ဒီဇင်ဘာ ၁၈ ရက်ထိပ်တန်းသတင်းများ - ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်ထဲက စစ်ကောင်စီတပ်စခန်း သိမ်းပိုက်ခံရ

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်ထဲက စစ်ကောင်စီတပ်စခန်း သိမ်းပိုက်ခံရ

ဓာတ်ပုံ ရင်းမြစ်, Force for Federal Democracy - FFD

ရေးသားခဲ့သည်။

ကယား(ကရင်နီ)ပြည်နယ်နဲ့ ကရင်ပြည်နယ်အစပ်မှာရှိသလို သံလွင်မြစ်ကမ်းပေါ်မှာအခြေချထားတဲ့ စစ်ကောင်စီရဲ့ မို့လို့ကျိုး စခန်းကို မနေ့ ဒီဇင်ဘာ ၁၇ ရက် နေ့လယ် ၁ နာရီမှာ တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖက်ဒရယ်ဒီမိုကရေစီတပ်ဖွဲ့(FFD)ကနေ သိရပါတယ်။

အခုလိုသိမ်းပိုက်ခံလိုက်ရတဲ့ ပွိုင့် ၉၃၉ စခန်းဟာ စစ်ကောင်စီရဲ့ မဆုတ်တမ်းခံစစ်စခန်း တစ်ခုလည်းဖြစ်ပါတယ်။

နိုဝင်ဘာလကုန်ပိုင်းကစလို့ စစ်ကောင်စီစခန်းကြီးကို စတင်တိုက်ခိုက်တာဖြစ်ပြီး စစ်ကောင်စီရဲ့ လေကြောင်းပစ်ကူ၊ လက်နက်ခဲယမ်းအင်အားဖြည့်တင်းမှုတွေကြောင့် ရက်ပေါင်း ၂၀ ကျော်ကြာအောင် တိုက်ခိုက်ခဲ့ရတယ်လို့ ဆိုပါတယ်။

‘’ဗျူဟာကုန်း နှစ်ခုရှိသလို ဘန်ကာအခိုင်အမာနဲ့ တည်ဆောက်ထားတဲ့စခန်းပါ။ လွန်ခဲ့တဲ့လတွေကမှ စစ်တပ်အင်အားလည်းဖြည့်ထားပြီး အယောက် ၁၂၀ ကျော်အခြေချတဲ့စခန်းပါ" လို့ တိုက်ပွဲအတွင်း ဒရုန်းနဲ့ပါဝင်တိုက်ခိုက်ခဲ့တဲ့ FFD တပ်ဖွဲ့ဒုတိယတာဝန်ခံက ဘီဘီစီကို ပြောပါတယ်။

ဒီတိုက်ပွဲထဲ နှစ်ဖက်အကျအဆုံးများသလို စစ်ကောင်စီတပ်ဘက်က ဆုတ်ခွာထွက်ပြေးသွားတဲ့ တပ်ဖွဲ့ဝင်တွေလည်းရှိတယ်လို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု ဘယ်လောက်ရှိတယ်ဆိုတာ FFD ဘက်က မထုတ်ပြန်ပေမဲ့ စခန်းသိမ်းအပြီးအခြေအနေဆိုပြီး လူမှုကွန်ရက်မှာ ထွက်ပေါ်လာတဲ့ ဓာတ်ပုံတစ်ပုံမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင် ရုပ်အလောင်း ၄ လောင်းအထိ မြင်တွေ့ရပါတယ်။

တော်လှန်ရေးအင်အားစုတွေဘက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA)ရဲ့ စစ်ရေး ဦးဆောင်မှုနဲ့အတူ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတွေပါ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။

စစ်ကောင်စီဘက်ကတော့ ထိုင်း - မြန်မာနယ်စပ်မှာရှိတဲ့ ဖဲထာခံစစ်စခန်း လက်လွှတ်ခဲ့ရတာနဲ့ပတ်သက်လို့ ဒီကနေ့ ဒီဇင်ဘာ ၁၈ ရက်ညနေပိုင်းအထိ တစုံတရာသတင်းထုတ်ပြန်လာတာမတွေ့ရပါဘူး။

ရမ်းဗြဲမြို့အနီးမှာ စစ်တပ်နဲ့ အေအေ တိုက်ပွဲဖြစ်

ရမ်းဗြဲမြို့ ဆိုင်းဘုတ်

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့အနီးမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(အေအေ)တို့ ဒီနေ့ မနက်ပိုင်းကစလို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ဘီဘီစီကို အတည်ပြုပါတယ်။

ရခိုင်ပြည်နယ်တောင်ပိုင်းမှာရှိတဲ့ ရမ်းဗြဲမြို့အထွက် သိမ်တောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ အေအေတို့ တိုက်ပွဲဖြစ်ကြတာလို့ ဆိုပါတယ်။

‘‘ကျောက်နီမော်ရွာဘက်ကိုထွက်တဲသိမ်တောင်မှာ ဖြစ်နေကြတာ။ ဆက်တိုက်မဟုတ်ပေမဲ့ ပစ်ခတ်သံတွေကို ကြိုကြား ကြိုကြား အခုအထိ ကြားနေရတုန်းပဲ။ ကျွန်မတို့လည်း စစ်ရှောင်ကြပြီ’’ လို့ ရမ်းဗြဲမြို့ ခြေရာတော်ပြင်ဘုရားအနီးမှာနေထိုင်သူတစ်ဦးက ပြီးခဲ့တဲ့ မိနစ်ပိုင်းမှာပဲ ဘီဘီစီကို အတည်ပြုပါတယ်။

ရမ်းဗြဲမှာ အခုကာလအတွင်း တိုက်ပွဲဖြစ်တာ ဒီနေ့ ပထမဆုံးလို့လည်း သူက ဆက်ပြောပြပါတယ်။

လက်ရှိမှာတော့ ရမ်းဗြဲမြို့တစ်မြို့လုံး တိတ်ဆိတ်နေပြီး တိုက်ပွဲရှောင်ဖို့ နီးစပ်ရာ ထွက်ပြေးတိမ်းရှောင်ကြတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

အင်အား ဆယ်ချီတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့လကုန်ပိုင်းကစလို့ သိမ်တောင်မှာ တပ်စွဲနေထိုင်နေတာလို့ ဒေသတွင်း သတင်းတွေမှာဖော်ပြပါတယ်။

အေအေကတော့ သိမ်တောင်ဘုရားမှာ တပ်စွဲထားတဲ့ အမှတ် ၃၈ ခြေလျင်တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်ဟာ အသက် ၁၉ နှစ်အရွယ် လူငယ်အဖော် ၁ ဦးနဲ့အတူ ဆေးခန်းသွားပြတဲ့ အသက် ၃၇ နှစ်အရွယ် အမျိုးသားတို့ကို ဒီဇင်ဘာ ၁၇ ရက်ညမှာဖမ်းဆီးထားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ရက္ခိုင့်တပ်တော်(အေအေ)က မဟာမိတ်အဖြစ်ပါဝင်တဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး ၁ လနီးပါးအကြာမှာပဲ ရခိုင်ပြည်နယ်အတွင်းမှာ အေအေက တိုက်ပွဲဖော်ဆောင်နေပါတယ်။

၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ထုတ်ပြန်တဲ့ ဒီဇင်ဘာလ ၁၇ ရက် ထုတ်ပြန်ချက်မှာတော့ ရခိုင်ပြည်နယ်အတွင်းက ပေါက်တောနဲ့ မြောက်ဦးမြို့မှာ အေအေနဲ့ စစ်တပ်ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး အမ်းနဲ့ကျောက်ဖြူမြို့နယ်တို့မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေလုပ်နေတယ်လို့ ထည့်သွင်းဖော်ပြထားတာတွေ့ရပါတယ်။

၂၀၀၈ အခြေခံဥပဒေဟာ မြန်မာနိုင်ငံရေးပြဿနာရဲ့ အဖြေမဟုတ်ဘူးလို့ တရုတ်ကို အိတ်ဖွင့်စာပေးပို့

၂၀၀၈ အခြေခံဥပဒေဟာ မြန်မာနိုင်ငံရေးပြဿနာရဲ့ အဖြေမဟုတ်ဘူးလို့ တရုတ်ကို အိတ်ဖွင့်စာပေးပို့

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, တရုတ်သမ္မတရှီကျင့်ဖျင် (ဘယ်) နဲ့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (ညာ)

စစ်အာဏာသိမ်းပြီးနောက် အပြီးတိုင်ဖျက်သိမ်းခဲ့ပြီးဖြစ်တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ မြန်မာ့နိုင်ငံရေးပြဿနာရဲ့ အဖြေမဟုတ်ဘူးလို့ လူထုသပိတ်နဲ့ကျောင်းသားသမဂ္ဂတွေက တရုတ်သမ္မတဆီ ပေးပို့တဲ့ အိတ်ဖွင့်ပေးစာမှာ ပြောလိုက်ပါတယ်။

မြန်မာလူထုကလည်း စစ်အာဏာမသိမ်းခင်ကလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက် ပြန်လည်ရောက်ရှိမယ့်အဖြစ်မျိုးကို လက်မခံနိုင်ကြောင်း၊ ဒီဖွဲ့စည်းပုံဟာ စစ်အာဏာရှင်တွေရဲ့ စိတ်တိုင်းကျရေးဆွဲထားတာဖြစ်လို့ စစ်တပ်ရဲ့ ကြီးစိုးအုပ်ချုပ်မှုအောက်မှာ ရာသက်ပန်နေသွားရလိမ့်မယ်လို့ အဲဒီအိတ်ဖွင့်ပေးစာမှာ ထောက်ပြထားပါတယ်။

အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(General Strike Coordination Body - GSCB) အပါအဝင် လူထုတော်လှန်ရေးအဖွဲ့အစည်းပေါင်း ၂၀၀ ကျော်က တရုတ်သမ္မတရှီကျင့်ဖျင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ တရုတ်ပြည်သူတွေဆီ ပေးပို့တဲ့ အိတ်ဖွင့်ပေးစာမှာ ထည့်သွင်း‌ဖော်ပြထားတာဖြစ်ပြီး မြန်မာလူထုရဲ့ ‌သဘောထားဆန္ဒနဲ့ တော်လှန်ရေးအခြေအနေကို သိရှိနိုင်ဖို့ရည်ရွယ်တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကတော့ မြန်မာပြည်တွင်းက သက်ဆိုင်ရာပါဝင်ပတ်သက်သူတွေအနေနဲ့ မတူကွဲပြားချက်တွေကို ၂၀၀၈ အခြေခံဥပဒေနဲ့အညီ ဖြေရှင်းကြပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လျှောက်ဖို့ဆိုတဲ့ သဘောထားမျိုး စစ်အာဏာသိမ်းပြီးနောက် ထုတ်ပြောလေ့ရှိပါတယ်။

ဒီဇင်ဘာ ၁၅ ရက်နေ့က အာဆီယံနိုင်ငံတွေက သံတမန်တွေနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ တွေ့ဆုံချိန်မှာလည်း တရုတ်အနေနဲ့ မြန်မာပြည်မြောက်ပိုင်းမှာ အပစ်ရပ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုမြှင့်တင်ရေးလုပ်ငန်းတွေ ဆက်လုပ်ဆောင်မှာဖြစ်သလို သက်ဆိုင်ရာဘက်အသီးသီးကလည်း သဘောတူညီချက်တွေကို လက်တွေ့အကောင်ထည်ဖော်ပြီး လက်ရှိတင်းမာမှုကို လျော့ချဖို့ ထည့်ပြောခဲ့ပါတယ်။

အိတ်ဖွင့်ပေးစာမှာတော့ စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်တွေနဲ့ ပြည်သူ့စစ်အဖွဲ့တွေဟာ တရုတ် - မြန်မာ ချစ်ကြည်ရေး၊ နှစ်နိုင်ငံအမျိုးသားလုံခြုံရေးနဲ့ နယ်စပ်တည်ငြိမ်ရေးကို ထိခိုက်ပျက်စီးစေတဲ့ ကျားဖြန့်အွန်လိုင်းလောင်းကစား၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါး‌ စတဲ့လုပ်ငန်းတွေအပြင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကိုကျူးလွန်နေကြတာဖြစ်လို့ နှစ်နိုင်ငံအတွက် ဘုံရန်သူ တွေလို့ ဖော်ပြပါတယ်။

အခုတော်လှန်ရေးရဲ့ လားရာနဲ့ ဖော်ဆောင်ဖြတ်သန်းနေမှုတွေဟာ အနောက်နိုင်ငံတွေအပါအဝင် ကမ္ဘာ့နိုင်ငံရေးအုပ်စုတွေရဲ့ အလိုကျလှုံဆော်မှုတွေကြောင့် လုပ်ဆောင်နေတာမဟုတ်ဘူးလို့ အင်အားစုတွေက ပြောပါတယ်။

ဒါအပြင် တရုတ်အပါအဝင် မြန်မာ့အိမ်နီးချင်းနိုင်ငံတွေဖြစ်စေ ကမ္ဘာ့နိုင်ငံတစ်နိုင်ငံရဲ့ အကျိုးစီးပွား‌ကို ထိခိုက်နစ်နာမှုမျိုး လုံးဝမဖြစ်စေရဘူးလို့လည်းဆိုပါတယ်။

ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေးသာမက စစ်ကိုင်းက တိုက်ပွဲတွေထဲ တရုတ်အကျိုးစီးပွား‌ကို ထိခိုက် အောင်လုပ်ဆောင်တဲ့လုပ်ရပ်တွေ ရှိနေတယ်လို့ စစ်ကောင်စီကလည်း သူတို့ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြလေ့ရှိပါတယ်။