာ နေရပ်ပြန်သွားလို့ရှိရင် စစ်ပွဲတွေဖြစ်ပွားလာမှာနဲ့ လမ်းခရီးတွေကို ပိတ်ဆို့ခံရမှာကို စိုးရိမ်ရတဲ့အတွက် နေရပ်ပြန်ဖို့မဖြစ်နိုင်ဘူးလို့ တောင်မင်းကုလားစခန်းက စစ်ဘေးရှောင် ဦးမောင်သိန်းဝင်း က ပြောပါတယ်။

LDF ခေါင်းဆောင်တွေ NUG နဲ့ ချိတ်ဆက်ဖို့ ကာကွယ်ရေးဝန်ကြီး လမ်းဖွင့်

ဒေသတိုင်းမှာ ကိုယ့်အစီအစဥ်နဲ့ကိုယ် ပြန့်နှံ့တည်ရှိနေတဲ့ လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေ (LDF)အနေနဲ့  အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကို ဆက်သွယ်နိုင်တယ်လို့ ဝန်ကြီးဦးရည်မွန်က ဒီကနေ့မှာ ထုတ်ပြောလိုက်ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့  LDF တွေနဲ့ ချိတ်ဆက်နိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူတွေပါတဲ့ အထူးအလုပ်အဖွဲ့တစ်ခု ဖွဲ့စည်း လုပ်ဆောင်နေတာရှိတယ် လို့ ဦးရည်မွန်ကပြောပါတယ်။

 LDF ခေါင်းဆောင်တွေအနေနဲ့ ဒီအလုပ်အဖွဲ့ကိုဖြစ်ဖြစ်၊ ဝန်ကြီး၊ ဒုဝန်ကြီး၊ အတွင်းဝန်တို့ကို တိုက်ရိုက်ပဲဖြစ်ဖြစ် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်းလည်း သူက အသိပေးပါတယ်။

လူငယ်တွေ၊ ပြည်သူတွေ ကိုယ့်အစီအစဥ်နဲ့ကိုယ် ၊ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် အမည်အမျိုးမျိုး ခံယူပြီးပေါ်ပေါက်လာတဲ့ လက်နက်ကိုင်အဖွဲ့တွေဟာလည်း ဒေသတိုင်းမှာပြန့်နှံ့တည်ရှိနေတယ်ဆိုတာ တော်လှန်ရေးရဲ့ အရှိတရားပဲဖြစ်တယ် လို့ သူကပြောပါတယ်။

‘အရေးကြီးတာက PDF၊ ပကဖ၊ LDF ညီညွတ်ရေးပဲ၊ တစ်နည်းအားဖြင့် အတူတကွ လက်တွဲပူးပေါင်းဆောင်ရွက်နိုင်ရေးပဲ၊ ဒီ့အတွက် ပကဖ တာဝန်ရှိသူတွေဟာ LDF ခေါင်းဆောင်တွေနဲ့ မြေပြင်မှာ တွေ့ဆုံညှိနှိုင်းကြဖို့လိုတယ်။ ကိုယ့်သဘောထား ကိုယ့်အစီအစဥ်ကို အသေအချာရှင်းပြကြရမယ်။ ဘယ်သူ့ကိုမှ လက်အောက်ခံပြုဖို့မဟုတ်၊ ဘယ်သူ့ကိုမှသြဇာပေးဖို့ မဟုတ်၊ အသိအမှတ်ပြု ပူးပေါင်းဆောင်ရွက်ရေး ရည်ရွယ်တယ်ဆိုတဲ့ နားလည်မှု ယုံကြည်မှုကို တည်ဆောက်ကြရမယ်။’ လို့ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ PDF ကို ခရိုင်အခြေပြုတဲ့ တပ်ရင်းတပ်ဖွဲ့များထူထောင်ထားတာ ဖြစ်ပါတယ်။

အဲဒီ ပကဖ ခေါ်တဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို မြို့နယ်အသီးသီးကို အခြေပြုပြီး နိုင်ငံရေးနဲ့ စစ်ရေးတာဝန် နှစ်ရပ်လုံး တပြိုင်တည်းပူးတွဲ ထမ်းဆောင်ဖို့ လည်း ရည်ရွယ်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

PDF၊ ပကဖ နဲ့ LDF တို့ ညီညွတ်ဖို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က သူ့ရဲ့မိန့်ခွန်းမှာထည့်ပြောပါတယ်။

စစ်ကောင်စီ ယန္တရားကို ရှင်းလင်းဖယ်ရှားရင်း နယ်မြေစိုးမိုးနိုင်လာတာနဲ့အမျှ ပြည်သူ့အုပ်ချုပ်ရေး ယန္တရား နဲ့ ပြည်သူ့လုံခြုံရေး အစီအမံတွေ ချမှတ် အကောင်အထည်ဖော်ရာမှာ ပြည်သူကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေဖို့နဲ့ ပြည်သူကို မျက်နှာမူတဲ့ ဆောင်ရွက်ချက်တွေဖြစ်ရမယ်လို့ ကာကွယ်ရေးဝန်ကြီးကသူ့မိန့်ခွန်းထဲ ထည့်ပြောသွားပါသေးတယ်။

ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့  LDF တွေနဲ့ ချိတ်ဆက်နိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူတွေပါတဲ့ အထူးအလုပ်အဖွဲ့တစ်ခု ဖွဲ့စည်း လုပ်ဆောင်နေတာရှိတယ် လို့ ဦးရည်မွန်ကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NUG

နျူ ကလီးယားဓာတ်အားပေးစက်ရုံ နှစ်ပိုင်းအတွင်းဆောက်မယ်လို့ စစ်ကောင်စီပြော

အသေးစား နျူ ကလီးယားဓာတ်အားပေးစက်ရုံတစ်ခု ကို ရုရှားအကူအညီနဲ့ နှစ်ပိုင်းအတွင်းတည်ဆောက်သွားမယ် လို့ စစ်ကောင်စီသတင်းထုတ်ပြန်‌ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြောပါတယ်။

နျူ ကလီးယားစွမ်းအင်ကို ပြည်သူကိုအသိပေးပြီး ပူးပေါင်းဆောင်ရွက်လာဖို့ ရည်ရွယ်တဲ့  သတင်းအချက်အလက်စင်တာကို ရန်ကုန်မှာထောင်ဖို့ စီစဥ်ထားတဲ့အကြောင်း သူကပြောပါတယ်။

ဒါပေမဲ့ နျူ ကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်မယ့်နေရာကိုတော့ ထည့်မပြောသွားပါဘူး။

‘နျူ ကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုရေးလုပ်ဆောင်သွားမှာဖြစ်တယ်’ လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပေမယ့် စစ်ကောင်စီလက်ထဲ နျူကလီးယားစွမ်းအင်ရောက်မယ့်ကိစ္စကို ပြည်တွင်းရောပြည်ပကပါ သံသယကြီးကြီးနဲ့ စောင့်ကြည့်နေကြပါတယ်။

နျူ ကလီးယားစွမ်းအင် နဲ့ပတ်သက်လို့ ပြည်သူလူထုရဲ့ အပြုသဘောဆောင်တဲ့ သဘောထားအမြင်ရရှိရေး ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာကို မြန်မာနဲ့ ရုရှား ဇူလိုင်လမှာ လက်မှတ်ထိုးခဲ့တာကနေ အစပြုခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ စက်တင်ဘာလ ရုရှားခရီးစဥ်မှာ နျူ ကလီးယား စွမ်းအင်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်ဆိုင်ရာ စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပြီးတဲ့နောက် အကောင်အထည်ဖော်မှုတွေ အစပြုလာတာဖြစ်ပါတယ်။

လျှပ်စစ်ဓာတ်အားထုတ်နိုင်မယ့် အသေးစားနျူ ကလီးယားဓာတ်ပေါင်းဖိုတွေ တည်ဆောက်နိုင်ရေး အစပျိုးသဘောတူညီချက်တစ်ခုကို ရုရှားနိုင်ငံပိုင် Rosatom နျူ ကလီးယားဓာတ်အားကုမ္ပဏီနဲ့ မြန်မာစစ်ကောင်စီတို့  စက်တင်ဘာ ၆ ရက်မှာ လက်မှတ်ထိုးခဲ့တာ ဖြစ်ပါတယ်။

ရုရှားနိုင်ငံပိုင် Rosatom နျူကလီးယားဓာတ်အားကုမ္ပဏီနဲ့ မြန်မာစစ်ကောင်စီတို့  စက်တင်ဘာ ၆ ရက်မှာ လက်မှတ်ထိုးခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CINCDS

ကျောက်တော်မြို့နယ်က နဂရာကျေးရွာကို လက်နက်ကြီးတွေနဲ့ပစ်ခတ် ရွာသားလေးဦးဒဏ်ရာရ

စစ်တပ်ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်စ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, စစ်တပ်ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်စ

၃ရက်ဆက်တိုက် ကျေးရွာထဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံနေရ

ရခိုင်ပြည်နယ် ကျောက်တော်နယ်အတွင်းက နဂရာကျေးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရတဲ့အတွက် ကျေးရွာအတွင်းကျည်တွေကျရောက်ပေါက်ပွဲပြီး မိသားစုတစ်စုထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြတယ်လို့ ရွာသားတွေက ပြောဆိုကြပါတယ်။

အဲ့ဒီလက်နက်ကြီးကျည်ဟာ မနေ့ကညနေပိုင်း ၄ နာရီခွဲဝန်းကျင်အချိန်မှာ နဂရာကျေးရွာအတွင်း ကျရောက် ခဲ့တာဖြစ်ပြီး ထမင်းစားဖို့ပြင်ဆင်နေကြတဲ့ ဒေါ်ဦးယဉ်သန်းနေအိမ်ခြံအတွင်း ကျရောက်ပေါက်ကွဲ ခဲ့တာကြောင့် မိသားစုလေးဦးစလုံး ထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

“မနေ့ကညနေပိုင်းမှာ အဲ့ဒီအိမ်ကမိသားစုတွေ ထမင်းစားဖို့ပြင်နေတုန်း၊ လက်နက်ကြီးကျည်က ကျလာတာ၊ ထမင်းဝိုင်းထဲမှာရှိနေတဲ့ မိသားစုလေးယောက်စလုံး ဒဏ်ရာရကြတယ်။ လမ်းတွေလည်းပိတ်ထားတော့ ဆေးရုံလဲမသွားနိုင်ကြသေးဘူး။”လို့ နဂရာကျေးရွာမှ အမျိုးသမီးတစ်ဦးက ဒီကနေ့မနက်ပိုင်းမှာ ဘီဘီစီကို ပြောပါတယ်။

ဒဏ်ရာရရှိသူတွေကတော့ နေအိမ်ပိုင်ရှင် ဒေါ်ဦးယဉ်သန်း ၄၂၊ သူ့ရဲ့မိခင် ဒေါ်မယဉ်ဦး ၆၅ နှစ်၊ သားဖြစ်သူ မောင်မျိုးလှိုင်ဝင်း ၁၆ နှစ် ဆယ်တန်းကျောင်းသား၊ ဖြိုးချေ (ခ) မောင်မင်းအေးစိုး ၁၁ နှစ် လေးတန်း ကျောင်းသားတို့ဖြစ်ကြပြီး သူတို့ရဲ့ခန္ဓာကိုယ်မှာ ကျည်စတွေထိမှန်ခဲ့ကြတယ်လို့ ရွာသားတွေက ပြောဆိုကြပါတယ်။

အဲ့ဒီလက်နက်ကြီးကျည်ဟာ အဝေးကပစ်ခတ်လိုက်တာမျိုးမဟုတ်ဘဲ ကျေးရွာအပေါ်ကနေ ဒရုန်းနဲ့လာပြီး ပစ်ချခဲ့တာလို့ ရွာသားတွေက ပြောပါတယ်။

လက်နက်ကြီးပစ်ခတ်တဲ့အသံတွေကို မကြားလိုက်ရဘဲ ရွာအပေါ်ကို ဒရုံးရောက်လာတဲ့အသံကြားမှ ရွာသားတွေရုပ်ရုပ်သဲသဲ ဖြစ်ကြတဲ့အချိန်မှာ ပစ်ချခံလိုက်ရတာလို့ဆိုပါတယ်။

၃ရက်ဆက်တိုက် ကျေးရွာထဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံနေရ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, စက်တင်ဘာ ၁၉ ရက်နေ့ကလည်း အခုလိုပစ်ခတ်မှုမျိုးတွေရှိခဲ့ပြီး ကျေးရွာအတွင်း လက်နက်ကြီး ကျည်တစ်လုံး ကျ

နဂရာကျေးရွာဟာ ကျောက်တော်မြို့အထက်ပိုင်းမှာရှိပြီး ကုလားတန်မြစ်ကြောင်းအတွင်းက အမှတ် ၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တပ်စခန်းနဲ့ မျက်နှာချင်းဆိုင် မြစ်ရဲ့အနောက်ဘက်ခြမ်းက ကျေးရွာတစ်ရွာ ဖြစ်ပါတယ်။

စက်တင်ဘာ ၂၀ ရက်၊ မနေ့ည ၁၁ ခွဲလောက်မှာလည်း အဲ့ဒီ စကခ ၉ ကနေ လက်နက်ကြီးလက်နက်ငယ် ပစ်ခတ်မှု တွေပြုလုပ်ခဲ့တဲ့အတွက် လက်နက်ကြီးကျည်နှစ်လုံးဟာလည်း နဂရာကျေးရွာအတွင်း ကျရောက်ခဲ့ တယ်လို့ ပြောဆိုကြပါတယ်။

 ညအချိန်ကျရောက်ခဲ့တဲ့ အဲဒီလက်နက်ကြီးကျည်တွေဟာ မြစ်ကမ်းနားဘက်မှာရှိတဲ့ ဦးဝေသာအောင်နေအိမ် ခေါင်မိုးနဲ့ကြမ်းပြင်ကိုဖောက်ပြီး ကျရောက်ခဲ့ပေမယ့် မပေါက်ကွဲတဲ့အတွက် လူတွေထိုခိုက်မှုတော့မရှိခဲ့ဘူး လို့ သိရပါတယ်။

“မနေ့ညတုန်းကလည်း လက်နက်ကြီးလက်နက်ငယ်တွေ ပစ်ပါတယ်။ တော်တော်များများကိုပစ်တယ်။ ရွာကအိမ်တစ်ဆောင်မှာ ဖောက်ပြီး လက်နက်ကြီးကျည်တစ်လုံကျတယ်။ မကွဲခဲ့လို့ လူတွေတော့ မထိ ခိုက်ဘူး။ အဲ့ဒီအိမ်ကလူတွေကတော့ ညကတည်းက ကြောက်ပြီး အိမ်မှာမအိပ်ဘဲ တခြားမှာသွားအိပ် ကြတယ်။ ဦးဝေသာအောင်တစ်ယောက်တည်းရှိနေတာပါ။ ကျည်ကတော့ သူလည်းကြောက်ပြီး ဆင်းပြေး လာတာလို့သိရတယ်။”လို့ နောက်ထပ် ကျေးရွာသားတစ်ဦးက ပြောပါတယ်။

နောက်ထပ်တစ်လုံးကတော့ ကျေးရွာအတွင်းက သောက်ရေကန်ထဲကျရောက်ပြီး ပေါက်ကွဲခြင်းမရှိပေမယ့် ကန်ရေတစ်ခုလုံး နောက်ကျိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၁၉ ရက်နေ့ကလည်း အခုလိုပစ်ခတ်မှုမျိုးတွေရှိခဲ့ပြီး ကျေးရွာအတွင်း လက်နက်ကြီး ကျည်တစ်လုံး ကျရောက်တာရှိခဲ့တယ်လို့ ရွာသားတစ်ဦးက ပြောပါတယ်။

အဲ့ဒီပစ်ခတ်မှုတွေအားလုံးဟာ ကျေးရွာနဲ့တစ်ဘက်ကမ်းမှာရှိနေတဲ့ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် ၉ တပ်စခန်းကနေ ပစ်ခတ်နေတာ ဖြစ်ပြီး အခုလို နေ့စဉ်ရက်ဆက်ပစ်ခတ်ခံနေကြရသလို ရွာသားတွေ ထိခိုက်မှုရှိလာနေတဲ့အတွက် တချို့ ကျေးရွာသားတွေကတော့ ထွက်ပြေးနေကြပြီဖြစ်တယ်လို့ ပြောကြပါတယ်။

လက်ရှိမှာ နေရပ်စွန့်ခွာခဲ့ကသူတွေဟာလည်း သွားလာရေးအတွက် အဓိကအသုံးပြုနေကြတဲ့ ကုလားတန်မြစ်ကြောင်းအတွင်း စက်လှေအသွားအလာတွေကို ပိတ်ဆို့ထားတာကြောင့် တောလမ်းတွေကနေ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

 

ကုလသမဂ္ဂအထွေထွေညီလာခံကို ဒီပဲယင်း၊ လက်ယက်တွင်း စာသင်ကျောင်း တိုက်ခိုက်ခံရတဲ့ကိစ္စ ဦးကျော်မိုးထွန်းက တင်သွင်းမယ်

လေကြောင်းတိုက်ခိုက်ခံရတဲ့ စာသင်းကျောင်း

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, လေကြောင်းတိုက်ခိုက်ခံရတဲ့ စာသင်းကျောင်း

အမေရိကန်နိုင်ငံ နယူးယောက်မှာ ကျင်းပနေတဲ့ ၇၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာက စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းနဲ့တိုက်ခိုက်လို့ ကလေးငယ်တွေ သေဆုံးရတဲ့အကြောင်းကို ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ် ဦးကျော်မိုးထွန်းက တင်သွင်းမှာဖြစ်တယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ဘီဘီစီကို ပြောပါတယ်။

ကုလသမဂ္ဂညီလာခံ တတိယကော်မတီကို တင်သွင်းမယ့် လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာမှာ ဒီပဲယင်း၊ လက်ယက်ကုန်းဖြစ်စဉ်ကို အဓိက မီးမောင်းထိုးပြထားပြီး ဒီလုပ်ရပ်အပေါ် အရေးယူတာတွေ ရှိလာအောင် တင်သွင်းသွားမှာဖြစ်တယ်လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

“ ကုလသမဂ္ဂ ညီလာခံမှာ High Level Panel မှာ ပထမခေါင်းဆောင်တွေ ‌ရောက်နေတဲ့အချိန်အတွင်း မြန်မာနိုင်ငံမှာ ဆက်ဖြစ်နေတဲ့ လူ့အခွင့်အရေးအကြောင်းတွေကိုလည်း ထိရောက်စွာကူညီပေးဖို့ ၊ သတင်းစကားတွေပေးဖို့ အချိန်ကောင်းပါပဲ။ စစ်ကိုင်းတိုင်း ၊ ဒီပဲယင်း ၊ လက်ယက်တွင်းမှာ ဖြစ်ပွားတဲ့ကိစ္စကနေအစ လေကြောင်းတိုက်ခိုက်မှု ၁၀၀ ကျော်အတွင်း သေဆုံးခဲ့ရတဲ့သူတွေရဲ့ အခြေအနေတွေကို တင်ပြသွားမှာပါ" လို့ သူကပြောပါတယ်။

NUG, NUCC , CRPH ကိုယ်စားလှယ်တွေနဲ့ မလေးနိုင်ငံခြားရေးဝန်ကြီးတို့ မနေ့က နယူးယောက်သံရုံးမှာတွေ့ဆုံချိန်မှာလည်း ဒီဖြစ်ရပ်တွေကို တင်ပြပြောဆိုခဲ့ကြပါသေးတယ်။

ကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ကိုယ်စားလှယ်ကို ကုသမဂ္ဂ အထွေထွေညီလာခံမှာ ကိုယ်စားလှယ်အဖြစ် တင်သွင်းမှာကို လက်မခံဖို့အတွက်လည်း ခွန်အားရသလို တဖက်မှာလည်း တရားဥပဒေဆောင်ကျဉ်းဖို့ လိုအပ်နေတဲ့အတွက် ICC, ICJ လမ်းကြောင်းတွေအတွက်လည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပူးပေါင်း ဆောင်ရွက်သွားမယ့်အကြောင်းလည်း ဦးအောင်မျိုးမင်းက ပြောပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ကလည်း လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းကို စစ်တပ်က တိုက်ခိုက်တာကြောင့် ကလေးငယ်နဲ့ အရပ်သားတွေ သေဆုံးတဲ့အပေါ် ကန့်ကွက်ရှုံ့ချပြီး နိုင်ငံတကာလူသားချင်းစာနာထောက်ထားရေး ဥပဒေအရ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ကလေးသူငယ်အပါဝင် အရပ်သားပြည်သူတွေ၊ အရပ်ဖက်ဆိုင်ရာ အဆောက်အုံတွေကို တိုက်ခိုက်တာမလုပ်ဖို့ ၊ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်သူတွေ တာဝန်ခံမှုရှိအောင် ဆောင်ရွက်မယ်လို့လည်း ပြောပါတယ်။

ဗုဒ္ဓဘာသာကိုထိခိုက်စေလို့ဆိုပြီး ပုံနှိပ်ထုတ်ဝေလုပ်ငန်း နှစ်ခု အပိတ်ခံရ

‘မှားယွင်းသော ဗုဒ္ဓဘာသာကို ဖြေရှင်းခြင်း လောကစာတမ်း(အတွဲ ၆) ‘ ဆိုတဲ့ စာအုပ်ကို ပုံနှိပ်ထုတ်ဝေခဲ့တဲ့ သံလွင်ပုံနှိပ်တိုက် နဲ့ ဉာဏ်အလင်းစာပေ တို့ကို ပြန်ကြားရေးဝန်ကြီးဌာနက ပုံနှိပ်ထုတ်ဝေခွင့် ရုပ်သိမ်းလိုက်ပါတယ်။

‘အဲဒီစာအုပ်ထဲမှာ ဆရာတော်ကြီးတွေနဲ့ ဘာသာရေးကို ထိခိုက်စေတဲ့ရေးသားချက်တွေပါလို့ ဥပဒေအတိုင်းအရေးယူတာ’ လို့ ပြန်ကြားရေးဝန်ကြီး ဌာနက တာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

စာအုပ်ထဲက အကြောင်းအရာတွေဟာ ၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(က) နဲ့ ငြိစွန်းလို့ အရေးယူတာလို့ ပြန်ကြားရေးဝန်ကြီးဌာန က ဒီကနေ့ထုတ်နိုင်ငံပိုင်သတင်းစာတွေမှာ ထုတ်ပြန်ပါတယ်။

ဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(က) အရ တိုင်းရင်းသား လူမျိုးအချင်းချင်း၊ နိုင်ငံသားအချင်းချင်း လူမျိုးရေးအရ၊ ဘာသာရေးအရ၊ ယဥ်ကျေးမှုအရ ထိခိုက်နစ်နာစေတဲ့ အကြောင်းအရာတွေကို ပုံနှိပ်ထုတ်ဝေလို့ အရေးယူတဲ့အကြောင်း အဲဒီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဆိုပါစာအုပ်ကို ဦးလှသိန်း(ဉာဏ်အလင်းစာပေ) က ရေးသားထုတ်ဝေခဲ့တာဖြစ်ပြီးတော့ ပုံနှိပ်ရေးနဲ့ ထုတ်ဝေရေးဦးစီးဌာန ကို တင်တဲ့အခါ ဝန်ကြီးဌာနက သိရှိအရေးယူခဲ့တာဖြစ်ပါတယ်။

အရေးမယူခင်မှာ သာသနာ‌ရေးဝန်ကြီးဌာနကို သဘောထားမှတ်ချက်တောင်းခံခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒါပေမဲ့ စာပေထုတ်ဝေသူတစ်ဦးကတော့ စစ်ကောင်စီလက်အောက်က ပြန်ကြားရေးဝန်ကြီးဌာနဟာ သူတို့မထင်ရင်မထင်သလို အရေးယူနေပြီး စာပေလွတ်လပ်ခွင့်ကို နားမလည်သူတွေလို့ ဝေဖန်ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ပြန်ကြားရေးဝန်ကြီးဌာနရဲ့အချက်အလက်တွေအရ ပုံနှိပ်ခြင်း၊ထုတ်ဝေခြင်းနဲ့ သတင်းအေဂျင်စီ လုပ်ငန်းတွေကို အရေးယူမှု (၂၁) ကြိမ်ပြုလုပ်ထားပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ပုံနှိပ်ထုတ်ဝေခြင်းနဲ့ သတင်းအေဂျင်စီ လုပ်ငန်းတွေကို အရေးယူမှု (၂၁) ကြိမ်ပြုလုပ်ထားပါတယ်။