ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကလေးကစားကွင်းတွေထဲကို အမျိုးသမီးတွေမလာဖို့တားမြစ်
ကာဘူးလ်မြို့လယ်က ကစားကွင်းထဲမှာ ရဟတ်စီးနေတဲ့ကလေးတွေ၊ တိုက်ကားမောင်းနေတဲ့ ကလေးတွေ၊ ရိုလာကိုစတာစီးနေတဲ့ကလေးတွေရဲ့ ပျော်ပါးမြူးတူးအော်ဟစ်နေသံတွေဟာ လေထဲပျံဝဲနေပါတယ်။
ကလေးဖအေတွေက ကလေးတွေနဲ့အတူလိုက်စီးကြ၊ စောင့်ရှောက်ပေးကြ၊ ဓာတ်ပုံတွေတွဲရိုက်ကြပါတယ်။ အာဖဂန်နစ္စတန်မှာ သိပ်များများမတွေ့ရတတ်တဲ့ ပျော်ရွှင်ဖွယ်အခိုက်အတန့်လေးတွေဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီအခိုက်အတန့်လေးထဲမှာ အခုတော့ ကလေးငယ်တွေရဲ့မိခင်တွေ ပါဝင်ခွင့်ရတော့မှာ မဟုတ်ပါဘူး။ ကာဘူးလ်မြို့ရဲ့ကစားကွင်းတွေထဲကို အမျိုးသမီးတွေမဝင်ရဘူးလို့ တာလီဘန်အစိုးရက တားမြစ်လိုက်ပါပြီ။
ကလေးငယ်တွေနဲ့ဖခင်တွေပျော်ရွှင်နေကြချိန်မှာ အမျိုးသမီးတွေအနေနဲ့ ကစားကွင်းနဲ့ အနီးကပ်ဆုံးနေခွင့်ရတဲ့နေရာက အထပ်မြင့်မှာဖွင့်ထားတဲ့ စားသောက်ဆိုင်ပါ။ အဲဒီအပေါ်ကနေ ထိုင်ကြည့်ခွင့်ရရုံလောက်ပါပဲ။
တာလီဘန်တို့က တားမြစ်အမိန့်ထုတ်လိုက်တိုင်းမှာ နောက်ထပ်ဘာတွေထပ်လာဦးမလဲဆိုပြီး အမျိုးသမီးတွေ ရင်တထိတ်ထိတ်ဖြစ်ကြရပါတယ်။
တချို့ကတော့လည်း ဒီထုတ်ပြန်ချက်ဟာ လူများစုပြည်သူလူထုကြီးအတွက် ဘာမှ ထိခိုက်နစ်နာစရာမရှိဘူး၊ ဘာ့ကြောင့်လဲဆိုတော့ လူများစုပြည်သူလူထုကြီးဟာ ညနေခင်းမှာ ထွက်လည်နိုင်ကြတာ မဟုတ်လို့ပါပဲလို့ဆိုကြပါတယ်။ ညနေခင်းမှာ အပြင်ထွက်လည် အပန်းဖြေတယ်ဆိုတာဟာ လူချမ်းသာတွေအတွက် အထူးဇိမ်ခံအခွင့်အရေးလိုဖြစ်နေပါတယ်။
အာဖဂန်မိန်းကလေးအများစုအတွက်ကတော့ လူများများထိခိုက်သလား၊ နည်းနည်းထိခိုက်သလားဆိုတဲ့ အတိုင်းအတာထက် လုပ်ရပ်ကပိုအရေးကြီးနေပါတယ်။ ၂၀၂၁ ခုနှစ် သြဂုတ်လမှာ တာလီဘန်တို့အာဏာရလာပြီးနောက်ပိုင်းဆောင်ရွက်ချက်တွေဟာ ဘာတွေကို ရည်ရွယ်လုပ်ဆောင်နေတယ်ဆိုတာ အခုလိုတားမြစ်ချက်တွေက ပေါ်လွင်စေပါတယ်။
“မနက်လင်းတာနဲ့ မိန်းကလေးတွေအတွက် စည်းကမ်းချက်အသစ်ဆိုတာကြားရတော့တာပဲ။ ကျွန်မတို့ဟာ နောက်ထွက်လာမဲ့တားမြစ်ချက်အသစ်ကို ငုတ်တုတ်ထိုင်စောင့်နေရသလို ဖြစ်နေပြီ။” လို့ ကျောင်းသူတယောက်ကပြောပါတယ်။ သူ့နာမည်ကိုလုံခြုံရေးအတွက် ဖုံးကွယ်ထားပါတယ်။
“တာလီဘန်တွေအာဏာမရခင် အထက်တန်းပညာရေးပြီးထားလို့ ကျွန်မအတွက် တော်ပါသေးတယ်။ ဒါပေမဲ့တက္ကသိုလ်တွေတောင် အမျိုးသမီးတွေ မတက်ရ အမိန့်ထုတ်လိုက်မှာ ကြောက်နေရပါတယ်။ အဲဒါဆိုရင်တော့ ကျွန်မအိပ်မက်တွေ သွားပြီပေါ့။”
တက္ကသိုလ်ဝင်ခွင့်လျှောက်တော့လည်း သူ့အတွက် စိတ်ပျက်စရာဖြစ်ခဲ့ရတယ်လို့ပြောပါတယ်။ သူလိုချင်တဲ့ စာနယ်ဇင်းပညာ ဘာသာရပ်ကို အမျိုးသမီးတွေ တက်ရောက်သင်ကြားခွင့်မပြုတော့ဘူးလို့ တာလီဘန်တို့က တားမြစ်ချက်အသစ်ထုတ်ပြန်လိုက်လို့ပါပဲ။
“အခြေအနေက ဘယ်လောက်တောင်ခက်ခဲတယ်ဆိုတာ ပြောမပြတတ်လောက်အောင်ပါပဲ။ တခါတလေ အသံကုန်အော်ပစ်လိုက်ချင်တယ်။ ကျွန်မတော့ တော်တော်စိတ်ကုန်နေပြီ။” လို့လည်း သူကဆိုပါတယ်။
တာလီဘန်မှာအမျိုးသမီးတွေရဲ့ နယ်ပယ်ဟာ ကျဉ်းလာ၊ ကျုံ့လာနေပါပြီ။ တချို့ကတော့ တာလီဘန်တို့ရဲ့ချုပ်ချယ်မှုကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ တုံ့ပြန်ဖို့ကြိုးစားကြပါတယ်။
လိုင်လာဘာဆင်ဟာ အမျိုးသမီးစာကြည့်တိုက်တည်ထောင်သူတွေထဲက တယောက်ပါ။ သူတို့စာကြည့်တိုက်မှာ ပညာရပ်မျိုးစုံအတွက် ဘာသာစကားပေါင်းစုံနဲ့ရေးထားတဲ့စာအုပ် တွေ ထောင်သောင်းချီရှိပါတယ်။
“တာလီဘန်အမျိုးသမီးတွေဟာ ငြိမ်ခံနေကြမှာမဟုတ်ဘူးဆိုတာကို ဒီနည်းနဲ့ ကျွန်မတို့ပြသနေတာပါ။ ကျွန်မတို့ရဲ့ ဒုတိယရည်မှန်းချက်က အမျိုးသမီးတွေအတွက် စာဖတ်အလေ့အထကို ချဲ့ထွင်ဖို့ပါ။ အထူးသဖြင့် ပညာရေးလမ်းကြောင်းအပိတ်ပင်ခံထားရတဲ့ မိန်းကလေးတွေအတွက်ပါ။”
တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ ယောကျ်ားသားတွေကို အံတုပြီး သူ့အသံကို ကျယ်ကျယ်လောင်လောင် ဖွင့်ထုတ်ဖို့ သူဆုံးဖြတ်ထားပါတယ်။ ပြီးခဲ့တဲ့နှစ်ကတည်းက ဆန္ဒပြပွဲ အများအပြားမှာ သူပါဝင်ခဲ့ပါတယ်။
“ကျွန်မတို့သေမှာလည်း မကြောက်ဘူး။ မိသားစုကို ဒုက္ခပေးမယ်လို့ခြိမ်းခြောက်တာလည်း မကြောက်ဘူး။ ကျွန်မတို့ကြောက်တာက လူ့အဖွဲ့စည်းကနေ အပယ်ခံတွေဖြစ်မှာကိုပဲကြောက်တယ်။”
ချုပ်ချယ်မှုတွေတိုးလာတာဟာ စိုးရိမ်စရာ စိတ်မကောင်းစရာလို့ သူကမြင်ပါတယ်။
“ကျွန်မတို့ဆုံးရှုံးသွားတဲ့ လွတ်လပ်ခွင့်တွေအကြောင်းတွေးမိရင် စိတ်မချမ်းမသာဖြစ်မိပါတယ်။ တခြားနိုင်ငံတွေက အင်္ဂါဂြိုဟ်ကိုခရီးသွားနေချိန်မှာ ကျွန်မတို့က ဒီလောက်အခြေခံကျတဲ့ အခွင့်အရေးလေးရဖို့ တိုက်ပွဲဝင်နေရတုန်းဆိုတာ စိတ်ပျက်စရာပါ။”
အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ ဇာရီဖာယာဂေါဘီနဲ့ တခြား ၃ ယောက်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်တုန်းက အဖမ်းခံခဲ့ရပါတယ်။ သူတို့ကိုပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂနဲ့ အဖွဲ့အစည်းများစွာက တောင်းဆိုခဲ့ကြပေမဲ့လည်း တာလီဘန်တို့က တုံဏှိဘာဝေလုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်က အာဖဂန်ဘောလုံးကွင်းအတွင်း ထောင်သောင်းချီတဲ့လူတွေရှေ့မှာ အမျိုးသမီး ၃ ယောက်အပါအဝင် လူ ၁၂ ယောက်ဟာကြိမ်လုံးနဲ့ အရိုက်ခံခဲ့ရပါတယ်။
တာလီဘန်တို့ရဲ့ အခုအုပ်ချုပ်ပုံဟာ ၁၉၉၀ ခုနှစ်လွန်ကာလတွေတုန်းကအတိုင်းဖြစ်လာပါတယ်။
“တာလီဘန်တို့ရဲ့ အခုမူဝါဒတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်ကအတိုင်းပဲ။ အခု ၂၁ ရာစုမှာ ကျွန်မတို့က ဒါမျိုးတွေကိုလက်မခံတော့ဘူးဆိုတာကို သူတို့သိအောင် ပြောရမှာပဲ။” လို့လိုင်လာဘာဆင်က ဆိုပါတယ်။
သူတို့စာကြည့်တိုက်နဲ့ မလှမ်းမကမ်းမှာ တာလီဘန်ယဉ်ကျေးမှုထိန်းသိမ်းရေးပုလိပ်အဖွဲ့နဲ့ အစ္စလာမ်ကျင့်ဝတ်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့ရှိပါတယ်။ အဲဒီနေရာဟာလည်း အမျိုးသမီးများ လာခွင့်မရှိဆိုတဲ့ နေရာတခုဖြစ်ပါတယ်။
“ကျွန်တော်တို့ဂိတ်ပေါက်မှာ အမျိုးသမီးတွေမကျေနပ်တာတိုင်ကြားလို့ ရနိုင်မဲ့ စာတိုက်ပုံးထားပေးပါတယ်။ ကျွန်တော်တို့ညွှန်မှူးက အမျိုးသမီးတွေကို ဂိတ်ပေါက်ထွက်တွေ့ပါတယ်။” လို့ အစ္စလာမ်ကျင့်ဝတ်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရ မိုဟာမက်အာကစ်မူဟာဂျာက ဆိုပါတယ်။
အမျိုးသမီးတွေ ကစားကွင်းမသွားရအမိန့်ဟာ အစ္စလာမ်ရှာရီယာဥပဒေနဲ့အညီပြဋ္ဌာန်းတာလို့ သူက ခုခံပြောဆိုပါတယ်။
“ပြီးခဲ့တဲ့ ၁၅ လအတွင်းမှာ ကျွန်တော်တို့နှမတွေ၊ အစ်မတွေကို ကစားခွင့်မှာပျော်ပါးခွင့်ပြုခဲ့ပါတယ်။ အမျိုးသမီးတွေ ခေါင်းစည်းစည်းကြပါလို့ ကျွန်တော်တို့ပြောခဲ့ပေမဲ့ တချို့က မလိုက်နာပါဘူး။ ကစားကွင်းတွေမှာ အမျိုးသမီးနေ့နဲ့ အမျိုးသားနေ့ သီးခြားခွဲဖို့ ကျွန်တော်တို့ပြောပေမဲ့ မလိုက်နာခဲ့ကြပါဘူး။” လို့သူကရှင်းပြပါတယ်။
ဒီစကားတွေဟာ တာလီဘန်တို့ရဲ့ အမျိုးသမီးတွေအပေါ်သဘောထားကို ကောင်းကောင်းထင်ဟပ်ပါတယ်။ ပြီးခဲ့တဲ့နှစ် သူတို့အာဏာရပြီး သိပ်မကြာသေးတဲ့ကာလမှာ သူတို့ဟာ အရင်ထက်ပျော့ပျောင်းလာသယောင် ပုံရိပ်ဆောင်ယူထားတာတွေ ကွာကျလာပါတယ်။
“တကမ္ဘာလုံးက အာဏာရှိတဲ့ပုဂ္ဂိုလ်တွေဟာ အီရန်က အမျိုးသမီးအခွင့်အရေးကိုတော့ ကျယ်ကျယ်လောင်လောင်ဝေဖန် ထောက်ခံနေကြပါတယ်။ အာဖဂန်နစ္စတန်ကိုတော့ ပစ်ထားကြပါတယ်။ သတင်းစာမျက်နှာတွေရဲ့ ခေါင်းစည်းမှာတောင် တက်မလာပါဘူး။ ကျွန်မတို့ သိပ်စိတ်ပျက်ရပါတယ်။” လို့လိုင်လာဘာဆင်က ဆိုပါတယ်။
ကျောင်းသူတယောက်ကတော့ “တနေ့မှာ အမျိုးသမီးတွေ အိမ်ထဲက အိမ့်ပြင်မထွက်ရဘူးလို့ စည်းကမ်းထုတ်မလားဘူးလို့ ပြောနိုင်မလား။ အာဖဂန်နစ္စတန်မှာ မဖြစ်နိုင်တာ ဘာမှမရှိဘူး” လို့ ဆိုပါတယ်။