စက်တင်ဘာ ၃ ရက်ထိပ်တန်းသတင်းများ - မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်တယ်ဆိုပြီး အာဆီယံလူထုဖိုရမ်ကကြေညာ

ဓာတ်ပုံ ရင်းမြစ်, Screen Grab
အင်ဒိုနီးရှားနိုင်ငံ ၊ ဂျာကာတာမှာ စက်တင်ဘာ ၁ ရက်ကစပြီး ၃ ရက်နေ့အထိ ၃ ရက်ကြာကျင်းပခဲ့တဲ့ အာဆီယံလူထုဖိုရမ် APF 2023 ကနေ မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲ့ အဖြစ်သတ်မှတ်တယ်ဆိုပြီးကြေညာပါတယ်။
ဘရူနိုင်း ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ တီမောလက်စ် နဲ့ ဗီယက်နမ်စတဲ့အာဆီယံဒေသတွင်းနိုင်ငံတွေကအရပ်ဘက်အဖွဲ့တွေစုဝေးဆွေးနွေးကြတဲ့ အဲဒီဖိုရမ်မှာ နိုင်ငံအလိုက်ကိုယ်စားပြုသူအားလုံးကကြေညာချက်ကိုစုစည်းဖတ်ကြားခဲ့ကြတာပါ။
မြန်မာစစ်တပ်ဟာ အင်တာနက်ဖြတ်တောက်မှု၊ လေကြောင်းတိုက်ခိုက်မှု၊ လက်စဖျောက်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုစတဲ့ လူသားမျိုးနွယ်တွေပေါ်မှာ စစ်ရာဇဝတ်မှုတွေကိုကျူးလွန်နေတယ်လို့ထည့်ပြောပြီး ဒီလုပ်ရပ်တွေက ဒေသတွင်းလုံခြုံရေးနဲ့တည်ငြိမ်ရေးကိုခြိမ်းခြောက်နေတာကြောင့် အခုလိုကြေညာတာဆိုပြီး ထည့်ပြောပါတယ်။
ထိုင်း နဲ့ စင်ကာပူဟာမြန်မာစစ်တပ်လက်နက်ရရှိဖို့လမ်းကြောင်းတွေမှာပါဝင်နေသူအဖြစ်ရှိနေပြီး ထိုင်းနိုင်ငံရဲ့ ရေနံလုပ်ငန်း PTT Group က ရရှိတဲ့ငွေရဲ့ ထက်ဝက်နီးပါးဟာမြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကတဆင့် မြန်မာစစ်တပ်ကို ထောက်ပံ့တဲ့ ဘဏ္ဍာရေးဖြစ်နေတယ်ဆိုပြီးလည်း ဖော်ထုတ်ပြောဆိုပါတယ်။
ဒါ့အပြင် မြန်မာစစ်တပ်ရဲ့ စစ်အာဏာသိမ်းမှုဟာ ရက်ပေါင်း ၉၄၅ ရက်ကြာရှိလာပြီး အာဏာသိမ်းမှုဟာ မအောင်မြင်သေးဘူးလို့ လည်းပြောပြီး မြန်မာစစ်တပ်ရဲ့ သတ်ဖြတ်မှုကြောင့် အရပ်သား ၄,၀၀၀ ကျော်သေဆုံးထားသလို အဲဒီထဲမှာ အမျိုးသမီး ၆၀၀ ကျော်ပါဝင်တယ်လို့ ဆိုပြီး ဒီလုပ်ရပ်တွေက သည်းခံနိုင်မှုမရှိဖြစ်စေတယ်လို့ လည်းထည့်ပြောပါတယ်။
နိုင်ငံရေးအကဲခတ်တစ်ဦးဖြစ်တဲ့ ဒေါက်တာစိုင်းကြည်ဇင်စိုးကတော့ ဖိုရမ်တွေကကြေညာချက်တွေကို အစိုးရတွေက အထူးအလေးထားဆောင်ရွက်ပေးတယ်ဆိုတာ အတော်နည်းပါးတယ်လို့ ထောက်ပြပြီးတောင်းဆိုချက်တွေက မှတ်တမ်းဝင်သွားတဲ့သဘောတော့ရှိတယ်လို့ ပြောပါတယ်။ လတ်တလောမှာ ဒီကြေညာချက်ကိုအကောင်အထည်ဖော်နိုင်မယ့်လမ်းကြောင်းကိုတော့မတွေ့သေးဘူးလို့သုံးသပ်ပါတယ်။
ဖိုရမ်ဦးဆောင်အဖွဲ့တွေကတော့ ဘရူနိုင်း ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ တီမောလက်စတီနဲ့ ဗီယက်နမ် စတဲ့ အရှေ့တောင်အာရှနိုင်ငံတွေကပြည်သူတွေဟာ မြန်မာပြည်သူတွေနဲ့ အတူရပ်တည်နေတယ်လို့ ထုတ်ပြန်ချက်ထဲထည့်ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ - NUG ၊ အတိုင်ပင်ခံကောင်စီ NUCC ၊ EROs - တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေနဲ့လည်း တရားဝင် ဆက်ဆံရေးကို ထူထောင်ဖို့တိုက်တွန်းပြီးအဲဒီကနေ ဒေသတွင်းအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီး လူသားချင်းစာနာမှုဆိုင်ရာအကူညီတွေကိုထိထိရောက်ရောက်ပေးဖို့လည်းတိုက်တွန်းခဲ့ပါတယ်။
ASEAN People’ Forum - APFဟာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ နိုင်ငံက ကမကထလုပ်ကျင်းပတာဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံတွေကအရပ်ဘက်အဖွဲ့အစည်းတွေနဲ့လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေ က စုဝေးပြီးနှစ်စဉ်ကျင်းပတဲ့ဖိုရမ်ဖြစ်ပါတယ်။
APF ရဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီ နဲ့ သူ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ တစ်စုံတစ်ရာတုံ့ပြန်တာမရှိသေးပါဘူး။
ဆားလင်းကြီးမှာ မြစ်ကမ်းဘေးရွာတွေပစ်ခတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, ANPTT
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်လာတဲ့စစ်ကောင်စီရေယာဥ်တွေပေါ်ကပစ်ခတ်လို့ လူနေအိမ်တချို့ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသအခြေစိုက်အညာပစ်တိုင်းထောင်လေးများအဖွဲ့က ပြောပါတယ်။
ဆင်ဖြူရှင်တံတားဘက်က ဆန်တက်လာတဲ့ ရေယာဥ်တွေရဲ့ ပစ်ခတ်မှုကြောင့်လည်း ဒေသအခြေစိုက်ကာကွယ်ရေးတပ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့လို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။
'' မြစ်ကမ်းဘေးနီးတဲ့ရွာတွေကတော့ သူတို့ဖလပ်( ဝမ်းပြားရေယာဥ်) တွေလာတာနဲ့ပြေးကြရှောင်ကြရတယ်။ သူတို့က တဖက်တချက်ကို ခြောက်ပစ်ရမ်းပစ် ပစ်သွားတာ။ လူထိတာတွေလည်းရှိဖူးတယ်။ ဒီတခါတော့ အိမ်တွေကိုထိတာပေါ့ '' လို့ ဆားလင်းကြီးဒေသခံတစ်ဦးကပြောပါတယ်။
ဟုမ္မလင်းအထက်ဘက်ကိုချင်းတွင်းမြစ်အတိုင်းဆန်တက်တဲ့ စစ်ကောင်စီရဲ့ လက်နက် နဲ့ ရိက္ခာသည်တဲ့ ရေယာဥ်တွေဟာ တစ်လကို အနည်းဆုံး ၅ကြိမ်လောက်သွားပြီး မြစ်တစ်လျှောက်ရွာတွေကို ပစ်ခတ်သွားတာလို့ ဒေသခံတချို့ကပြောပါတယ်။
ဇနီးနဲ့ ဇနီးရဲ့ သမီးဖြစ်သူကိုသတ်ဖြတ်မုဒိမ်းကျင့်ခဲ့သူကို မသေမချင်းကြိုးကွင်းစွပ်သေဒဏ်ချမှတ်

ဓာတ်ပုံ ရင်းမြစ်, မြို့မလူမှုကူညီရေး
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ပဲခူးတိုင်းမှာ ဇနီးဖြစ်သူနဲ့ ဇနီးကပါလာတဲ့သမီးတို့ကိုသတ်ပြီးအလောင်းဖျောက်ခဲ့တဲ့သူ အမျိုးသားကို သြဂုတ် ၃၁ ရက်က တောင်ငူခရိုင်တရားရုံးကနေ မသေမချင်းကြိုးကွင်းစွပ်သေဒဏ်အမိန့်ချမှတ်လိုက်တယ်လို့ ခရိုင်တရားရုံးအသိုင်းအဝိုင်းကသိရပါတယ်။
အမိန့်ချမှတ်ခံရသူဟာ ဖြူးမြို့နယ်၊ မင်းကံရိုးကျေးရွာအုပ်စု၊ ရေကျော်ရွာမှာနေထိုင်တဲ့ အသက် ၃၅ နှစ်အရွယ် အောင်စိုးမြင့်ဆိုသူ အမျိုးသားဖြစ်ပါတယ်။
သူဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်မှာ ဇနီးဖြစ်သူဒေါ်တင်အေးကို သတ်ကာ ကျင်းတူးမြေမြှုပ်ကာအလောင်းဖျောက်ခဲ့ပြီး နှစ်ပတ်ခန့် အကြာမှာဇနီးကပါတဲ့ သမီးဖြစ်သူ ( အရပ်အခေါ် မယားပါသမီး) အသက် ၁၄ နှစ်အရွယ် မစန်းစန်းဌေးကို မုဒိမ်းကျင့်၊ သတ်ဖြတ်မီးရှို့ကာ အလောင်းဖျောက်ခဲ့တာလို့ တရားခံရဲ့ ဝန်ခံချက်နဲ့အတူ ရဲစစ်ချက်နဲ့ တရားရုံးထွက်ဆိုချက်တွေကဖော်ပြတယ်လို့ အမှုစာရွက်စာတမ်းတွေကိုကြည့်ရှုခဲ့ရသူဖြူးဒေသခံတစ်ဦးကပြောပြပါတယ်။
'' သူက သူ့မိန်းမကိုသူတို့နေတဲ့ တဲအနောက်ဘက်မှာ မြေကျင်းတူးပြီးမှောက်ခုံအနေအထားနဲ့ ကျင်းထဲထည့်မြှုပ်ခဲ့တာပါ။ မယားပါသမီးကလေးမလေးကိုတော့ အမြန်လမ်းမကြီး ၁၁၅ မိုင် နားက လူသူမသွားတဲ့ကိုင်းတောထဲမှာသတ်ပြီးမီးရှို့ ထားတာပါ။ ကလေးမလေးအလောင်းကိုပြန်တွေ့တော့ အရိုးစုပဲတွေ့တယ်။ အဝတ်အစားနဲ့ ပြန်ကိုက်ပြီး စစ်တယ်။ အရိုးစုကိုလည်းဆရာဝန်တွေစစ်တယ်။စစ်ပြီး အတည်ပြုတာပေါ့။ အခု တစ်နှစ်ကျော်မှ အမိန့်ချလိုက်တာ '' လို့အမှုအကြောင်းသိထားတဲ့ဒေသခံတစ်ဦးကပြောပြပါတယ်။
တရားခံဆိုသူ အောင်းစိုးမြင့်ဟာ လူသတ်မှုတွေကျူးလွန်ခဲ့ပြီးနောက် သူ့ရဲ့ဇာတိ မကွေးတိုင်း ၊ နတ်မောက်ကိုပြန်သွားခဲ့ပြီးနောက် အစဖျောက်နေခဲ့တာဖြစ်ပြီး ၇ လအကြာ ဖြုူးမြို့ ၊ ရေကျော် ရွာကို ပြန်လာချိန်မှာ ဖမ်းဆီးမိခဲ့တာလို့ တရားရုံးစစ်ဆေးချက်တွေအရ သိရပါတယ်။
ကြိုတင်ကြံရွယ်မှု၊ လူသတ်မှု ၊ အလောင်းဖျောက်ဖျက်မှုတွေနဲ့စွဲချက်တင်ခဲ့ပြီး နောက် မုဒိမ်းမှုကိုဝန်ခံခဲ့တာကြောင့် မုဒိမ်းမှုပုဒ်မနဲ့ ထပ်တိုးစွဲဆိုမှုအပါအဝင် ပုဒ်မ ၄ ခုထက်မနည်း စွဲချက်တင်ခံရပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၊ ၃၀၂ (၁)(ခ)အရ မသေမချင်း လည်ပင်းကြိုးကွင်းစွပ်၍ သတ်စေ အမိန့်ချမှတ်ခဲ့တာလို့သိရပါတယ်။
ရေးမှာ မဟာမိတ်ပူးပေါင်းတပ်တွေ စစ်တပ်ကို တိုက်ခိုက်

ဓာတ်ပုံ ရင်းမြစ်, Daw Na
မြန်မာနိုင်ငံတောင်ပိုင်းက မဟာမိတ်တပ်တွေစုပေါင်းပြီး မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ပူးပေါင်းစစ်ဆင်ရေးလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လာပါတယ်။
စက်တင်ဘာ ၂ ရက်နေ့မှာ စစ်ကောင်စီတပ်က ရေလမ်းကြောင်းကိုသုံးပြီး ရေးမြို့နယ်၊ အမှတ် ၆၁ ခြေလျင်တပ်ရင်းကို အင်အား ၁၀၀ ခန့် ပြန်လည်ဖြည့်တင်းတဲ့သတင်းကြောင့် NUG ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဒေါနစစ်ကြောင်းချေမှုန်းရေးတပ်ခွဲနဲ့ ဒေါနစစ်ကြောင်းလက်နက်ကြီးတပ်စု၊ ပူးပေါင်းတပ်ဖွဲ့တွေကလက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။
တိုက်ပွဲဟာ တစ်နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က လူနာတင်ယာဉ် (၂)စီးနဲ့ ထိခိုက်ဒဏ်ရာ ရသူတွေကို သယ်ထုတ်သွားရတယ်ဆိုပြီး NUG/MOD ထုတ်ပြန်ချက်ထဲဖော်ပြပါတယ်။
စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုစာရင်းကို အတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းဆဲဖြစ်ပြီး ပူးပေါင်းမဟာမိတ်များအဖွဲ့ဘက်က အထိအခိုက်အကျအဆုံးမရှိခဲ့ဘူးလို့ ဆိုပါတယ်။
အဲဒီပူးပေါင်းစစ်ဆင်ရေးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၂၇)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တပ်ရင်း(၁)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ်ဖွဲ့(YGF)နှင့်မွန်ပြည် တော်လှန်ရေးတပ်(MSRF) တို့ပူးပေါင်းပြီး လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
ရေးမြို့နယ်က အခြေအနေကို စစ်ကောင်စီဘက်ကတော့ ဒီကနေ့ စက်တင်ဘာ ၃ ရက်မနက်ပိုင်းအထိ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
မုန်းမြို့နယ်ထဲ ရွာပေါင်း ၃၀ နီးပါး စစ်ရှောင်နေရ

ဓာတ်ပုံ ရင်းမြစ်, KNU
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ရွာပေါင်း ၃၀ နီးပါးက ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) က ပြောပါတယ်။
မုန်းမြို့နယ်ထဲ စစ်ကောင်စီ၊ ပျူစောထီးပူးပေါင်းတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) ကရင့်ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပြီးတဲ့နောက် စစ်ကောင်စီတပ်က တိုက်လေယာဥ်၊ ရဟတ်ယာဥ်နဲ့ လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တာကြောင့် ဒေသခံတွေ ထွက်ပြေးခဲ့ရတာလို့ ဆိုပါတယ်။
အုတ်ဖြတ်၊ ကရင်ကျ၊ သမန်းကျင်း၊ ကြက်တက်နဲ့ ညောင်ပင်သာရွာတွေ အနီးမှာ သြဂုတ်လ ၁၉ ရက်နေ့ ကစလို့ တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပေမဲ့ လက်နက်ကြီးနဲ့ လေယာဥ်အန္တရာယ်ကြောင့် ရွာပေါင်း ၂၆ ရွာက ဒေသခံ တွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတာလို့ KNU ဘက်က ထုတ်ပြန်ပါတယ်။
အိုအိမ်ထိခိုက်ပျက်စီးမှုတွေရှိသလို ရွာပေါင်း ၁၃ ရွာက လူပေါင်း ၆၃၀၀ ကျော် ထွက်ပြေးနေရပြီး ကျန်တဲ့ ရွာပေါင်း ၁၃ ရွာက စစ်ရှောင်လူဦးရေ စာရင်းကိုတော့ ကောက်ယူနေဆဲလို့ KNU က ပြောပါတယ်။
နေပြည်တော် လေတပ်ဦးစီးချုပ်ညီလာခံကို ဖျက်သိမ်းဖို့ JFM တောင်းဆို

ဓာတ်ပုံ ရင်းမြစ်, Getty Images
နေပြည်တော်မှာ စစ်ကောင်စီလေတပ်ဦးစီးချုပ်က ဦးဆောင်ပြုလုပ်မယ့် အာဆီယံ လေတပ်ဦးစီးချုပ်ညီလာခံ(AACC)ကို ဖျက်သိမ်းဖို့ မြန်မာစစ်တပ်လှုပ်ရှားမှုကိုစောင့်ကြည့်နေတဲ့ Justice for Myanmar အဖွဲ့က တောင်းဆိုလိုက်ပါတယ်။
မြန်မာလေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင်က ဦးဆောင်ပြီး AACC ညီလာခံကို နေပြည်တော်မှာ၏ စက်တင်ဘာလ ၁၂ ရက်ကနေ ၁၅ ရက်အထိ ကျင်းပဖို့ရှိနေတယ်လို့ သိရတယ်ဆိုပြီး JFM အဖွဲ့က ပြောပါတယ်။
မြန်မာစစ်တပ်ရဲ့ ကြည်းရေလေ တပ်တွေက လူထုအပေါ် အကြမ်းဖက်မှု လုပ်နေချိန်မှာ အာဆီယံရဲ့ တိုက်ရိုက်ထောက်ခံမှုကို ရှုတ်ချသလို အခုညီလာခံကိုလည်း ဖျက်သိမ်းဖို့ အဲဒီအဖွဲ့က တောင်းဆိုပါတယ်။
လူပေါင်း ၈၀ကျော် သေဆုံးခဲ့တဲ့ အနန့်ပါ လေကြောင်းတိုက်ခိုက်မှု၊ လူပေါင်း ၁၆၈ ဦးသေဆုံးခဲ့ရတဲ့ ပဇီကြီးရွာလေကြောင်းတိုက်ခိုက်ခံရမှုတွေဟာ မြန်မာလေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင်ရဲ့ ကွပ်ကဲမှုအောက်မှာ ပေါ်ပေါက်ခဲ့တာကိုလည်း JFM အဖွဲ့က ထောက်ပြပြောဆိုပါတယ်။
လက်ရှိမှာ စစ်ကောင်စီဟာ အာဆီယံ ကြည်းရေလေ အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေးနဲ့ ရဲတပ်ဖွဲ့အပိုင်းမှာ ပူးပေါင်းဆောင်ရွက်မှုတွေကို ဦးဆောင်နေပြီး နေပြည်တော်မှာ အကြမ်းဖက်မှုတန်ပြန်ရေးလေ့ကျင့်မှု အစည်းအဝေးပြုလုပ်ခဲ့သလို လာမယ့် စက်တင်ဘာ လကုန်မှာလည်း ရုရှားမှာ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ဖို့ရှိနေပါတယ်။
အာဆီယံလေတပ်စစ်ဦးစီးချုပ်များအစည်းအဝေးဥက္ကဋ္ဌအဖြစ် မြန်မာစစ်တပ်ကို ခန့်အပ်လိုက်တာနဲ့ပတ်သတ်ပြီး မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် တွန် အန်ဒရူးစ်ကလည်း ပြီးခဲ့တဲ့ဇွန်လတုန်းက ရှုတ်ချပြောဆိုထားပါတယ်။
မြန်မာစစ်တပ်ဟာ အခုလို ခန့်အပ်ခံရမှုကို သူတို့အပေါ် တရားဝင်အသိအမှတ်ပြုလာအောင် အသုံးချနိုင်တာကြောင့် မြန်မာပြည်သူတွေအတွက် အရှုံးဖြစ်သလို ရက်စက်တဲ့စစ်တပ်နဲ့ တိုက်ရိုက်ဆက်ဆံမှုဖြစ်လို့ အာဆီယံအနေနဲ့လည်း ရှုံးတာကြောင့် နှစ်ထပ်အရှုံးဖြစ်တယ်လို့ သူက ထောက်ပြပြောဆိုပါတယ်။
Justice for Myanmar အဖွဲ့ကတော့ AACC မှာ ဗိုလ်ချုပ်ကြီး ထွန်းအောင်ကို နေရာပေးတာဟာ မြန်မာစစ်တပ်က လူထုအပေါ် ပြုလုပ်နေတဲ့အကြောက်တရားစွက်ရေးလုပ်ဆောင်ချက်ကို အာဆီယံဘက်က သိသိကြီးနဲ့ ထောက်ခံတဲ့လုပ်ရပ်လို့ အစောပိုင်းကတည်းက ဝေဖန်ထားပါတယ်။
စစ်ကိုင်းမြို့ ၊ကျွန်းတောဦးရွာမှာ မီးလောင်ထားတဲ့ရုပ်အလောင်းတွေတွေ့ရှိ

ဓာတ်ပုံ ရင်းမြစ်, U PYAY
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ကျွန်းတောဦးကျေးရွာမှာ မီးရှို့ခံထားရတဲ့ရုပ်အလောင်း ၃ လောင်းနဲ့ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ရုပ်အလောင်း ၂ လောင်း အပါအဝင် စုစုပေါင်း ရုပ်အလောင်း ၅ လောင်း ကို ရွာထဲမှာ တွေ့ရှိရတယ်လို့ နယ်မြေအခြေအနေသိရှိသူကပြောပါတယ်။
သေဆုံးသူတွေဟာ ပြီးခဲ့တဲ့သြဂုတ် ၂၁ ရက်က ကျွန်းတောဦးရွာထဲကို စစ်ကြောင်းဝင်ရောက်ချိန်ဖမ်းဆီးခံရသူတွေဖြစ်ပါတယ်။ စစ်ကောင်စီတပ်က ရွာထဲမှာ ၁၀ရက်ကျော်တပ်စွဲသွားပြီးတဲ့နောက် မနေ့က စစ်ကြောင်းပြန်ထွက်ချိန် မှာ ရွာကိုဒေသခံတွေဝင်ရောက်ကြည့်ချိန်မှာ ရုပ်အလောင်းတွေကိုတွေ့ရတာလို့ မျက်မြင်တွေ့ခဲ့သူတစ်ဦးကပြောပါတယ်။
သေဆုံးသူတွေရှိသလို ရွာမီးရှို့ခံထားရလို့ ကျွန်းတောဦးရွာ၊ စမွန်း ရွာနဲ့ ခက်ခ ရွာတွေကနေအိမ် ၁၀၀ကျော် မီးလောင်ထားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။
'' မနေ့က ခဏဝင်ကြည့်ကြတော့ မှ အလောင်းတွေကိုတွေ့တာပါ။ ရုပ်အလောင်း ၃ လောင်းက မီးရှို့ခံထားရတယ်ဆိုတော့ သတ်ပြီးရှို့ခဲ့တာလား၊ ရှို့သတ်တာလားတော့ မသိပါဘူး။ နောက် ၂လောင်းကတော့ ဓားနဲ့ ခုတ်ထစ်ထားတဲ့ဒဏ်ရာတွေနဲ့ သေနေတာပါ '' လို့ မျက်မြင်ကြည့်ခဲ့သူကပြောပါတယ်။
ဒေသရွာခံတချို့ရဲ့ ခန့်မှန်းချက်အရ ဖမ်းဆီးခံရသူတွေထဲကအချို့ဟာ ဖမ်းဆီးခံရပြီးနောက် စစ်ကြောင်းပြန်အထွက်မှာသတ်သွားတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
'' သြဂုတ် ၂၆ ရက်တုန်းကတော့ ရွာကိုခဏပြန်ကပ်ကြည်တဲ့ ပကဖ (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) ၂ ယောက်ရှိတယ်။ သူတို့ဝင်ပြီးနောက် ပစ်တာခတ်သံတွေကြားရတယ်ဆိုတော့ ၂ယောက်ကတော့ ၂၆ ယောက်နေ့က သတ်ခံရတာသေချာတယ်။ အခုတော့ရွာထဲဆက်မနေရဲသေးလို့ ပြန်ထွက်လာကြပြီ ''လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးကပြောပါတယ်။
မန္တလေး - မြစ်ကြီးနား ရထားလမ်းပိုင်းပြင်ဆင်ဖို့အတွက် ဆိုပြီး စစ်ကိုင်းမြို့ အရှေ့ခြမ်းမှာစစ်ကောင်စီဘက်က လုံခြုံရေးအင်အားအများအပြားချထားသလို ရထားလမ်းနဲ့ ကပ်နေတဲ့ ကျေးတွေကိုလည်း စစ်ကြောင်းထိုးတာတွေ တောက်လျှောက်လုပ်နေတာလို့ စစ်ကိုင်း၊ စမွန်းရွာ ဒေသခံတစ်ဦးကပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်စစ်ကြောင်းက စစ်ကိုင်းမြို့နဲ့ ဝက်လက်မြို့အစပ် အဲဒီ ရထားလမ်းပိုင်းမှာ တပ်စွဲတာ၊ စစ်ကြောင်းထိုးတာတွေလုပ်နေလို့ စစ်ကိုင်းအရှေ့ခြမ်း နဲ့ဝက်လက် အစပ်ကဒေသခံ သောင်းချီဟာ ဘေးလွတ်ရာရွာတွေကိုတိမ်းရှောင်ထွက်ပြေးနေကြပြီး ရွာတွေကိုပြန်မဝင်ရဲသေးဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ရက်ကလည်း စစ်ကိုင်းမြို့နယ်ထဲက ထန်းတောဆိပ်ရွာမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦး ခေါင်းဖြတ်ခံရတဲ့အခြေအနေနဲ့ သေဆုံးနေတာကို ဒေသခံအချို့က ဓာတ်ပုံမှတ်တမ်းတွေနဲ့ အတည်ပြုထားကြပါတယ်။








