ဖေဖော်ဝါရီ ၂၃ ရက် နိုင်ငံတဝန်းသတင်းများအနှစ်ချုပ်- ရခိုင် - ပဲခူးအစပ် နတ်တောင်နဲ့ ညောင်ကျိုးစစ်တပ်စခန်းတွေကို အေအေ ပိတ်ဆို့ထိုးစစ်ဆင်နေ

ဓာတ်ပုံ ရင်းမြစ်, AA Info Desk
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ထဲက ညောင်ကျိုး လက်နက်ကြီးအထိုင်ချစခန်းနဲ့ နတ်တောင် တာဝါတိုင်စခန်းကုန်းတို့ကို အာရက္ခတပ်တော်- အေအေ က ပိတ်ဆို့ထိုးစစ်ဆင်နေလို့ ဒီကနေ့ ဖေဖော်ဝါရီ ၂၃ ရက်မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ အေအေ စစ်ရေးရင်းမြစ်က ဘီဘီစီကို ပြောပါတယ်။
ရခိုင်ဘက်ခြမ်းတောင်ကုတ်နဲ့ ကပ်လျက် ပဲခူးဘက်ခြမ်းက ဒီစခန်းတွေကို အေအေ ထိုးစစ်နေတာ တစ်ပတ်ကျော်ကြာရှိလာပြီဖြစ်ပါတယ်။
နတ်တောင်စခန်းမှာ စစ်ကောင်စီတပ်အင်အား ၁၀၀ ကျော်နဲ့ ညောင်ကျိုးမှာဆိုရင် အင်အား ရာနဲ့ချီရှိတယ်လို့ စစ်ရေးအရင်းအမြစ်က သူသိထားတဲ့အချက်အလက်ကို ကိုးကားပြောပါတယ်။
"နတ်တောင်က ပုဂံကွဲနဲ့ ညောင်ကျိုးကြားမှာရှိတယ်။ ညောင်ကျိုးမှာပါ တိုက်ပွဲပြင်းထန်နေတော့ နတ်တောင်စခန်းကို ရိက္ခာမပို့နိုင်တော့ဘူး။ အဲဒီမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အစာရိက္ခာ၊ ရေပါ ပြတ်နေပြီလို့ သတင်းရထားတယ်"လို့ သူက ပြောပါတယ်။
အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီက တိုက်လေယာဉ်တွေ သုံးတာထက် စက်တပ်လေထီးတွေ ဆက်တိုက်သုံးပြီး ဗုံးကြဲတာပိုများတယ်လို့လည်း ပြောပါတယ်။
"မနေ့ကဆိုရင် စက်တပ်လေထီးနှစ်စီးကို ပစ်ချနိုင်တယ်။ လေထီးတစ်စီးက တစ်ယောက်ရဲ့ အလောင်းကိုတော့ ရတယ်။ တစ်စီးကတော့ အရှိန်နဲ့ ပြုတ်ကျသွားတာဆိုတော့ အသက်ရှင်ဖို့ ခက်ပါတယ်"လို့ သူက ဆိုပါတယ်။
ညောင်ကျိုးစခန်းတိုက်ပွဲကို ညောင်ခြေထောက်ကျေးရွာမှာရှိတဲ့ အမှတ် ၆ ကာကွယ်ရေး ပစ္စည်းစက်ရုံကနေ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ကူပေးနေတာကြောင့် တိုက်ပွဲပြင်းထန်နေတာလို့ သိရပါတယ်။
ညောင်ကျိုးစခန်းပြီးရင် ၁၀ မိုင်ကျော် အကွာအဝေးရှိတဲ့ ကပစ ၆ ကို ထိုးစစ်ဦးတည်လာနိုင်တဲ့အတွက် စစ်ကောင်စီ တပ်ဖွဲ့ဝင် မိသားစုတွေကို ပြောင်းရွှေ့ထားကြပြီလို့လည်း ဆိုပါတယ်။
အာရက္ခတပ်တော်ဟာ ရခိုင်ပြည်နယ် တောင်ကုတ်မြိုနယ်နဲ့ ပဲခူးတိုင်း ပန်းတောင်းမြို့ အစပ်က မိုးထိစခန်း၊ ပုဂံကွဲစခန်းတွေကို ၂၀၂၅ ခုနှစ် ဇန်နဝါရီကစလို့ တဆင့်ချင်း သိမ်းပိုက်လာဖြစ်ပြီး လက်ရှိမှာ နတ်တောင် တာဝါတိုင်စခန်းနဲ့ ညောင်ကျိုးလက်နက်ကြီးစခန်းတို့ကို တိုက်ခိုက်နေတာဖြစ်ပါတယ်။
ပဲခူးတိုင်းဘက်ခြမ်း အေအေ ထိုးစစ်ဆင်နေတဲ့ တိုက်ပွဲတွေထဲမှာ နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ ကျောင်းသားလက်ရုံးတပ်၊ ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် (BPLA) တို့က ပူးပေါင်းတိုက်ခိုက်နေတာလို့လည်း စစ်ရေးအရင်းအမြစ်က ပြောပါတယ်။
လိုင်ဇာ KSCU တက္ကသိုလ်ကနေ ကျောင်းသား ၂၀၀ ကျော်ဘွဲ့ ရ

ဓာတ်ပုံ ရင်းမြစ်, Kachin Net
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်(KSCU) ရဲ့ တတိယအကြိမ်ဘွဲ့နှင်းသဘင်အခမ်းအနားကို ၂၀၂၅ ဖေဖော်ဝါရီ ၂၂ရက်က လိုင်ဇာမြို့ မြို့တော်ခန်းမ ပြုလုပ်ခဲ့ပြီး ၂၀၅ ဦးကို သက်ဆိုင်ရာပညာရပ်အလိုက် ဘွဲ့တွေချီးမြှင့်ခဲ့ပါတယ်။
KSCU ရဲ့ အဖွဲ့ဝင်တက္ကသိုလ်ဖြစ်တဲ့ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကဖွင့်လှစ်ခဲ့တဲ့ ပညာရေးအစီအစဉ်တွေက နောက်ဆုံးနှစ်စာမေးပွဲအောင်မြင်ခဲ့သူတွေနဲ့ ကြားကာလတက္ကသိုလ်ကောင်စီအသီးသီးက ဖွင့်လှစ်ခဲ့တဲ့ အွန်လိုင်းအခြေပြုပညာရေးအစီအစဉ်တွေကနေ နောက်ဆုံးနှစ် စာမေးပွဲအောင်မြင်သူတွေဖြစ်တယ်လို့ သိရပါတယ်။
အခမ်းအနားကို တက္ကသိုလ်ရဲ့ အဓိပတိဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်ကိုယ်တိုင်တက်ရောက်ခဲ့ပြီး ဘွဲ့ချီးမြင့်ပေးခဲ့တာဖြစ်ပါတယ်။
"မကြည်သောရေကိုကြည်အောင်လုပ်မည်၊မနုသောမြက်ကိုနုအောင်လုပ်မည်''ဟူသော လူစွမ်းကောင်း စိတ်ဓာတ် တို့ ထွန်းကားစေလိုသောရည်ရွယ်ချက်နဲ့အမိပညာရပ်စုံတက္ကသိုလ်ကို တည်ထောင်ခဲ့ခြင်း ဖြစ်ပါတယ်လို့ ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော် က ပြောခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် KIO တို့ ပူးပေါင်း တည်ထောင်ထားတဲ့ KSCU ကို ၂၀၂၂ မေလ ၃၀ ရက်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး CDM ဆရာ၊ဆရာမတွေက ဦးဆောင်သင်ကြားနေတာဖြစ်သလို အဲဒီကနေ ဘွဲ့ရရှိသူ ၅၀၀ နီးပါးရှိနေပြီဖြစ်ပါတယ်။
မလေးရှားမှာ တစ်ရက်အတွင်း မြန်မာ ၅၀၀ ကျော်ဖမ်းဆီးခံရ

ဓာတ်ပုံ ရင်းမြစ်, မလေးရှား လူဝင်မှု ကြီးကြပ်ရေး
မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ ကလန်းမဲရူးဈေးကြီး အတွင်းကို မလေးရှားအာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးချိန် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၅၃၀ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ မလေးရှားရောက်မြန်မာလုပ်သားအရေး ဆောင်ရွက်သူတချို့ကပြောပါတယ်။
နေထိုင်ခွင့် အထောက်အထား မရှိတာ၊ အထောက်အထား သက်တမ်းကျော်လွန်တာတွေကြောင့် စျေးကြီးအတွင်း အဖမ်းခံရသူ ၆၃၀ ဦးထဲမှာ မြန်မာ ၅၃၀ ပါဝင်တယ်လို့ မလေးရှားလူဝင်မှုကြီးကြပ်ရေးကလည်း ထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ အသက် ၁၇ နှစ်ကနေ ၅၇ နှစ်အထိ ပါဝင်တယ်လို့ ဆိုပြီး သူတို့ကို လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေအရ အရေးယူသွားမယ်လို့ သိရပါတယ်။
ကလန်းမဲရူးဈေးကြီးမှာ အလုပ်လုပ်ရတာဟာ ညစ်ပတ်တာကြောင့် မလေးရှားနိုင်ငံသားတွေ အလုပ်လုပ်တာနည်းပြီး နိုင်ငံခြားသား အလုပ်သမားတွေသာ အဓိကလုပ်ကိုင်ကြတာဖြစ်တဲ့အတွက် အခုလိုပမာဏများတဲ့ အရေအတွက်ထိ ဖမ်းခံရတာလို့ ဆိုပါတယ်။
"လာမယ့် မတ် ၁ ရက်မှာ မလေးလူမျိုးတွေရဲ့ ဥပုသ်လစပြီ။ အဲဒီရက်မတိုင်ခင် စီမံချက်တခုအနေနဲ့လုပ်တယ်လို့ပဲထင်ပါတယ်။ ဥပုသ်လမှာလည်းဖမ်းဦးမှာပါ သေးတာနဲ့ ကြီးတာပဲကွာပါလိမ့်မယ်"လို့ မလေးရှားရောက်မြန်မာလုပ်သားအရေး ဆောင်ရွက်သူတစ်ဦးက ပြောပါတယ်။
လူမှုကွန်ရက်မှာ ပြန့်နှံ့လာတဲ့ ရုပ်သံမှတ်တမ်းတွေထဲမှာဆိုရင် ညစ်ပတ်နေတဲ့ မြောင်းတွေထဲ ဝင်ပုန်းနေသူတွေ၊ ဈေးခုံတွေအောက်မှာ ပုန်းနေသူတွေက ဖမ်းဆီးမိလို့ လေးဘက်ထောက် ထွက်လာကြရတာကို တွေ့ရပါတယ်။
လက်တွေကိုလည်း သံကြိုးတွေနဲ့ ချည်ခတ်ထားပြီး တစ်ယောက်နဲ့တစ်ယောက် တွဲထားပါတယ်။
မလေးရှားလူဝင်မှုကြီးကြပ်ရေးက တရားမဝင်နိုင်ငံခြားသားတွေကို နေ့စဉ်ဆက်တိုက် ဖမ်းဆီးနေသလို နိုင်ငံသားတွေတိုင်ကြားရင်လည်း ချက်ချင်းဖမ်းဆီးတာတွေရှိတာကြောင့် မလေးရှား နိုင်ငံသားတွေ အနှောင့်အယှက်မဖြစ်အောင် နေထိုင်ကြဖို့ကို မြန်မာအလုပ်သမားအဖွဲ့တွေက သတိပေးနေကြပါတယ်။
မလေးရှားနိုင်ငံမှာ လူဝင်မှုကြီးကြပ်ရေးက စီမံချက်တွေနဲ့ လူစည်ကားတဲ့နေရာတွေ၊ နေအိမ်၊ တိုက်ခန်းတွေ အထိ နေ့တိုင်းနီးပါး ဖမ်းဆီးနေတာရှိသလို မလေးနိုင်ငံသားတွေက သတင်းပေးတိုင်ကြားဖို့အတွက်ကိုလည်း ဖုန်းနံပတ်တွေ ဖြန့်ဝေထားတာ ဖြစ်ပါတယ်။
''ဝ'' ထိန်းချုပ်ထားတဲ့ ဟိုပန်မှာ ကျားဖြန့်ဂိုဏ်းနဲ့ လူ ၁၀၀ ကျော်ဖမ်းမိ

ဓာတ်ပုံ ရင်းမြစ်, Wa News Land
"ဝ"ပြည်သွေးစည်းညီညွတ်ရေးတပ် - UWSA ထိန်းချုပ်ထားတဲ့ ဟိုပန်မြို့၊ မိန်းပန်းရပ်ကွက်ထဲမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်) တခုနဲ့ လူ ၁၀၀ ကျော်ကို UWSA ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ UWSA ပြောရေးဆိုခွင့်ရှိသူ တာဝန်ခံ ဦးညီရန်းက ဘီဘီစီကို အတည်ပြုပါတယ်။
ဖမ်းဆီးရမိတဲ့အထဲမှာ တရုတ်လူမျိုး အများစု အပါအဝင် ဝ၊ ကိုးကန့်၊ ရှမ်း တွေလည်းပါဝင်ပြီး တရုတ်နိုင်ငံသားတွေကိုတော့ တရုတ်ကို လွှဲပြောင်းပေးမယ်လို့ ဆိုပါတယ်။
" ဖမ်းမိသူများကို တရုတ်သို့လွှဲပြောင်းပေးဖို့ လုပ်နေပါတယ်။ မြန်မာနိုင်ငံသားတချို့ပါပြီး ပြစ်မှုများကို စိစစ်နေတုန်းပါ"လို့ ဦးညီရန်းက ပြောပါတယ်။
UWSA ထိန်းချုပ်ထားတဲ့နေရာတွေမှာ ကျားဖြန့်ကင်းစင်သွားတဲ့အထိ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဦးညီရန်းက ပြောပြီး ဘယ်လိုဆက်ပြီးဆောင်ရွက်မလဲဆိုတာနဲ့ ပတ်သက်ပြီးတော့ တိတိကျကျပြောတာမရှိသေးပါဘူး။
UWSA ကို သတင်းပေးချက်အရ ဟိုပန်မြို့ထဲက ကျားဖြန့်လုပ်ငန်းခွင်တစ်ခုကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက် မှာ ညဉ့်သန်းခေါင်ယံအချိန်မှာ ဝင်ရောက်စီးနင်း ရှာဖွေခဲ့တာဖြစ်ပြီး လူတွေနဲ့အတူ စက်ပစ္စည်းတွေလည်း ဖမ်းမိတယ်လို့ သိရပါတယ်။
ကျားဖြန့်လုပ်ငန်းကို အဓိက ဦးဆောင်လုပ်ကိုင်သူ တရုတ်အမျိုးသားကတော့ လွတ်မြောက်နေပြီး ဖမ်းဆီးရမိတာ မရှိသေးသလို ကျားဖြန့် လုပ်ငန်း လုပ်ကိုင်တဲ့ နေအိမ်ကိုတော့ ချိတ်ပိတ်သွားတယ်လို့ Wa News Land သတင်းက ဆိုပါတယ်။
ပြည်အကျဉ်းထောင်မှာ နိုင်/ကျဉ်းအချို့ ရိုက်နှက်ခံရလို့ ၅ ဦးထက်မနည်းဒဏ်ရာရတယ်လို့ PPNM ပြော

ဓာတ်ပုံ ရင်းမြစ်, CJ
ပဲခူးတိုင်း၊ ပြည်မြို့ အကျဉ်းထောင်မှာ ဒီနေ့ ဖေဖော်ဝါရီ ၂၃ ရက် မနက်ပိုင်းက တခြားပြစ်မှုနဲ့ အကျဥ်းသားတချို့က နိုင်ငံရေးအကျဉ်းသားတချို့ကို ရိုက်နှက်မှုဖြစ်ခဲ့လို့ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်(PPNM)က တာဝန်ခံ ကိုသိုက်ထွန်းဦးကပြောပါတယ်။
အကျဉ်းထောင်စားရိပ်သာ တာဝန်ခံက အကြောင်းပြချက်မရှိဘဲ နိုင်ငံရေးအကျဉ်းသားတစ်ယောက်ကို လက်သီးနဲ့ထိုးတာကို မကျေနပ်တာကြောင့် အရေးယူပေးဖို့ နိုင်ငံရေးအကျဉ်းသား တစ်ရာကျော်က ထောင်မှူးကို တောင်းဆိုခဲ့တာကနေဖြစ်ခဲ့တာလို့ PPNM ရဲ့ ထုတ်ပြန်ချက်ထဲဖော်ပြထားပါတယ်။
အရေးယူပေးဖို့ တောင်းဆိုနေချိန်မှာ အကျဉ်းထောင် ဗဟိုကင်းကနေ သေနတ် နှစ်ချက် ပစ်ဖောက်ခဲ့ပြီး အကျဉ်းထောင်အရာရှိတစ်ဦးက အမိန့်ပေးခိုင်းစေတာကြောင့် တခြားရာဇဝတ်အကျဉ်းသား ၃ ယောက်က နိုင်ငံရေး အကျဉ်းသားတွေကို ဝင်ရောက်ရိုက်နှက်တာဖြစ်တယ်လို့ PPNM တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက သူသိထားတဲ့အချက်အလက်ကိုပြောပါတယ်။
"ထောင်မှူးက ဖြေရှင်းပေးနေချိန်ကိုပဲ တစ်ပွင့်အရာရှိက ဝင်ရိုက်ဖို့ အမိန့်ပေးခဲ့တာ၊ ဒါက အထက်အရာရှိရဲ့ အရေးပါမှုမရှိဘူးဆိုတာ တွေ့ရတယ်။ သူတို့အထက်ကလည်း ဒီလိုဖြစ်လာရင် ဒီလိုလုပ်ဆိုတဲ့ ညွှန်ကြားချက်တွေ ကြိုရှိပုံရပါတယ်။ ဒါ့ကြောင့် အကျဉ်းထောင်ထဲမှာ အသုံးပြုခွင့်မရှိတဲ့ ဝါးဆစ်ပိတ်ပစ္စည်းတွေကို တခြားအကျဉ်းသားတွေကို ပေးကိုင်တာ ဖြစ်ပါတယ်" လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
PPNM ရဲ့ အပြောအရ ဝါးဆစ်တုတ်တွေ၊ သစ်သားတုတ်တွေနဲ့ ဓားတွေ ကိုင်ဆောင်ပြီး ရိုက်နှက်တာကြောင့် နိုင်ငံရေးအကျဉ်းသား ၅ ယောက်မှာ ဖူးယောင်၊ ဦးခေါင်းပေါက်ပြဲ၊ ခြေထောက်ပေါက်ပြဲ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ငံရေး အကျဉ်းသားတွေကို မတရား ဖိနှိပ်တာတွေ မလုပ်ဖို့နဲ့ ဒီဖြစ်ရပ်အတွက် ဥပဒေနဲ့အညီ ဖြေရှင်းဆောင်ရွက်ပေးဖို့ကိုလည်း တောင်းဆိုထားကြတယ်လို့ PPNM က ထုတ်ပြန်ပါတယ်။
ထပ်မံဖြည့်စွက်ချက် - ဖေဖော်ဝါရီ ၂၃ ရက် ညနေပိုင်း စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဘီဘီစီကို ပြန်လည်ဖြေကြားချက်မှာတော့ တားမြစ်ထားတဲ့ နေရာကို ရောက်လာတဲ့ ၅၀၅ အကျဉ်းသားကို တာဝန်ရှိ အကျဉ်းသားက တားဆီးတာကနေ စကားများမှုဖြစ်ခဲ့တယ်လို့ ပြောပါတယ်။
စကားများနေချိန် အနားမှာရှိတဲ့ ဆေးခန်းပြ ၅၀၅ အကျဉ်းသားတွေက ဝင်ရောက်ပြောဆိုတာကနေ တွန်းလားဆွဲလား ဖြစ်ခဲ့တာကြောင့် ဝန်ထမ်းတွေက ထိန်းသိမ်းလိုက်တာလို့ဆိုပါတယ်။
ပြည်ထဲရေးရဲ့ ဖြေကြားချက်ထဲမှာ ထိုးကြိတ်ရိုက်နှက်တာ၊ ပစ်ခတ်တာ မရှိဘူးလို့ ပြောထားပြီး အမိန့်မနာခံဘဲ အချင်းများတဲ့အတွက် ဥပဒေနဲ့အညီ ထောင်တွင်းပြစ်ဒဏ်ပေးမှာဖြစ်တယ်လို့ထည့်သွင်းဖြေကြားထားပါတယ်။
မြန်မာမှာ လျှပ်စစ်ထုတ်လုပ်ရေးအပါအဝင်ရင်းနှီးမြှုပ်နှံတွေပိုတိုးလုပ်မယ်လို့ရုရှားပြော

ဓာတ်ပုံ ရင်းမြစ်, CINCDS
မြန်မာကိုရောက်နေတဲ့ ရုရှား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး မာဆင်ရီရှီသနီကော့ဗ် က ဖေဖော်ဝါရီ ၂၂ ရက်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပြီး မြန်မာက လျှပ်စစ်ဓာတ်အား၊ ဓာတ်မြေဩဇာ၊ ရေနံနှင့် ဓာတုထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ရေးတို့မှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့အသင့်ရှိတယ်လို့ပြောပါတယ်။
ရုရှားသတင်းဌာန စပွတ်နစ်ခ် ဗီရဲ့ မိတ်ဖက်သတင်းဌာနတချို့ ရဲ့ဖော်ပြချက်အရ ရုရှားဝန်ကြီး က သူ့ရဲ့ မြန်မာခရီးစဥ်မှာ ရင်းနှီးမြှုပ်နှံမှုတွေကို ပိုတိုးလုပ်ဖို့ ဆွေးနွေးခဲ့သလို မြန်မာမှာ အနောက်အုပ်စုနိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကထွက်သွားတာက ရုရှားအတွက် အခွင့်အလမ်းတခုဖြစ်တယ်လို့ပြောကြောင်း ဖော်ပြထားပါတယ်။
ရုရှားအနေနဲ့ မြန်မာမှာ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေလုပ်တဲ့အခါ ကျွမ်းကျင်အလုပ်သမားတွေ ရရှိဖို့၊ အခြေခံ လိုအပ်ချက်တွေ ပြည့်စုံဖို့ အပါအဝင် ရေရှည်အကျိုးအတွက် သုတေသနပြုတွက်ချက် ဆောင်ရွက်သွားမယ်လို့ ဆိုကြောင်း စစ်ကောင်စီက ဖော်ပြပါတယ်။
မြန်မာကို စစ်လက်နက်နဲ့ စစ်သုံးပစ္စည်းအဓိကရောင်းချတဲ့ ရုရှားနဲ့ မြန်မာစစ်တပ်ဆက်ဆံရေးက စစ်အာဏာသိမ်းပြီးတဲ့နောက် ပိုနီးကပ်လာသလို ရုရှား - မြန်မာ အစိုးရချင်းနဲ့ ပုဂ္ဂလိကပိုင်း စီးပွားရေးဆောင်ရွက်မှုတွေရှိလာတာဖြစ်ပါတယ်။
စစ်လက်နက်အတွက်သာ အဓိကဆက်ဆံခဲ့တဲ့ ရုရှား နဲ့ မြန်မာဟာ ခရီးသွားလုပ်ငန်း တိုးမြှင့်ဖို့ အပါအဝင် စိုက်ပျိုးရေး၊ သတ္တု၊ စက်မှု၊ လျှပ်စစ်၊ စွမ်းအင်၊ ယဉ်ကျေးမှုနဲ့ ပညာရေးကဏ္ဍတွေ မှာ ပူးပေါင်းဆောင်ရွက်နေတယ်လို့ စစ်ကောင်စီက မကြာခဏထုတ်ပြောထားပါတယ်။
နှစ်နိုင်ငံကြားကုန်သွယ်မှုက ၂၀၂၃ မှာ အမြင့်ဆုံးဖြစ်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၅ သန်းဝန်းကျင် ရှိခဲ့ပါတယ်။ ဒါက အရင် အာဏာမသိမ်းခင်ကာလတွေထက် ထက်ဝက်ခန့် တိုးလာတာဖြစ်တယ်လို့ နိုင်ငံအလိုက်ကုန်သွယ်မှုပမာဏကိုလေ့လာတဲ့ CEIC အဖွဲ့ရဲ့ မှတ်တမ်းတွေကဖော်ပြခဲ့ပါတယ်။
ဝန်ကြီးချုပ်ဟောင်းသက်ဆင် ခရီးစဥ်ရှိနေတဲ့ ထိုင်းတောင်ပိုင်းက နေရာတချို့မှာပေါက်ကွဲမှုဖြစ်

ဓာတ်ပုံ ရင်းမြစ်, Yala Today
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရဲ့ ခရီးစဥ်ရှိနေတဲ့ ထိုင်းတောင်ပိုင်းက နေရာတချို့မှာ မနေ့ ညပိုင်းနဲ့ ဒီကနေ့မနက်ပိုင်းမှာ ပေါက်ကွဲမှုတွေဖြစ်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၃ ရက် မနက်ပိုင်း ၁၀ နာရီခန့်က နရာထီဝပ်ပြည်နယ်၊ ဘန်သွန်လေဆိပ်က လေကြောင်းထိန်းတာဝါ အနီး ရပ်ထားတဲ့ မီးသတ်ဌာနသုံး ထရပ်ကားငယ်တစ်စီးမှာ အသေးစားပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။
ပေါက်ကွဲမှုဟာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ လေယာဥ်ဆိုက်ရောက်လာခြင်းမရှိခင် ဖြစ်ပွားခဲ့တာလို့ သိရပြီး ကနဦးသတင်းတွေအရ လူထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။
လက်ရှိ အာဆီယံဥက္ကဋ္ဌ မလေးရှားအစိုးရရဲ့ အကြံပေးအဖြစ်တာဝန်ယူထားတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ ထိုင်းတောင်ပိုင်းက မြို့ ၃ မြို့ ( ပတ္တနီ၊ ယာလာနဲ့ နရထီဝပ်) ခရီးစဥ်ရှိနေတာဖြစ်ပြီး သူနဲ့အတူ ကာကွယ်ရေးဝန်ကြီး ဖွန်သန်ဝီချာရချိုင်နဲ့ တရားရေးဝန်ကြီး တာဝီဆော့ဆန်တို့လည်း လိုက်ပါသွားတာဖြစ်ပါတယ်။
မနေ့ညပိုင်း ၈ နာရီကျော်ကလည်း ယာလာခရိုင်၊ ဘန်နန်စတာမြို့က ဘစ်စီလူသုံးကုန်စတိုးဆိုင်ရှေ့မှာ ပေါက်ကွဲမှုတခုဖြစ်ပွားခဲ့တယ်လို့ ထိုင်းသတင်းတွေကဖော်ပြပါတယ်။
ပေါက်ကွဲမှုဖြစ်တဲ့နေရာဟာ ထိုင်းစစ်တပ်ရဲ့ စစ်ဆင်ရေးစခန်းတစ်ခုနဲ့ မီတာ ၃၀၀ ခန့်အကွာမှာရှိပြီး ကနဦးအချက်အလက်တွေအရ အရပ်သား ၁ ဦး သေဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ဒဏ်ရာရသူ ၁၁ ဦးထဲမှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၇ ဦးနဲ့ အရပ်သား ၄ ဦးပါတယ်လို့ဆိုပါတယ်။
မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ရဲ့ စီစဥ်မှုနဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ အခုခရီးစဉ်ဟာ ထိုင်းတောင်ပိုင်း မငြိမ်သက်မှုတွေကို အဖြေရှာဖို့နဲ့ လုံခြုံရေးဆိုင်ရ ဆွေးနွေးမှုတွေပြုလုပ်ဖို့ဖြစ်ပါတယ်။
ကျောက်ဖြူ က ဓညဝတီရေတပ်ဌာနချုပ်ကို အေအေ တိုက်ခိုက်ပြီးနောက် ဘာဆက်ဖြစ်နေလဲ

ဓာတ်ပုံ ရင်းမြစ်, CINCDS
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဓညဝတီရေတပ်ဌာနချုပ်ကို အာရက္ခတပ်တော် (အေအေ) က စတင်တိုက်ခိုက်ခဲ့ပြီးနောက် ဒေသတွင်း စစ်ရေးတင်းမာမှုတွေရှိနေတယ်လို့ အေအေ စစ်ရေးအရင်းအမြစ်က ပြောပါတယ်။
ဖေဖော်ဝါရီ ၂၁ ရက် ညပိုင်းကနေ မနေ့ ၂၂ ရက်မနက်ပိုင်း အထိ လက်နက်ကြီးနဲ့အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီးပြင်းထန်ခဲ့တယ်လို့ဆိုပါတယ်။
ရခိုင်ဒေသတွင်းသတင်းဌာနတချို့မှာတော့ စစ်ကောင်စီတပ်ဘက်က ရေတပ်ဌာနချုပ်နဲ့ နီးတဲ့နေရာတွေကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေဆက်ရှိသလို မြို့ပေါ်မှာလည်း လုံခြုံရေးတင်းကျပ်ထာားတယ်လို့ဖော်ပြကြပါတယ်။
၁၇ မြို့နယ်ရှိတဲ့ ရခိုင်မှာ ၁၄ မြို့နယ်ဖြစ်တဲ့ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်၊ ရမ်းဗြဲ၊ အမ်း၊ တောင်ကုတ်၊ သံတွဲ၊ ဂွ၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံမြို့နယ်တို့ကို အာရက္ခတပ်တော်က သိမ်းပိုက်ထားပါတယ်။
ဒါကြောင့် ရခိုင်တစ်ပြည်နယ်လုံးမှာ စစ်တွေ၊ကျောက်ဖြူနဲ့ မာန်အောင်မြို့ ၃ မြို့မှာသာ စစ်ကောင်စီထိန်းချုပ်မှုရှိနေတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AA Info Desk
ဖေဖော်ဝါရီ ပထမပတ်အတွင်းမှာ အေအေက ပြည်နယ်မြို့တော် စစ်တွေမှာ တိုက်ပွဲစတင်ဖော်ဆောင်ခဲ့တာကြောင့် နောက်ထပ်ကျန်နေတဲ့ မြို့တွေထဲက တရုတ်စီမံကိန်းတွေရှိတဲ့ ကျောက်ဖြူမြို့ကိုလည်း ထပ်မံတိုက်ခိုက်လာတာလို့နားလည်ရပါတယ်။
ကျောက်ဖြူမြို့နယ်မှာ တရုတ်ရင်းနှီးမြှုပ်နှံထားတဲ့ ရေနက်ဆိပ်ကမ်းရှိပြီး ၂၀၂၅ ခုနှစ် ဧပြီ ၂၅ ရက်မတိုင်ခင် လုပ်ငန်းတာဝန်တွေကို ပြီးပြတ်အောင် ဆောင်ရွက်နိုင်ဖို့ကိုလည်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်မှာ တရုတ်နဲ့ မြန်မာဆွေးနွေးထားကြတာလည်းရှိနေပါတယ်။








