ဂါဇာထဲမှာ တိုက်ပွဲ ပြင်းထန်၊ ဆေးရုံတွေ ဗုံးသင့် - အောက်တိုဘာ ၃၁ ရက် ညနေခင်း နိုင်ငံတကာသတင်းများ

ဂါဇာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အစ္စရေးတင့်ကားတွေကို တင့်ကားဖျက် ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဟားမတ်စ် ပြော
ရေးသားခဲ့သည်။

ဂါဇာဒေသက ဟားမတ်စ် ပစ်မှတ်တွေအားလုံးနဲ့ လက်ဘနွန်က ဟစ်ဇဘိုလာပစ်မှတ်တွေကို ထိအောင် ပစ်နိုင်ခဲ့တယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။

သူတို့စစ်တပ်ဟာ ဟားမတ်စ်ကို ချေမှုန်းနေပြီး ဟားမတ်စ်တွေရဲ့ အခြေခံအဆောက်အဦတွေကို ဖျက်ဆီးပစ်ခဲ့တယ်လို့ အစ္စရေးစစ်တပ် ပြောခွင့်ရသူက ဆိုပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ ၂၄ နာရီ အတွင်း ဂါဇာက နေရာပေါင်း ၃၀၀ လောက်ကို ပစ်ခတ်နိုင်ခဲ့တယ်လို့ အစ္စရေးက ပြောပါတယ်။

ဟားမတ်စ်ကလည်း သူတို့ တိုက်ခိုက်ရေးသမားတွေက အစ္စရေးတင့်ကားတွေကို တင့်ကားဖျက် ဒုံးကျည်တွေနဲ့ ပစ်နိုင်ခဲ့သလို ဂါဇာ တောင်နဲ့ မြောက်က အစ္စရေး တပ်ဖွဲ့တွေကို စက်သေနတ်တွေနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ဖြစ်ခဲ့ကြတယ်လို့ ပြောပါတယ်။

ပါလက်စတိုင်း လခြမ်းနီ အဖွဲ့ကတော့ ဂါဇာစီးတီးက အယ်ကွက်ဒ် ဆေးရုံတဝိုက် ဗုံးကြဲခံနေရတယ်လို့ ဆိုပါတယ်။

စာနာမှု အကူအညီ

ဂါဇာထဲကို စာနာမှု အကူအညီတင်ထားတဲ့ ထရပ်ကားတွေ တိုးမြှင့်ဝင်ရောက်နိုင်ပြီး တနေ့ အစီး ၁၀၀ မကြာခင် ပြန်ဝင်ခွင့်ရနိုင်လိမ့်မယ်လို့ အမေရိကန်က ပြောပါတယ်။

လူသားချင်း စာနာမှု အကူအညီပေးရေး လမ်းကြောင်းတွေ ဖန်တီးရေး အမေရိကန်က ထောက်ခံပြီး ဒီကိစ္စ အစ္စရေးနဲ့ ဆွေးနွေးနေတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

နောက်ထပ် ထရပ်ကား အစီး ၆၀ ရာဖာဂိတ်ကနေ ဂါဇာထဲ ဝင်ရောက်ဖို့ အစ္စရေးရဲ့ နစ်ဇာနာ ဂိတ်မှာ စစ်ဆေးခံနေတယ်လို့ အီဂျစ်က ဆိုပါတယ်။

အဲဒီ ထရပ်ကား အစီး ၆၀ ထဲမှာ ၂၆ စီးကိုသာ မနေ့ တနင်္လာနေ့က ဝင်ခွင့်ပြုထားပြီး အစီး ၈၀ကို ဒီနေ့ ဝင်ခွင့်ပြုမယ်လို့ အစ္စရေးက ပြောပါတယ်။

ဂါဇာထဲက အခြေအနေဟာ သေရေးရှင်ရေး တမျှ အရေးတကြီး ဖြစ်နေတယ်လို့ မနေ့ညကကျင်းပခဲ့တဲ့ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးမှာ ကုလအဖွဲ့အစည်းတွေက သတိပေးထားပါတယ်။

အီဂျစ်ဘက်က တပ်လှန့်ထား

ဂါဇာက ပါလက်စတိုင်းတွေကို အီဂျစ်က ဆိုင်းနိုင်းကျွန်းကို ရွှေ့ပေးသင့်တယ်ဆိုတဲ့ အစီအစဉ်ကို အီဂျစ် ဝန်ကြီးချုပ် မူစတာဖာ မက်ဒ်ဘိုလီက ပယ်ချလိုက်ပါတယ်။

ပါလက်စတိုင်း အရေးဖြေရှင်းဖို့ အီဂျစ် နယ်မြေကို အသုံးချမယ့် ကိစ္စကို ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူးလို့ မစ္စတာ မက်ဘိုလီက သတင်းစာ ရှင်းပွဲမှာ ပြောသွားခဲ့ပါတယ်။

သူတို့ တပ်ဖွဲ့တွေကိုလည်း အရှေ့ဘက် နယ်စပ် ကာကွယ်ဖို့နဲ့ အမျိုးသား လုံခြုံရေးတို့ အတွက် တပ်လှန့်ထားတယ်လို့ အီဂျစ် စစ်တပ် ဒုတိယ အကြီးအကဲ ဒုဗိုလ်ချုပ်ကြီး မိုဟာမက် ရာဘီက ပြောပါတယ်။

ဂါဇာပဋိပက္ခအတွင်း သတင်းသမား သေဆုံးမှု

ဂါဇာမှာ လွန်ခဲ့တဲ့ ၃ပတ် ပဋိပက္ခ စဖြစ်ကတည်းက အသက်ပေးခဲ့ရတဲ့ သတင်းထောက် အနည်းဆုံး ၃၁ ယောက် ရှိပါပြီ။

နှစ် ၃၀ ကျော် ကာလအတွင်း လက်ရှိ ပဋိပက္ခမှာ သတင်းသမား အများဆုံး သေရတာပဲလို့ အမေရိကန် အခြေစိုက် သတင်းသမားများ ကာကွယ်ရေး ကော်မတီက ပြောပါတယ်။

အသက်ဆုံးရှုံးရတဲ့ သတင်းထောက်တွေထဲ ပါလက်စတိုင်း ၂၆ ယောက်နဲ့ အစ္စရေး ၃ ယောက်နဲ့ လက်ဘနွန်က ၁ ယောက်တို့ ပါဝင် ပါတယ်။

အခု သေဆုံးသူ အားလုံးဟာ လက်တလော ဂါဇာ ပဋိပက္ခမှာ သတင်းယူရင်း အသက်ပေးခဲ့ရတာလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အစ္စရေးတပ်တွေကတော့ ဂါဇာမှာ မြေပြင် ထိုးစစ်ဆင်နေတယ်လို့ သတင်းမီဒီယာတွေကို ပြောကြား ထားပြီး ပဋိပက္ခ နယ်မြေမှာ သတင်းသမားတွေရဲ့ အသက်န္တရာယ် အာမခံချက် မပေးနိုင်ဘူးလို့ ပြောထားပါတယ်။

ရှန်ကျိုး ၁၆ နဲ့ အာကာသယာဉ်မှူး ၃ ဦး မြေပြင်ကို ပြန်ရောက်

တရုတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဂေါ်ဘီ သဲကန္တာရမှာ ဆင်းသက်ခဲ့တဲ့ တရုတ် အာကာသယာဉ်မှူးတွေ

လူ ၃ ယောက် လိုက်ပါလာတဲ့ ရှန်ကျိုး ၁၆ အာကာသယာဉ် ကမ္ဘာမြေပြင်ပေါ် ပြန်လည် ဆင်းသက်လာပြီလို့ တရုတ်အစိုးရ မီဒီယာက ပြောပါတယ်။

ဒီယာဉ်ဟာ ထျန်ကုန်း အာကာသစခန်းမှာ ငါးလ တာဝန်ထမ်းဆောင်ပြီးနောက် တရုတ်မြောက်ပိုင်း အတွင်းမွန်ဂိုလီးယားဒေသက ဂိုဘီ သဲကန္တာရမှာ ဆင်းသက်ခဲ့တာ ဖြစ်ပါတယ်။

သူတို့နေရာကို အစားထိုးမယ့် အာကာသယာဉ်မှူး ၃ ယောက်ကတော့ အရင်သီတင်းပတ်ကတည်းက စခန်းကို ရောက်ရှိသွားကြပါပြီ။

လွန်ခဲ့တဲ့ ဆယ်စုနှစ်ကတည်းက အာဏာရခဲ့တဲ့ သမ္မတ ရှီကျင့်ဖျင် လက်ထက်မှာ တရုတ် အစိုးရဟာ အာကာသ စီမံကိန်းကို အရှိန် တိုးမြှင့် လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

အထောက်အထားမဲ့ အာဖဂန်တွေကို ပါကစ္စတန်က နှင်ထုတ်

အာဖဂန်နစ္စတန်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နို၀င်ဘာ တရက်ကစပြီး အထောက်အထားမဲ့တွေကို ဖမ်းပြီး နေရပ်ပြန်ပို့မယ်လို့ ပါကစ္စတန်ပြော

ပါကစ္စတန်မှာ ရောက်နေတဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေ ထွက်ခွာဖို့ နောက်ဆုံးသတ်မှတ်ချိန် မတိုင်ခင် နာရီပိုင်းအလိုမှာ သိန်းနဲ့ချီတဲ့ အာဖဂန်နစ္စတန်နိုင်ငံသားတွေ နယ်စပ်ကို ထွက်ခဲ့ကြပါတယ်။

ပါကစ္စတန့် နဲ့ အာဖဂန် ကြားက တော်ခမ်းမ် နယ်စပ်ကို ကားတွေ ထရပ်ကားတွေနဲ့ လူထောင်ချီ ရောက်လာကြတယ်လို့ အရာရှိတယောက်က ပြောပါတယ်။

မနက်ဖြန် နိုဝင်ဘာ ၁ ရက်နေ့စပြီး သူတို့နိုင်ငံထဲ တရားမဝင် လာရောက်နေထိုင်သူ အားလုံးကို ဖမ်းဆီး နေရပ်ပြန်ပို့မယ်လို့ ပါကစ္စတန် အာဏာပိုင်တွေက ပြောပါတယ်။ ရွှေ့ပြောင်း နေထိုင်သူ အများစုဟာ အာဖဂန်တွေ ဖြစ်ပါတယ်။

ခန့်မှန်းခြေ လူပေါင်း ၁.၇ သန်းလောက် နေရပ်ပြန်ပို့ခံရနိုင်ပြီး ကုလနဲ့ လူ့အခွင့်အရေး အဖွဲ့တွေကတော့ ပါကစ္စတန်အစိုးရ အစီအစဉ်ကို ရပ်တန့်ဖို့ ဆော်သြထားပါတယ်။

ဘင်္ဂလားဒေ့ရှ် အထည်ချုပ်စက်ရုံ အလုပ်သမားတွေ ဆန္ဒပြမှုမှာ ၂ ဦး သေဆုံး

ဘင်္ဂလားဒေ့ရှ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တလ ၇၅ ဒေါ်လာ လုပ်ခကို ၂၀၈ ဒေါ်လာအထိ တိုးပေးဖို့ သမဂ္ဂတွေ တောင်းဆိုနေ

ဘင်္ဂလားဒေ့ရှ်မှာ အထည်ချုပ်စက်ရုံ အလုပ်သမားတွေ လုပ်ခတိုးပေးဖို့ ထောင်သောင်းချီ ဆန္ဒပြတာကို ရဲက မျက်ရည်ယိုဗုံးတွေ မီးသတ်ပိုက်တွေနဲ့ လူစုခွဲခဲ့ပါတယ်။

ဒက္ကာမြို့တောင်ဆင်ခြေဖုံးက အနောက်တိုင်းနိုင်ငံတွေရဲ့ အထည်အမှတ်တံဆိပ်တွေ ချုပ်ပေးရာ စက်ရုံတွေကို လူအုပ်ကြီးက ခဲနဲ့ထု လမ်းတွေပိတ်ဆို့ ဆန္ဒပြခဲ့ကြတယ်လို့ ရဲက ပြောပါတယ်။

မနေ့ တနင်္လာနေ့က ဆန္ဒပြမှုအတွင်း အလုပ်သမားနှစ်ယောက် သေဆုံးသွားခဲ့ပါတယ်။

အလုပ်သမားတွေဟာ ကုန်စျေးနှုန်း မြင့်တက်တဲ့ဒဏ်ကို ရင်ဆိုင်နေရတာကြောင့် သပိတ်မှောက်ဖို့ ဖြစ်လာရတယ်လို့ သမဂ္ဂတွေက ပြောပါတယ်။

လက်တလော အလုပ်သမားတယောက်ရဲ့ အနိမ့်ဆုံးလုပ်ခက တလကို ၇၅ ဒေါ်လာ ဖြစ်ပြီး သမဂ္ဂတွေကတော့ တလကို ၂၀၈ ဒေါ်လာပေးဖို့ တောင်းဆိုနေပါတယ်။