မလေးရှားနဲ့ ထိုင်းရေကြီးမှု အနည်းဆုံး ၁၂ ယောက်သေ

ဓာတ်ပုံ ရင်းမြစ်, EPA
- ရေးသားသူ, အဲမဂျန်ဂျိမ်း နဲ့ ဆိုဖီယာ ဖဟဲရာ ဆန်းတော့စ်
- ရာထူးတာဝန်, ဘီဘီစီသတင်း
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၂
မလေးရှားနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ မိုးကြီး ရေလျှံလို့ အနည်းဆုံး လူ ၁၂ ယောက် သေဆုံးကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
မလေးရှားမြောက်ပိုင်းမှာ လူ ၁၂၂,၀၀၀ ကျော် ရွှေ့ပြောင်းပေးခဲ့ရပြီး ထိုင်းတောင်ပိုင်းမှာတော့ လူ ၁၃ ,ဝဝဝ ကျော်ကို ရွှေ့ပေးခဲ့ရပါတယ်။
မိုးဆက်ကြီးနေပြီး မုန်တိုင်း သတိပေးချက် ဆက်ရှိနေလို့ နောက်ထပ် ရေဘေး ဒုက္ခသည်တွေ များလာမှာကို စိုးရိမ်နေကြပါတယ်။
ပိတ်မိနေသူတွေကို ကယ်ထုတ်ဖို့နဲ့ ခိုလှုံရာတွေ ဖန်တီးပေးဖို့ အရေးပေါ် ကူညီရေးသမားတွေကို စေလွှတ်ထားပါတယ်။
ဒီအပတ် အစောပိုင်းက စခဲ့တဲ့ ရေဘေးမှာ ကားနဲ့ အိမ်တွေ ရေမြုပ်နေတဲ့ ပုံတွေ၊ လူတွေ ခါးလယ်ထိ နက်တဲ့ရေထဲ သွားနေတဲ့ ပုံတွေ လူမှုကွန်ရက်မှာ တက်လာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ထိုင်းဘက်က ရိုက်တဲ့ ဗီဒီယိုမှာတော့ ရေမြုပ်နေတဲ့ အိမ်ခေါင်မိုးပေါ်ကနေ မွေးကင်းစကလေးကို ကယ်ဆယ်ရေးသမားတွေ ပွေ့ချီလာတဲ့ ပုံကို ပြပါတယ်။
ထိုင်းတောင်ပိုင်းက အိမ်ခြေ ငါးသိန်းကျော် ရေဘေးကြုံခဲ့ရကြောင်း ကပ်ဘေးအန္တရာယ် ကာကွယ်ရေး အရာရှိတွေက ပြောပါတယ်။ ဒီထဲမှာ ဆေးဘက်ပစ္စည်းတွေ ထိခိုက်မှာ စိုးလို့ ဆေးရုံနှစ်ရုံကို ပိတ်ထားရပါတယ်။
ခရိုင် ခြောက်ခုမှာလည်း ရေဘေးကြောင့် အရေးပေါ် အခြေအနေ ကြေညာထားပါတယ်။
ခရိုင်တခုကို ရေဘေး ရန်ပုံငွေ အဖြစ် ဘတ် သန်း ၅ဝ စီ ထိုင်းအစိုးရက ထုတ်ပေးခဲ့ပါတယ်။
အမြန်ဆုံး ပုံမှန် ပြန်ဖြစ်အောင် လုပ်ဖို့လည်း ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်က ပြောပါတယ်။
ဆယ်စုနှစ်အတွင်း အဆိုးဆုံးရေဘေးကို မြန်မာရွှေ့ပြောင်းရာချီလည်း ကြုံခဲ့ရ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း အဆိုးဆုံးကြုံရတဲ့ဒီရေဘေးကို မြန်မာရွှေ့ပြောင်းလုပ်သား ရာနဲ့ချီလည်း ကြုံခဲ့ရပါတယ်။
ထိုင်းနဲ့ မလေးနယ်စပ်က ဟတ်ယိုင်နဲ့ ယာလာမှာ နှစ်ဖက်စလုံးမှာ နေထိုင်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သား တွေနဲ့ သူတို့ရဲ့ မိသားစုဝင် ရာနဲ့ချီ ကြုံခဲ့ရတာပါ။
ရာနဲ့ချီတဲ့မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ အဲဒီက ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ ပန်းရံဝင် လုပ်နေကြတာဖြစ်ပြီး ပင်လယ်စာထုတ်လုပ်ရေးလို စက်ရုံတွေမှာလည်း ဝင်ရောက်လုပ်ကိုင်နေကြတာဖြစ်ပါတယ်။
ဘီဘီစီက ဆက်သွယ်ခဲ့တဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတချို့ကတော့ ယာလာနဲ့ ဟတ်ယိုင်မှာ အခုလို ရေကြီးမှုဟာ ၁၀ စုနှစ်တစ်ခုအတွင်း အဆိုးဆုံးလို့ ပြောကြပါတယ်။
ပြီးခဲ့တဲ့ ၂ ရက် ရေကြီးချိန်တုန်းကဆိုရင် မြန်မာရွှေ့ပြောင်းလုပ်သားတွေ နေထိုင်တဲ့ အဆောင်တွေ ရေနစ်မြုပ်ခဲ့သလို မြေနိမ့်ပိုင်းတွေမှာဆိုရင် မြန်မာတချို့ဟာ လည်ပင်းအထိ နက်တဲ့ရေထဲမှာ သွားလာနေရတာကိုလည်း ရုပ်သံတွေမှာ မြင်တွေ့ရပါတယ်။
‘‘ဟတ်ယိုင်ဘက်မှာ မနေ့က ထမင်းထုပ် သွားပို့တာတင် ၅၀၀ ကျော်တယ်။ ယာလာမှာ အကူအညီတောင်းတဲ့သူ ၁၀၀ ရှိတယ်။ ဟတ်ယိုင်ဘက်မှာတော့ ၃၀၀ ကျော်တယ်။ မိုးများကြီး ရုတ်တရက် ရေကြီးတာလို့ ပြောလို့ရတယ်’’ လို့ ဟတ်ယိုင်မှာ လူမှုကူညီရေးလုပ်နေတဲ့ ကိုသားကြီးက ပြောပါတယ်။
ဒီဇင်ဘာလ ၂ ရက် မွန်းလွဲပိုင်း ဘီဘီစီက ဆက်သွယ်မေးမြန်းချက်တွေအရတော့ ရေဘေးသင့်ဒေသ တချို့မှာ ရေပြန်ကျသွားပြီဖြစ်လို့ မြန်မာရွှေ့ပြောင်းလုပ်သားတချို့ဟာ နေထိုင်တဲ့အဆောင်ကို ပြန်နေကြပြီလို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ထိုင်းနဲ့ ကပ်နေတဲ့ မလေးရှား အရှေ့မြောက်ပိုင်းက ကာလီမန်တန် ပြည်နယ်မှာ ရေဘေးနဲ့ အဓိက ရင်ဆိုင်နေရပါတယ်။
အဲဒီပြည်နယ်က လူဦးရေရဲ့ ၆၃ ရာခိုင်နှုန်းလောက် ရေဘေးက ထွက်ပြေးခဲ့ရကြောင်း မလေးရှား ကပ်ဘေးအန္တရာယ် ထိန်းချုပ်မှု အေဂျင်စီက ပြောပါတယ်။
ကာလီမန်တန်က ဒေသခံ တယောက်ကတော့ ဗုဒ္ဓဟူးနေ့ကတည်းက သူ့နယ်မြေမှာ ရေကြီးနေခဲ့ကြောင်း ပြောပါတယ်။
နောက်တယောက်ကလည်း ရေကြီးပြီး သူတို့မိသားစု ပိတ်မိနေတယ်လို့ ပြောပါတယ်။
နောက်ထပ် မလေးရှား ပြည်နယ် ရှစ်ခုမှာလည်း ရေဘေးနဲ့ ရင်ဆိုင်နေရပါတယ်။
၂၀၁၄ က မလေးရှားမှာ အဆိုးဆုံး ကြုံခဲ့ရတဲ့ ရေဘေးကြောင့် ဒုက္ခရောက်သူဦးရေကို အခုရေဘေးက ကျော်သွားပြီ ဖြစ်ပါတယ်။
ထရင်ဂါနူးနဲ့ ကာလီမန်တန် ပြည်နယ်အစိုးရတွေဆီကို ဘေးအန္တရာယ် ကယ်ဆယ်ရေး အကူအညီတွေ ထုတ်ပေးထားကြောင်းလည်း မလေးရှား ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။
ရေဘေးကယ်ဆယ်ရေးကို အာရုံစိုက်ဖို့အတွက် မလေးရှား အစိုးရ ဝန်ကြီးတွေ ခွင့်မယူဖို့ ဝန်ကြီးချုပ်က သောကြာနေ့က တားမြစ်ခဲ့ပါတယ်။
တချို့ပြည်နယ်တွေမှာ တနင်္ဂနွေနေ့ထိ မိုးဆက်ကြီးမယ်လို့ မလေးရှား မိုးလေဝသ ဌာနက သတိပေးထားပါတယ်။
ထိုင်းမှာလည်း နောက်အပတ်ထိ မိုးအကြီးအကျယ် ရွာနိုင်တယ်လို့ သတိပေးချက် ထုတ်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
၂၀၂၁ က မလေးရှားမှာ ဆယ်စုနှစ်တွေအတွင်း အဆိုးဆုံး ရေဘေးနဲ့ ရင်ဆိုင်ရပြီး လူ ၁၄ ယောက် သေဆုံးခဲ့ပါတယ်။
၂၀၁၁ တုန်းကလည်း ထိုင်းနိုင်ငံအနှံ့ ရေတွေကြီးလို့ အနည်းဆုံး လူ ငါးရာ သေဆုံးပြီး အိမ်သန်းချီ ထိခိုက်ပျက်စီးခဲ့ပါတယ်။








