မတ်လ ၇ရက် ထိပ်တန်းသတင်းများ

ဓာတ်ပုံ ရင်းမြစ်, MRTV
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ၂၀၂၄ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှာ တပြိုင်တည်းကောက်ယူမယ်လို့ စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်ကြိုင်က မနေ့က မတ်လ ၆ရက်နေ့မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ ညသန်းခေါင်ယံအချိန်ကို သန်းခေါင်စာရင်းရည်ညွှန်းချိန်အဖြစ်သတ်မှတ်ထားပြီး အဲဒီနောက်တစ်နေ့ အောက်တိုဘာလ ၁ရက်နေ့ကနေ ၁၅ ရက်နေ့အထိ စုစုပေါင်း ၁၅ ရက်ကြာ ကောက်ယူသွားမှာလို့ ဦးမြင့်ကြိုင်က ပြောခဲ့ပါတယ်။
ကြိုတင်ပြင်ဆင်ခြင်း၊ စာရင်းကောက်ယူခြင်း၊ စာရင်းပြုစုခြင်းနဲ့ အစီရင်ခံစာထုတ်ပြန်ခြင်း စတဲ့ လုပ်ငန်း ၄ ရပ်ကို ပြင်ဆင်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ အဲဒီလုပ်ငန်းစဥ်တွေကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ကနေ ၂၀၂၆ ခုနှစ် မတ်လအထိ စုစုပေါင်း ၅၄ လကြာ ရည်မှန်းလုပ်ဆောင်နေတာလို့လည်း သိရပါတယ်။
အခုတော့ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းထဲက သန်းခေါင်စာရင်းကောက်ယူရာမှာအသုံးပြုမယ့် မေးခွန်းပုံစံ ပြုစုရေးအချက်အလက်အသုံးပြုသူတွေရဲ့ အလုပ်ရုံဆွေးနွေးပွဲကို မတ်လ ၆ ရက်နေ့၊ နေပြည်တော်က မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ မှာကျင်းပခဲ့ပြီးအဲဒီပွဲမှာ သူက အခုလိုထည့်သွင်းပြောကြားသွားတာဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရာမှာ ခေတ်မီပြီး အချိန်ကုန် သက်သာ စေဖို့ ကွန်ပျူတာ အထောက်အကူပြု လူတစ်ဦးချင်း ကောက်ယူတဲ့စနစ်ကို အသုံးပြုပြီး စာရင်းကောက်ကွက် တွေက မိမိတာဝန်ကျရာ ကောက်ကွက်အတွင်း အိမ်တိုင်ရာရောက် တစ်အိမ်တက် တစ်အိမ်ဆင်း Mobile Tablet တွေနဲ့ ကောက်ယူသွားမှာဖြစ်တယ်လို့လည်း ဦးမြင့်ကြိုင် ပြောကြားချက်ကို MRTV က ထုတ်ပြန်ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခတွေအများအပြားဖြစ်ပေါ်နေတဲ့ နေရာတွေမှာ စာရင်းကောက်ယူရေးနဲ့ ပတ်သတ်ပြီး ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
အလားတူ အရေးပေါ်ကာလသက်တမ်း တိုးမြှင့်ဖို့ ဖေဖော်ဝါရီ ၁ ရက်နေ့ကကျင်းပခဲ့တဲ့ နိုင်ငံတော်ကာကွယ် ရေးနဲ့ လုံခြုံရေးအစည်းအဝေးမှာတုန်းကတော့ ရွေးကောက်ပွဲကျင်းပနိုင်ရေး လူဦးရေစာရင်းတွေမှန်ကန်အောင်လုပ်ဆောင်ဖို့ လိုအပ်နေသေးတယ်လို့ အာဏာသိမ်းခေါင်းဆောင်က ပြောဆိုခဲ့ပါသေးတယ်။
ဒါကြောင့် စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲဟာ ဒီ သန်းခေါင်စာရင်းကောက်ပြီးနောက်ပိုင်းမှ ဖြစ်လာနိုင်မယ်လို့လည်း သုံးသပ်ပြောဆိုမှုတွေရှိသလို၊ အိမ်ထောင်စုစာရင်းကိုအခြေမခံဘဲ ကိုယ်တိုင် ကောက်ယူတဲ့ လူဦးရေစာရင်းတွေကနေ မဲစာရင်းလုပ်ပြီး ရွေးကောက်ပွဲကျင်းပနိုင်တယ်လို့ သုံးသပ်ပြောဆိုတာတွေလည်းထွက်ပေါ်နေပါတယ်။
စစ်ခေါင်းဆောင်ကတော့ ရွေးကောက်ပွဲတစ်ရပ်ပြုလုပ်မယ်လို့ပြောနေပေမဲ့ အချိန်ကာလကိုနောက်ပိုင်းမှာ ရည်ညွှန်းပြောဆိုတာ မရှိသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, CJ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စစ်ကိုင်းတိုင်း ဗန်းမောက်မြို့ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မတ်လ ၆ရက် ည ၈နာရီကျော်မှာ လက်နက်ကြီး သုံးလုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ မြေပြင်အခြေနေ သိရှိသူ ဒေသခံတွေက ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးထိခိုက်စာရင်းကိုတော့ မသိရှိရသေးဘူးလို့ လည်းပြောကြပါတယ်။
ဗိုလ်ဇင်ယော် ဦးဆောင်တဲ့ ဗန်းမောက် ပကဖ အဖွဲ့က သွားရောက်တိုက်ခိုက်တာဖြစ်ပြီး အထိခိုက်မရှိ ပြန်လည် ဆုတ်ခွါအဲဒါကို အဲဒီအဖွဲ့ထံက သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ရက်နေ့ကလည်း အဲဒီ ရဲစခန်းကို တစ်ကြိမ်တိုက်ခိုက်ခဲ့ပြီး အဲဒီအချိန်တုန်းကတော့ သေဆုံးထိခိုက်တွေ ရှိခဲ့တယ်လို့ ဗန်းမောက် ပကဖအဖွဲ့ထံကသိရပါတယ်။
"စစ်ကောင်စီဘက်က ကျဆုံးမှုကို မပြောပြနိုင်ဘူး။ သူတို့(စစ်ကောင်စီ ရဲစခန်း)က အပြင်ကို အထွက်မခံဘူး။ ထိရောက်မှုရှိပါတယ်။ အရင်ကလဲ ကျဆုံးရင် ရဲစခန်းဝန်းထဲ ဘုန်းကြီးပင့်ပြီး တရားနာတာတွေ လုပ်ကြ တယ်"လို့ ပကဖအဖွဲ့နဲ့နီးစပ်သူ ဒေသခံတစ်ဦးက ပြောပါတယ်။
မနေ့ည ဗန်းမောက်မြို့မရဲစခန်းကို ဒေသကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒါဟာ စစ်အာဏာသိမ်းပြီးနောက် ၈ခါမြောက် ဗန်းမောက်မြို့မ ရဲစခန်းကို တိုက်ခိုက်နိုင်ခဲ့တာဖြစ်တယ်လို့ မြေပြင်အခြေနေ သိရှိသူ ဒေသခံတစ်ဦးက ပြောပါတယ်။
ဗန်းမောက်မြို့ကို စစ်အုပ်ချုပ်ရေးကြေညာပြီးနောက်ပိုင်း မြို့အတွင်း စစ်ကောင်စီအဖွဲ့က စစ်ဆေးမှုတွေ ပြုလုပ်သလို မြို့ထဲ သေနတ်တွေ ပစ်ဖောက် မိုးပေါ်ထောင်ဖောက်တာတွေပါ မကြာခဏဆိုသလို ပြုလုပ်တာတွေရှိတယ်လို့ ဒေသခံတွေထံကသိရပါတယ်။
မတ်လဆန်းပိုင်းမှာ ဗန်းမောက်မြို့တွင်း စစ်ကောင်စီအဖွဲ့က စစ်ဆေးနေစဉ် ဆိုင်ကယ်ရပ်မပေးတဲ့ အသက် ၂၀ကျော် ယောက်ျားလေးတစ်ဦး ပေါင်နဲ့ လက်မောင်းမှာ ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိခဲ့တယ် ဖြစ်စဥ်တွေလည်း ရှိခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ဒီပဲယင်းမြို့နယ်သတင်းမှန်ပြန်ကြားရေး
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက ကလုံ၊ ငါးရုံကြီးနဲ့ ရှားတောရွာတွေကို စစ်ကောင်စီစစ်ကြောင်းက မတ်လ ၇ရက်နေ့၊ မနက် ၈နာရီကနေ ၉နာရီခွဲအတွင်းမှာ မီးရှို့နေတယ်လို့ မီးရှို့မှုကို မြင်တွေနေရတဲ့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။
အခုစစ်ကြောင်းက မတ်လ ၆ရက်နေ့မနက်မှာ လက်နက်ကြီးငယ်တွေ ပစ်ခတ်ပြီး ကလုံကျေးရွာကို ရုတ်တရက်ဝင်ရောက်လာတာလို့ မြေပြင်အခြေအနေကိုသိရှိသူတွေက ပြောကြပါတယ်။
ကလုံရွာကိုမီးရှို့ပြီးနာက် ငါးရုံကြီးနဲ့ ရှားတောကို စစ်ကြောင်းက ထွက်ခွာခဲ့ပြီး အဲဒီရွာ ၂ခုကြားမှာ မီးရှို့တာမျိုးကို စစ်ဘေးရှောင်ရာနေရာကနေ မြင်တွေ့နေရတယ်လို့ စစ်ဘေးရှောင်နေရသူတွေထံက သိရပါတယ်။
မီးရှို့မှုကြောင့် ပျက်စီးဆုံးရှုံးမှုအတိအကျကိုတော့ ရွာတွေထဲပြန်မဝင်နိုင်သေးတာကြောင့် မသိရသေးပါဘူး။ ကလုံ၊ ငါးရုံကြီးနဲ့ ရှားတောတို့က အိမ်ထောင်စု ၂၀၀ ဝန်းကျင်ရှိတဲ့ ရွာတွေလည်းဖြစ်ပါတယ်။
အဲဒီစစ်ကြောင်းဝင်လာတဲ့ လမ်းတစ်လျှောက်မှာ မုံလ၊ သာဝတ္တိ၊ ကလုံ၊ ငါးရုံကြီး၊ ရှားတော၊ ရှင်မင်းဒွေ၊ သရက်ကုန်း စတဲ့ရွာတွေက ဒေသခံ တစ်သောင်းကျော်ကတော့ လက်ရှိမှာ စစ်ဘေးရှောင်နေကြရပါတယ်။
အဲဒီလိုစစ်ဘေးရှောင်နေရတဲ့ စစ်ဘေးရှောင်တွေစီကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် မတ်လ ၆ရက်နေ့ မနက်ပိုင်း ၁၀နာရီလောက်မှာ အမျိုးသမီးကလေးငယ်တစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ အခြား စစ်ဘေးရှောင် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။
မတ်လ ၇ရက်နေ့မနက်မှာလည်း သရက်ကုန်းရွာက စစ်ဘေးရှောင်ပြည်သူ အသက် ၉၀ ကျော်အဖွားအို တစ်ဦးလည်း တောတွင်းမှာ အအေးဒဏ်ကြောင့် သေဆုံးခဲ့တယ်လို့ စစ်ဘေးရှောင်အရေးကူညီသူတွေထံ ကသိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KNU
KNU -ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃)၊ လယ်ဒိုမြို့နယ် အုပ်ချုပ်မှုနယ်မြေအတွင်းက ကျေးရွာတွေကို စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ တာကြောင့် ဒေသခံပြည်သူလူထုတွေရဲ့ နေအိမ် (၃)လုံး မီးလောင်ပြာကျခဲ့ရသလို နေအိမ် (၂)လုံးထိခိုက် ပျက်စီးခဲ့ တယ်လို့ KNU က မတ်လ ၇ရက်၊ ဒီကနေ့မှာထုတ်ပြန်ပါတယ်။
ပိန်းဇလုပ်မြို့အခြေစိုက် စစ်ကောင်စီတပ် ခမရ-၂၆၄ က စစ်တောင်းမြစ် အနောက်ဘက်ကမ်းရှိ ခင်ကန့်လန့်ကျေးရွာ၊ ရေတွင်းကုန်းကျေးရွာနှင့် အင်းပရိကျေးရွာများတွင် တပ်စွဲထားကာ လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တာလို့ ဆိုပါတယ်။
ဖေဖော်ဝါရီလ ၂၇ရက်နေ့၊ ည ၇ နာရီကနေ ၁၁ နာရီအထိကို စစ်တောင်းမြစ်အနောက်ဘက်ကမ်းကနေ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် KNU −လယ်ဒို မြို့နယ်၊ လိန်ပင်ဝဲ ကျေးရွာထဲ ကျရောက်ပေါက်ကွဲလို့ ရွာထဲက အိမ် ၂လုံး မီးလောင်ပြာကျ ခဲ့တယ်လို့ ဆိုပါတယ်။
နောက်ရက် ဖေဖော်ဝါရီ ၂၈ရက်နေ့မှာလည်း အလားတူပစ်ခတ်မှုကြောင့် နေအိမ်တလုံး မီးလောင်ပြာကျ ခဲ့တယ်လို့ ထည့်သွင်းပြောဆိုပါတယ်။
အဲဒါအပြင် မတ်လ ၁ရက်နေ့နဲ့ ၄ရက်နေ့တို့မှာလည်း အလားတူပစ်ခတ်တာတွေလုပ်ခဲ့လို့ အခြားကျေးရွာထဲ ကျရောက်ပေါက်ကွဲတာအပြင် ပျက်ဆီးမှုတွေလည်းရှိခဲ့တယ်လို့ ကေအဲန်ယူက မတ်လ ၇ရက်နေ့မှာထုတ် ပြန်ပါတယ်။
ကျေးရွာတွေထဲကို လက်နက်ကြီးတွေပစ်ခတ်မှုကြောင့် စစ်တောင်းမြစ် အရှေ့ဘက် ခြမ်းရှိ ကေအဲန်ယူ-လယ်ဒိုမြို့နယ်၊ အုပ်ချုပ်မှုနယ်မြေအတွင်းက ကျီးပင်စု၊ လိန်ပင်ဝဲ၊ သစ်ဖရောင်းတန်း၊ ဝဲမှူး၊ ကျည်စုနဲ့ အလယ်ကျွန်း ကျေးရွာစတဲ့ ကျေးရွာစုစုပေါင်း(၆)ရွာက ဒေသခံပြည်သူလူထုစုစုပေါင်း ၃၁၇၄ဦး က ဘေးလွတ်ရာတွေကို တိမ်းရှောင်နေရတယ်လို့ KNU စာရင်းတွေအရသိရပါတယ်။
စစ်ဘေးရှောင်ပြည်သူများအတွက် ကေအဲန်ယူ-လယ်ဒိုမြို့နယ်မှ တာဝန်ရှိသူများမှ ဆေးဝါး၊ အမိုးအကာ တွေကို ကေအဲန်ယူဘက်က စီစဥ်ပေးထားပေမယ့် အကူအညီတွေလိုအပ်နေတယ်လို့လည်း KNU က ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, IndawRevolution-IR
စစ်ကိုင်းတိုင်း အင်းတော်ဒေသမှာ အခုရက်ပိုင်း ဒေသခံ ဆယ်ချီပြီး ဖမ်းဆီးခံရတာတွေရှိလာတယ်လို့ ဖမ်းဆီးခံရသူတွေအကြောင်းသိရှိသူတွေက ဘီဘီစီကိုပြောပါတယ်။
အဲဒီဒေသက ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အေရှိတဲ့ ကချင်နဲ့ ဆက်နေတဲ့ဒေသဖြစ်လို့ စစ်ကောင်စီ က လုံခြုံရေးတင်းတင်းကျပ်ကျပ်လုပ်နေတဲ့အချိန်မှာ အခုလိုဖမ်းဆီးမှုတွေရှိလာတာလို့ ပြောပြကြပါတယ်။
အာဏာသိမ်းပြီးနောက် ၂နှစ်အတွင်း စစ်ကိုင်းနဲ့ ကချင် အစပ်ဖြစ်တဲ့ အင်းတော်ဒေသမှာ အရပ်သား ဖမ်းဆီး ခံရတာတွေရှိခဲ့သလို အခု ၂၀၂၃ခုနှစ် မတ်လ ပထမပတ်မှာလည်းဖမ်းဆီးခံရသူအရပ်သား အနည်းဆုံး ၂၀ ပါးအထိရှိလာပြီလို့ ဖမ်းဆီးခံရတဲ့ဒေသတွေဘက်က ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အခုလို ဖမ်းဆီးမှုတွေစိပ်လာတာဟာ ပြီးခဲ့တဲ့ရက်က အင်းတော်မြို့၊ အောင်မေတ္တာရပ်ကွက်မှာ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ဝင် (ပကဖ) နှစ်ဦး ဖမ်းဆီးခံရတာနဲ့ မြစ်ကြီးနား -အင်းတော်-ဗန်းမောက် လမ်းဆုံမှာ မိုင်းပေါက်ကွဲ ပြီး လူငယ်၂ယောက်သေဆုံးတဲ့နောက်မှာပိုပြီးတင်းကြပ်လာတာဖြစ်ပါတယ်။
ဒါပေမဲ့ ဖမ်းဆီးခံရတဲ့အထဲ စျေးသည်တွေက အများဆုံးပါနေပြီး ငွေလှူတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းခံကြ ရတာလို့ ဒေသခံတွေကပြောပါတယ်။
ဖမ်းဆီးခံရတဲ့ အထဲက ၆ယောက်လောက်ကတော့ မတ်လ ၅ရက်က စစ်ဆေးရိုက်နှက်ခံရပြီးနောက်တော့ ပြန်လွတ်လာတယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။
ဒါကြောင့် အင်းတော်မြို့က အရင်ဖမ်းခံရသူတွေကတော့ ရာဇသတ်ကြီးပုဒ်မ ၅၀၅ အပြင်အကြမ်းဖက် ဥပဒေတွေနဲ့ တရားစွဲဆိုခံရတာတွေလည်းရှိနေပါတယ်။
ဒီရက်ပိုင်းအတွင်း ဖမ်းဆီးခံရမှုတွေမှာ စစ်တပ်ဘက်ကဖမ်းဆီးတယ်ဆိုတဲ့ ဒေသခံတွေဘက်ကပြောပြချက် တွေအပေါ် စစ်ကောင်စီဘက်ကတော့ တစုံတရာတုန့်ပြန်ပြောဆိုတာမျိုးမရှိသေးပါဘူး။








