နိုဝင်ဘာ ၁၉ ရက် ထိပ်တန်းသတင်းများ - လောက်ကိုင်မှာပိတ်မိတဲ့ ထိုင်းရာချီ တရုတ်နိုင်ငံရောက်ပြီ

ထိုင်းနိုင်ငံသား ၄၁ ဦး တာချီလိတ်ကနေ မယ်ဆိုင်နယ်စပ်ကို ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံထဲ ပြန်လည်ဝင်ရောက်လာစဉ်

ဓာတ်ပုံ ရင်းမြစ်, Royal Thai Army

ဓာတ်ပုံ ပုံစာ, ထိုင်းနိုင်ငံသား ၄၁ ဦး တာချီလိတ်ကနေ မယ်ဆိုင်နယ်စပ်ကို ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံထဲ ပြန်လည်ဝင်ရောက်လာစဉ်
ရေးသားခဲ့သည်။

တရုတ်-မြန်မာ နယ်စပ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့က တိုက်ပွဲတွေမှာ ပိတ်မိနေခဲ့တဲ့ ထိုင်းနိုင်ငံသား ၂၆၆ ဦးဟာ အခုတော့ တရုတ်အာဏာပိုင်တွေ လက်ခံလို့ တရုတ်နိုင်ငံထဲကို ရောက်နေပြီလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနဘက်က သတင်းထုတ်ပြန်လာပါတယ်။

တရုတ်နိုင်ငံဘက်က ဒီနေ့ လက်ခံထားတဲ့သူတွေထဲမှာ ဖိလစ်ပိုင်နဲ့ စင်ကာပူနိုင်ငံသားတွေလည်း ပါဝင်တယ်လို့ပြောပါတယ်။

ထိုင်းနိုင်ငံသားတွေကို တရုတ်-မြန်မာနယ်စပ်ကနေ တဆင့် တရုတ်ပြည်ဘက်ခြမ်းဝင်ရောက်နိုင်အောင် မြန်မာဘက်က ဆောင်ရွက်ပေးခဲ့တာလို့ဆိုပါတယ်။

တရုတ်နိုင်ငံထဲရောက်နေတဲ့ ထိုင်းနိုင်ငံသားတွေကို ကူမင်းမြို့ကနေတဆင့် လေယာဥ်ခရီးစဥ် ၂ ခုနဲ့ နေရပ်ပြန်ခေါ်မှာဖြစ်ပြီး အဲဒီထဲမှာ ဖိလစ်ပိုင်နဲ့စင်ကာပူနိုင်ငံသားတွေလည်း ပါဝင်မယ်လို့ ထိုင်းနိုင်ငံခြားရေးက ပြောပါတယ်။

ထိုင်းတွေနဲ့အတူ ပြန်လည်ခေါ်ဆောင်လာတဲ့ စင်ကာပူနဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေကိုတော့ ဘန်ကောက်မြို့ကို ရောက်တဲ့အခါ သက်ဆိုင်ရာနိုင်ငံသံရုံးတွေက ဆက်ပြီး ကူညီမှာလို့ဆိုပါတယ်။

တရုတ်နိုင်ငံဘက်ခြမ်းကို ရောက်သွားတဲ့အခုထိုင်းနိုင်ငံသားတွေဟာ လူကုန်ကူးခံရသူတွေလား၊ နာမည်ဆိုးနဲကျော်ကြားတဲ့ လောက်ကိုင်က အွန်လိုင်းရာဇဝဏ်ဂိုဏ်းတွေနဲ့ ပတ်သက်နေသူတွေလားဆိုတာကိုတော့ ဆက်ပြီးစစ်ဆေးဖို့ရှိနေပါတယ်။

လောက်ကိုင်မှာပိတ်မိနေခဲ့တဲ့ ထိုင်းနိုင်ငံသား ၄၁ ဦးကို မြန်မာစစ်ကောင်စီက ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ကနေ ထိုင်းတော်ဝင်စစ်တပ်ကို မနေ့တုန်းက လွှဲပြောင်းပေးခဲ့ပါတယ်။

အဲဒီထဲမှာ ၃ ဦးဟာ ထိုင်းအစိုးရက အလိုရှိနေသူတွေလို့ဆိုပြီး ထိုင်းသတင်းတွေမှာဖော်ပြပေမဲ့ နိုင်ငံခြား‌ရေးဌာနဘက်ကတော့ တစုံတရာ ထုတ်ပြောတာ မရှိသေးပါဘူး။

လွိုင်ကော်မှာ လက်နက်ကြီးထိမှန်ပြီး ကိုရင် ၂ ပါးပျံလွန်တော်မူ‌

လွိုင်ကော်မြို့မှာဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုတစ်ခု

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, လွိုင်ကော်မြို့မှာဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုတစ်ခု
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့က ဥတ္တရာရုံပရိယတ္တိစာသင်တိုက်ထဲကို စစ်ကောင်စီဘက်က ပစ်ခတ်ခဲ့တဲ့လက်နက်ကြီး ဒီနေ့မနက်ပိုင်းတုန်းမှာကျရောက် ပေါက်ကွဲခဲ့တာကြောင့် ကိုရင်နှစ်ပါးထိမှန်ခဲ့ပြီး နေရာမှာတင်ပဲ ပျံလွန်တော်မူခဲ့တယ်လို့ ကူညီသင်္ဂြိုဟ်ပေးခဲ့တဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

“ကိုရင် ၂ ပါးပျံလွန်တော်မူတာဟုတ်တယ်။ကျွန်တော်တို့ပဲ သဂြိုဟ်ပေးလိုက်တာ။ လေယာဉ်နဲ့ ဗုံးအရင်ကြဲတယ်။ ပြီးမှ လက်နက်ကြီးနဲ့ ထုတာ။ မနေ့ကလည်း ကလေးမလေး ၂ ယောက် လက်နက်ကြီးကျည်ထိလို့ ဆေးရုံလိုက်ပို့လိုက်ရတယ်” လို့ သူကပြောပါတယ်။

လွိုင်ကော်မြို့ ချစ်ကယ်ကျေးရွာနဲ့ နာနတ်တောရပ်ကွက်တွေအပြင် ကယား(ကရင်နီ)‌နဲ့ ရှမ်းပြည်မြောက်ပိုင်းထိစပ်နေတဲ့ နမ့်ကွတ်ဒေသတွေမှာ ဒီတစ်ပတ်အတွင်း စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် သေဆုံးသူ အယောက် ၂၀ ထက်မနည်းရှိနေပြီး ထိခိုက်ဒဏ်ရာရသူ ၁၅ ဦး ကျော်နေပြီလို့ ကယ်ဆယ်ရေးအဖွဲ့ဝင်က ပြောပါတယ်။

လွိုင်ကော်မြို့မှာ ၁၁၁၁ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေကြား လက်ရှိအချိန်အထိ တိုက်ပွဲဆက်ပြင်းထန်နေပြီး လွိုင်ကော်တစ်မြို့လုံးနီးပါး ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။

လောက်ကိုင်ကလွတ်လာတဲ့ထိုင်း ၄၀ ကျော်ထဲ ဝရမ်းထုတ်ထားသူ ၃ ဦးပါဝင်

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်က တိုက်ပွဲကြားမှာ ပိတ်မိရာကနေ ပြန်လည်လွတ်မြောက်လာတဲ့ ထိုင်းနိုင်ငံသား ၄၁ ဦးထဲမှာ ထိုင်းအစိုးရ ဖမ်းဝရမ်းထုတ်ထားသူ ၃ ဦးပါဝင်တယ်လို့ ဒေသတွင်းသတင်းတွေမှာဖော်ပြပါတယ်။

အဲဒီထိုင်းနိုင်ငံသား ၄၀ ကျော်ဟာ ရှမ်းပြည်နယ်၊ လောက်ကိုင်ကနေ ကျိုင်းတုံမြို့၊ အဲဒီကမှတဆင့် ထိုင်း -မြန်မာနယ်စပ်က တာချီလိတ်ကို လွတ်မြောက်လာတာဖြစ်ပြီး ဒီလူတွေကို စစ်ကောင်စီအာဏာပိုင်တွေက ထိုင်းအာဏာပိုင်တွေဆီကို မယ်ဆိုင်တံတားမှာ မနေ့က လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ပြန်လက်ခံထားတဲ့သူတွေထဲမှာ ဝရမ်းထုတ်ထားသူတွေ ပါမပါ မပြောပေမဲ့ ဒီလူတွေဟာ အမှန်တကယ် လူကုန်ကူးခံရတာဟုတ် မဟုတ် စစ်ဆေးနေပြီလို့ ထုတ်ပြန်ပြောဆိုပါတယ်။

ထိုင်းအစိုးရအနေနဲ့ နိုင်ငံသားတွေ လွတ်‌မြောက်အောင် ကူညီပေးခဲ့ကြသူတွေကို ကျေးဇူးတင်ကြောင်းလည်း ပြောထားပါတယ်။

ဘန်ကောက်ပို့စ်သတင်းမှာတော့ လောက်ကိုင်မှာ ပိတ်မိနေတဲ့ထိုင်းနိုင်ငံသား ၂၀၀ ကျော်ဟာ အခုတော့ တရုတ်နိုင်ငံဘက်ခြမ်းကို ရောက်သွားပြီဖြစ်ပြီး တရုတ်ဘက်က စောင့်ရှောက်မှုပေးထားကာ ထိုင်းဘက်ကလည်း ဒီလူတွေကို ပြန်ခေါ်ဖို့ ပြင်နေတယ်လို့ ပြောထားပါတယ်။

တစ်ဖက်မှာလည်း ကိုးကန့်တပ်(MNDAA)က လောက်ကိုင်မြို့ထဲမှာ ကျန်ရှိနေသေးတဲ့ တရုတ်နိုင်ငံသားတွေကို မဖြစ်မနေ နေရပ်ထွက်ခွာဖို့ တိုက်တွန်းထားပြီး စစ်ကောင်စီတပ်ဘက်ကနေလည်း တရုတ်နိုင်ငံသားတွေကို ကယ်ထုတ်နေတာရှိတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

လွိုင်ကော်က ကုလ ဝန်ထမ်းနဲ့ မိသားစုဝင်တွေကို ဘေးကင်းရာရွှေ့ပြောင်းပေးထားတယ်လို့ NUG ပြော

လွိုင်ကော်က ကုလ ဝန်ထမ်းနဲ့ မိသားစုဝင်တွေကို ဘေးကင်းရာရွှေ့ပြောင်းပေးထားတယ်လို့ NUG ပြော

ဓာတ်ပုံ ရင်းမြစ်, ကရင်နီပြည်စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်

ဓာတ်ပုံ ပုံစာ, ကရင်နီစစ်ရှောင်တွေမြင်ကွင်း

နယ်စပ်ဖြတ်ကျော် အကူအညီပေးရေးအ‌ကောင်အထည်ဖော်ဖို့ တိုက်တွန်း

စစ်ကောင်စီတပ်ဖွဲ့နဲ့ တော်လှန်ရေးအင်အားစုတွေကြား တိုက်ပွဲပြင်းထန်နေတဲ့ ကယား (ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့မှာရှိနေတဲ့ ကုလသမဂ္ဂ(UN) အဖွဲ့အစည်းတွေနဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ (INGOs)က ဝန်ထမ်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင် ၂၂၈ ဦးကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားပြီလို့ NUG က ထုတ်ပြန်ပါတယ်။

အခုလိုရွှေ့ပြောင်းနိုင်ရေး ရှေ့တန်းက စစ်ဆင်ရေးမှူးတွေ၊ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့ ညှိနှိုင်း စီစဉ်ခဲ့တာလို့ပြောပါတယ်။

UN နဲ့ INGOs ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေကို မော်တော်ယာဉ် ၃၃ စီးနဲ့ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ကို ရွှေ့ပြောင်းထားပေးပြီးဖြစ်ပေမဲ့ လွိုင်ကော်မြို့ထဲမှာပိတ်မိနေတဲ့ ပြည်သူတွေ ကျန်ရစ်နေဆဲလို့ ဖော်ပြထားပါတယ်။

ဒါအပြင် ဘေးလွတ်ရာကိုရွှေ့ပြောင်းခဲ့ရတဲ့ လွိုင်ကော်စစ်ဘေးရှောင် ၃သောင်းခွဲ အတွက်လည်း အခြေခံစားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာတွေအရေးပေါ်လိုအပ်နေပြီလို့ NUG က ထောက်ပြပါတယ်။

ပြည်သူတွေရဲ့ အခုလိုအရေးပေါ်လိုအပ်ချက်အတွက် UN အပါအဝင် INGOs တွေအနေနဲ့ နယ်စပ်ဖြတ်ကျော်အကူအညီပေးရေးအစီအစဉ်တွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ လိုအပ်ကြောင်း တိုက်တွန်းထားပါတယ်။

အခုစစ်ဆင်ရေးကာလအတွင်း ကရင်နီစစ်ရှောင်ဦးရေ ၃ သိန်းဝန်းကျင်အထိ မြင့်တက်လာနိုင်တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က ခန့်မှန်းထားပြီး အရေးပေါ်တုံ့ပြန်ကူညီရေးအတွက် လိုအပ်ချက်တွေရှိနေတယ်လို့ ဘီဘီစီကို ပြောထားပါတယ်။

တရုတ်နိုင်ငံသားတွေနဲ့ဒေသခံတွေ လောက်ကိုင်မြို့ထဲကနေ ထွက်ခွာကြဖို့ ကိုးကန့်တပ်ပြော

လောက်ကိုင်မြို့တစ်နေရာ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, လောက်ကိုင်မြို့တစ်နေရာ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့မှာ ဒေသခံတွေနဲ့ မြို့ထဲကျန်နေသေးတဲ့ တရုတ်နိုင်ငံသားတွေ ‌လောက်ကိုင်ထဲက အမြန်ဆုံးထွက်ခွာဖို့ ကိုးကန့်တပ်(MNDAA)ကနေ မနေ့ နိုဝင်ဘာ ၁၈ ရက်က ထုတ်ပြန်လိုက်ပါတယ်။

လောက်ကိုင်နဲ့အနီးတစ်ဝိုက်နေရာတွေမှာ စစ်ရေးတင်းမာနေတာကြောင့် တရုတ်နိုင်ငံသားတွေအနေနဲ့ သေဆုံးထိခိုက်မှုမရှိစေရေးအတွက် နေရပ်ကိုအမြန်ဆုံးထွက်ခွာဖို့ တိုက်တွန်းထားပြီး လောက်ကိုင်ဒေသခံတွေအနေနဲ့လည်း စစ်ကောင်စီတပ်စခန်းတွေနဲ့ ဝေးရာကို ပြောင်းရွှေကြဖို့ ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။

လောက်ကိုင်ဟာ စစ်ပြေပြင်ဖြစ်နေတဲ့အတွက် လောက်ကိုင်ဒေသခံတွေအနေနဲ့ စစ်ကောင်စီတပ်တွေနဲ့ ပူးပေါင်းပြီး ပြန်လည်မတိုက်ခိုက်ဖို့နဲ့ နေရာပြောင်းရွှေ့တာတွေကိုလည်း မိမိသဘောအတိုင်းမလုပ်ဖို့ ထုတ်ပြန်ချက်ကဆိုပါတယ်။

MNDAA ဘက်က ပြည်ထောင်စုလမ်းမကြီးကိုထိန်းချုပ်ပြီး ပိတ်ထားတာကြောင့် ဒေသခံ သောင်းနဲ့ချီဟာ ဘေးလွတ်ရာရှောင်တိမ်းလို့မရဘဲ စားရေးသောက်ရေးတွေ ခက်ခဲကျပ်တည်းပြီး လောက်ကိုင်မြို့ထဲမှာ ပိတ်မိနေတာ ၂ ပတ်ကျော်လာပြီဖြစ်ပါတယ်။

”တရုတ်တွေကိုလည်း စစ်ကောင်စီတပ်ဘက်က ကယ်ထုတ်နေတယ်။ ထိုင်းတွေကိုလည်း ကယ်သွားတယ်။ ကျွန်တော်တို့ မြန်မာတွေကိုကျ ကယ်ထုတ်မယ့်လူမရှိဘူး။ ပြီးတော့ စစ်တပ်ဘက်ကနေ ဟိုတယ်တွေကို စစ်‌ဆေးပြီး ဖမ်းနေတာတွေရှိတယ်”ဆိုပြီး မြို့ထဲပိတ်မိနေတဲ့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

စစ်ရှောင်စခန်းမှာရောက်ရှိနေတဲ့ဒေသခံတစ်ဦးကလည်း” အခု ကျွန်တော်တို့ကိုလည်းနေရာပြောင်းဖို့ လုပ်နေတယ်လို့ကြားရတယ်။ ဘယ်ကိုလဲတော့မသိသေးဘူး၊ လမ်းကပိတ်ထားတော့ လုံးဝထွက်လို့မရဘူး”လို့ ပြောပါတယ်။

လက်ရှိအချိန်အထိ လောက်ကိုင်မှာ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေပြီး “ဆန်တစ်ပြည်ကို ကျပ်ငွေ ၂ သောင်းအထိ ဖြစ်နေတယ်”လို့ လောက်ကိုင်ဒေသခံတွေရဲ့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ရေးသားထားကြတာကို တွေ့ရပါတယ်။

တရုတ်ဘက်က ပေးထားတဲ့ လျှပ်စစ်မီး၊ ရေနဲ့ တယ်လီဖုန်းလိုင်းတွေ လောက်ကိုင်တစ်မြို့လုံး ဖြတ်တောက်ခံထားရပြီး ဟိုတယ်တချို့မှာလည်း နာရီပိုင်းခဏလောက်သာ မီးစက်မောင်းပေးတာတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။