သြဂုတ် ၂၇ ရက်ထိပ်တန်းသတင်းများ - ကော့ကရိတ်မြို့အဝင် စစ်ကောင်စီစခန်းတွေကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ Cloud Wings အဖွဲ့ပြော

ဓာတ်ပုံ ရင်းမြစ်, Cloud Wings
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အဝင်၊ အာရှလမ်းမဘေးမှာရှိတဲ့ စစ်ကောင်စီဂိတ်စခန်းနဲ့ ကော့နွဲ့ကျေးရွာထဲ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းတွေကို မနေ့ မနက်ပိုင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA နဲ့ Cloud Wings ဒရုန်းတပ်တို့ ပူးပေါင်းပြီး ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒီလိုတိုက်ခိုက်ရာမှာ ၁၀၇ မမ ဗုံးသီး၊ ၆၀ မမ ဗုံးသီးတွေကို အသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ Cloud Wings အဖွဲ့က ဒီကနေ့မှာ သတင်းထုတ်ပြန်လာပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုရှိတယ်လို့ ဖော်ပြပါတယ်။
"အခုဒရုန်းနဲ့ တိုက်ခိုက်မှုက ၁၀၇ မမ ရဲ့ ပွဲဦးထွက်လို့ပြောလို့ရတယ်။ ၁၀ ကီလိုဝန်းကျင်လောက်လေးတော့ ဒရုန်းဆိုရင် ၁ လုံးပဲသယ်လို့ရတယ်။ အဲ့နေ့ကဆိုရင် မိုးရွာနေတဲ့အချိန်ဆို တော့ အောက်က ရန်သူက ဒရုန်းအသံလည်းမကြားရဘဲ သတိလွတ်သွားချိန် တိုက်ခိုက်လိုက်နိုင်တာပါ" လို့ Cloud Wings အဖွဲ့၊ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဒီရက်ပိုင်းမှာတော့ ကော့ကရိတ်မြို့၊ ကော့နွဲ့ရွာတဝိုက်မှာ နှစ်ဖက်ထိတွေ့မှုအချို့ရှိတယ်လို့ သိရပြီး အသေးစိတ်အခြေအနေတော့ အတည်ပြုနိုင်တာမရှိသေးပါဘူး။
စစ်ကောင်စီဘက်ကတော့ မနေ့ကဒရုန်းနဲ့တိုက်ခိုက်ခံရမှုဖြစ်စဉ်အကြောင်း တစုံတရာထုတ်ပြန်လာတာမရှိပါဘူး။ ဒါပေမဲ့ တဖက်ပြည်သူ့ကာကွယ်ရေး PDF အဖွဲ့တွေဘက်က ဒရုန်းအသုံးပြုတိုက်ခိုက်နေတဲ့အကြောင်း စစ်ခေါင်းဆောင်ရဲ့ မိန့်ခွန်းအချို့မှာသာမက စစ်ကောင်စီဝန်ကြီးအချို့တက်ရောက်ခွင့်ရတဲ့ နိုင်ငံတကာတွေ့ဆုံဆွေးနွေးပွဲတွေမှာ ထည့်သွင်းပြောလေ့ရှိတာကို တွေ့ရပါတယ်။
ဘန်ကောက်က ကရင်ရိုးရာလက်ချည်ပွဲကို Move Forward ပါတီခေါင်းဆောင် ပီတာ တက်ရောက်

ဓာတ်ပုံ ရင်းမြစ်, OKRSO
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြည်ပရောက် ကရင်ဒုက္ခသည်များဆိုင်ရာ လူမှုစောင့်ရှောက်ရေးအဖွဲ့ OKRSO က ဦးဆောင်ကျင်းပတဲ့ ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာပွဲတော်ကို ထိုင်း Move Forward ပါတီခေါင်းဆောင် ပီတာ လင်မ်ဂျာရွန်ရက် တက်ရောက်ခဲ့ပြီး မိန့်ခွန်းပြောခဲ့ပါတယ်။
Move Forward ပါတီခေါင်းဆောင် ပီတာ လင်ဂျာရိုရက်ရဲ့ အခုလိုတက်ရောက်အားပေးမှုဟာ ကရင်လူမျိုးတွေကို အင်အားဖြစ်စေတယ်လို့ ပွဲတက်ရောက်ခဲ့သူ စောသန့်ဇင်ဦးက ပြောပါတယ်။
"နိုင်ငံရေးအရမဟုတ်ဘဲ ကရင်ရိုးရာကိုလေ့လာဖို့ ကျွန်တော်တို့က ဖိတ်ခေါ်ခဲ့တာပါ။ သူ့ကို အားပေးကြလို့ ကျေးဇူးတင်ကြောင်းပြောခဲ့တယ်" လို့ ပွဲစီစဉ်သူ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဒီကနေ့ ပွဲအခမ်းအနားကို ကရင်လူမျိုးတွေသာမက ထိုင်း၊ လာအိုနိုင်ငံသားတွေပါ လူဦးရေ ရာနဲ့ချီ ပွဲတက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ကရင်လို လားခူလို့ခေါ်တဲ့ ဝါခေါင်လဟာ မကောင်းဆိုးဝါးတွေ ပျော်မွေ့တဲ့လလို့ ကရင်တိုင်းရင်းသားတွေက မှတ်ယူထားကြပါတယ်။ ဒါကြောင့်ဘေးအန္တရာယ်အတိုက်အခိုက်တွေကိုကာကွယ်နိုင်ဖို့ ကရင်လူကြီးတွေကနေ လူငယ်တွေကို လက်မှာ ချည်ဖြူနဲ့ ချည်နှောင်ပေးတဲ့ ရိုးရာဓလေ့တစ်ခုလည်းဖြစ်ပါတယ်။
ကန့်ဘလူ၊ ငါးမြောင်ရွာမှာ ပြည်သူ့စစ်ဖွဲ့စည်းဖို့ကြိုးစားတာကြောင့်ဆိုပြီး လူ ၅ ဦးပစ်ခတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, Telegram
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းတိုက်နယ်ထဲက ငါးမြောင်ရွာမှာ စစ်ကောင်စီအတွက် ပြည်သူ့စစ်ဖွဲ့စည်းဖို့ ကြိုးစားနေတာကြောင့်ဆိုပြီး မနေ့ မနက်ပိုင်းတုန်းက အမျိုးသား ၂ ဦး၊ အမျိုးသမီး ၃ ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ပြောပါတယ်။
"ငါးမြောင်ရွာမှာက ပြည်သူ့စစ်မရှိသေးဘူး။ သူတို့က ဖွဲ့ဖို့ကြိုးစားလာတာပါ။ ဘယ်အဖွဲ့ကပစ်သွားတာလဲတော့ မသိရသေးဘူး" လို့ ကန့်ဘလူဒေသခံတစ်ဦးက ပြောပါတယ်။
အခုသေဆုံးသူတွေဟာ ကြံ့ခိုင်ရေးပါတီဝင်တွေဖြစ်ကြပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF တွေက ရွာကို အင်အားအလုံးအရင်းနဲ့ဝင်ကာ ပစ်ခတ်သွားကြတာလို့ ကြံ့ခိုင်ရေးပါတီသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဒေသခံတွေအပြောအရလည်း ငါးမြောင်ရွာအနီးက ကျေးရွာအများစုမှာ ပြည်သူ့စစ်အဖွဲ့တွေ ဖွဲ့စည်းထားတယ်လို့ ပြောပါတယ်။
ဒီဖြစ်စဉ်ပြီးတဲ့နောက် နေ့တွင်းချင်းမှာပဲ မဒေါင်းလှရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ငါးမြောင်ရွာဘက်ကို စစ်ကြောင်းထိုးလာတာကြောင့် လမ်းတလျှောက်ကျေးရွာတွေက ဒေသခံတွေ တိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေဆိုပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာလည်း ဇီးကုန်းမြို့အနီးက ရွာသစ်ကျေးရွာကို စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေ ဝင်ရောက်နေတယ်လို့ ပြောကြပါတယ်။
ဒါနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကရော ကန့်ဘလူပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်ကပါ ဒီကနေ့ နေ့လယ်ပိုင်းအထိ တစုံတရာသတင်းထုတ်ပြန်တာမရှိပါဘူး။
သံအရာရှိကို ထွက်ခွာခိုင်းတဲ့စစ်ကောင်စီဆုံးဖြတ်ချက်ကို ရှုတ်ချတယ်လို့ တီမော ပြော

ဓာတ်ပုံ ရင်းမြစ်, AFP
Update - တီမောနဲ့ သံတမန်ဆက်ဆံရေး ဖြတ်တောက်ကြောင်း စစ်ကောင်စီအတည်ပြု
တီမောနိုင်ငံဟာ NUG နဲ့ ထိတွေ့ဆက်ဆံတာအပြင် မြန်မာ့ပြည်တွင်းရေးကို ပေါ်ပေါ်ထင်ထင်ဝင်ရောက်နှောင့်ယှက်နေတာကြောင့် သံတမန်ဆက်ဆံရေး ဖြတ်တောက်ရတာလို့ စစ်ကောင်စီပြောရေးဆိုခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။
"သူတို့အနေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတောင်မဟုတ်သေးဘဲ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အာဆီယံမှာ မဟုတ်မမှန်သတင်းတွေထုတ်လွှင့်တယ်။ ဒါကြောင့်ပါ" လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ တီမောသံအရာရှိကို နိုင်ငံထဲကနေ ထွက်ခွာခိုင်းတဲ့ စစ်ကောင်စီဆုံးဖြတ်ချက်ကို ရှုတ်ချတယ်လို့ တီမောအစိုးရက ထုတ်ပြန်ပြောဆိုလာပါတယ်။
ဒါဟာ စစ်အာဏာသိမ်းပြီးတဲ့နောက် ပထမဆုံးအကြိမ် သံအရာရှိကို ထွက်ခွာခိုင်းတဲ့ ဖြစ်စဉ်ပါ။
သံအရာရှိကို ဘယ်တော့ နောက်ဆုံးထား ထွက်ခွာခိုင်းတယ်ဆိုတာ ထုတ်ပြန်ချက်မှာ မပါဝင်ပေမဲ့ စက်တင်ဘာလ ၁ ရက်နောက်ဆုံးထားပြီး နိုင်ငံထဲကနေ ထွက်ခွာခိုင်းတဲ့အကြောင်း ပေါ်တူဂီအခြေစိုက် Lusa သတင်းကရေးပါတယ်။
မကြာသေးခင်တုန်းကမှ တီမောအစိုးရနဲ့နီးကပ်တဲ့ဆက်ဆံရေးရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရဘက်က လည်း ဒီသတင်းကို သိရှိထားတဲ့အကြောင်း အတည်ပြုပြောဆိုထားပါတယ်။
ဇူလိုင်လဆန်းတုန်းက ပြုလုပ်ခဲ့တဲ့ တီမော်အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို NUG ကိုယ်စားလှယ်တွေတက်ရောက်တာ၊ တီမောသမ္မတက လက်ခံတွေ့ဆုံခဲ့တာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီနိုင်ငံခြားရေးဘက်က တီမောသံရုံးက ယာယီတာဝန်ခံကို ဖိတ်ခေါ်ပြီး ကန့်ကွက်ကြောင်း ပြောခဲ့ဖူးပါတယ်။
စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ရော၊ နိုင်ငံခြားရေးဝန်ကြီးဌာနကပါ ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ တရားဝင်ထုတ်ပြန်တာမရှိသေးသလို ဘီဘီစီကလည်း ဆက်သွယ်မေးမြန်းနိုင်ဖို့ ကြိုးစားနေပါတယ်။
ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ တီမောဟာ NUG အစိုးရနဲ့ ဆက်ဆံရေးကောင်းမွန်ပြီး အခုနှစ် ဇူလိုင်လထဲမှာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တီမောကို တရားဝင်သွားရောက်ခဲ့ပါသေးတယ်။
တီမောနိုင်ငံဟာ ၂၁ ရာစုမှာ ပေါ်ပေါက်လာတဲ့ အရှေ့တောင်အာရှနိုင်ငံတစ်ခုဖြစ်ပြီး ဒေသတွင်း အာဆီယံအဖွဲ့အစည်းထဲ ဝင်ရောက်ဖို့ ကြိုးစားနေတာလည်းဖြစ်ပါတယ်။








