ဧပြီ ၁၃ ရက်ထိပ်တန်းသတင်းများ- ပဇီကြီး လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၁၃၀ အထိတွေ့ရှိထား

ရေးသားခဲ့သည်။
စစ်တပ်လေကြောင်းကနေ ဗုံးကြဲလို့ မဲကနယ် ခရစ်ယာန်ဘုရားကျောင်း မီးလောင်ပျက်စီး
မဲကနယ်၊ အတွင်းမဲကနယ်၊ ကွင်းကလေး၊ အတွင်းကွင်းကလေး၊ ကျောက်တောင်၊ တုံးတံတားရွာ ၅ ရွာက လူတစ်ထောင်ကျော်ဟာ မြဝတီ၊ လေးကေကော်၊ သင်္ဃန်းညီနောင်မြို့သစ်တွေ ဘက်မှာ စစ်ဘေးရှောင်ခိုလှုံနေကြရ

ဓာတ်ပုံ ရင်းမြစ်, CJ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း မဲကနယ်ကျေးရွာကို စစ်ကောင်စီက ဧပြီလ ၁၁ ရက်နဲ့ ၁၂ရက်နေ့ မနက် အစောပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် မဲကနယ်ရွာတွင်းက ခရစ်ယာန်ဘုရားကျောင်း မီးလောင်ပျက်စီးခဲ့တယ်လို့ စစ်ရေးအခြေအနေတွေကို သိရှိသူတွေက ဘီဘီစီကိုပြောပါတယ်။

ဒါ့အပြင် လက်နက်ကြီး ပစ်ခတ်မှု၊ မီးရှို့ မှုတွေကြောင့် ဒေသခံတွေရဲ့ နေအိမ်တချို့လည်းမီးလောင် ပျက်စီးတာတွေရှိနေတယ်လို့ သိရပါတယ်။ အဲဒီလိုလေကြောင်းတိုက်ခိုက်မှုတွေအပြင် ပစ်ခတ်တိုက်ခိုက်မှု တွေကတော့ ဧပြီ ၁၃ ရက် ဒီကနေ့အထိ ဆက်တိုက်ဖြစ်နေတယ်လို့လည်း မြေပြင်အခြေအနေသိရှိသူတွေ ထံကသိရပါတယ်။

“၁၁ရက် ၁၂ ရက်ဆက်တိုက် လေယာဉ်လာကြဲတယ်၊ ၂ရက် ပေါင်း ၆ ကြိမ်လောက်‌‌ပေါ့။ မဲကနယ် ဘုရား ကျောင်းအသစ်ကြီးကတော့ ၊ ပေါင် ၅၀၀ ဗုံးသီး ကျပြီး မီးလောင်ပြာကျသွားတာ ဘာမှမကျန်အောင်ပဲ။ နောက်ပြီးတော့ စစ်တပ်နဲ့ BGF ကပစ်တဲ့လက်နက် ကြီးတွေကြောင့် အိမ်တွေ ပျက်တယ်၊ မီးရှို့ သွားလို့ မီးလောင်ကုန်တာတွေ လည်းရှိတယ်။ အခုထိ စစ်တပ် နဲ့BGF တွေ ပစ်ခတ် နေတုန်းပဲ” လို့ မဲကနယ်ဒေသ စစ်ရေးအခြေအနေသိရှိသူက ပြောပါတယ်။

တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေဆက်ရှိနေတာကြောင့် ကျေးရွာအတွင်း ပျက်စီးဆုံးရှုံးမှု၊ မီးရှို့ခံရမှု အခြေအနေအသေးစိတ်ကိုတော့ မသိရသေးပါဘူး။ အဲဒီမဲကနယ်ဘက်မှာတော့ စစ်ကောင်စီတပ်၊ ကရင်နယ်ခြားစောင့်တပ် BGF ပူးပေါင်းစစ်ကြောင်းတွေနဲ့ ကရင်အမျိုးသားလွတ်မြောက် ရေးတပ် KNLA ပူးပေါင်းတပ်တွေကြားတိုက်ပွဲတွေဖြစ်ပွားနေတာပါ။

ဧပြီလ ၈ရက်နေ့ကတည်းကစလို့ မဲကနယ်ဒေသကို စစ်တပ်နဲ့ နယ်ခြားစောင့်တပ်တို့က ပူးပေါင်းပြီး စစ်ကြောင်းထိုးနေသလို၊ သင်္ဃန်းညီနောင်ဘက်ကနေ လက်နက်ကြီးနဲ့ နေ့စဥ်ဆိုသလို ပစ်ခတ်နေတယ်လို့ ဒေသခံတွေထံကသိရပါတယ်။

အဲဒါကြောင့်လည်း မဲကနယ်၊ အတွင်းမဲကနယ်၊ ကွင်းကလေး၊ အတွင်းကွင်းကလေး၊ ကျောက်တောင်၊ တုံးတံတားရွာ ၅ ရွာက လူတစ်ထောင်ကျော်ဟာ မြဝတီ၊ လေးကေကော်၊ သင်္ဃန်းညီနောင်မြို့သစ်တွေ ဘက်မှာ စစ်ဘေးရှောင်ခိုလှုံနေကြရပါတယ်။

မြဝတီဘက်က ရက်ရှည်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအကြောင်းစစ်ကောင်စီပြန်ကြားရေးဘက်ကထုတ်ပြန် ပြောဆိုတာမရှိသေးသလို ကရင်နယ်ခြားစောင့်တပ်တာဝန်ရှိသူတွေကိုလည်း ဆက်သွယ်မေးမြန်းပေမယ့် ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

စစ်ကောင်စီသတင်းတွေကိုဖော်ပြလေ့ရှိတဲ့တယ်လီဂရန်ချန်နယ်တွေမှာတော့ ဧပြီ ၁၂ ရက်မနက်အစောပိုင်းမှာ မြဝတီမြို့အတွင်းက KNLA နဲ့မဟာမိတ်တပ်ပေါင်းစုတွေရှိတဲ့နေရာကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြမှုတွေရှိနေပါတယ်။

ဟားခါးကို သွားတဲ့ စစ်ယာဥ်တန်းပါ ရိက္ခာနဲ့ လက်နက်ပစ္စည်းတွေ ဖျက်ဆီးနိုင်ခဲ့တယ်လို့ပြော
ဧပြီလ ၁၃ရက်၊ ဒီကနေ့မှာတော့ ဟားခါးမြို့အနီးရွာတစ်ရွာအရောက်မှာ ပါလာတဲ့ ကားအချို့၊ တင့်ကား ၂စီးနဲ့ ရိက္ခာ၊ လက်နက်ခဲယမ်းလို့ယူဆရတဲ့ကားတွေကို ဖောက်ခွဲဖျက်ဆီးလိုက်နိုင်

ဓာတ်ပုံ ရင်းမြစ်, The Chin Post

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ချင်းပြည်နယ်၊ ဟားခါးကို ဦးတည်ပြီးထွက်ခွာခဲ့တဲ့ စစ်ကောင်စီရဲ့ စစ်ယာဥ်တန်းပါ ရိက္ခာနဲ့ လက်နက်ပစ္စည်း တွေအားလုံးကို ချင်းကာကွယ်ပူးပေါင်းအဖွဲ့တွေက အဆက်မပြတ်တိုက်ခိုက်မှုတွေလုပ်ခဲ့ပြီး ဧပြီလ ၁၃ရက်၊ ဒီကနေ့မှာတော့ အားလုံးကိုဖျက်ဆီးနိုင်ခဲ့တယ်လို့ ချင်းအမျိုးသားတပ် CNA ပြောခွင့်ရသူ ဆလိုင်းထက်နီက ဘီဘီစီကိုပြောပါတယ်။

အဲဒီလို တိုက်ခိုက်မှုတွေဖြစ်နေတဲ့နေရာကို စစ်တပ်ဘက်က ဒီကနေ့မနက် ၁၁နာရီခန့်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ တယ်လို့ CNA ဘက်က ပြောပါတယ်။

မတ်လ ၇ ရက်နေ့ကတည်းက စစ်ကိုင်းတိုင်းကလေးမြို့နယ်ထဲက စစ်သား ၂၀၀ နီးပါးနဲ့ ရိက္ခာလက်နက် ခဲယမ်းတွေကို တင်ဆောင်လာတဲ့ စစ်ကား ၃၀က ထွက်ခွာလာတာဖြစ်ပါတယ်။

အဲဒီထွက်ခွာလာတဲ့နေ့နောက်ပိုင်းကစလို့ တီးတိန်၊ ဖလမ်းအပါအဝင် ထွက်ခွာလာတဲ့လမ်းကြောင်းပေါ်တည် ရှိတဲ့ မြို့နယ်တွေက ချင်းကာကွယ်ရေးအဖွဲ့တွေက ပူးပေါင်းပြီး အဲဒီယာဥ်တန်းကိုတိုက်ခိုက်ခဲ့ကြတာလို့ ဆလိုင်းထက်နီက ပြောပါတယ်။

ဧပြီလ ၁၃ရက်၊ ဒီကနေ့မှာတော့ ဟားခါးမြို့အနီးရွာတစ်ရွာအရောက်မှာ ပါလာတဲ့ ကားအချို့၊ တင့်ကား ၂စီးနဲ့ ရိက္ခာ၊ လက်နက်ခဲယမ်းလို့ယူဆရတဲ့ကားတွေကို ဖောက်ခွဲဖျက်ဆီးလိုက်နိုင်တာလို့ သိရပါတယ်။

“တင့်ကားတစ်စီးကတော့အားလုံးမီးလောင်သွားတယ်။ တစ်စီးကတော့လုံးဝပျက်စီးသွားတယ်။ အချို့ကား တွေကဘာတွေပါလည်းသေချာမကြည့်လိုက်ရနိုင်ဘူးမီးလောင်ကုန်တာမို့။ ကျွန်တော်တို့ဖျက်ဆီးနိုင်တဲ့ကား တွေထဲကနေ ထပ်ဆင့်ပေါက်ကွဲတာတွေလည်းတွေ့ရတော့ လက်နက်ခဲယမ်းတွေထပ်ပေါက်ကွဲတယ်လို့ ယူဆ လို့ရတယ်” လို့ ဆလိုင်းထက်နီက ပြောပါတယ်။

စစ်ကြောင်းနဲ့ ပါလာတဲ့ စစ်အင်အား ၂၀၀ ကျော်ထဲမှာမှ ဒီကနေ့တော့ကျန်ရှိတဲ့ ၃၀ ကျော်ဟာ တိုက်ခိုက်ခံရ တဲ့ ဟားခါးမြို့အနီးက ကျေးရွာတွေအချို့ကို ဝင်ရောက်တာကြောင့် ချင်းကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေသေးတယ်လို့သိရပါတယ်။

အဲဒါအပြင် တိုက်ခိုက်ခံရတဲ့စစ်ကြောင်းကို စစ်ကူဖို့ ဟားခါးက စေလွှတ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ လည်း ထပ်မံတိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ ချင်းကာကွယ်ရေးအဖွဲ့တွေဘက်က သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးမှုရှိတဲ့အရေအတွက်နဲ့ သေဆုံးမှုတွေကို ဘီဘီစီက သီးခြားအတည်မပြု နိုင်ပါဘူး။

စစ်ကောင်စီဘက်ကတော့ ချင်းပြည်နယ်၊ ဟားခါးဘက်က တိုက်ပွဲနဲ့ စစ်ယာဥ်တန်းတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်လို့ ထုတ်ပြန်ပြောဆိုတာမျိုးမရှိသေးပါဘူး။

လားရှိုးပေါက်ကွဲမှုနောက်ဆက်တွဲ- ၄ ဦးသေ၊ ၁၀ ဦးဒဏ်ရာရ

Lashio, Shan State

ဓာတ်ပုံ ရင်းမြစ်, CJ

ဒီကနေ့ ဧပြီ ၁၃ ရက် သကြင်္န်အကြိုနေ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုမြို့အဝင်က ရန်တိုင်းအောင် ဗဟိုမဏ္ဍပ် အနီး ကားပါကင်မှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ၄ ဦးသေ၊ ၁၀ ဦးဒဏ်ရာရ ခဲ့တယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

‘’၄ ယောက်သေတယ်။ ၃ ယောက်က ရုပ်တောင်ဖော်လို့မရတော့ဘူး’’လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။ သေဆုံးသူတွေဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာတော့ ဘီဘီစီက ဆက်လက်စုံစမ်းနေပါတယ်။

မဏ္ဍပ်အနီးမှာ ရှိနေသူတွေရဲ့ပြောပြချက်အရ အကတိုက်နေတဲ့အချိန် ကားပါကင်အနီးမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ကားမိုင်းဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

ဖွင့်ပွဲကို ဒီနေ့ ညနေ ၃ နာရီမှာ လုပ်ဖို့ စီစဥ်ထားပေမဲ့ လက်ရှိအချိန်မှာတော့ မဏ္ဍပ်အဝင်အထွက်ကို ပိတ်လိုက်ပြီလို့ မြို့ခံတစ်ဦးကပြောပါတယ်။ မနက် ၁၁ နာရီကျော်မှာဖြစ်ခဲ့တဲ့ ဗုံးပေါက်ကွဲမှုဟာ အရှိန်ပြင်းထန်လို့ မြို့ထဲက အိမ်တွေပါ တုန်ကုန်တယ်လို့ လားရှိုးမြို့ခံတွေက ပြောပါတယ်။

အငှားယာဥ်ပြေးဆွဲခရငွေထဲက အခွန်ကောက်မယ်
အငှားယာဥ်တွေဟာ အနည်းဆုံး တစ်ရက်ကို ငွေကျပ် တစ်ရာကနေ ထောင်ကျော်အထိ ပေး ဆောင်ရမယ်လို့ တွက်ချက်သိရှိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, YRTC

ရန်ကုန်မြို့ ၃၃ မြို့နယ်အတွင်းမှာ ပြေးဆွဲနေကြတဲ့ အငှားယာဥ်တွေရဲ့ ပြေးဆွဲခရငွေတွေထဲကနေ အခွန်ကောက်ယူမယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အခွန်ဌာနထုတ်ပြန်ချက်အရ သိရပါတယ်။

သတ်မှတ်တဲ့ အခွန်ပမာဏကို ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်မှု ကြီးကြပ်ရေးကော်မတီ YRTC ရဲ့ သက်ဆိုင်ရာအခွန်တာဝန်ခံက စစ်ဆေးကောက်ယူမှာလို့ သိရပါတယ်။ YRTC ထံမှာ မှတ်ပုံတင် စာရင်းသွင်းထားတဲ့ သဘာဝဓာတ်ငွေ့သုံးအငှားယာဥ်နဲ့ လောင်စာဆီသုံးယာဥ်တွေ အားလုံးကနေ ကောက်ယူ မှာဖြစ်ပါတယ်။

လက်ရှိသတ်မှတ်ထားတဲ့ နှုန်းတွေအရ ဂတ်စ်နဲ့ မောင်းတဲ့ အငှားယာဥ်တွေဟာ ပေ ၁၆၀၀ ကျော် (တစ်မိုင်ရဲ့ သုံးပုံတစ်ပုံ ကျော်မောင်းပြီးတိုင်း အဲဒီကရတဲ့ ဝင်ငွေရဲ့ ၃ ရာခိုင်နှုန်း နဲ့ လောင်စာဆီသုံးယာဥ်တွေကတော့ ၂ ရာခိုင်နှုန်း၊ ပေ ၃၂၀၀ ကျော် ဆိုရင် ဂတ်စ်ကားတွေအတွက် ၅ရာခိုင်နှုန်းနဲ့ လောင်စာဆီသုံးကားတွေအတွက် ၃ ဒဿမ ၅ ရာခိုင်နှုန်း၊ ပေ ၆၃၀၀ ကျော် (၁ ဒဿမ ၂ မိုင်) အတွက် ဂတ်စ်နဲ့ မောင်းတဲ့ အငှားယာဥ်တွေဟာ ၈ ဒဿမ ၅ရာခိုင်နှုန်းနဲ့ လောင်စာဆီသုံးယာဥ်တွေကတော့ ၆ ဒဿမ ၅ ရာခိုင်နှုန်းအထိ ပေးဆောင်ကြရမှာ ဖြစ်ပါတယ်။

ဒါကြောင့် အငှားယာဥ်တွေဟာ အနည်းဆုံး တစ်ရက်ကို ငွေကျပ် တစ်ရာကနေ ထောင်ကျော်အထိ ပေး ဆောင်ရမယ်လို့ တွက်ချက်သိရှိရပါတယ်။

လက်ရှိ ရန်ကုန်မြို့တွင်းမှာ ရှိနေတဲ့ အငှားယာဥ် (တက္ကစီ) အရေအတွက်ဟာ တစ်သိန်းနီးပါးလောက်ရှိ တယ်လို့ မော်တော်ကားနဲ့ ယာဥ်လမ်းကြောင်းဆိုင်ရာသတင်းအချက်အလက်တွေကိုသိရှိသူတွေထံက သိရပါတယ်။ အဲဒီထဲမှာမှ ရန်ကုန်တိုင်းလိုင်စင်နဲ့ အငှားယာဥ်ဟာ ခြောက်သောင်းလောက်ရှိတယ်လို့ သိရပါတယ်။

ဒါကြောင့် တမိုင်နီးပါး ဟိုနားဒီနားသွားတဲ့အခါ ငှားစီးကြတဲ့ ကားခ ၃၀၀၀ ကျပ်နှုန်းထားတွေဟာ အရင်ထက် ၅၀၀ ကနေ ၁၀၀၀ ကြားအထိကို စျေးမြင့်လာနိုင်တယ်လို့ အငှားယာဥ်အသုံးပြုသူတွေနဲ့ ယာဥ်မောင်းတွေ ထံကသိရပါတယ်။

အခွန်ဌာနရဲ့ ထုတ်ပြန်ချက်အရ ဧပြီလ ၁၁ရက်နေ့က စတင်အသက်ဝင်မှာလို့ သိရပါတယ်။ ဒါပေမယ့် ကီလို မီတာတွက်ချက်ကောက်ခံမှု အသေးစိတ်အခြေအနေတွေကိုတော့ တိတိကျကျမသိရသေးပါဘူး။

လားရှိုးက သင်္ကြန်မဏ္ဍပ်အနီး ပေါက်ကွဲမှုဖြစ် လူအသေအပျောက်ရှိ

Larshio, Shan State

ဓာတ်ပုံ ရင်းမြစ်, CJ

ဒီကနေ့ ဧပြီ ၁၃ ရက် သကြင်္န်အကြိုနေ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုမြို့အဝင်က ရန်တိုင်းအောင် သင်္ကြန်ဗဟိုမဏ္ဍပ် အနီး ကားပါကင်မှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး လူအသေအပျောက်ရှိခဲ့တယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

ဗုံးပေါက်ကွဲမှု အရှိန်ပြန်းထန်လို့ မြို့ထဲက အိမ်တွေပါ တုန်ကုန်တယ်လို့ လားရှိုးမြို့ခံတွေက ဘီဘီစီကို ပြောပါတယ်။

ကနဦး ရရှိတဲ့သတင်းတွေအရ လူ ၅ ဦးထက်မနည်းသေဆုံးပြီး ကူညီကယ်ဆယ်ရေးတွေ ဆက်လုပ်နေတယ်လို့ သိရပါတယ်။

(နောက်ဆက်တွဲရရှိတဲ့သတင်းတွေကို ဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။)

မြစ်ကြီးနား ဗဟိုသင်္ကြန်မဏ္ဍပ်မှာ မနေ့ညပိုင်းက ဗုံးပေါက်ကွဲ

မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက်မှာ ပြုလုပ်ထားတဲ့ ဗဟိုသင်္ကြန်မဏ္ဍပ်မှာဧပြီ ၁၂ ရက်နေ့ည ၇နာရီခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပေါက်ကွဲမှုကြောင့် မဏ္ဍပ်ရဲ့ ခေါင်မိုး ပျက်စီးသွားပြီး စည်ပင်ဝန်ထမ်း နှစ်ဦး ခြေထောက်မှာ ပွန်းပဲ့ဒဏ်ရာ ရရှိခဲ့ကာမစိုးရိမ်ရဘူးလို့ သိရပါတယ်။

“ဖြစ်စဉ်ကတော့သေချာပါတယ်။ ဒါပေမဲ့ ဘယ်လို တိုက်ခိုက်ခံရတာလဲ ဆိုတာတော့ ကျွန်တော်တို့လည်း မသိဘူး။ အခုကတော့ မဏ္ဍပ်ပတ်ချာလည်ကို လုံခြုံရေးအပြည့်လည်း ချထားတယ်။ ဒီကနေ့ ညနေပိုင်း ဖွင့်ပွဲလုပ်မယ်လို့တော့ သိတယ်” လို့ အဲ့ဒီအနီးနားဝန်ကျင်က ဆိုပါတယ်။

ဧပြီ ၁၃ ရက်နေ့ မနက်ကစလို့ မဏ္ဍပ်အနီးတဝိုက်က လမ်းတွေကို ပိတ်ထားသလို လုံခြုံရေးကိုလဲ တင်းကျပ်ထားတယ်လို့ နီးစပ်သူတွေကပြောပါတယ်။

ကချင်ပြည်နယ်မြစ်ကြီးနားမြို့မှာတော့ သင်္ကြန်ဗဟိုမဏပ် နဲ့ ရေကစားမဏပ်တွေကို ရန်ကြီးအောင်နဲ့ ဧရာရပ်ကွက် ကြား ကျောက်စိမ်းတုံး ရှိတဲ့ နေရာနားက အထက(၁)နဲ့အထက(၈) ၊ အထက(၉) တဝိုက်မှာ မဏပ်တွေ ဆက်တိုက်ပြုလုပ်ထားတာဖြစ်ပါတယ်။

အခုရက်ပိုင်းအတွင်း ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမှာတော့ ၂ရက်ဆက်တိုက် ညဘက်မှာ လက်နက်ကြီးပေါက်ကွဲသံကို ကြားရပြီး ဧပြီ ၁၂ရက်နေ့က ည၇နာရီခန့်က သင်္ကြန်မဏပ်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။

ပဇီကြီးဖြစ်စဥ်ကို အာဆီယံဥက္ကဋ္ဌက ပြင်းပြင်း ထန်ထန် ရှုတ်ချ
အထူးသဖြင့် အရပ်သားတွေအပေါ်ကို အင်အားသုံးပြီး အကြမ်းဖက်မှုပုံစံအားလုံးကို ချက်ချင်းရပ်ပစ်ရမယ် လို့လည်း ထုတ်ပြန်ပါရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, President Joko Widodo

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာမှာ မြန်မာစစ်တပ်ကနေ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုကို အာဆီယံက ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ အာဆီယံ ဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက်အဖြစ် ဧပြီလ ၁၃ရက် ဒီကနေ့မှာ ထုတ်ပြန်လာပါတယ်။

လက်ရှိ အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် အင်ဒိုနီးရှားနိုင်ငံက တာဝန်ယူဆောင်ရွက်နေသလို၊ အင်ဒိုနီးရှား သမ္မတဂျိုကိုဝီဒိုဒို က အာဆီယံအလှည့်ကျ ဥက္ကဋ္ဌလည်းဖြစ်ပါတယ်။

အထူးသဖြင့် အရပ်သားတွေအပေါ်ကို အင်အားသုံးပြီး အကြမ်းဖက်မှုပုံစံအားလုံးကို ချက်ချင်းရပ်ပစ်ရမယ် လို့လည်း ထုတ်ပြန်ပါရှိပါတယ်။

အားလုံးပါဝင်နိုင်တဲ့ အမျိုးသားအဆင့်ဆွေးနွေးပွဲတွေကသာ မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကိုအဖြေရှာနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းဖြစ်တယ်လို့လည်း သတိပေး ထုတ်ပြန်ပါ တယ်။

လက်ရှိဖြစ်နေတဲ့ အကျပ်အတည်းတွေအတွက် အလုပ်ဖြစ်ပြီး၊ ရေရှည်ခံမယ့် အဖြေရှာဖွေနိုင်ရေးအတွက် လည်း အာဆီယံဘုံသဘောတူညီချက် ၅ချက်ကိုလည်း အပြည့်အဝအကောင်အထည်ဖော်နိုင်ရေး အာဆီယံ က ကြိုးစားလုပ်ဆောင်နေတယ်လို့လည်း ထည့်သွင်း ပြောကြားပါတယ်။

ဧပြီလ ၁၃ရက်နေ့၊ မနက် ၉ နာရီအထိတော့ စစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တဲ့ ပဇီကြီးကျေးရွာမှာ သေဆုံးသူ ၁၃၀ အထိရှိနေပြီး၊ တွေ့ရှိခဲ့တဲ့ ရုပ်အလောင်းတွေကို မီးသင်္ဂြိုဟ်ထားပြီးဖြစ်ပါတယ်။

ပဇီကြီး လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၁၃၀ အထိတွေ့ရှိထား
ဗုံးကြဲခံရတဲ့ ပဇီကြီးရွာ

ဓာတ်ပုံ ရင်းမြစ်, CJ

စစ်တပ်က လေကြောင်းကနေတိုက်ခိုက်ခဲ့တဲ့ ပဇီကြီးရွာမှာ သေဆုံးသူအရေအတွက်ဟာ အနည်းဆုံး ၁၃၀ အထိရှိလာပြီလို့ သေဆုံးတဲ့အလောင်းတွေကို လိုက်လံကောက်ယူပြီး သင်္ဂြိုဟ်ပေးနေတဲ့ အဖွဲ့တွေရဲ့ စာရင်း အရ သိရပါတယ်။

ဧပြီလ ၁၃ရက်၊ မနက် ၉နာရီအထိ သိရှိရတဲ့စာရင်းတွေအရ ရှာဖွေတွေ့ရှိပြီး သင်္ဂြိုဟ်ပေးခဲ့ပြီးတဲ့ သေဆုံးတဲ့ အလောင်းအ‌ရေအတွက်က ၁၃၀ အထိကိုရှိခဲ့ပြီလို့သိရပါတယ်။

ရုပ်အလောင်းတစ်ခုအဖြစ်သတ်မှတ်နိုင်တဲ့ ပုံစံရှိတဲ့ အရာတွေအားလုံးကို ကောက်ယူစုပေါင်းရေတွက်ခဲ့တာ ဖြစ်တယ်လို့လည်း အလောင်းကောက်ယူသူတွေကဘီဘီစီကိုပြောပါတယ်။

အခြားအပိုင်းအစအချို့တို့ကိုတော့ အလောင်းအဖြစ်သတ်မှတ်ကောက်ယူတာမဟုတ်တဲ့အတွက် အခုတွေ့ ရှိခဲ့တဲ့ အရေအတွက်ဟာ အနည်းဆုံးအရေအတွက်ဖြစ်မယ်လို့ အလောင်းကောက်ယူသူတွေက ပြောပြကြ ပါတယ်။

ဗုံးတိုက်ရိုက်ထိမှန်မှုတွေရှိခဲ့တာကြောင့်လည်း အချို့ ရုပ်အလောင်းတွေက ပျက်စီးပြန်ကြဲတဲ့အထိကို ဖြစ်ခဲ့ တယ်လို့လည်း ပြောပြကြပါတယ်။

ဗုံးတိုက်ရိုက်ထိမှန်တဲ့ အခမ်းအနားကျင်းပရာ အဆောက်အဦးအတွင်းမှာဘဲ ထပ်မံကောက်ယူရရှိတဲ့ ရုပ်အလောင်းတွေကို ဒီကနေ့မနက်မှာ သင်္ဂြိုဟ်ပေးခဲ့တယ်လို့လည်းသိရပါတယ်။

စစ်ကောင်စီကတော့ အခု ဖြစ်စဥ်နဲ့ပတ်သက်လို့ NUG ရဲ့ ရုံးဖွင့်ပွဲပြုလုပ်နေတာကိုတိုက်ခိုက်တာဖြစ်ပြီး PDF တွေ သေဆုံးခဲ့တာကိုထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် သူတို့တိုက်ခိုက်မှုတစ်ခုတည်းကြောင့်မဟုတ်ဘဲ အနီးတဝိုက်မှာ ထောင်ထားတဲ့မိုင်းတွေ၊ ခဲယမ်း သိုလှောင်တဲ့နေရာတည့်တည့်ကို လက်နက်တိုက်ရိုက်ထိမှန်ခဲ့တာကြောင့် ပေါက်ကွဲပြီး သေဆုံးရတယ်လို့ သတင်းရရှိထားတယ်လို့လည်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိ ပဇီကြီးရွာကိုရောက်ရှိကယ်ဆယ် ရေးလုပ်နေသူတွေပြောပြချက်အရတော့ အဲဒီလိုပေါက်ကွဲမှု ဖြစ်ခဲ့တာမျိုးမဟုတ်ဘဲ စုရုံးနေတဲ့နေရာကို ဗုံးတိုက်ရိုက်ထိမှန်တယ်လို့ ပြောကြပါတယ်။

ဒေသခံတွေရဲ့အဆိုအရလည်း သေဆုံးသူအများစုဟာ ပဇီကြီးကျေးရွာအပါအဝင် အနီးအနားက ကျေးရွာ ဒေသခံတွေ ဖြစ်ကြပြီး မိသားစုလိုက် သေဆုံးရသူတွေပါ ရှိနေတယ်လို့ အသက်ရှင်ကျန်ရစ်သူ တွေက ပြောကြားထားပါတယ်။

ယင်းမာပင်၊ ခင်ဦးတို့မှာ လက်နက်ကြီးပစ်၊ စစ်ကြောင်းထိုးတာကြောင့် ‌ကလေးအပါအဝင်၊ ဒေသခံသေဆုံးမှုတွေရှိနေ
 မတ်လအတွင်း ခင်ဦးမြို့နယ်က ကျေးရွာတစ်ရွာ မီးရှို့ခံရစဥ် (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

ဧပြီလ ၁၂ ရက်နေ့၊ မနက် ၁ နာရီခွဲလောက်မှာ ယင်းမာပင်မြို့နယ် ပုသိမ်-မုံရွာ လမ်းဘေး အမှတ်၂၈ ရဲတပ်ရင်း ကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး လူနေအိမ်တည့်တည့်ကျလို့ ရွှေပေကုန်းရွာက အသက် ၁၃ နှစ်အရွယ် မသူဇာထွန်း သေဆုံးခဲ့တယ်လို့ ‌ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

သူ့အဘွားဖြစ်သူလည်း ပေါင်ကို လက်နက်ကြီးအစမှန်ခဲ့လို့ ဆေးကုသမှုခံယူနေရတယ်လို့သိရပါတယ်။ အဲဒီရဲတပ်ရင်းက ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ဒေသကာကွယ်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်တာကိုခံခဲ့ရဖူးပါတယ်။ အဲဒီအချိန်ကစပြီး ညမထွက်ရ သတ်မှတ်ချိန်နောက်ပိုင်းတွေမှာ ရဲစခန်းရဲ့ ၁ မိုင်ပတ်လည်ကို ညစဥ်ဆိုသလို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတာလို့ ဒေသခံတွေက ပြောကြပါတယ်။

အလားတူ ခင်ဦးမြို့နယ်မှာလည်း ဧပြီ ၁၁ရက် မနက် ၆ နာရီကျော်က စစ်ကောင်စီအဖွဲ့ ပစ်ခတ်တဲ့ လက်နက်ကြီး ကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦးအပါဝင် ကလေးမိခင်တစ်ဦးနဲ့ တခြားအမျိုးသား ၄ ယောက် ကျည်မှန်ဒဏ်ရာရခဲ့ပါတယ်။

ရေဦးဘက်ကနေ ခင်ဦးဘက်ကို မူးမြစ်ကိုဖြတ်ကျော်ပြီး ဝင်လာတဲ့ စစ်ကြောင်းဟာ ခင်ဦးမြို့နယ် အင်းပတ် ကွေ့ ဈေးတန်းအနီးမှာ ဒေသကာကွယ်ရေးအဖွဲ့တွေရဲ့ မိုင်းဆွဲခံရတာကြောင့် အနီးဝန်းကျင် ကျေးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီပစ်ခတ်မှုကြောင့် အင်းပတ်၊ ရွာသစ်၊ ကုန်းသာစတဲ့ ကျေးရွာ ၇ ရွာက ဒေသခံတွေ ထွက်ပြေးနေရပြီး အင်းပတ်ရွာက ဒီနေ့အချိန်ထိ ဒေသခံတွေ နေအိမ်တွေကို ပြန်လည်ဝင်ရောက်တာ မရှိသေးဘူးလို့ သိရပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း အထက်ပိုင်း ထီးချိုင့်မြို့နယ် တုံလုံရွာမှာ ရွာသား ၂၀လောက်လည်း ဧပြီလ ၁၂ ရက်မနေ့က ဖမ်းဆီးခံထားရ တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဧပြီ ၁၂ရက်၊ နေ့လယ်ပိုင်းမှာတော့ ဖမ်းထားသူတွေကို သူတို့စစ်ကြောင်းနဲ့ အတူ ခေါ်သွားတယ်လို့သိရပါတယ်။ အဲဒီစစ်ကြောင်းက တုံလုံရွာနဲ့ အနီးဝန်းကျင်ရွာတွေထဲကို ဆက်လက် စစ်ကြောင်းထိုး ဝင်ရောက်နေတယ်လို့ သိရပါတယ်။

ပဇီကြီးကျေးရွာလေကြောင်းတိုက်ခိုက်ခံရမှု ရှုတ်ချဖို့ အဆိုမူကြမ်းကို ရုရှားနဲ့တရုတ် လက်မခံ

PaZiGyi Village

ဓာတ်ပုံ ရင်းမြစ်, Social Media

အရပ်သား ၁၀၀ ထက်မနည်း သေဆုံးခဲ့ရတဲ့ ပဇီကြီးကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့မှုအပေါ် ရှုတ်ချဖို့ ဗြိတိန်က အဆိုပြုတင်သွင်းတဲ့မူကြမ်းကို ရုရှားနဲ့ တရုတ်တို့က လက်မခံခဲ့ဘူးလို့ သံတမန်အရင်းအမြစ်ကို ကိုးကားပြီး ရိုက်တာသတင်းက ရေးပါတယ်။

"ဒီလေကြောင်းတိုက်ခိုက်မှုမှာတိုက်ခိုက်ခံရတဲ့အခြေအနေနဲ့ပတ်သက်လို့ ကွဲလွဲနေတဲ့ အချက်အလက်တွေရှိနေပါတယ်။ ကျွန်တော်တို့ ရှင်းလင်းတဲ့ အခြေအနေတစ်ခုကို ပထမဆုံး သိဖို့လိုအပ်တယ်"​လို့ ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ် Dmitry Polyanskiy ပြောတယ်လို့ ဖော်ပြထားပါတယ်။

အဆင့်မြင့် ကုလသမဂ္ဂဆိုင်ရာ တရုတ်သံတမန်တစ်ဦးကလည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ အမျိုးသားရင်ကြားစေ့ရေးအတွက် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကတစ်ဆင့် ကွဲလွဲမှုတွေကို အဖြေရှာဖို့ မြန်မာမှာရှိတဲ့ ဘက်အသီးသီးကို တွန်းအားပေးသင့်ကြောင်းနဲ့ ပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်မှုကိုရှောင်ရှားသင့်တယ်လို့ ကုလဆိုင်ရာ အကြီးတန်း တရုတ်သံတမန်တစ်ဦးကလည်း ပြောကြားခဲ့ပါတယ်။

ဒါကြောင့် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ၁၅ နိုင်ငံပါဝင်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ တံခါးပိတ်အစည်းအဝေးကို ဒီကနေ့ ကြာသပတေးနေ့မှာ ခေါ်ယူဖို့ ဗြိတိန်အစိုးရက တောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာမှာ ကုလလုံခြုံရေးကောင်စီမှာ နှစ်ပေါင်း ၇၄ နှစ်အတွင်း ပထမဆုံးအနေနဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေအားလုံး ပြန်လွှတ်ပေးဖို့နဲ့ အကြမ်းဖက်မှုတွေကိုရပ်တန့်ဖို့ စစ်ကောင်စီကို တိုက်တွန်းထားပါတယ်။