ဒေါ်အောင်ဆန်းစုကြည် စွပ်စွဲခံထားရတဲ့ ရဟတ်ယာဉ်ငှားရမ်း/ဝယ်ယူ နဲ့ဆိုင်တဲ့အဂတိအမှု က တရားလိုပြသက်သေကိုစစ်ဆေး

ရေးသားခဲ့သည်။

အရပ်သားအစိုးရလက်ထက်တုန်းက ကိုဗစ်ကာလအသုံးပြုဖို့ ရဟတ်ယာဥ် ငှားရမ်း၊ဝယ်ယူ၊ ပြုပြင်ရေးနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့ စွပ်စွဲခံထားရတဲ့ အဂတိအမှုငါးမှုအတွက် ဒီကနေ့ အောက်တိုဘာ ၃ရက်မှာ ‌ရုံးထုတ်စစ်ဆေးခဲ့ ပါတယ်။

နေပြည်တော်အချုပ်ထောင်အထူးတရားရုံးမှာ စစ်ဆေးတာဖြစ်ပြီး စစ်ကောင်စီရဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဒုတိယဝန်ကြီး ဦး‌မောင်မောင်ဝင်းကို အမှုငါးမှုအတွက် တရားလိုပြသက်သေအဖြစ် စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီကသိရပါတယ်။

ဒီကနေ့တရားရုံးထုတ်မှာ စွပ်စွဲခံထားရတဲ့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ရော အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ပါ တက်ရောက်ကြပြီး ကျန်းမာရေးကောင်းမွန်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့အပတ်က နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေအမှုအတွက် အမိန့်ချမှတ်တဲ့ ရုံးချိန်းပြီးတဲ့နောက် ရုံးချိန်းတက်ရောက်ခဲ့တဲ့ သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် မစ္စတာရှောင်တာနယ်အပါအဝင် ဝန်ကြီးဟောင်းတချို့မှာ ကိုဗစ်ကူးစက်ခဲ့‌တယ်လို့ နီးစပ်သူတွေကနေသိရပါတယ်။

ဒီလို ကိုဗစ်ဖြစ်ပွားတာကြောင့် တရားရုံးမှာ အဲဒီနေ့က ရှိခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကိုဗစ်စစ်ဆေးပေးတာရှိ၊ မရှိဆိုတာနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားတာမရှိဘူးလို့ တရားရုံးအသိုင်းအဝိုင်းကသိရပါတယ်။

ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်လာတဲ့ စစ်ကောင်စီရေယာဉ်တိုက်ခိုက်ခံရ

ဒီကနေ့ အောက်တိုဘာ ၃ရက်နေ့လယ်ပိုင်းမှာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အလုံဆိပ်ကမ်းကနေ အထက်ဘက် ဟုမ္မလင်းမြို့နယ်ဘက်ကို ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်လာတဲ့ စစ်ကောင်စီရေတန်းကို ဘုတလင်မြို့နယ်အရောက်မှာ ကာကွယ်ရေးအဖွဲ့တွေဘက်က တိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

အဲဒီလိုတိုက်ခိုက်ခံရမှုကြောင့်ရိက္ခာတင်ဆောင်လာတဲ့ စစ်ကောင်စီရေယာဉ်တစ်စင်း မီး‌လောင်ကျွမ်းခဲ့တယ်လို့ မျက်မြင်တွေ့သူတချို့ကပြောပါတယ်။

"တိုက်ခံရတော့ တဖက်ကမ်းက ကနီဘက်ခြမ်းကို ရေယာဉ်ပေါ်ကနေ လက်နက်ကြီးနဲ့ ဆက်တိုက်လှမ်းပစ်တယ်ဗျ၊ ပြီးတော့ မီးခိုးထွက်နေတဲ့ ယာဉ်ကို တခြားယာဉ်တွေနဲ့တွဲပြီး အထက်ဘက် ဆန်တက်သွားတယ်" လို့ ဘုတလင်ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီဖြစ်စဉ်မှာ အရပ်သားပြည်သူတွေထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ သိရပါတယ်။

လှ‌တော- ဝက်လက်လမ်းပေါ်က မိုင်းအလုံး ၃၀ ကျော် ရှင်းလင်းခဲ့တယ်လို့ စစ်ကောင်စီပြော

မြေပြင်မှာတော့ စစ်ကြောင်းသံကြားရင် ထွက်ပြေးနေရတယ်လို့ဒေသခံတွေ‌ပြော

 စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်ထဲမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ထောင်ထားတဲ့မိုင်းအလုံးရေ ၃၀ ကျော်ကို ပြီးခဲ့တဲ့ရက်တွေအတွင်း ရှင်းလင်းခဲ့တယ်လို့ စစ်ကောင်စီတပ်ဘက်က သတင်းထုတ်ပြန်လာပါတယ်။

အဲဒီလက်လုပ်မိုင်းတွေကို လှတောကျေးရွာကနေ ဝက်လက်မြို့ပေါ်ကို သွားတဲ့လမ်းတစ်လျှောက် အောက်တိုဘာလ  ၁ ရက်မှာ ရှင်းလင်းရေးလုပ်ခဲ့တာလို့လည်း ဆိုပါတယ်။

လှတောဒေသခံတွေကတော့ လှတောရွာ ရဲစခန်းထဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိနေတာ၊ နောက် စစ်ကောင်စီ စစ်ကြောင်း ရဲစခန်းထဲကို ဝင်ထွက်တဲ့အခါတိုင်းမှာ ဘေးလွတ်ရာ တိမ်းရှောင်နေကြတာတာကြောင့် အခုတစ်ပတ်အတွင်း တိမ်းရှောင်ရတာ ၂ ကြိမ်ရှိပြီလို့ ဘီဘီစီကို ပြောပါတယ်။

''စိုးရိမ်တာက ညဘက်မှာ ဘာဖြစ်မလဲဆိုတဲ့အသံကို နားစွင့်ပြီး အိပ်နေရတယ်။ သူတို့က ဝင်လာရင်လည်း ရွာလမ်းအတိုင်းလာတာမဟုတ်ပါဘူး။ လယ်ကွင်းတွေကို ဖြတ်ပြီးလာတာဆိုတော့ သူတို့ လှုပ်လှုပ်လှုပ်လှုပ်အသံကြားရင် ဘေးလွတ်ရာ ပြေးကြရတာပဲ။ ဖမ်းမှာ ဆီးမှာကို စိုးရိမ်ကြတယ်လေ။ မနေ့ကတုန်းကတောင် သူတို့ ဝင်လာတာကို ထွက်ကြည့်လို့ဆိုပြီး မြောက်ပိုင်းက အမျိုးသား ၅ ယောက်လောက် ခဏအဖမ်းခံလိုက်ရတယ်'' လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ နီးပါးခန့်ဟာ လှတောရဲစခန်းကနေ ဝက်လက်မြို့နယ်အနောက်ခြမ်းက ရေတက်ရွာနဲ့ မောက်ကျိုးရွာဘက်ကို ထွက်သွားကြတယ်လို့ လှတောဒေသခံတွေက ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ စစ်ကောင်စီတပ်ဘက်ကတော့ ရေဦးနဲ့ ရွှေဘိုမြို့ကြားက ကားလမ်းမကြီးပေါ်ကနေ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၁ ရက်ကနေ ၂၅ ရက်အတွင်း လုပ်လုပ်မိုင်းမျိုးစုံ အလုံးရေ ၁၁၀ ကျော်ကို ရှင်းလင်းခဲ့တယ်ဆိုပြီး သတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။

ကျားတက်စခန်းသိမ်းတိုက်ပွဲအတွင်း နှစ်ဖက်သေဆုံးမှုရှိ

မနေ့အောက်တိုဘာ ၂ရက်မှာဖြစ်ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က ကျားတက်ရဲစခန်းသိမ်းဖို့ ကြိုးစားတဲ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းပစ်ကူနဲ့ တိုက်ခိုက်တာကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် နှစ်ဦး‌သေဆုံးခဲ့တယ်လို့ သက်ဆိုင်ရာအဖွဲ့တွေက ဒီကနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။

သေဆုံးတဲ့သူနှစ်ဦးဟာ ဆားလင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (SSTF)က ရဲဘော်ပိန္နဲစေ့ နဲ့ ​ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ် (ပ.က.ဖ)ကခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ရဲဘော်ဝလုံး (ခ) ဝေဠုကျော် တို့သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကလည်း ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပြီး စစ်ကောင်စီဘက်က တစုံတရာသတင်းထုတ်ပြန်လာတာမျိုး ဒီကနေ့ညနေအထိ မရှိသေးပါဘူး။

တိုက်ပွဲပြီးတဲ့နောက် ကျားတက်ရဲစခန်းထဲကို စစ်ကောင်စီတပ်အင်အားထပ်ဖြန့်ထားတယ်လို့ ဒေသခံတွေကနေသိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလက ကျားတက်ရဲစခန်းသိမ်းတိုက်ပွဲမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးနီးပါး သေဆုံးခဲ့ပြီး ကာကွယ်ရေးအဖွဲ့တွေဘက်က စခန်းကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

ကဗျာဆရာကြည်ဇော်အေး ကွယ်လွန်

ခေတ်ပေါ်ကဗျာမျိုးဆက်ထဲ ထင်ရှားတဲ့ ကဗျာဆရာကြည်ဇော်အေးဟာ ဒီကနေ့ အောက်တိုဘာ ၃ရက် မနက်ပိုင်းက ရန်ကုန်ဆေးရုံကြီး ဦးနှောက်နဲ့အာရုံကြောဌာနမှာ ဦးနှောက်သွေးကြောပေါက်တာကိုကုသရင်း ကွယ်လွန်ခဲ့တယ်လို့ မိသားစုနဲ့နီးစပ်တဲ့ကဗျာဆရာအသိုင်းအဝိုင်းက ပြောပါတယ်။

ရုတ်တရက် သတိလစ်ရာကနေ ဆေးရုံတက်ရောက်ကုသရင်း ကွယ်လွန်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

'' မနက်ဖြန် အောက်တိုဘာ ၄ရက်မှာ သူ့အသက်၄၄ နှစ်ပြည့်မှာပါ။ မွေးနေ့ရောက်ဖို့ တစ်ရက်အလိုမှာပဲ ကွယ်လွန်ခဲ့တာပါ။ ကျွန်တော့်အတွက်တော့ သူငယ်ချင်း ကြည်ဇော်အေးဟာ ၉၀ ခုနှစ်များရဲ့ ကဗျာဆရာတယောက်ပါ။တခေတ်မှာတယောက်ဆိုလို့ ရတဲ့ကဗျာဆရာလို့ ခံစားရပါတယ်။ထပ်ရဖို့မလွယ်ပါဘူး'' လို့ ကဗျာဆရာတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

၁၉၇၇ခုနှစ်ဖွား ကဗျာဆရာကြည်ဇော်အေးဟာ စစ်ကိုင်းတိုင်း ၊မုံရွာဇာတိဖြစ်ပြီး ၂၀၀၀ခုနှစ်မှာ ချယ်ရီမဂ္ဂဇင်းကတဆင့် စာပေလောက ၊ ကဗျာလောကထဲရောက်ခဲ့တာပါ။ သူ့ကဗျာတွေကို ဂျပန်ဘာသာနဲ့ထုတ်ဝေတာတွေလည်းရှိခဲ့ပါတယ်။

၂၀၁၃ခုနှစ်မှာ ''နှစ်ငါးဆယ်'' ဆိုတဲ့ ကဗျာနဲ့ ပျဥ်းမနားအလယ်ရိုးမကဗျာဆုကိုလည်းရရှိခဲ့တာဖြစ်ပြီး ၊ သူ့ရဲ့ ပထမဆုံးကဗျာစာအုပ်က '' ရိုးရိုးသားသားသစ်သီး'' ဆိုတဲ့ကဗျာစာအုပ်ဖြစ်ပါတယ်။

နောက်ပိုင်းကာလဆိုရှယ်မီဒီယာခေတ်မှာတော့ ကြည်ဇော်အေးကဗျာတွေဟာ လူငယ်ပရိသတ်ကြားမှာ ရေပန်းစားပြီး တန်ဖိုးထားလူကြိုက်များထင်ရှားတဲ့ ကဗျာဆရာအဖြစ်အသိမှတ်ပြုကြတာရှိပါတယ်။ '' တော်လှန်ရေးသမားတစ်ယောက်ရဲ့ အတ္တုပ္ပတ္တိ'' က‌ဗျာကလည်း ထင်ရှားပါတယ်။

ကဗျာတွေအပြင် အက်ဆေးရေးသားမှုတွေလည်းရှိခဲ့ပြီး နောက်ဆုံးထုတ်ခဲ့တဲ့ '' ကော်ဖီခံစားမှုများ''အက်ဆေးစာအုပ်ဟာထင်ရှားပါတယ်။

စစ်ပြီးခေတ်ဒီဂျစ်တယ်ရေဒီယို၊အရူးရှယ်လီ၊မြ၊လူငယ်တစ်ယောက်ရဲ့မှတ်စုများ၊ဘုရားလောင်ခေတ်ကချစ်သူများ၊ရောမစစ်မျက်နှာ ကဗျာစာအုပ်တွေဟာလည်းထင်ရှားခဲ့ပါတယ်။

သူမကွယ်လွန်ခင်အထိ ကဗျာရေးသားခဲ့ပြီးနောက်ဆုံး‌ပို့စ်တင်ရေးသားခဲ့တဲ့ ကဗျာက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာတင်ထားတဲ့ '' လာမယ့်ဆောင်းရာသီ'' ဆိုတဲ့ကဗျာဖြစ်ပါတယ်။

ဒီကနေ့မှာတော့ သူကွယ်လွန်ပြီးနောက် အဲဒီကဗျာထဲက စာသားအချို့ကို ကူးယူပြီး ပို့စ်တင်သူအများအပြားနဲ့ လူမှုကွန်ရက်မှာ ဝမ်းနည်းကြောင်းတွေရေးသားနေကြပါတယ်။

ကဗျာကြည်ဇော်အေးဟာ ကဗျာဆရာလှသန်းရဲ့ '' မျိုးဆက်တစ်ခုလုံးချကျွေးတာတောင်ရှေ့ရေးက မကောင်းနိုင်သေးဘူး''ဆိုတဲ့ ကဗျာကို ကြိုက်နှစ်သက်သူတစ်ဦးဖြစ်သလို သူကိုယ်တိုင်က နိုင်ငံရေး အငွေ့အသက်တွေကိုထင်ဟပ်စေတဲ့ကဗျာတွေကိုရေးတဲ့ ကဗျာဆရာတစ်ယောက်ဖြစ်တယ်လို့ သတ်မှတ်ကြပါတယ်။

ပေါက်၊ ဇီးပြားရွာက စစ်ကောင်စီရဲ့ စစ်သင်တန်း တိုက်ခိုက်ခံရ

မကွေးတိုင်း၊ ပေါက်မြို့နယ်က ဇီးပြားရွာမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒေသခံအချို့ကို ပို့ချပေးနေတဲ့ စစ်သင်တန်းကို မြိုင်နဲ့ ပေါက်ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက မနေ့ အောက်တိုဘာ ၂ရက်နေ့လယ် ၁နာရီကစပြီး ညနေ ၆နာရီကျော်အထိ တိုက်ခိုက်ခဲ့ကြ တယ်လို့ ဒေသကာကွယ်ရေးတွေဘက်ကပြောပါတယ်။

အဲ့ဒီမှာ ဇီးပြား၊ တရော်ကိုင်းစတဲ့ကျေးရွာတွေက စစ်ကောင်စီထောက်ခံသူ ရာနဲ့ချီကို ဇီးပြားရဲစခန်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်သင်တန်းပေးနေခဲ့တာဖြစ်ပြီး လက်နက်တပ်ဆင်ပေးဖို့ပါ ပြင်ဆင်နေတာကြောင့် ဝင်ရောက်တိုက်ခိုက်ဖြစ်တာလို့ ဆိုပါတယ်။

အဲဒီလိုဝင်ရောက်တိုက်ခိုက်တာကြောင့် စစ်ကောင်စီဘက်က ၁၀ယောက်ထက်မနည်းသေဆုံးမှုရှိသလို အရပ်အခေါ် ပျူစောထီး ၅၃ဦးကိုလည်း ဖမ်းဆီးခဲ့တယ်လို့ မြိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကနေ သိရပါတယ်။

"အစက ရွာပြင်ကနေပဲ လက်လုပ်သေနတ်တွေနဲ့ တိုက်ခိုက်နေတာဗျ၊ကျွန်တော်တို့ဘက်က အားသာတာနဲ့ အထဲကိုဆက်တိုက်ဖြစ်တာပါ။ တချို့က ဇီးပြားရွာပတ်လည်က ချောင်းတွေဘက်ကနေ ထွက်ပြေးတယ်။ ဖမ်းမိတာက ပျူစောထီးကျား ၂၈၊ မ ၂၅ပါ။ အခုသူတို့ကို စစ်ဆေးရေးလုပ်နေပါတယ်" လို့ မြိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ဇီးပြားရွာအပါအဝင် အနီးအနားရွာက ရွာသား ငါးယောက်ကို အရပ်အခေါ်ပျူစောထီး တွေက သတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်တွေရှိတာကြောင့် ဒီဖြစ်စဉ်တွေမှာ ပါဝင်လုပ်ဆောင်တာရှိ၊ မရှိကို စစ်ဆေးနေတာလို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ ဇီးပြားကျေးရွာကို စစ်ကောင်စီတပ်တွေ အင်အားထပ်ဖြည့်ထားတာကြောင့် အရပ်သားပြည်သူတွေကတော့ ထွက်ပြေးတိမ်းရှောင်ကြတာတွေရှိတယ်လို့ သိရပါတယ်။

ဖားကန့်သတင်းထောက် ကိုနောင်ရိုး ပြန်လွတ်လာ

 ကချင်ပြည်နယ်၊ ဖားကန့်မြို့က  သတင်းထောက် ကိုနောင်ရိုးဟာ  ဒီနေ့ အောက်တိုဘာလ ၃ရက်မှာ ဖားကန့်အကျဥ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပါတယ်။

သူဟာ အာဏာသိမ်းအစောပိုင်းကာလ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဧပြီလမှာ ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၅၀၅-က၊ ပို့ကုန်သွင်းကုန်ပုဒ်မတို့နဲ့ အမှုဖွင့်ခံခဲ့ရတာဖြစ်ပါတယ်။

အဲဒီအမှုတွေအတွက် ထောင်ထဲမှာ ၁ နှစ်နဲ့ ၇ လကြာအောင် ဖမ်းဆီး ထောင်ချခံခဲ့ရအပြီးမှာ ရက်စေ့တာကြောင့် ပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။

“ ကျန်းမာရေးကတော့ ကောင်းပါတယ်။ အရင်ကျန်းမာရေးမကောင်းတဲ့အခံပဲ ရှိတာပါ။ သတင်းသမားတစ်ယောက်အနေနဲ့ပဲ ဆက်လက်ရပ်တည်မယ်။ အခုဒီမနက်လွတ်လာတော့လည်း  သတင်းရေးသားခြင်းသည် ရာဇဝတ်မှုမဟုတ်ဆိုတဲ့ အင်္ကျီပဲ ဝတ်လာခဲ့တာ။ သေချာပေါက်သတင်းသမားအနေနဲ့ပဲ ရပ်တည်မယ်။ သတင်းနဲ့ပတ်သက်ပြီးတာဝန်ကျေတယ်လို့လည်း ထင်တယ်’’ လို့ ကာယကံရှင်ကိုနောင်ရိုးက ထောင်ကနေလွတ်လာချိန်မှာ ပြောပြပါတယ်။

သတင်းထောက်ကိုနောင်ရိုးဟာ မလိခအသံသတင်းအေဂျင်စီ သတင်းဌာနမှာ သတင်းရေးသားသူဖြစ်ပြီး ဒေသတွင်း သတင်းသွားယူပြီးအပြန်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက် ကချင်ပြည်နယ်အတွင်းမှာ သတင်းလုပ်ငန်းလုပ်ကိုင်မှုနဲ့ဆက်စပ်ပြီး ဖမ်းဆီးခံရသူ ၈ ဦးအထိရှိပြီး ကိုနောင်ရိုးအပါအဝင် ၇ ဦး ပြန်လည်လွတ်မြောက်လာပြီဖြစ်ပေမဲ့ နောက်တစ်ဦးကတော့ ဖမ်းဆီးထိန်းသိမ်းခံရဆဲဖြစ်ပါတယ်။

စစ်ကောင်စီက ရွှေပိဿာချီ လေလံတင်ရောင်းချပေမဲ့  ရွှေစျေးပြန်တက်လာ

ပြီးခဲ့တဲ့ရက်ပိုင်းမှာ ၂၂ သိန်းခွဲနီးပါးအထိ စျေးကျဆင်းသွားတဲ့ အခေါက်ရွှေ တစ်ကျပ်သားစျေးနှုန်းဟာ ဒီနေ့ အောက်တိုဘာလ ၃ ရက်မှာ ၂၅ သိန်းခွဲနီးပါးအထိ ပြန်တက်လာတယ်လို့ ရွှေအရောင်းအဝယ် ပြုလုပ်နေသူတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့စနေနေ့ ရွှေစျေးပိတ်ချိန်မှာ ကြိုက်ရောင်းကြိုက်ဝယ်စျေးဟာ အခေါက်ရွှေ တစ်ကျပ်သားစျေးနှုန်းဟာ ၂၃ သိန်းဝန်းကျင်ရှိခဲ့ပေမဲ့ ဒီနေ့ မနက်ခင်းမှာ ၂ သိန်းကျော် ပြန်တက်လာတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လအတွင်း အခေါက်ရွှေ တစ်ကျပ်သားစျေးနှုန်းဟာ ၃၈ သိန်းကျော်အထိ စျေးမြောက်တက်သွားခဲ့ပေမဲ့ စစ်ကောင်စီဘက်က ရွှေဒင်္ဂါးပြားတွေထုတ်ရောင်းတာ၊ နောက် ရွှေကို ပိဿာချိန်အထိ လေလံတင်ရောင်းချတာတွေ ရှိခဲ့အပြီးမှာ စျေးနှုန်း တရိပ်ရိပ်ကျဆင်းသွားခဲ့ပေမဲ့ အခုတော့ တစ်ကျပ်သားစျေး ၂၅ သိန်းကျော်အထိ ပြန်တက်လာတာဖြစ်ပါတယ်။

စစ်ကောင်စီက ပြီးခဲ့တဲ့တစ်ပတ်မှာ ရွှေစင်တုံးနဲ့ ရွှေစင်ခဲ ‌သုံးပိဿာစီ လေလံတင်ရောင်းချခဲ့ပေမဲ့ လေလံစျေးနဲ့ ပြင်ပပေါက်စျေးကွာဟချက် သိပ်မရှိတာကြောင့် စျေးကွက်အခြေအနေကို စောင့်ကြည့်ဖို့ ရွှေအရောင်းအဝယ် လုပ်သူတွေဟာ အဲဒီလေလံကို စိတ်ဝင်စားမှုနည်းခဲ့ပါတယ်။

တစ်ဖက်မှာလည်း ရွှေလုပ်ငန်းရှင်များအသင်းဘက်က ရည်ညွှန်းစျေးကတော့ တစ်ကျပ်သားကို ၁၉ သိန်းခွဲ ကျော်ပဲ ဆက်ရှိနေပါတယ်။

အသေးစား၊ အလတ်စား ရွှေအရောင်းအဝယ် လုပ်ငန်းရှင်တွေကတော့ ရွှေအသင်းက ရည်ညွှန်းစျေးဟာ ဟန်ပြသာဖြစ်ပြီး အပြင်မှာအဲဒီစျေးနဲ့ ဝယ်ရောင်းမလုပ်ကြတာ လနဲ့ချီကြာမြင့်နေပြီလို့ ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) သယံဇာတဝန်ကြီးဌာနကလည်း စစ်ကောင်စီလက်အောက် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းနဲ့ အမှတ် ၂ သတ္ထုတွင်းလုပ်ငန်းတို့ဟာ နိုင်ငံတော် ဗဟိုဘဏ်က အပ်နှံထားတဲ့ နိုင်ငံပိုင် ရွှေဒင်္ဂါးပြားတွေနဲ့ ရွှေစင်ချောင်းတွေကို စီမံချက်နဲ့ရောင်းချနေတာကို ထောက်ပြပြောဆိုလာပါတယ်။

ဒါကြောင့် စီဒီအမ်မှာမပါဝင်ဘဲ စစ်ကောင်စီအတွက် ဝင်ငွေကြေးရှာဖွေပေးဖို့ နိုင်ငံပိုင်ပစ္စည်းများကို ရောင်းချပေးနေသူ  အဲဒီစီမံချက်မှာပါဝင်နေတဲ့ စီမံခန့်ခွဲသူအဆင့် အရာရှိကြီးတွေ၊ အရာထမ်းတွေနဲ့ ပါဝင်ပတ်သက်သူတွေကို တည်ဆဲ ဥပဒေတွေနဲ့အညီ အရေးယူမယ်လို့ ကြေညာထားပါတယ်။

တိန်ကောက်ဒေသခံတွေရဲ့ လယ်ယာမြေဖော်ထုတ်မယ့်မြေနေရာတွေအထိ ရွှေတူးဖော်မှုတွေ ရောက်လာတာကြောင့်ဒေသခံတွေ ကန့်ကွက်

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ တိန်ကောက်ကျေးရွာမှာ လယ်ယာမြေဖော်မယ့်နေရာအနီးတဝိုက်မှာ အရင်ကတည်းက ရွှေတူးဖော်တာတွေရှိခဲ့ရာကနေ အခုနှစ်ထဲမှာတော့ ဒေသခံတွေရဲ့ လယ်ယာမြေအစပ်နားအထိပါ ရောက်ရှိလာတာကြောင့် ကန့်ကွက်နေကြတာလို့ ကျေးရွာဒေသခံတွေက ပြောပါတယ်။

နန့်ဖြတ်ချောင်းနဲ့ တိန့်ခရုန်းချောင်းကြား ကုန်ထုတ်လမ်းတလျှောက်မှာရှိတဲ့ မြေဧက ၁၀၀ကိုလယ်ယာမြေဖော်ဖို့ ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ်ကတည်းက လျာထားခဲ့တာဖြစ်ပါတယ်။

တိန်ကောက် ပြည်သူတွေကတော့ ကျပန်းအလုပ်လုပ်သလို မီးသွေးဖုတ်ဖို့လည်း နေ့စားလုပ်ကြပြီး လိမ္မော်ခြံလုပ်ကိုင်တဲ့ လယ်ယာလုပ်သူတွေလည်းရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် လူဦးရေ ၁၃၀၀ကျော်ရှိတဲ့ တိန်ကောက်ကျေးရွာအတွက် လယ်ယာမြေဖော်ထုတ်ဖို့ မဖြစ်မနေ လိုအပ်တယ်လို့ ဒေသခံတွေက ထောက်ပြပါတယ်။

“အဲ့ဒီလယ်ယာမြေဖော်ထုတ်မယ့် နေရာဟာ မြေသြဇာလဲကောင်းသလိုလယ်ယာမြေစိုက်ပျိုးအပြင် နှမ်း နဲ့ မုန့်ညှင်းတွေ စိုက်ပျိုး စားသောက်လုပ်ကိုင်လို့ ရတဲ့ နေရာပါ။ အဲ့ဒါကြောင့် လယ်ယာမြေဖော်ဖို့ ပြီးခဲ့တဲ့ အရပ်သားအစိုးရကိုရော ကေအိုင်အေဘက်ကိုရော တင်ပြထားပေမဲ့ အကောင်အထည်မဖော်ရသေးဘဲကြာနေတာပါ။ အခုက ဧက ၂၀နီးပါးကို ကျူးကျော်သလောက်ရှိနေပြီ။ သူတို့ကလည်း ရွှေဖော်ဖို့တောင်းနေတယ် ” လို့ တိန်ကောက် ဒေသခံ တစ်ယောက်ကပြောပါတယ်။

လက်ရှိတိန်ကောက်ကျေးရွာတဝိုက် ရွှေတူးဖော်နေတာတွေဟာ ကေအိုင်အေခွင့်ပြုချက်နဲ့ လုပ်ငန်းရှင်တွေက လုပ်ကိုင်ကြတာဖြစ်တယ်လို့လည်း ဒေသခံတစ်ချို့ကပြောပါတယ်။

KNU တပ်မဟာ ၁ မှာ မိတ်ဖက်တော်လှန်ရေး‌တပ်ပေါင်းစု ဖွဲ့စည်း

တပ်ပေါင်းစုထဲပါဝင်တဲ့ PDF ၂၅ဖွဲ့ကို အသိအမှတ်ပြုကဒ်ပြား ထုတ်ပေးခဲ့တယ်လို့ဆို

မွန်ပြည်နယ်မှာရှိတဲ့ KNU သထုံခရိုင်၊ တပ်မဟာ ၁ နယ်မြေအတွင်း အခြေစိုက်ထားတဲ့ ပြန့်ကျဲနေတဲ့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားတဲ့အဖွဲ့တွေကို စုစည်းပြီး တစ်ခုတည်းသောကွပ်ကဲမှု (စုပေါင်းဦးဆောင်မှု) နဲ့ တပ်ပေါင်းစုဖွဲ့စည်းခဲ့တယ်လို့ ဒီကနေ့ အောက်တိုဘာ ၃ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာ ၂၁ရက်ကနေ ၂၄ရက်အထိ မျက်နှာစုံညီတွေ့ဆုံပွဲကျင်းပပြီး ဥပဒေစိုးမိုးမှုအခြေခံဘောင်အတွင်းနေထိုင်တော်လှန်သွားမယ့် တော်လှန်ရေးအဖွဲ့အစည်းတွေကို မှတ်ပုံတင်ကဒ်ပြားိစစ်ထုတ်ဝေပေးပြီး တပ်ပေါင်းစုတာနဲ့ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ်။

အဲဒီလို မှတ်ပုံတင်ခွင့်တောင်းခံထားတဲ့ အဖွဲ့အစည်းတွေထဲက စည်းမျဉ်းစည်းကမ်းတွေအတိုင်း လိုက်နာမယ်လို့ ကတိကဝတ်ပြုတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) (၂၅)ဖွဲ့ကို အသိအမှတ်ပြုမှတ်ပုံတင်ကဒ်ပြား ထုတ်ဝေပေးခဲ့ပြီး အခုလိုတပ်ပေါင်းစုဖွဲ့စည်းခဲ့တာလို့ သိရပါတယ်။

KNU တပ်မဟာ ၁အနေနဲ့ ကရင်အမျိုးသားအစည်းအရုံးရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ မကိုက်ညီတဲ့ စည်းရုံးဖွဲ့စည်းတာကို လက်မခံသလို ဘယ်အဖွဲ့အစည်းကိုမှ အုပ်ချုပ်ရေးဆိုင်ရာ ယန္တရားတည် ‌ဆောက်တာကို ခွင့်မပြုဘူးလို့လည်း ပြီးခဲ့တဲ့ သြဂုတ် ၈ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။

မောင်တောခရိုင်ပညာရေးမှူး ဓားထိုးခံရပြီးနောက် သေဆုံး

 ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ပညာရေးမှူး ဒေါက်တာ ဒေါ်မြင့်မြင့်စန်းဟာ မနေ့ အောက်တိုဘာလ ၂ ရက် ညနေပိုင်းတုန်းက ပညာရေးမှူးရုံးမှာရှိနေစဥ် ဓားထိုးခံရပြီးနောက် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

အသက် ၆၀ အရွယ် ဒေါက်တာ ဒေါ်မြင့်မြင့်စန်းဟာ မောင်တောမြို့၊ မြို့သူကြီးရပ်ကွက်က ပညာရေးမှူးရုံးမှာရှိနေစဥ် အခုလိုကြုံခဲ့ရတာလို့ နီးစပ်သူတွေက ပြောပါတယ်။

သူ့ကို မောင်တောဆေးရုံကို ပို့ခဲ့ပေမဲ့ အရေးပေါ် ကုသနေစဥ်မှာတင် သေဆုံးခဲ့တာလို့ ကူညီကယ်ဆယ်ရေးမှာပါဝင်သူတွေက ပြောပါတယ်။

ဒေါက်တာဒေါ်မြင့်မြင့်စန်းနဲ့စျာပနကိုတော့ ဒီနေ့ နေ့လယ်မှာ ကျင်းပမယ်လို့ မောင်တောပညာရေးအသိုင်းကနေ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ရခိုင်ပြည်နယ်မှာ စစ်ကောင်စီလက်အောက် အရပ်သားဝန်ထမ်းတွေထဲ ခရိုင်အဆင့်ရာထူးယူထားသူတစ်ဦး အခုလိုလုပ်ကြံခံရတာ ပထမဆုံးဖြစ်ပါတယ်။

အခုဖြစ်စဥ်မှာ ခရိုင်ပညာရေးမှူးကို ဘယ်သူက ဘယ်လိုအကြောင်းကြောင့် အခုလိုပြုလုပ်သွားတယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

ကန့်ဘလူ၊ ကိုးတောင်ဘို့ရွာက စစ်ရှောင်တဲတချို့ မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့၊ ကိုးတောင်ဘို့ကျေးရွာအုပ်စုက စစ်ရှောင်တွေရဲ့ တောတိုက်တဲလေးလုံးကို မနေ့ ‌အောက်တိုဘာ ၂ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်တွေက မီးရှို့သွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ကိုးတောင်ဘို့ကျေးရွာ အရှေ့ဘက်ခြမ်းမှာရှိတဲ့ ကျောင်းတွင်းကုန်းနားက တောတိုက်တဲ တွေကို မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

"ရွာထဲကို အတင်းပြန်ခိုင်းတယ်၊ ဆက်နေရင် သူပုန်လို့သတ်မှတ်ပြီး မီးရှို့မယ်လို့ ပြောတယ်။ ရွာထဲကျတော့လည်း စျေးတွေပြန်ဖွင့်ခိုင်းတယ်။ ရွာသားတွေက နေ့လယ်ဆိုရင်တောင် ရွာလမ်းကို လမ်းထွက်မလျှောက်ရဲဘူး " လို့ ကိုးတောင်ဘို့ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါကြောင့် ကျေးရွာအတွင်းက နေအိမ်မီးအရှို့မခံထားရတဲ့ ဒေသခံတွေကတော့ ရွာထဲပြန်နေကြပြီး နေအိမ်မရှိတော့သူတွေကတော့ နီးစပ်ရာကို ပြောင်းရွှေ့နေထိုင်ကြတယ်လို့ သိရပါတယ်။

ဒီကိုးတောင်ဘို့ကျေးရွာအုပ်စုအောက်က ကျေးရွာ ၆ရွာက ဒေသခံ ငါးထောင်နီးပါးဟာ ပြီးခဲ့တဲ့ ၆လကျော်ထဲက စစ်တိမ်းရှောင်နေကြရတာဖြစ်တာကြောင့် စားဝတ်နေရေးကအစ အခက်အခဲ တွေနဲ့ရင်ဆိုင်နေရပြီလို့ ဒေသခံတွေကပြောပါတယ်။