နိုဝင်ဘာ ၂၀ရက်၊ ထိပ်တန်းသတင်းများ
မရမ်းကုန်းမြို့နယ်က အိမ်ခြေ ၁၅၀ ကျော် ကျူးကျော်ဆိုပြီး အဖျက်ခံရ

ဓာတ်ပုံ ရင်းမြစ်, CJ
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် ၊ ၃ ရပ်ကွက် ၊ ခိုင်ရွှေဝါ ၁ လမ်းထဲက နေအိမ် ၁၅၀ ကျော်ဟာ နိုဝင်ဘာ ၁၉ ရက် မနက်ပိုင်းမှာ အဖျက်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ခိုင်ရွှေဝါ ၁ လမ်းထဲက နေအိမ်တွေကို ၃ ရက်အတွင်း ဖယ်ရှားဖို့ဆိုပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့က အတင်းအကြပ်လက်မှတ်ထိုးခိုင်းထားခဲ့တယ်လို့ ဖျက်ခံရတဲ့ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။
အဲဒီနောက် နိုဝင်ဘာ ၁၉ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ စည်ပင်ဌာန၊ အိုးအိမ်ဌာန၊ အချုပ်ကားတွေနဲ့ အရပ်ဝတ် လူတစ်ချို့ အပါအဝင် စုစုပေါင်း အယောက် ၂၀၀ လောက်က လမ်းတွေကို ဝိုင်းထားပြီး ဖျက်ခဲ့တာဖြစ်တယ်လို့ ပြောကြပါတယ်။
“ရောက်လာပြီးတော့ ပစ္စည်းတွေ သယ်ဖို့ နာရီဝက်ပဲ အချိန်ပေးတယ်။ နာရီဝက်နဲ့ ဘယ်လိုထုတ်မလဲ။ အဲ့ဒါကို တောင်းတောင်းပန်ပန်နဲ့ ခဏနေပါဦးပြောတာကို မရဘူး။ အကုန်ထွက်ဆိုပြီး ဂေါ်ကားကြီးနဲ့ ဖျက်ဆီးသွားတာ အကုန်မီးလောင်ပြင်လိုဖြစ်သွားတယ်”လို့ အိမ်ဖျက်ဆီးခံရသူတစ်ယောက် ပြောပါတယ်။
ဖျက်ဆီးခံလိုက်ရတဲ့ နေအိမ်တွေထဲက သုံးလို့ရသလောက်ပစ္စည်းတွေကို ပြန်လည်ကောက်ယူပြီး ရောင်းချကြရသလို နေထိုင်ဖို့အတွက်လည်း အခက်ခဲဖြစ်နေတာကြောင့် ဘုန်းကြီးကျောင်းတွေ၊ ရပ်ကွက်ထဲက အသိမိတ်ဆွေတွေအိမ်မှာ ယာယီနေနေကြရတယ်လို့ပြောပါတယ်။
လက်ရှိအချိန်မှာ နေအိမ်ငှားခတွေ ဈေးကြီးမြင့်တာ၊ ချက်ချင်း အိမ်ငှားလို့မရတာ၊ အိမ်ငှားဖို့အတွက် ငွေကြေးခက်ခဲနေကြရတယ်လို့လည်း ပြောကြပါတယ်။
“အခုတော့ စစ်အုပ်ချုပ်ရေးဆိုတော့ သူတို့လုပ်ချင်တာ လုပ်ခွင့်ရှိသလိုဖြစ်နေတာပေါ့။ အခုက ဘာတွေကြုံနေရသလဲဆိုတော့ ဂရမ်ပေးပြီးသားတွေတောင် ဂရမ်ပြန်သိမ်းတာ ကြုံရတယ်။ သိမ်းတယ်ဆိုကတည်းက သူတို့ဘက်က အားသာတဲ့အကွက်ကိုယူပြီးလုပ်ကြတာ။ အသိမ်းခံရတဲ့ သူတွေမှာပဲ အပြစ်ရှိသယောင်နဲ့ ခုခံကာကွယ်ခွင့်မရှိသလိုဖြစ်နေတယ် ”လို့ အိမ်ခြံမြေကျွမ်းကျင်သူ တစ်ယောက်က ပြောပါတယ်။
အဖျက်ဆီးခံရတဲ့ နေအိမ်မြေကွက်တွေဟာ ဘိုးဘွားပိုင်မြေတွေဖြစ်ပြီး အရောင်းအဝယ် စာချုပ်တွေချုပ်ကတည်းက ရှေ့နေတွေ၊ ရပ်ကွက်လူကြီးတွေသက်သေနဲ့ ဝယ်ယူချုပ်ဆိုခဲ့ကြတာဖြစ်တယ်လို့ ပြောပါတယ်။
စစ်ကောင်စီဘက်ကလည်း ကျူးကျော်လို့ စွပ်စွဲဖျက်သိမ်းပေမယ့် မြေယာပိုင်ဆိုင်မှုနဲ့ စီမံခန့်ခွဲနိုင်မှုနဲ့ ပတ်သတ်ပြီး ပွင့်ပွင့်လင်းလင်း ချပြပြောဆိုတာမျိုး မရှိသလို၊ ကျူးကျော်လို စွပ်စွဲခံရသူတွေဘက်ကလည်း ရရှိပိုင်ဆိုင်ထားမှုအထောက်အထားတွေ မှန်ကုန်မှုရှိမရှိကို ဘီဘီစီက သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။
ကလေး-တမူးလမ်းမကြီးကို ၇ ရက်အသုံးမပြုဖို့ ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, ကလေးမြို့နယ် ပကဖ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေတွေအရ ကလေး - တမူး လမ်းမကြီးကို ၇ ရက်အတွင်း အများပြည်သူပိုင်ယာဉ်တွေ ဖြတ်သန်းသွားလာတာ မလုပ်ဖို့ ကလေးပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ နိုဝင်ဘာ ၂၀ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
ဒီနေ့ နေ့လယ်ပိုင်းအထိတော့ ကလေးမြို့ ကလေး-တမူးလမ်းမကြီးမှာတော့ သွားလာတာတွေ ဆက်ရှိနေတယ်လို့လည်း ကလေးဒေသခံတစ်ယောက်က ပြောပါတယ်။
“ကျနော်တို့တော့ သေချာမသိဘူးဗျ။ သွားလာတာတော့ ရှိနေတုန်းပါပဲ။ သူတို့တွေ ဂိတ်တွေဖွင့်ပြီးတော့ ကားတွေဘာတွေ စစ်တာတွေတော့ရှိတယ်။ ခဏစစ်ပြီးရင် ပြန်သွားခိုင်းတာပါပဲ။ ထူးထူးခြားခြားတော့ မရှိသေးဘူး”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်တုန်းကလည်း ကလေးမြို့ကနေ ကလေးမြို့နယ်တောင်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီအဖွဲ့ဝင် ၈၀ ကျော်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အကြောင်း၊ အဲ့ဒါကြောင့် စစ်ကောင်စီအဖွဲ့ဝင် ၃ ယောက် သေဆုံးတာကြောင့် ကလေးနည်းပညာတက္ကသိုလ်အနားမှာက ပြည်သူ ၃ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးသွားတဲ့အကြောင်း ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
တမူး-ကလေး လမ်းမကြီးပေါ်ကို ဖြတ်သန်းသွားလာတာကြောင့် ဖြစ်လာနိုင်တဲ့ လုံခြုံရေးအန္တရာယ်တွေကို တာဝန်ယူ၊ တာဝန်ခံမှု မလုပ်ပေးနိုင်တာကြောင့် နောက်ဆက်တွဲအကျိုးဆက်တွေကို သတိပြုကြဖို့ဆိုပြီး ကလေးပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားတာပါ။

ဓာတ်ပုံ ရင်းမြစ်, CJ
ပြစ်ဒဏ် ၁၃ နှစ်အထိ အကျဉ်းချခံနေရတဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပုဟာ စစ်တွေအကျဉ်းထောင်ထဲ ဘယ်ဘက်မျက်စိတစ်ဘက် လုံးဝမမြင်ရတော့တဲ့အထိ ခံစားနေရတယ်လို့ သမီးဖြစ်သူ ဒေါ်ကြည်ကြည်ဌေးက ပြောပါတယ်။
ဦးညီပုရဲ့ လက်ရှိခံစားနေရတဲ့ မျက်ိဝေဒနာဟာ မျက်လုံးပေါ်မှာ တိမ်စွဲကပ်နေတာကြောင့်ဖြစ်ပြီး အချိန်မီဆေးဝါးကုသမှုခံယူခွင့်မရခဲ့တာကြောင့် အခုလို အမြင်အာရုံဏ်ချို့တဲ့တဲ့အထိ ဖြစ်လာခဲ့တာလို့ သိရပါတယ်။
သူဝန်ကြီးချုပ်အဖြစ်တာဝန်ယူနေခဲ့ရချိန်မှာကတည်းက ဘယ်ဘက်မျက်လုံးမှာ တိမ်စွဲကပ်စပြုနေခဲ့တာဖြစ်ပြီး မအားလပ်တဲ့အတွက် ခွဲစိပ်ကုသမှုတွေမလုပ်နိုင်ခဲ့သလို အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်းမှာလည်း ဖမ်းဆီးအကျဉ်းချခံလိုက်ရတာကြောင့် အဲ့ဒီရောဂါကို ကုသဖို့အခွင့်အရေးမရခဲ့ဘူးလို့ သူ့ရဲ့သမီးက ပြောပါတယ်။
“အဖေ့ဘယ်ဘက်မျက်လုံးက မမြင်ရတော့ဘူးလို့ မိတ်ဆွေတစ်ယောက်ပြောလို့သိရတာပါ။ ကျွန်မတို့မိသားစုနဲ့လည်း အဆက်အသွယ်မရတော့ အဖေဘာဖြစ်နေတယ်။ ဘယ်လိုအခြေအနေရှိတယ်ဆိုတာ ဘာှမသိရပါဘူး။ ထောင်ဝင်စာလည်းတွေ့ခွင့်မရဘူး”လို့ သမီးဖြစ်သူ ဒေါ်ကြည်ကြည်ဌေးက ပြောပါတယ်။
ဦးညီပုဟာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဟောင်း ဝန်ကြီးလေးဦးတို့နဲ့အတူ စစ်တပ်ဘက်က စွပ်စွဲစွဲဆိုထားတဲ့ အဂတိလိုက်စားမှုအပါအဝင် အခြားပြစ်မှုတွေနဲ့ စစ်တွေအကျည်းထောင်ထဲမှာ အကျဉ်းချခံနေရတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက ဦးညီပုရဲ့ဇနီးသည် ဒေါ်ဝင်းကြည်ကိုယ်တိုင် ထောင်ဝင်စာလာတွေ့ခဲ့ပေမယ့် တွေ့ခွင့်မရခဲ့ဘူးလို့ သိရပါတယ်။
ဒီရောဂါအတွက် လတ်တလောမှာ ဆေးကုသမှုတွေမလုပ်ရသေးသလို ဆေးဝါးကုသခွင့်ရရှိဖို့ ထောင်တာဝန်ရှိသူတွေဆီ ဦးညီပုကိုယ်တိုင် စာပို့တင်ပြထားပေမယ့် ထူးခြားတာတွေမတွေ့ရသေးဘူးလို့ဆိုပါတယ်။
၁၉၉၆ ခုနှစ်နောက်ပိုင်း KNLA လက်လွတ်ခဲ့ရတဲ့ စခန်းတွေကို ပြန်သိမ်းပိုက်နေတယ်လို့ KNU ထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, KNU-Mutraw News
ကရင်ပြည်နယ် ဖာပွန်မြို့ အရှေ့ဘက်က စစ်ကောင်စီတပ်စွဲထားတဲ့ လယ်တိုးတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က နိုဝင်ဘာ ၁၈ ရက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ သတင်းဌာနတစ်ခုဖြစ်တဲ့ မူတြော်သတင်းစဉ်က ထုတ်ပြန်ပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီဘက်က တစ်ယောက်သေဆုံးသွားတယ်လို့ ပြောပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်က ၁၉၉၆ ခုနှစ်နောက်ပိုင်းကာလတွေမှာ လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ တပ်စခန်းတွေကို အမှတ် (၅) တပ်မဟာကနေ ပြန်ပြီးသိမ်းယူနေတာဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက် မနက်ပိုင်းမှာလည်း KNLA အမှတ် ၅ တပ်မဟာလက်အောက်ခံ တပ်ရင်း (၁၀၂) က တပ်ဖွဲ့ဝင်တွေက စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ် BGF တို့ တပ်စွဲထားတဲ့ သက်ဖိုးကလိုးစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်ဘက်က ၅ ယောက် သေဆုံးပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဘက်ကလည်း မူတြော်ခရိုင်၊ လူသော်မြို့နယ်၊ စော်မူပလောကျေးရွာအုပ်စု တိုးသူးပလောရွာထဲကို နိုဝင်ဘာ ၁၀ ရက်က စစ်လေယာဉ်နဲ့ဗုံး ၂ လုံး ကျဲသွားတဲ့အတွက် မူလတန်းကျောင်းတစ်ကျောင်း၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ကျောင်းနဲ့ ဝတ်ပြုဆုတောင်းဇရပ်တစ်လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ မူတြော်သတင်းအရ သိရပါတယ်။
ကရင်ပြည်နယ်အတွင်းက တိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးတာနဲ့ပတ်သက်လို့ စစ်ကောင်စီကို မေးမြန်းဖို့ ကြိုးစားနေပါတယ်။
မောင်တောတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၀ ယောက်သေဆုံးပြီး ၁၅ ယောက်ကျော် ဒဏ်ရာရတယ်လို့ ရက္ခိုင့်တပ်တော်ထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, ရခိုင့်တပ်တော်
ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်း ဝက်ကျိန်းအပြင်ရွာ မြောက်ဘက်မှာရှိတဲ့ ရခိုင့်တပ်တော်အေအေရဲ့ စခန်းကို စစ်ကောင်စီတပ်တွေက နိုဝင်ဘာ ၁၈ ရက်မှာ ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲတွေဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ယောက်သေဆုံး၊ ၁၅ ယောက်ကျော် ဒဏ်ရာရတယ်လို့ ရက္ခိုင့်တပ်တော် အေအေက နိုဝင်ဘာ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။
တိုက်ပွဲဟာ နေ့လယ် ၁၂ နာရီကနေ ညနေ ၄ နာရီလောက်အထိ ဖြစ်ပွားခဲ့ပြီး ရခိုင့်တပ်တော် အေအေဘက်က တစ်ယောက်သေဆုံးပြီး ၅ ယောက် ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
တိုက်ပွဲအပြီးမှာ စစ်ကောင်စီအဖွဲ့တွေဆီကနေ စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိတယ်လို့လည်း ပြောပါတယ်။
မောင်တောမြောက်ပိုင်း ကြိမ်ချောင်း၊ လက်ပံတောင်ပတ်ဝန်းကျင်နဲ့ ဝေလာတောင်တန်း ပတ်ဝန်းကျင်မှာ ရခိုင့်တပ်တော်နဲ့ စစ်ကောင်စီတပ်တွေကြား နေ့စဉ်နီးပါး တိုက်ပွဲတွေဖြစ်ပွားနေတာပါ။
နိုဝင်ဘာ ၁၉ ရက်မှာလည်း ပလက်ဝဒေသကို တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးတွေ ၊ တိုက်လေယာဉ်တွေနဲ့ နေ့တိုင်းနီးပါးပစ်ခတ်နေတာ၊ စစ်သုံးဒရုန်းတွေသုံးပြီး အေအေတပ်စခန်းတွေကိုသာမက အရပ်ဘက်ပြည်သူတွေကိုပါ တိုက်ခိုက်နေတာတွေရှိတယ်လို့ ပြောပါတယ်။
အေအေဘက်ကလည်း ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီရဲ့ စကခ (၁၅) တပ်မဌာနချုပ်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီကလည်း စစ်အင်အားဖြည့်နေတဲ့အတွက် တိုက်ပွဲတွေ ပိုပြီး ပြင်းထန်လာနိုင်တယ်လို့လည်း သတိပေးထားပါတယ်။
ရခိုင်ပြည်နယ်ဘက်က တိုက်ပွဲတွေနဲ့ ထိခိုက်သေဆုံးမှုတွေအပေါ်တော့ ဘီဘီစီကသီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။ ဖြစ်စဥ်တွေနဲ့ ပတ်သတ်ပြီးလည်း စစ်ကောင်စီက တစုံတရာထုတ်ပြန်တာတော့ မရှိသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အနောက်တောင်ဘက်နဲ့ မြောက်ဘက်တွေမှာရှိတဲ့ ရွာတွေကို စစ်ကြောင်းက လက်နက်ကြီး ပစ်ခတ်ပြီး ရွာအတွင်းဝင်ရောက်တာအပြင် နေအိမ်တွေပါမီးရှို့ခံရတာတွေ ဆက်တိုက်ဖြစ်နေ တယ်လို့ ဒေသခံနဲ့ မြေပြင် သိရှိသူတွေထံကသိရပါတယ်။
ခင်ဦးမြို့နယ် အနောက်တောင်ဘက် ကျေးရွာတွေကနေ ဆက်တိုက်စစ်ကြောင်းထိုးလာရာကနေ အရှေ့ တောင်ဘက်အထိကို နိုဝင်ဘာ ၁၅ရက်နေ့ကနေ ဒီကနေ့ နိုဝင်ဘာ ၂၀ရက်ရက်၊ ဒီနေ့အထိကို စစ်ကြောင်း ထိုးနေ တာလို့ သိရပါတယ်။
အဲဒီစစ်ကြောင်းက အင်းပတ်၊ အောင်ချမ်းသာ၊ ဆည်ကြီး၊ ညောင်ပင်ခြံ၊ ကုန်းသာ၊ မရဲအင်း၊ ရွှေယမင်း၊ ကံကြီးကုန်း၊ ငနီကုန်း၊ ပေါင်းလဲကုန်း၊ လက်ပံကုန်း၊ လိပ်ရကုန်း၊ လက်ပံကြီး၊ လက်ပံလှ စတဲ့ ရွာတွေကို ဆက်တိုက်ဝင် နေတာ ဖြစ်ပါတယ်။
နိုဝင်ဘာ ၂၀ရက်၊ ဒီကနေ့ မနက်ကစလို့ ရွှေဘိုနဲ့ ခင်ဦးမြို့နယ်အဆက်အထိကို အဲဒီစစ်ကြောင်းက ရောက်ရှိ ကာ ရွှေဘိုနယ်ထဲက လိပ်ရကုန်း၊ ခင်ဦးထဲက ပေါင်းလဲကုန်းနဲ့ လက်ပံကုန်း၊ လက်ပံကြီး၊ လက်ပံလှ စတဲ့ ရွာတွေကို စစ်ကြောင်းဝင်တာအပြင် မီးရှို့တာတွေကိုပါ ဆက်လုပ်နေတာလို့ ဒေသခံတွေထံကသိရပါတယ်။
စစ်ကြောင်းက လောင်းရှည် ရွာနဲ့ ရွှေဘိုနယ်ဘက်က ကိုးပင်ရွာအထိကို ဦးတည်နေတာလို့ မြေပြင်သိရှိသူတွေထံကသိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
အဲဒါအပြင် ကန့်ဘလူဘက်ကဝင်တဲ့ စစ်ကြောင်းက ခင်ဦးမြို့နယ် မြောက်ဘက်က ဆီဆုံလေးရွာကို နိုဝင်ဘာ ၁၉ရက် မနေ့ညက ရွာအတွင်းဝင်ရောက်ကာ နေအိမ် ၅လုံးကို မီးရှို့ခဲ့သလို ဒီကနေ့ မနက်ပိုင်းမှာလည်း ထပ်မံမီးရှို့ခဲ့တယ်လို့ မီးရှို့မှုကို သိရှိထားရသူတွေက ဘီဘီစီကိုပြောပါတယ်။
အဲဒီရွာထဲက ထွက်ခွာသွားတဲ့ စစ်ကြောင်းက ဒီကနေ့မှာ ဒေသခံတွေအခေါ် ပျူစောထီးရွာလို့ ခေါ်ကြတဲ့ ပန်းတောင်းလှရွာဘက်ကို ထွက်ခွာပြီးဆက်တိုက်ဆိုသလို အဲဒီအနီးက ပန်းတောင်းကြီးရွာဘက်ကို ဆက်ဝင်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
စစ်ကြောင်း ဆက်တိုက်ဝင်နေတဲ့ ခင်ဦးဘက်က အဲဒီရွာတွေမှာတော့ ဒေသခံသောင်းချီက လုံခြုံတဲ့ နီးစပ်ရာ တွေမှာ စစ်ဘေးရှောင်နေကြရတယ်လို့ ဆိုကြပါတယ်။ စစ်ကြောင်းဆက်တိုက်ဝင်နေတာကြောင့် မီးရှို့ခံရတဲ့ အိမ်ခြေအရေအတွက်တွေကို တိတိကျကျမသိရသေးပါဘူး။
ခင်ဦးမြို့နယ်ထဲက စစ်ကြောင်းဝင်တဲ့သတင်းနဲ့ နေအိမ်တွေမီးရှို့ခံရတဲ့အကြောင်းအရာအပေါ် စစ်ကောင်စီက တစ်စုံတရာထုတ်ပြန်တာမရှိသေးသလို၊ ဘီဘီစီကလည်း စစ်ကောင်စီကို သီးခြားမေးမြန်းနိုင်ဖို့ ကြိုးပမ်းနေ ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Social Media
မြန်မာနိုင်ငံရဲ့ ကျောက်စိမ်းအများဆုံးထွက်တဲ့ဒေသလည်းဖြစ်၊ ငွေအလုံးအရင်း အသုံးပြုကြတဲ့ ဒေသလည်းဖြစ်တဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းမှာ တစ်သောင်းတန်ငွေစက္ကူအတုတွေ ပျံ့နှံ့နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
အခြေခံအလုပ်သမားတွေဖြစ်တဲ့ ကွမ်းယာဆိုင်တွေ၊ ဈေးဆိုင်တွေလိုနေရာမျိုးတွေမှာပါ တစ်သောင်းတန်အတုတွေ တွေ့ရတာကြောင့် ငွေကြေးသိန်းချီသုံးတဲ့ လုပ်ငန်းတွေမှာလည်း ရှိနေနိုင်တယ်လို့လည်း ပြောကြပါတယ်။
“ကြုံတာကတော့ နှစ်ခါရှိပြီ။ ကျနော်သိတဲ့ ကွမ်းယာဆိုင်မှာဖြစ်တာ၊ ပထမတစ်ခါတုန်းက သိလို့ မယူလိုက်ဘူး။ ဒုတိယတစ်ခါကျတော့ သူမအားလို့ သူ့သမီးလေး ဆိုင်ထိုင်တဲ့အချိန်မှာ အတုတစ်ရွက်ပါလာတာ။ အတု ဟုတ် မဟုတ် ရေဆွတ်ကြည့်လိုက်တော့ ဆေးတွေ ကျွတ်လာတယ်၊ ဒီတော့ ငါးရာဖိုးလောက်ရောင်းပြီး ကိုးထောင့်ငါးရာအမ်းပေးလိုက်တော့ သူတို့မှာ ရှုံးပြီပေါ့”လို့ မျက်မြင်တွေ့ခဲ့ရတဲ့ ဒေသခံတစ်ယောက်က ဘီဘီစီကို ပြောပြပါတယ်။
ဖားကန့်ဒေသမှာ အခြေခံအလုပ်သမားတစ်ယောက်ဟာ ပျဉ်းမျှဝင်ငွေ တစ်သောင်းကျော်သာရှိတာကြောင့် ငွေကျပ်တစ်သောင်းတန်အတုတစ်ရွက် ရလိုက်ရင် တစ်ရက်စာလုပ်အားခတွေ အလဟသ ဖြစ်သွားနိုင်တဲ့အကြောင်း၊ မသိနားမလည်တဲ့သူတွေကလည်း ဒီငွေအတုကို အသုံးပြန်ပြုကြသလို တချို့ အလယ်လတ်ဝင်ငွေရှိသူတွေကလည်း ပြန်သုံးနေကြတာရှိတဲ့အတွက် ငွေအတုလည်ပတ်နေသလိုဖြစ်နေတယ်လို့လည်း ပြောကြပါတယ်။
ဖားကန့်၊ လုံးခင်း၊ ဆိုင်းတောင် လို နေရာမျိုးတွေဟာ ကျောက်စိမ်းအရောင်းအဝယ်လုပ်ကြတာ၊ အိမ်၊ခြံ၊မြေ ဈေးကွက်တွေ အဝယ်လိုက်လာကြတာတွေကြောင့် ငွေကြေး သိန်းဂဏန်းကနေ သိန်းထောင်ဂဏန်းအထိ အသုံးပြုကြတဲ့ ဒေသလည်းဖြစ်ပါတယ်။
ဒါကြောင့် အဲ့ဒီငွေကြေးတွေကနေ ငွေအတုတွေ ရောက်လာနိုင်သလို အင်တာနက်လူမှုကွန်ရက်ကနေ ငွေအတုတွေရောင်းနေကြတာရှိနေတာကြောင့် နည်းလမ်းမျိုးစုံနဲ့ ဒေသတွင်းကို ရောက်လာတာဖြစ်တယ်လို့လည်း ယူဆပြောဆိုကြပါတယ်။
မြို့လယ်ခေါင်က ကုန်မာဆိုင်နဲ့ မင်္ဂလာတောင်ညွန့်က ဓားမြမှုကျူးလွန်သူတွေ ဖမ်းမိ

ဓာတ်ပုံ ရင်းမြစ်, Social
ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ် ကုန်သည်လမ်းနဲ့ ၂၆ လမ်းထိပ်က သစ္စာကုန်မာနဲ့ အိမ်အလှဆင်ပစ္စည်း အရောင်းဆိုင်ကို လုယက်သွားတဲ့ ၃ ယောက်နဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်က ရဲမင်းအောင် ငွေလှဲကောင်တာကို ဓားပြတိုက်မှုကျူးလွန်သူ ၃ ယောက်တို့ကို ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီက နိုဝင်ဘာ ၁၉ရက်နေ့က ထုတ်ပြန်ပါတယ်။
ပန်းဘဲတန်းမြို့နယ်က သစ္စာကုန်မာဆိုင်မှာ ဆိုင်ရှင်နဲ့ သူရဲ့မိတ်ဆွေတို့ အတူရှိနေတုန်း အမျိုးသား ၃ ယောက်ဝင်ရောက်လာပြီးနောက် သူတို့ကို ရန်ပြုတိုက်ခိုက်ပြီး ငွေကျပ် သိန်း ၂၈၀ ၊ ကားတစ်စီးနဲ့ iPhone နှစ်လုံးတို့ကို ယူဆောင်သွားခဲ့တာပါ။
သစ္စာကုန်မာဆိုင်ရဲ့ လုယက်မှု ကျူးလွန်သူတွေထဲမှာ အရင်က ယာဉ်မောင်းအဖြစ် လုပ်ကိုင်ခဲ့ဖူးတဲ့ အလုပ်သမားပါဝင်တယ်လို့ စတင်သိရပြီး လုယက်မှုမှာပါဝင်သူတွေကို လှိုင်သာယာမြို့နယ်မှာ နိုဝင်ဘာ ၁၈ ရက်က ဖမ်းမိသလို၊ လုယူသွားတဲ့ ကားကိုလည်း နိုဝင်ဘာ ၃ ရက်နေ့မှာ ရန်ကင်းကလေးဆေးရုံနားက ပြန်တွေ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
မင်္ဂလာတောင်ညွန့်မြို့နယ်က ရဲမင်းအောင် ငွေလဲကောင်တာကို နိုဝင်ဘာ ၁၂ ရက် ညနေပိုင်းမှာ လူ ၃ ယောက် ရောက်လာပြီး ၂ ယောက်က သေနတ်နဲ့ချိန်၊ တစ်ယောက်က ဓားကိုင်ခြိမ်းခြောက်သလို နောက်ထပ်တစ်ယောက်ကတော့ ကားနဲ့အပြင်မှာ စောင့်ဆိုင်းပေးပြီး ဆိုင်ရှိ ငွေကျပ် သိန်း ၃၀၀ ဝန်းကျင်နဲ့ iPhone တစ်လုံးကို ယူဆောင်သွားတာပါ။
ဓားပြတိုက်သူတွေ ပြန်ထွက်သွားချိန်မှာ ပစ္စတိုတစ်လက်၊ ကျည်အိမ်တစ်ခု၊ 9mm ကျည် ၉ တောင့် တို့ကို သိမ်းဆည်းရမိတဲ့အကြောင်း၊ လုယက်သူတွေကို ကားစောင့်မောင်းပေးခဲ့သူကို အရင်ဖမ်းမိပြီးနောက် ပါဝင်သူတွေကို ထပ်ဖမ်းတဲ့အခါမှာနောက်ထပ် ၂ ယောက်ကို ဖမ်းမိပြီး တစ်ယောက်ကတေ့ လွတ်မြောက်နေတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
အဲ့ဒီနှစ်ခုလုံးရဲ့ ဖြစ်စဉ်တွေရဲ့ လုံခြုံရေးကင်မရာမှတ်တမ်းဗွီဒီယိုဖိုင်တွေဟာ အင်တာနက်လူမှုကွန်ရက်တွေမှာ ပျံ့နှံ့ခဲ့တာပါ။ လုယက်မှုနဲ့ ဓားပြမှုတွေဖြစ်ပွားတဲ့နေရာဟာ လူစည်ကားတဲ့နေရာတွေ၊ လူမြင်ကွင်းတွေမှာဖြစ်ပါတယ်။
နေ့စဉ်ဆိုသလို လမ်းသွားရင်း လုယက်ခံရတာ၊ လိုင်းကားတွေပေါ်မှာ လုယက်၊ ခါးပိုက်နှိုက်ခံရတာတွေဖြစ်ပေါ်နေတဲ့အတွက် ပြည်သူတွေရဲ့ လုံခြုံမှုကိုလည်း မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ ရန်ကုန်မြို့ခံတစ်ယောက်က ပြောပါတယ်။
မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲက သုံးဆယ်ပေးကျေးရွာဒီနေ့မနက် မီးရှို့ခံရ

ဓာတ်ပုံ ရင်းမြစ်, CJ
မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲက ထွက်လာတဲ့ အင်အား ၅၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ်တွေက သုံးဆယ်ပေးကျေးရွာထဲကို မနေ့က နိုဝင်ဘာ ၁၉ ရက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ဝင်ရောက်ပြီး ဒီနေ့ နိုဝင်ဘာ ၂၀ ရက် မနက်ပိုင်းမှာ ရွာတွေကို မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“စစ်ကြောင်းသတင်းကြားပြီးကတည်းက ရွာကလူတွေကတော့ ပြေးနေကြပြီ။ မနက် ၉ နာရီလောက်ကစလို့ မီးခိုးတွေမြင်နေရတယ်။ ”လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
လက်ရှိ စစ်ကြောင်းရှိနေတာကြောင့် ထိခိုက်ပျက်စီးတဲ့အခြေအနေတွေကို မသိကြရသေးပါဘူး။
သုံးဆယ်ပေးရွာက ဘုန်းကြီးကျောင်းမှာ စစ်ကောင်စီတပ်တွေ တပ်စွဲနေပြီး နေအိမ်တွေကို မွှေနှောက်ရှာဖွေတာ၊ ပစ္စည်းတွေယူတာ၊ တိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက်တာတွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် သုံးဆယ်ပေး၊ ကုန်းတန်းလေး၊ ရွာသာအေး၊ မြသီတာ၊ ကျွဲခြုံကုန်း စတဲ့ ကျေးရွာ ငါးရွာက ဒေသခံ တစ်သောင်းဝန်းကျင် ထွက်ပြေးနေကြရပါတယ်။
မတ္တရာမြို့နယ်ဟာ ဧရာဝတီမြစ်ကမ်းဘေးမှာရှိပြီး မြစ်တဘက်ကမ်းမှာတော့ စစ်ကိုင်းတိုင်း ဝက်လက်မြို့ရှိနေတာပါ။
စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ဧရာဝတီမြစ် အရှေ့ရော၊ အနောက်ဘက်မှာပါ ထိတွေ့မှုဖြစ်ပွားနေတာပါ။ မတ္တရာမြို့နယ်ကိုတေ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်ကစပြီး စစ်ကြောင်းထိုးဝင်ရောက်နေတာဖြစ်ပါတယ်။
စစ်ကြောင်းထိုးဝင်ရောက်တာနဲ့ မီးရှို့တဲ့ဖြစ်စဥ်တွေနဲ့ ပတ်သတ်ပြီး စစ်ကောင်စီဘက်ကတော့ ထုတ်ပြန်ပြောကြားတာမျိုးမရှိသေးသလို၊ ဘီဘီစီကလည်း စစ်ကောင်စီဘက်ကို ဆက်သွယ်မေးမြန်းနိုင်ဖို့ ကြိုးစားနေပါတယ်။








