ဒီဇင်ဘာ ၁၅ ရက် ထိပ်တန်းသတင်းများ - မူဆယ် ၁၀၅ မိုင်အနီးက ဗျူဟာကုန်းမှာ တိုက်ပွဲပြင်းထန်

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးက ၅ မိုင်စခန်းဗျူဟာကုန်း

ဓာတ်ပုံ ရင်းမြစ်, Shwe Phee Myay News Agency

ဓာတ်ပုံ ပုံစာ, မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးက ၅ မိုင်စခန်းဗျူဟာကုန်း
ရေးသားခဲ့သည်။

ကုန်သွယ်ရေးဇုန် ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးက စစ်တပ်ရဲ့ အ‌ရေးပါတဲ့ ၅ မိုင် ဗျူဟာကုန်းစခန်းကို ကိုးကန့်တပ် (MNDAA) ဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ်တပ်တွေက ဒီဇင်ဘာ ၁၄ ရက်ညပိုင်းမှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဒီနေ့မနက်ပိုင်းမှာ သိမ်းပိုက်လိုက်တယ်လို့ ဒေသခံတွေက ဘီဘီစီ ကို ပြောပါတယ်။

စစ်ကောင်စီ ဘက်ကလည်း ၅ မိုင် ဗျူဟာကုန်းစခန်းကိုပြန်ရဖို့ မနေ့ညကနေ ဒီကနေ့ နေ့လယ်ပိုင်းအထိ မူဆယ်မြို့ပေါ် တပ်စခန်းကနေ ၁၀၅ မိုင်တဝိုက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပြီး လေကြောင်းတိုက်ခိုက်တာတွေလည်း ပြင်းပြင်းထန်ထန်လုပ်နေတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

ကိုးကန့်တပ်တွေအနေနဲ့ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်တစ်ခုလုံးကို ထိန်းချုပ်နိုင်တာမျိုးမဟုတ်ဘဲ အရပ်အခေါ် ကျောင်းကုန်း၊ ၅ မိုင်စခန်းဗျူဟာကုန်းကိုသာ ထိန်းချုပ်ထားနိုင်တာဖြစ်တယ်လို့ ‌စစ်ရေးအခြေအနေသိရှိသူတွေက ပြောပါတယ်။

တိုက်ပွဲပြင်းထန်လို့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်က ဌာနဆိုင်ရာရုံးခန်းနဲ့ ဂိုထောင်တွေ မီးလောင်ပျက်စီးခဲ့ပြီး ကုန်သွယ်ရေးဇုန်ကားဝင်းထဲက ဆယ်ဘီးကား ၁ စီးလည်း မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

၅ မိုင်ဗျူဟာကုန်းစခန်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ အရပ်ဝတ်နဲ့ထွက်ပြေးသွားတာကြောင့် ကိုးကန့်တပ်ဖွဲ့ဝင်တွေက ၁၀၅ မိုင်ဝန်းကျင်က မျက်နှာစိမ်းလူတချို့ကို ဖမ်းဆီးစစ်ဆေးနေတာတွေရှိတယ်လို့ ဒေသအခြေအနေသိရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ဖမ်းဆီးခံထားရသူတွေကို မိသားစုဝင်တွေက ရပ်ကွက်လူကြီးနဲ့အတူလာရောက်ပြီး ၁၀၅ မိုင်တဝိုက်မှာနေထိုင်တဲ့ ဒေသခံဖြစ်ကြောင်း ခိုင်လုံတဲ့ အတည်ပြုချက်ပေးနိုင်မှ ပြန်လွှတ်ပေးတယ်လို့ သူကဆိုပါတယ်။

၁၀၅ မိုင် ဗျူဟာကုန်းတိုက်ပွဲနဲ့ပတ်သက်ပြီး ဘီဘီစီအနေနဲ့ MNDAA ဘက်ကိုမေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူး။

မြောက်ပိုင်းညီနောင်တပ်ဖွဲ့တွေထဲက တအာင်းတပ် (TNLA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး တားအိုက်ကျော်ကတော့ စစ်တပ်ရဲ့ ၅ မိုင်ဗျူဟာကုန်းကိုသိမ်းလိုက်တာနဲ့ပတ်သက်ပြီး အတည်မပြုနိုင်သေးဘူးလို့ ဒီကနေ့နေ့လယ်မှာ ဘီဘီစီကို ပြောထားပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ရှမ်း‌ပြည်နယ် အရှေ့မြောက်ဘက်က နမ့်ခမ်းမြို့နဲ့ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးကြားက ဒေသတွေမှာ တအာင်းတပ် (TNLA) နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားတာတွေရှိတယ်လို့ ဒီဇင်ဘာ ၁၄ ရက် နေ့စဉ်သတင်းထုတ်ပြန်မှုမှာ ကြေညာထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တပ်စခန်း ၁၄၂ ခု သိမ်းပိုက်ထားတယ်လို့ အေအေထုတ်ပြန်

ပလက်ဝအခြေစိုက် စစ်ကောင်စီတပ်ရဲ့ တရွန်အိုင်ဗျူဟာကုန်းကို အေအေတပ်တွေ သိမ်းပိုက်ပြီးနောက် ထုတ်ပြန်ခဲဲ့့ပုံ

ဓာတ်ပုံ ရင်းမြစ်, ရက္ခိုင့်တပ်တော် (အေအေ)

ဓာတ်ပုံ ပုံစာ, ပလက်ဝအခြေစိုက် စစ်ကောင်စီတပ်ရဲ့ တရွန်အိုင်ဗျူဟာကုန်းကို အေအေတပ်တွေ သိမ်းပိုက်ပြီးနောက် ထုတ်ပြန်ခဲဲ့့ပုံ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

၁၀၂၇ စစ်ဆင်ရေး အတွင်း ရခိုင်ပြည်နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းပေါင်း ၁၄၂ ခုကို သိမ်းပိုက်ထားတယ်လို့ ရက္ခိုင့်တပ်တော် (အေအေ) က ဒီဇင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ရဲစခန်းနဲ့ တပ်စခန်းတွေအပါအဝင် စစ်တပ်နဲ့ရဲ ပူးပေါင်းစခန်းတွေနဲ့ နယ်ခြားစောင့်တပ်စခန်းတွေ ပါဝင်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းက တပ်စခန်း ၆၂ ခုကို အေအေက အများဆုံးသိမ်းပိုက်ထားနိုင်ပြီး ဒုတိယအများဆုံးအနေနဲ့ ချင်းပြည်နယ်တောင်ပိုင်း အိန္ဒိယ-မြန်မာနယ်စပ်ဖြစ်တဲ့ ပလက်ဝမြို့က တပ်စခန်း ၁၇ ခုကို သိမ်းယူထားတယ်လို့ ‌ဖော်ပြထားပါတယ်။

မောင်တောနဲ့ ပလက်ဝအပြင် စစ်တွေ၊ ပေါက်တော၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မြေပုံ၊ တောင်ကုတ်၊ အမ်း၊ သံတွဲ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြား အစရှိတဲ့နေရာဒေသတွေက စစ်တပ်စခန်းတွေကို သိမ်းပိုက်ထားတာလို့ သိရပါတယ်။

အေအေ က သိမ်းခဲ့တဲ့အထဲ ပလက်ဝမြို့အတွင်းက တရွန်အိုင်ဗျူဟာကုန်းနဲ့ နှုံးဘူးဗျူဟာကုန်းနှစ်ခုက အကြီးဆုံးဖြစ်ပြီး ရက်ပေါင်း ၂၀ ကျော်ကြာ တိုက်ခိုက်ပြီးတဲ့နောက် ဒီဇင်ဘာလထဲရောက်မှ သိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၄ ရက်တစ်ရက်တည်းမှာပဲ ရခိုင်ပြည်နယ်ထဲက စစ်တွေ၊ပေါက်တော၊ဘူးသီးတောင်၊မြောက်ဦး တို့က စစ်တပ်အခြေစိုက်စခန်းတွေကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိနေတယ် လို့ အေအေဘက်က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်တော့ ရခိုင်ပြည်နယ်၊ မြောက်ဦးက ယဉ်ကျေးမှုအမွေအနှစ်ဖြစ်တဲ့ ဘုရားစေတီတွေကြားထဲမှာ အေအေတပ်တွေအနေနဲ့ ခံကတုတ်နဲ့ ယာယီနေရာတွေပြုလုပ်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒီဇင်ဘာ ၁၃ ရက်မှာ ကြေညာထားပါတယ်။

ရှမ်းမြောက် နမ့်ခမ်း မူဆယ်တကြောမှာ တိုက်ပွဲပြင်းထန်

နမ့်ဆန်မြို့က ဒေသခံနေအိမ်တွေ မီးလောင်နေတဲ့မြင်ကွင်းကို TNLA က ထုတ်ပြန်ခဲ့တဲ့ပုံ

ဓာတ်ပုံ ရင်းမြစ်, PSLF/TNLA

ဓာတ်ပုံ ပုံစာ, နမ့်ဆန်မြို့က ဒေသခံနေအိမ်တွေ မီးလောင်နေတဲ့မြင်ကွင်းကို TNLA က ထုတ်ပြန်ခဲ့တဲ့ပုံ

ရှမ်းပြည်နယ်(မြောက်ပိုင်း)က နမ့်ခမ်း နဲ့ မူဆယ်၁၀၅ မိုင် ကုန်သွယ်ရေးစခန်းတကြောမှာ မြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့ စစ်တပ်ကြား အခုရက်ပိုင်းမှာ တိုက်ပွဲ ပိုပြင်းထန်နေပြီး စစ်တပ်က ‌လေကြောင်းကနေပါ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

နမ့်ခမ်း၊ မူဆယ်၊ ကျောက်မဲ၊ နမ့်ဖတ်ကာ နဲ့ နမ့်ဆန်ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်နေတာ လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

မူဆယ် (၁၀၅) မိုင်ကုန်သွယ်ဂိတ်က စစ်တပ်စခန်း အရပ်အ‌‌ခေါ် ၅ မိုင်ဗျူဟာကုန်းပေါ်ကနေ (၁၀၅) မိုင် အောက်ဘက် မန့်မော်ရွာ အပြင် နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ့်ခွမ်နဲ့ ကျင်စန်းကျော့ တစ်လျှောက်ကို လက်နက်ကြီးတွေနဲ့ ဒီမနက်အထိ ပြင်းပြင်းထန်ထန်ပစ်ခတ်နေသလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

နမ့်ဆန်က စစ်တပ်ပိုင်လက်ဖက်‌ခြောက်စက်ရုံမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို ဒီဇင်ဘာ ၁၄ ရက်နေ့မှာ TNLA ဘက်က တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက် စစ်တပ်စခန်း - မန်တုံ ခြေလျင်တပ်ရင်း ၁၃၀ ကနေ လက်နက်ကြီးတွေနဲ့ ၉ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခတ်နေတယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

နမ့်ခမ်းမြို့နယ်ထဲက လွယ်လွမ်ကျေးရွာကို ဒီဇင်ဘာ ၁၂ ရက်က ဖျက်အားပြင်းတဲ့ ပေါင် ၅၀၀ ဗုံးတွေကျကြဲလို့ ဒေသခံတချို့ ထိခိုက်သေဆုံးမှုရှိတယ် လို့ TNLA ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး တားအိုက်ကျော်က ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၁၃ ရက်မှာလည်း နမ့်ခမ်းမြို့ ပေါက်တိုက်ရပ်ကွက်က စစ်ဘေးရှောင်တချို့ခိုလှုံနေတဲ့ ဇေယျသုခဘုန်းကြီးကျောင်းကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကိုရင်ငယ်တစ်ပါး ကျည်စထိမှန်ဒဏ်ရာရခဲ့ပြီး ကျောင်းဆောင်တွေပျက်စီးသွားတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း စစ်ကောင်စီရဲ့ မန်တပ် တပ်စခန်းနဲ့ နမ့်ဖတ်ကာတပ်စခန်းကနေ လက်နက်ကြီးတွေနဲ့ နမ့်ခမ်းမြို့ဘက်ကို အကြိမ် ၂၀ ထက်မနည်းပစ်ခတ်ခဲ့ပြီး လေယာဉ်နဲ့ ဗုံးကြဲတာတွေကြောင့်အရပ်သား ၂၀ ဦးထက်မနည်း သေဆုံးခဲ့သလို နောက်ထက် ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းတွေမှာလည်း ဖော်ပြထားကြပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ရှမ်းပြည်နယ် အရှေ့မြောက်ဘက် နမ့်ခမ်းနဲ့ မူဆယ် (၁၀၅) မိုင်ကြားမှာ TNLA နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားတာတွေရှိတယ်လို့ ဒီဇင်ဘာ ၁၄ ရက် နေ့စဉ်သတင်းထုတ်ပြန်မှုမှာ ကြေညာထားပါတယ်။

နမ့်ခမ်းမြို့က စစ်တပ်စခန်းသစ်ကုန်းကို မြောက်ပိုင်းမဟာမိတ်တပ်တွေက တစ်လကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်တပ်ကလည်း စခန်းသစ်ကုန်းမကျရေးအတွက် ရက်ပေါင်း ၄၀ ကျော်အတွင်းမှာ လေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း ၂၀၀ ထက်မနည်း ပြုလုပ်ခဲ့တယ်လို့ မြောက်ပိုင်းမဟာမိတ်တပ်တွေက ဒီဇင်ဘာ ၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ရှမ်းမြောက်မှာ ပဋိပက္ခ သိသိသာသာလျော့လာတယ် လို့ တရုတ်ပြော

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်း

တရုတ် ကမကထ လုပ်ပြီး စစ်ကောင်စီနဲ့ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ ကူမင်းမြို့မှာ ဆွေးနွေးခဲ့ပြီးတဲ့နောက် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပဋိပက္ခ သိသိသာသာလျော့နည်းလာတယ် လို့ ဒီဇင်ဘာလ ၁၄ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ တရုတ်ဘက်က ထုတ်ပြောလာပါတယ်။

ဒါက တရုတ်-မြန်မာနယ်စပ် တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းဖို့ အထောက်အကူဖြစ်ပြီး သက်ဆိုင်ရာ ဘက်အသီးသီးရဲ့ အကျိုးစီးပွားနဲ့ ကိုက်ညီတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်း က ပြောပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်းက အခြေအနေကို အဆင်ပြေချောမွေ့စွာ အတူတကွ ဖြေရှင်းဖို့ မျှော်လင့်ကြောင်း မော်နင်း က ပြောပါတယ်။

ဆွေးနွေးပွဲမှာ ရရှိထားတဲ့ သဘောတူညီချက်တွေကို အရှိန်မြှင့်အကောင်အထည်ဖော်ဆောင်ဖို့ နဲ့အခြေအနေတင်းမာမှု လျော့ကျလာစေပြီး ရုတ်တရက်ဖြစ်ပွားမှုတွေကို အချိန်မီစီမံထိန်းချုပ်ဖို့ မျှော်လင့်တယ်လို့ သူက သတင်းထောက်တွေကို ဖြေကြားပါတယ်။

“၁၀၂၇” ပဋိပက္ခဖြစ်ကတည်းက အပစ်အခတ်ရပ်စဲပြီး ဆွေးနွေးဖို့ တရုတ်နိုင်ငံက အဆက်မပြတ်ကြိုးပမ်းလုပ်ဆောင်ခဲ့တယ်လို့ မော်နင်းက ပြောပြီး စစ်ကောင်စီနဲ့ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ ရဲ့ ကူမင်း ဆွေးနွေးပွဲကိုလည်း အတည်ပြုပါတယ်။

ကူမင်းဆွေးနွေးပွဲမှာ MNDAA က လောက်ကိုင်ထဲမှာပိတ်မိနေသူတွေ လုံခြုံစွာနဲ့ အပြင်ထွက်နိုင်မယ့် (Humanitarian Passage - လူသားစာနာထွက်ခွာခွင့်ပြုရေးလမ်းကြောင်း) ကို ခွင့်ပြုပေးဖို့ အဓိကဆွေးနွေးတယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

ဒါအပြင် ဒီဇင်ဘာကုန်မှာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်) ကနေ စစ်တပ်ထွက်ခွာပေးဖို့ MNDAA ဘက်ကဆွေးနွေးပြီး စစ်တပ်ဘက်ကနေ လောက်ကိုင်ကိုဝင်မတိုက်ဖို့ဆိုတဲ့အချက်ကိုဆွေးနွေးတယ်လို့ ဘီဘီစီသတင်းရင်းမြစ်ကဆိုပါတယ်။

စစ်ကောင်စီ ကတော့ မြောက်ပိုင်းမှာ စစ်‌ရှိန်လျှော့ရေး( De-escalation)ကို အဓိကထားဆွေးနွေးပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပြန်စနိုင်ဖို့နဲ့ မြောက်ပိုင်းကနေ တခြားဒေသကို စစ်ဘောင်မကျယ်ရေး ဆိုတဲ့အချက်ကိုဆွေးနွေးတယ်လို့ဆိုပါတယ်။

ဒါအပြင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ အပစ်အခတ်ရပ်စဲရေး၊ စစ်သုံ့ပန်းတွေနဲ့ သက်ဆိုင်ရာအကျဉ်းသားတွေကို အမြန်ဆုံး လဲလှယ်ဖို့၊ ထိန်းချုပ်နယ်မြေတွေအတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်း( ကျားဖြန့်) လုံးဝတားမြစ်ပပျောက်ဖို့နဲ့ အရေးပါတဲ့ ခေါင်းဆောင်တွေကို အမြန်ဆုံးဖမ်းဆီး လွှဲပြောင်းပေးအပ်ဖို့ တို့ လည်းဆွေးနွေးကြတယ်လို့ သိရှိရပါတယ်။