စက်တင်ဘာ ၂၇ ရက် ထိပ်တန်းသတင်းများ - ရိက္ခာတင်သင်္ဘော လုံခြုံရေးယူစစ်သားတွေတိုက်ခိုက်ခံရ

အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ ကသာမြို့နယ်ထဲမှာ ရွှေရှာဖွေနေတဲ့ဖောင်တွေကို မီးရှို့ခဲ့တယ်လို့လည်းဆို

ဓာတ်ပုံ ရင်းမြစ်, Myo Hla PDF

ဓာတ်ပုံ ပုံစာ, အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ ကသာမြို့နယ်ထဲမှာ ရွှေရှာဖွေနေတဲ့ဖောင်တွေကို မီးရှို့ခဲ့တယ်လို့လည်းဆို
ရေးသားခဲ့သည်။

ကချင်ပြည်နယ်၊ ရွှေကူမြို့ဆိပ်ကမ်းကနေ ဗန်းမော်ကို ဆန်တက်တဲ့ စစ်တပ် ရိက္ခာတင်သင်္ဘောတွေ ဆန်တက်ချိန် လုံခြုံရေးယူတဲ့စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်ဆိုပြီး မြို့လှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က သတင်းထုတ်ပြန်လာပါတယ်။

မြစ်ထဲခုတ်မောင်းနေတဲ့ စစ်တပ်ရိက္ခာတင်သင်္ဘော ၆ စီးကို လုံခြုံရေးယူဖို့ စစ်ကောင်စီတပ်ရဲ့ တပ်မ ၈၈ လက်အောက်ခံ၊ အမှတ် ၁၂၁ ခြေလျင်တပ်ရင်းတပ်ဖွဲ့ဝင်တွေ စက်လှေလှမ်းခေါ် ထားတဲ့ သင်္ဘောအင်းရွာကိုရောက်နေချိန် စက်တင်ဘာလ ၂၀ ရက်မှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စက်လှေကို တိုက်ရိုက်ထိမှန်ခဲ့တာကြောင့် စစ်ကောင်စီစက်လှေဟာ ကျောက်ကြိုးဘုရားအနီး ကပ်ချိန် နစ်မြုပ်ခဲ့ပြီး နောက်တစ်ကြိမ်တိုက်ခိုက်လို့ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေကို ၃ ကြိမ်တိုက်ခိုက်မှုမှာ စစ်တပ်ဘက်က ၉ ဦးသေဆုံးပြီး ခလရ ၁၂၁ စစ်ကြောင်းမှူးအပါအဝင် ၁၁ ဦး ဒဏ်ရာရ တယ်လို့ မြို့လှ PDF က ဒီနေ့မှာ သတင်းထုတ်ပြန်လာတာဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လှုပ်ရှားနေခဲ့ကြတာကြောင့် လုံခြုံရေး အရ သတင်းကို နောက်ကျ ထုတ်ပြန်ခဲ့တာလို့လည်း မြို့လှ PDF က ပြောပါတယ်။

အဲဒီရိက္ခာတင်သင်္ဘောကို လုံခြုံရေးယူတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒီတိုက်ပွဲ မတိုင်ခင်ကလည်း ကသာမြို့နယ်၊ တုတ်ကြီးကျေးရွာကို အိမ်ခြေ ၃၄ လုံးကို မီးရှို့ခဲ့သလို အရပ်သားအချို့ကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ မြို့လှ PDF က အစောပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ ကသာ၊ ရွှေကူ၊ ဗန်းမော်ရေလမ်းတစ်လျှောက်က အခုဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး သတင်းတစုံတရာ ထုတ်ပြန်ခဲ့တာမရှိပါဘူး။

မြန်မာ့အကျပ်အတည်းဒေသတွင်းကိုမကူးစက်ရေး နိုင်ငံတကာ ကူညီဖို့ NLD တောင်းဆို

၂၀၂၀ ရွေးကောက်ပွဲမဲဆွယ်ကာလ

ဓာတ်ပုံ ရင်းမြစ်, AFP

မြန်မာ့အကျပ်အတည်းကနေ ဒေသတွင်းပြဿနာအဆင့်ကိုမကူးစက်နိုင်ရေးမိတ်ဆွေနိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်း က ကူညီပေးဖို့ဆိုပြီး NLD ပါတီ ၃၅ နှစ်ပြည့် ထုတ်ပြန်ချက်ကတောင်းဆိုလိုက်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ထုတ်ပြန်ချက်ထဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိလွတ်မြောက်ရေး ၊ စစ်ဘေးဒဏ်သင့် အရပ်သားလူထုလူသားချင်းစာနာမှုအကူအညီများရရှိရေး၊ အရပ်သားတွေပစ်မှတ်ထားတိုက်ခိုက်ခံရမှုကိုအမြန်ဆုံးရပ်ဆိုင်းသွားရေးတို့အတွက်တောင်းဆိုတယ်လို့ဖော်ပြပါရှိပါတယ်။

တခါ ကုလသမဂ္ဂရဲ့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံကိုယ်စားပြုသူအဖြစ် ဆက်လက်အသိအမှတ်ပြုပေးဖို့လည်း ကုလသမဂ္ဂအရည်အချင်းစစ်ကော်မတီကိုတိုက်တွန်းထားပါတယ်။

စစ်ကောင်စီက ကျင်းပဖို့ကြံစည်နေတဲ့ အတုအယောင်ရွေးကောက်ပွဲကို ၂၀၁၀ ရွေးကောက်ပွဲလိုပဲ အသိအမှတ်မပြု ဆန့်ကျင်ရပ်တည်သွားမှာဖြစ်တယ်လို့ NLD က ဆိုပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်အာဏာသိမ်းပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်(၁,၇၆၉) ဦးဖမ်းဆီးခံရပြီး (၉၇) ဦး သတ်ဖြတ်ခံထားရတယ်လို့ ဆိုပါတယ်။

ပြည်သူ (၆၈၈)ဦး ရဲ့ ပိုင်ဆိုင်မှုတွေကိုချိပ်ပိတ် သိမ်းဆည်းခဲ့မှုမှာပါတီဝင် (၃၇၃) ဦးရဲ့ ပိုင်ဆိုင်မှုတွေပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဗဟိုရုံးချုပ်အပါအဝင် အဖွဲ့ချုပ်ရုံးတွေဖျက်ဆီးခံရမှု အကြိမ် ၁၆၀ ကျော်ရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။

စစ်ကောင်စီ စာသင်ကျောင်းရာချီ KNU ထိန်းချုပ်မှုအောက်ရောက်

ပိုင်ကျုံမြို့နယ်ထဲက စာသင်ကျောင်းတစ်ကျောင်း

ဓာတ်ပုံ ရင်းမြစ်, KNU

ဓာတ်ပုံ ပုံစာ, ပိုင်ကျုံမြို့နယ်ထဲက စာသင်ကျောင်းတစ်ကျောင်း

နိုင်ငံအ‌ရှေ့တောင်ပိုင်း၊ ကရင်ပြည်နယ်နဲ့တနင်္သာရီတိုင်းအတွင်း ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)ထိန်းချုပ်နယ်မြေနဲ့ ဆက်စပ်နေတဲ့နယ်မြေတွေက စစ်ကောင်စီပညာရေးဝန်ကြီး ဌာနလက်အောက် ရာနဲ့ချီတဲ့စာသင်ကျောင်းတွေဟာ ကေအဲန်ယူ ထိန်းချုပ်မှုအောက်ရောက်ရှိသွားခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)ရဲ့ အစီရင်ခံစာကဖော်ပြပါတယ်။

ကေအဲန်ယူလက်အောက်ကို စာသင်ကျောင်း ရာနဲ့ချီ ရောက်သွားသလို စစ်ကောင်စီအနေနဲ့ ကေအဲန်ယူနယ်မြေထဲကသူ့ရဲ့တပ်စခန်း ၆၂ ခုကိုလည်း လက်လွတ်ဆုံးရှုံးထားရတယ်လို့ ဒေသနဲ့စခန်းအလိုက်အခြေအနေကိုလည်းထည့်သွင်းဖော်ပြထားပါတယ်။

ဒါ့ကြောင့် စစ်အာဏာသိမ်းပြီးနောက် ကေအဲန်ယူထိန်းချုပ်နိုင်တဲ့နယ်မြေဟာ အရင်ထက်ကျယ်ပြန့်လာတဲ့အခြေအနေကိုထင်ဟပ်လာစေတယ်လို့ KPSN ရဲ့ အစီရင်ခံစာက ထောက်ပြပါတယ်။

စစ်ကောင်စီပညာရေးဝန်ကြီးဌာနဟာ ကေအဲန်ယူထိန်းချုပ်နယ်မြေထဲပါတဲ့ သထုံ၊ တောင်ငူ၊ ညောင်လေးပင် ၊ ဖာပွန်၊ ဒူးပလာယာ၊ ဖားအံနဲ့ တနင်္သာရီခရိုင်တွေထဲက ကျောင်း‌ပေါင်း ၃၇၀ ကိုလက်လွတ်ဆုံးရှုံးလိုက်ရပြီး ကရင်ပညာရေးနဲ့ ယဥ်ကျေးမူဌာန KEDC အောက်ကိုရောက်ရှိသွားခဲ့တယ်လို့ အစီရင်ခံစာအချက်အလက်တွေကဖော်ပြပါတယ်။

စစ်အာဏာမသိမ်းခင်ကာလတွေက အဲဒီဒေသတွေမှာ ကေအဲန်ယူလုံးဝအုပ်ချုပ်သောနယ်မြေ၊ ရောစပ်အုပ်ချုပ်တဲ့နယ်မြေ အဖြစ်ရှိနေပြီး ပညာရေးကဏ္ဍကို ပုံစံ ၃ မျိုးနဲ့လည်ပတ်ခဲ့တာပါ။

ကရင်ပညာရေးနဲ့ ယဥ်ကျေးမူဌာန KEDC အောက်က KNU အစိုးရကျောင်း၊ KEDC သင်ရိုးညွှန်းတမ်းနဲ့သင်တဲ့ ပုဂ္ဂလိကနဲ့လူထုအခြေပြုကျောင်း၊ နေပြည်တော်ကတိုက်ရိုက်အုပ်ချုပ်ပညာရေးကျောင်းတို့ဖြစ်ပါတယ်။

၂၀၁၉ - ၂၀၂၀ ကာလက KEDC အောက်မှာ ပညာရေးကျောင်း၃၈၂ ကျောင်းပဲရှိခဲ့ရာကနေ လက်ရှိ ၂၀၂၃ ခုနှစ်မှာတော့ ၃ ဆတိုးလာပြီးကျောင်းပေါင်း ၉၀၀ ကျော်ရှိလာတယ်လို့ဆိုပါတယ်။

လက်ရှိမှာ ပညာရေးဝန်ကြီးဌာနလက်အောက် ဆရာ၊ဆရာမတွေဟာ အကြမ်းမဖက်အာဏာဖီဆန်တဲ့ CDM ကိုလုပ်ခဲ့ပြီး KEDC အောက်က KNU အစိုးရကျောင်းတွေမှာ ပြောင်းရွှေ့တာဝန်ထမ်းဆောင်နေကြတယ်လို့ သိရပါတယ်။

လက်ရှိမှာ ကေအဲန်ယူရဲ့ထိန်းချုပ်နယ်မြေကျယ်ပြန့်လာတာနဲ့တပြိုင်နက်စစ်ကောင်စီဘက်ကလည်း လေကြောင်းနဲ့ လက်နက်ပစ်ကူမှုကိုတိုးလုပ်လာတယ်လို့ဆိုပြီး ကော်သူးလေနယ်မြေထဲမှာ ၂၀၂၃ ဇူလိုင်အလအထိစစ်ရှောင် ၆ သိန်း ၃သောင်းကျော်ရှိလာပြီး ဒါဟာ အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီလနဲ့ နှိုင်းယှဥ်ရင် ၁၈ ရာခိုင်နှုန်းတိုးလာတာလို့ပြောထားပါတယ်။

မြန်မာ့အရေး ICC ကို လွှဲပြောင်းဖို့ ကုလမဟာမင်းကြီး တောင်းဆို

လူ့အခွင့်အရေးကောင်စီမှာ မိန့်ခွန်းပြောနေတဲ့ မဟာမင်းကြီး

ဓာတ်ပုံ ရင်းမြစ်, Getty Images

မြန်မာပြည်မှာ အရပ်ဘက်တရားဥပဒေစိုးမိုးမှု ပျောက်ကွယ်ပြီး စစ်တပ်က နိုင်ငံထဲမှာရှိတဲ့အုပ်ချုပ်ရေးနဲ့တရားရေးမဏ္ဍိုင်တွေကို လှိုက်စားနေလို့ မြန်မာအခြေအနေကို နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)ကို လွှဲပြောင်းဖို့ လုံခြုံရေးကောင်စီကို ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးက တိုက်တွန်းလိုက်ပါတယ်။

အင်္ဂါ‌နေ့က ကျင်းပတဲ့ ကုသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ မြန်မာပြည်က လူ့အခွင့်အရေးအခြေအနေတွေ ပိုဆိုးလာတဲ့အကြောင်း ပြောဆိုရင်း မဟာမင်းကြီး ဗော်ခါတာ့ခ် က အခုလိုတောင်းဆိုလိုက်တာပါ။

‘‘မြန်မာပြည်သူတွေဟာ ထိတ်လန့်ကြောက်မက်ဖွယ်တိုက်ခိုက်မှုတွေ၊ လူ့အခွင့်အရေးပြောင်ပြောင်တင်းတင်းချိုးဖောက်နေမှုတွေ၊ အသက်မွေးဖို့နဲ့မျှော်လင့်ချက်တွေ ပြိုလဲနေတဲ့အခြေအနေကို နေ့စဥ်ကြုံတွေ့နေရတယ်’’ လို့ သူက ပြောပါတယ်။

အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့နဲ့ လူသားချင်းစာနာမှုအကူအညီအဟန့်အတားမရှိဝင်ရောက်နိုင်ရေး လုံခြုံရေးကောင်စီက တောင်းဆိုနေပေမဲ့ မြန်မာစစ်တပ်ဟာ လူသားမျိုးနွယ်ရဲ့အခြေခံကျတဲ့လိုက်နာစရာအချက်တွေကို ပြောင်ပြောင်တင်းတင်း လျစ်လျူရှုနေတယ်လို့လည်း သူက ထောက်ပြပြောဆိုပါတယ်။

‘‘စစ်တပ်ရဲ့ အတွေးအခေါ်မဲ့ တိုက်ခိုက်မှုတွေဟာ လူသားချင်းစာနာမှု၊ နိုင်ငံရေး၊ စီးပွားရေးအပေါ်သက်ရောက်မှုတွေနဲ့ ဆက်နွယ်နေတဲ့ လူ့အခွင့်အရေးအကျပ်အတည်းကို ပေါ်ပေါက်လာနေစေပြီး မြန်မာပြည်သူတွေဟာ ဒီဒဏ်ကို အဆမတန် ခါးစည်းခံနေရပါတယ်’’ လို့ သူက ပြောပါတယ်။

ဒါအပြင် မြန်မာစစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှု၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနဲ့ ရွာတွေကို မီးရှို့တဲ့ စစ်ဘက်နည်းလမ်းတွေကို အသုံးပြုနေတယ်လို့လည်း မဟာမင်းကြီးက ပြောပါတယ်။

မြန်မာပြည်မှာ စစ်အာဏာသိမ်းပြီးတဲ့နောက် ဖမ်းဆီးခံရသူ ၂၄၈၃၆ ဦးရှိပြီး ၂၀,၀၀၀ နီးပါး ထိန်းသိမ်းခံရဆဲဖြစ်သလို စစ်ခုံရုံးကနေ သေဒဏ်ချမှတ်ထားသူ ၁၅၀ အထိရှိနေတယ်လို့ ကုလသတင်းမှာ ဖော်ပြထားပါတယ်။