ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဧပြီလ ၁၈ ရက်ထိပ်တန်းသတင်းများ- မြဝတီမြို့အနီးက မဲကနယ်ရွာမှာ တိုက်ပွဲပြင်းထန်နေ
ကရင်ပြည်နယ်၊ မြဝတီမြို့ အနီး၊ မြဝတီ-သင်္ကန်းညီနောင်သွား ကားလမ်းပေါ်က မဲကနယ်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ Venom PDF အဖွဲ့တို့ သီတင်းပတ်ချီ တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
ဒီနေ့ ဧပြီလ ၁၈ ရက် မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်ဘက်က ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်ဖွဲ့ဝင်တွေပုံစံ တူညီဝတ်စုံတွေ ဝတ်ဆင်ပြီး အယောင်ဆောင် စစ်ကြောင်းထိုး တက်လာတာကြောင့် တိုက်ပွဲဖော်နေတဲ့ Venom စစ်ကြောင်းနဲ့ ထိတွေ့မှုဖြစ်ပွားခဲ့တယ်လို့ Venom စစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။
အဲဒီထိတွေတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၂ ဦး သေဆုံးပြီး ၄၀ မမ သေနတ်တစ်လက်နဲ့ AK ရိုင်ဖယ်သေနတ်တစ်လက်ကို သိမ်းဆည်းမိခဲ့တယ်လို့လည်း ဆိုပါတယ်။
တဖက်မှာလည်း မတ်လ နှောင်းပိုင်းကတည်းက စတင်တဲ့ မဲကနယ်ကျေးရွာအနီးက တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ မြဝတီမြို့ပေါ်က ဘုန်းကြီးကျောင်းတွေမှာ တိမ်းရှောင်နေရတယ်လို့ မဲကနယ်ဒေသခံတွေ က ဘီဘီစီကိုပြောပါတယ်။
‘‘လက်နက်ကြီးငယ် ပစ်ခတ်သံတွေကြားတော့ တိမ်းရှောင်လာကြတာ ၂၇ ရက်(မတ်လ)နေ့ကတည်းကပဲ။ နေ့ရော ညရော လက်နက်ကြီးသံတွေကြားနေတုန်းမို့လို့ အခုအထိ မပြန်ရဲကြသေးဘူး။ ဘုန်းဘုန်းကပဲ ကျွေးထားတယ်။ ကျွန်မတို့ နေတဲ့ ဘုန်းကြီးကျောင်းမှာဆို အယောက် ၂၀ လောက်ရှိတယ်။ ကျန်တဲ့ ဘုန်းကြီးကျောင်းတွေမှာလည်း တစုတစု စုနေကြတယ်’’ လို့ မြဝတီမြို့ပေါ် စစ်ဘေးတိမ်းရှောင်နေတဲ့ မဲကနယ် ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
Venom စစ်ကြောင်းဟာ အရင်က KNU လက်အောက်ရှိ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) စစ်ဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ် နယ်ဒါးမြရဲ့ ကော်သူးလေတပ်(KTLA) အောက်က ဖြစ်ပေမဲ့ အခုလပထမသီတင်းပတ်မှာ KNU လက်အောက်က Cobra စစ်ကြောင်းနဲ့ ပူးပေါင်းခဲ့တဲ့ စစ်ကြောင်း ဖြစ်ပါတယ်။
လက်ရှိမှာ မဲကနယ်ဒေသမှာ Cobra နဲ့ Venom ပူးပေါင်းစစ်ကြောင်းဟာ စစ်ကောင်စီတပ်နဲ့တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
သန်လျင်မှာ လူ ၃ ဦး ပစ်ခတ်ခံရလို့ သေဆုံး
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ထန်းပင်ကုန်းရပ်ကွက်၊ ထန်းပင်ကုန်းလမ်းမှာ ဒီနေ့ မနက်ခင်းပိုင်းတုန်းက အမျိုးသား ၃ ဦး သေနတ်ပစ်ခတ်ခံရပြီး သေဆုံးတယ်လို့ သိရပါတယ်။
အဲဒီအမျိုးသား ၃ ဦးထဲက တစ်ဦးဟာ ဆေးလာကုနေတဲ့ လေတပ်အရာရှိတစ်ဦးဖြစ်တယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပေမဲ့ သီးခြားအတည်ပြုဖို့ ကြိုးစားနေပါတယ်။
‘’ပစ်ခတ်မှုဖြစ်တဲ့အိမ်က ထန်းပင်ကုန်းလမ်းထဲက အမှတ် ၃ အထက်တန်းကျောင်းကနေဆိုရင် ၃ အိမ်လောက်မှာဖြစ်သွားတာ။ ပတ်ဝန်းကျင်မှာနေထိုင်နေတဲ့သူတွေကို အမှုစစ်အရာရှိဆိုသူက လိုက်ပြီး စစ်မေးနေတာရှိတယ်။ အခြေအနေက အခုအထိ မငြိမ်သေးဘူး’’ လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ပြည်တွင်းအခြေစိုက်သတင်းတွေမှာတော့ ပစ်ခတ်ခံရတဲ့အမျိုးသားဟာ စစ်ကောင်စီတပ်ရဲ့ မင်္ဂလာဒုံ လေတပ်စစ်လက်နက် ပစ္စည်းထောက်ပံ့ရေးတပ် (လပစ) တပ်မှူး/ ဌာနခွဲမှူး၊ ဒုတိယ ဗိုလ်မှုးကြီး ကျော်စွာထွန်းနဲ့ သူ့ သက်တော်စောင့်၊ နောက်ထပ် အမျိုးသားတစ်ဦးတို့ ဖြစ်တယ်လို့ သတင်းဖော်ပြနေပါတယ်။
စစ်ကောင်စီတပ်သတင်းတွေကိုဖော်ပြနေတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာတော့ ဦးအောင်မျိုးဆွေ (၅၃ နှစ်)၊ ဦးအောင်ညီထွန်း (၄၈ နှစ်)နှင့် ဦးခင်မောင်သိန်း (၅၈ နှစ်) တို့ ၃ ဦးဟာ အိမ်ရှေ့မှာ ထိုင်စကားပြောနေချိန် ဆိုင်ကယ်စီးလာတဲ့သေနတ်သမား ၃ ဦးက ပတ်ခတ်ခဲ့လို့ ကျည်ထိမှန်ဒဏ်ရာတွေနဲ့ အဲဒီအမျိုးသား ၃ ဦးကို ဆေးရုံပို့ဆောင်ကုသနေချိန်မှာ ၃ ဦးစလုံး သေဆုံးခဲ့တယ်လို့ သတင်းဖော်ပြထားတာတွေ့ရပါတယ်။
ဒီပစ်ခတ်မှုကို ဘယ်သူ အဖွဲ့က လုပ်ဆောင်တယ်ဆိုတာတော့ မသိရသေးပါဘူး။
ဒီသတင်းနဲ့ပတ်သက်လို့ ဧပြီ ၁၈ ရက် ည ၈ နာရီခွဲခန့်မှာ ထပ်မံသိရှိရတဲ့အချက်အလက်အရ အဲဒီ သုံးဦးထဲက ဦးအောင်ညီထွန်းဟာ အငြိမ်းစား စစ်ဘက်အရာရှိကြီးတစ်ဦးဖြစ်ပြီး ကျန်နှစ်ဦးမှာ အရပ်သားများဖြစ်ကြောင်းနဲ့ အဲဒီထဲက တစ်ဦးရဲ့ သားဖြစ်သူကလည်း သူ့ရဲ့လူမှုကွန်ရက်မှာ သူ့ဖခင်ဟာ လေတပ်ကအရာရှိ မဟုတ်ကြောင်းလည်း ငြင်းဆိုရေးသားထားပါတယ်။
မူဆယ်မှာ ယာဥ်မတော်တဆမှုကြောင့် လူ ၆ ဦးသေဆုံး
မြန်မာ-တရုတ်နယ်စပ်၊ မူဆယ်မြို့နယ်ထဲက ကျင်စန်းကျော့ နယ်စပ်ကုန်သွယ်ဂိတ်ပေါက် အသွားလမ်းပေါ်မှာ ယာဥ်မတော်တဆမှုဖြစ်ခဲ့တာကြောင့် လူ ၆ ဦးသေဆုံးတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ခဲ့သူတွေက ဘီဘီစီကိုပြောပါတယ်။
ယာဥ်တိုက်မှုဟာ မနေ့ ဧပြီလ ၁၇ ရက် မနက်ပိုင်းမှာဖြစ်ခဲ့တာဖြစ်ပြီး ကုန်ကားတစ်စီးနဲ့ နစ်ဆန်အိမ်စီးကား တစ်စီးတို့ တိုက်မိရာကနေ အိမ်စီးကားပေါ်က အမျိုးသမီး ၅ ဦးနဲ့ ယာဥ်မောင်း အမျိုးသား ၁ ဦးတို့ သေဆုံး ခဲ့တာလို့သိရပါတယ်။
ကျင်စန်းကျော့ ဂိတ်ကိုအသွား ဘုရားလေးဂိတ်မှာ ဘရိတ်ပေါက်ပြီး ဆင်းလာတဲ့ ကုန်ကားဟာ လမ်းတစ်ဖက်က အိမ်စီးကားကို တိုက်မိပြီး ချောက်ထဲကျခဲ့တာဖြစ်ပါတယ်။
‘‘ကားကြီးက ဘရိတ်ပေါက်တယ်ဆိုပြီး လှမ်းအော်တယ်လို့ ပြောတယ်။ အိမ်စီးကားကလည်း လွတ်ပြီအထင်နဲ့ ကျော်တက်တဲ့အချိန် ငြိပြီး ချောက်ထဲကျတာလို့ ကျွန်တော်တို့သိရပါတယ်။ ကားကြီးက အိမ်စီးကားပေါ်ပြိကျပြီးမှာ တစ်ဖက်ကို လှိမ့်သွားပုံရပါတယ်။ ကားလေးက လုံးဝ ပျက်စီးသွားတယ်။ သေဆုံးသူတွေကို အပျက်အစီးထဲက ထုတ်ယူတာတောင် ၇ နာရီလောက်ကြာတယ်။ ကုန်ကားကတော့ ခေါင်းကြေသွားတယ်’’လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
သေဆုံးသူရုပ်အလောင်းတွေကိုတော့ ကယ်ဆယ်ရေးအဖွဲ့တွေက မူဆယ်ဆေးရုံကြီးကို ပို့ပေးခဲ့တယ်လို့ သိရပါတယ်။
ကလေးမြို့ သပိတ်က ဖမ်းဆီးခံရသူတွေရဲ့ နေအိမ်တွေချိပ်ပိတ်ခံရ
မိသားစုဝင်တွေလည်း ဖမ်းဆီးခံထားရ
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ပြီးခဲ့တဲ့သင်္ကြန်အတက်နေ့တုန်းက အတာသပိတ်ပြုလုပ်ရင်း စစ်တပ်က ဖမ်းဆီးတာခံခဲ့ရတဲ့ ကလေးပင်မ သပိတ်အင်အားစုက အဖွဲ့ဝင် ၄ ဦးရဲ့နေအိမ်တွေ ချိပ်ပိတ်ခံရသလို မိသားစုဝင်တွေ လည်း ဖမ်းဆီးခံထားရတယ်လို့ ဘီဘီစီက သိရှိရပါတယ်။
ကလေးပင်မသပိတ်အင်အားစုအဖွဲ့ဝင်တွေဟာ ကလေးမြို့၊ တွင်းသင်းဝန်ရပ်ကွက်က တံတားတစ်စင်းပေါ်မှာ အတာသပိတ်ပြုလုပ်ဖို့ လူထုနေချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကားနဲ့ရောက်လာပြီး သေနတ်ပစ်ခတ် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
နေ့လယ်ပိုင်းမှာ ဖမ်းဆီးပြီးနောက် ညနေ ၄ နာရီမှာ ဖမ်းဆီးခံရသူတွေကို လမ်းပြခိုင်းပြီး ဖမ်းဆီးခံရသူ ၄ ဦးရဲ့နေအိမ်တွေ အပြင် လွတ်မြောက်သွားသူတစ်ဦးရဲ့နေအိမ်ကိုပါ ချိပ်ပိတ်ခဲ့တာလို့ သိရပါတယ်။
‘‘အဖမ်းခံရသူတွေရဲ့ မိဘတွေ၊ အမေနဲ့ညီမတွေကို ခဏဆိုပြီး လာခေါ်သွားတာ။ အခုဆို ဖမ်းသွားတာ ၃ ရက်ရှိပြီ။ ပြန်မလွှတ်သေးဘူး။ အိမ်တွေကို ချိပ်လာပိတ်တော့ ပစ္စည်းတွေကိုလည်း အပြင်မှာ ဆွဲထုတ်ထားခဲ့တယ်။ လမ်းပေါ် လုံးဝပျံ့ကြဲနေတယ်’’ လို့ ဖြစ်စဥ်သိရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ သပိတ်အဖွဲ့ဝင်တွေဟာ ကိုသန်းစိုးဦး၊ မကျင်ဒိတ်ကင်၊ မနှင်းစံ၊ ကိုမျိုးကိုဝင်းတို့ ဖြစ်ပါတယ်။ သူတို့ဟာ ကလေးမြို့ တောင်ဖီလာရပ်ကွက်၊ အောင်သစ္စာရပ်ကွက်မှာနေထိုင်ကြသူတွေလည်းဖြစ်ပါတယ်။
ကလေးမြို့သပိတ်အင်အားစုကတော့ အဖွဲ့ဝင်တွေဖမ်းဆီးခံရပေမဲ့ ဒီနေ့မှာ ပဇီကြီးလေကြောင်းတိုက်ခိုက် ခံရမှုမှာ သေဆုံးသူတွေအတွက်ရော၊ အာဏာသိမ်းပြီးကတည်းက နေ့စဥ်ပြုလုပ်လာတဲ့ သပိတ် ရက် ၈၀၀ ပြည့်အနေနဲ့ပါ အာဏာသိမ်းဆန့်ကျင်ရေးသပိတ်ကို ဆက်လုပ်ခဲ့တယ်လို့ သူတို့ရဲ့လူမှုကွန်ရက် စာမျက်နှာကနေ သတင်းထုတ်ပြန်ထားပါတယ်။
ထိုင်းမှာ မြန်မာတစ်ဦး ကိုဗစ်သံသယနဲ့သေဆုံး
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ မြန်မာလုပ်သားတစ်ဦး အိပ်ခန်းထဲသေဆုံးနေတာကြောင့် စစ်ဆေးကြည့်ရာမှာ ကိုဗစ်ကူးစက်ခံထားရတယ်ဆိုတာကိုတွေ့ရှိခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
အသက် ၃၄ နှစ်အရွယ် အဲဒီအမျိုးသားကို ဘန်ကောက်မြို့၊ ဆသွန်ခရိုင်၊ ချန်လမ်းမှာရှိတဲ့နေအိမ်တစ်လုံးရဲ့ တိုက်ခန်းအတွင်းမှာ သေဆုံးလျက်တွေ့ခဲ့ရတာဖြစ်ပြီး သူ့ကို ATK စစ်ဆေးကြည့်ရာမှာ ကိုဗစ်ပိုးရှိနေတာ ကိုတွေ့ရှိခဲ့ရတာလို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူတွေကို ကိုးကားပြီး သတင်းတွေက ဖော်ပြပါတယ်။
အမျိုးသား တစ်ဦး သေဆုံးနေတယ်ဆိုတဲ့သတင်းပေးပို့ချက်အရ ရဲတပ်ဖွဲ့ဝင်တွေ၊ ချူလာလောင်ကွန်းဆေးရုံက ဆေးမှုခင်းပညာရှင်တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက မနေ့ ဧပြီလ ၁၇ ရက်မှာ အလောင်းကို သွား ရောက်လေ့လာခဲ့တာဖြစ်ပါတယ်။
အဲဒီအမျိုးသားဟာ မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးလို့ သိရပြီး ထိုင်းသင်္ကြန်ကာလအတွင်း အခြားမြန်မာ မိတ်ဆွေအချို့နဲ့အတူ အပြင်ထွက်လည်ပတ်ခဲ့သလို မျက်လုံးနီ၊ အဖျားတက်နေတာကြောင့် ဆေးသွားရောက်ကုသဖို့ အနီးနားက လူတွေက ဖြောင်းဖြခဲ့ပေမဲ့ ဆေးကုသမှု မခံယူခဲ့ဘူးလို့ အိမ်နီးချင်းတွေက ပြောထားတယ်ဆိုပြီး သတင်းတွေမှာဖော်ြပပါတယ်။
ခင်ဦးမှာ စစ်ကြောင်းထိုးလို့ ဒေသခံထောင်ချီ ဘေးလွတ်ရာ တိမ်းရှောင်နေရ
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲကို စစ်ကောင်စီတပ်က ဒီနေ့ ဧပြီလ ၁၈ ရက်မနက်ပိုင်းမှာ ရေဦးမြို့နယ်ထဲကနေ ဝင်ရောက်လာတာကြောင့် ထောင်နဲ့ချီတဲ့ဒေသခံတွေဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရေဦးမြို့ တိုင်းရင်းဆေးရုံက စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ကျော်ဟာ မူးမြစ်ကူးတံတားကို ဖြတ်ပြီး ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်းကို ဒီနေ့ မနက်ပိုင်းမှာ ခြေလျင်စစ်ကြောင်း ဝင်လာတာလို့လည်း သိရပါတယ်။
အဲဒီစစ်ကြောင်းဟာ အင်းပတ်ကွေ့စျေးတန်းကနေ တဆင့် ခင်ဦးနယ်ထဲ ဝင်ရောက်လာတာကြောင့် အင်းပတ်ရွာ၊ ချမ်းသာရွာ၊ အင်တိုင်းလေးတောင်ရွာနဲ့မြောက်ရွာ၊ သရက်ပင်စုရွာ မြင်းဒေါင်းရွာနဲ့ မကျီးအုပ်ကျေးရွာတွေက ဒေသခံ ၂၀၀၀ ကျော်ဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
လက်ရှိမှာ အဲဒီစစ်ကြောင်းဟာ ဒေသခံတွေအခေါ် စစ်တပ်ထောက်ခံသူ ပျူစောထီးတွေရှိရာ ရွာသစ်ကုန်းကျေးရွာကိုရောက်နေပြီ ရေဦး-ခင်ဦးလမ်းကနေ ခင်ဦးမြို့ထဲကို ဝင်ရောက်နိုင်တာကြောင့် လမ်းဘေးဝဲယာက ဒေသခံတွေအနေနဲ့ သတိထားရှောင်ရှားကြဖို့ ခင်ဦးဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က သတင်းထုတ်ပြန်ပါတယ်။
လွတ်ငြိမ်းနဲ့ လွတ်မြောက်လာသူ ၁၂၄၃ ဦးအထိရှိထား
မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ ခွင့်ပြုခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်အရ ဧပြီလ ၁၈ရက်နေ့အထိ လွတ်မြောက်လာသူ အရေအတွက်ဟာ လူဦးရေ ၁၂၄၃ ဦးအထိရှိထားတာကို နိုင်ငံပိုင်သတင်းစာတွေရဲ့ ဖော်ပြချက် အရသိရပါတယ်။
မန္တလေး အကျဥ်းထောင်က ၇၇ ဦး၊ အင်းစိန်က ၂၃၆ ဦး၊ တောင်ငူက ၁၂ ဦး၊ ရခိုင်ပြည်နယ်က ၁၇၃ ဦး၊ နေပြည်တော်က ၄၉ ဦး၊ သထုံက ၂၅ ဦး၊ မြိတ်ကျောက်ဖြူတောင်ကုန်ထုတ်စခန်း ၇၂ဦး၊ မြောင်းမြက ၃ ဦး၊ မွန်ပြည်နယ်က ၂၂၄ ဦး၊ ကရင်ပြည်နယ်က ၈၃ ဦး၊ ကချင်ပြည်နယ်က ၁၂၅ ဦး၊ ရှမ်းပြည်နယ်က ၁၅၂ ဦး၊ ဖျာပုံအကျည်းထောင်က ၁၂ ဦး တို့က အကျဉ်းထောင်၊ အကျဉ်းစခန်းတွေအသီးသီးကနေ လွတ်မြောက်ခွင့် ရခဲ့တယ်လို့ သိရပါတယ်။
မြန်မာနှစ်သစ်ကူးနေ့အထိမ်းအမှတ်ဆိုပြီး နိုင်ငံ့အကျဥ်းထောင်တွေက အကျဥ်းသူ အကျဥ်းသား ၃၀၁၅ ဦးကို နောက်တစ်ကြိမ်ပြစ်မှုကျူးလွန်မယ်ဆိုရင် အဲဒီပြစ်ဒဏ်အပြင် အခုကျခံဖို့ ကျန်နေတဲ့ ပြစ်ဒဏ်တွေကိုပါ ကျခံရမယ်ဆိုတဲ့ စည်းကမ်းချက်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးတယ်လို့ စစ်ကောင်စီကကြေညာခဲ့တာပါ။
လွတ်ငြိမ်းမှာ နိုင်ငံခြားသား အကျဥ်းသား ၉၈ ငါးဦးလည်းပါဝင်ပြီး အဲဒီအပြင် စစ်ကောင်စီနဲ့နီးစပ်တဲ့ ဆက်ဆံရေးရှိတဲ့ သီရိလင်္ကာနိုင်ငံက နိုင်ငံသား ၅ ဦးပါဝင်ပါတယ်။
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရသူတွေဟာ အသက် ၇၅ နှစ်နဲ့အထက် ပြစ်ဒဏ်ကျခံနေရသူတွေ၊ မူးယစ်မှု၊ တပ်မတော်အက်ဥပဒေပုဒ်မတွေ၊ ရဲစည်းကမ်းပုဒ်မတွေအပြင် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေတွေနဲ့ ထောင်ဒဏ်ကျခံရသူတွေ အများဆုံးပါဝင်တယ်လို့ ဘီဘီစီကလေ့လာသိရှိရပါတယ်။
ဒါ့ပြင် ကာကွယ်ရေးဝန်ကြီးဌာနပိုင် ရှေးဟောင်းသမိုင်းဝင်အဆောက်အအုံတွေဖြစ်တဲ့ ဖြိုဖျက်ခဲ့တာကြောင့် ရှေးဟောင်းအဆောက်အအုံများကာကွယ်ထိန်းသိမ်းရေးဥပဒေပုဒ်မ - ၂၄နဲ့ ဖမ်းဆီးတရားစွဲဆိုခံခဲ့ရသူ မြန်မာ နိုင်ငံရဲ့ ထိပ်တန်းသူဌေးကြီးတဦးဖြစ်တဲ့ ဇေကမ္ဘာကုမ္ပဏီပိုင်ရှင်ဦးခင်ရွှေလည်းလွတ်မြောက်တဲ့ စာရင်းထဲမှာ ပါတယ်လို့ သိရပါတယ်။
ဒါပေမယ့် ဦးခင်ရွှေတို့သားဖ ၂ဦးကို ထောင်ဒဏ်ပြစ်ဒဏ်ချမှတ်တာမျိုး တိတိပပ ထုတ်ဖော်ပြောခဲ့တာမျိုး အရင်ကတည်းကမရှိခဲ့ဖူးသလို၊ အခုပြန်လွှတ်ပေးတာကလည်း ဘာကြောင့်ဆိုတဲ့ ထုတ်ပြန်ပြောဆိုမှုမျိုး စစ်ကောင်စီက တစုံတရာထုတ်ပြောတာမျိုးမရှိပါဘူး။
စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် တစ်လနီးပါးအကြာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းကတည်းက ဆိုရင် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သူ အကျဥ်းသား ၄၈၀၀၀ ကျော်အထိရှိခဲ့ပေမဲ့ အဲဒီထဲမှာ အာဏာသိမ်းပြီး တဲ့နောက် နိုင်ငံရေးပုဒ်မတွေနဲ့ ထောင်ဒဏ်ချမှတ်ခံရသူတွေ လွတ်ငြိမ်းခွင့်ရတဲ့ပမာဏဟာ ၁၀ ရာခိုင်နှုန်း မပြည့်တဲ့အခြေအနေလို့ ဒီအရေးစောင့်ကြည့်မှတ်တမ်းယူနေတဲ့သုတေသနအဖွဲ့တွေက ပြောထားပါတယ်။