ပေါက်တော ငှက်ချောင်း မွတ်ဆလင် ဒုက္ခသည်စခန်း အငတ်ဘေးနဲ့ ကြုံ

ရေးသားခဲ့သည်။

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်က ငှက်ချောင်း မွတ်ဆလင်ဒုက္ခသည်စခန်းမှာ ရိက္ခာထောက်ပံ့မှုပြတ်လပ်နေတဲ့အတွက် အခက်အခဲတွေနဲ့ကြုံနေရတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

ကလေးငယ်တွေလည်း အာဟာရချို့တဲ့မှုကြောင့် သေဆုံးတာတွေလည်း ရှိနေတယ်လို့ ဒုက္ခသည်တွေထံက သိရပါတယ်။ နှစ်လကျော်အကြာ ရိက္ခာထောက်ပံ့မှုပြတ်တောက်နေတဲ့အတွက် ထမင်းကိုလျှော့ပြီးစားနေရတယ်လို့ ဒုက္ခသည်တွေက ပြောဆိုကြပါတယ်။

အဲ့ဒီစခန်းကို ကမ္ဘာ့စားနပ်ရိက္ခာအစီစဉ် WFP ကပုံမှန်ထောက်ပံ့ပေးနေတာဖြစ်ပြီး လွန်ခဲ့တဲ့ လပိုင်းအတွင်းကစလို့ အခုလိုရိက္ခာထောက်ပံ့မှုပြတ်တောက်သွားတာလို့ ပြောဆိုကြပါတယ်။

ငှက်ချောင်းဒုက္ခသည်စခန်းဟာ ဒုက္ခသည် သုံးသောင်းနီးပါးနေထိုင်တဲ့ ဒုက္ခသည်စခန်းဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က ဖွင့်လှစ်ခဲ့တဲ့ စခန်းဖြစ်ပြီးတော့ အခုစခန်းမှာ ဒုက္ခသည်တွေနေထိုင်လာကြတာ ၁၂ နှစ်နီးပါးရှိလာကြပြီဖြစ်ပါတယ်။

 ပြီးခဲ့တဲ့ လတွေက ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီနဲ့ အေအေတို့အကြား နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတဲ့အချိန် ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်တွေကို ရိက္ခာထောက်ပံ့မှုတွေဆက်မလုပ်ဖို့ စစ်ကောင်စီက တားမြစ်ထားသလို ပို့ဆောင်ရေးလမ်းကြောင်းတွေကို ဖြတ်တောက်ထားတာကြောင့် ရိက္ခာပစ္စည်းတွေ သယ်ယူလို့မရဘဲ ပြတ်တောက်နေတာလို့ ငှက်ချောင်းဒုက္ခသည်စခန်းက ဒု တာဝန်ခံ ဦးအေးကျော်က ပြောပါတယ်။

စားနပ်ရိက္ခာပြတ်လပ်နေပြီဖြစ်တဲ့အတွက် တချို့မိသားစုတွေကတော့ ချေးငှားပြီးစားနေကြရသလို မိသားစုအများစုကတော့ ထမင်းလျှော့ပြီးစားနေကြရတဲ့အထိ ဖြစ်နေတယ်လို့ သူကပြောပါတယ်။

 ဒါအပြင် စခန်းအတွင်းမှာရှိတဲ့နေတဲ့ ကလေးငယ် ချို့လည်း အာဟာရချို့တဲ့မှုကြောင့် ရောဂါဖြစ်ပွားနေတာတွေရှိနေသလို အသက်ငါးနှစ်အောက် ကလေးသုံးဦးအပါအဝင်း ကလေးငါးဦးခန့် သေဆုံးသွားပြီဖြစ်တယ်လို့ သိရပါတယ်။

အဲဒီဒုက္ခသည်စခန်းဟာ ပြည်ထောင်စုကနေတိုက်ရိုက်စီမံခန့်ခွဲပေးနေတဲ့စခန်းဖြစ်ပြီး ရိက္ခာထောက်ပံ့မှုတွေကိုတော့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနနဲ့ WFP တို့က ထောက်ပံ့ကူညီပေးနေတာဖြစ်တယ်လို့ ပြည်နယ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။

ငှက်ချောင်းဒုက္ခသည်စခန်းမှာ WFP က လူတစ်ဦးကို တစ်နေ့ ဆန်နှစ်ဗူးနှုန်းနဲ့ ထောက်ပံ့ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း မြို့နယ်အများစုတို့မှာ မွတ်ဆလင်ဒုက္ခသည်စခန်းတွေအများအပြားရှိခဲ့ပေမယ့် လက်ရှိမှာတော့ မြို့နယ်အများစုကစခန်းတွေကို ဖျက်သိမ်းပေးခဲ့ပြီ ဖြစ်ပြီး စစ်တွေ၊ ပေါက်တောနဲ့ ကျောက်ဖြူမြို့နယ်အတွင်းမှာတော့ ဒုက္ခသည်စခန်းတွေကျန်နေသေးတာပါ။

စစ်တွေမြို့ ဒုက္ခသည်စခန်းတွေနဲ့ ကျောက်ဖြူမြို့နယ်အတွင်းက ကျောက်တစ်လုံးစခန်းတွေမှာတော့ ရိက္ခာထောက်ပံ့မှုတွေ ပုံမှန်ရရှိနေတယ်လို့ သိရပါတယ်။

ငှက်ချောင်း ဒုက္ခသည်စခန်းက ဒုက္ခသည်တွေဟာ ဆင်းရဲနွမ်းပါးကြသလို အလုပ်အကိုင်တွေလည်း မရှိတာကြောင့် ဝင်ငွေမရှိဘဲ  NGO/INGO အဖွဲ့အစည်းတွေရဲ့ စားနပ်ရိက္ခာထောက်ပံ့မှု တစ်ခုတည်းကိုသာ အားကိုးနေရတာဖြစ်ပါတယ်။

ဒုက္ခသည်စခန်းမှာ နေထိုင်နေကြတဲ့ မွတ်ဆလင်ဒုက္ခသည်တွေဟာ ရိက္ခာထောက်ပံ့ပေးနေတဲ့ NGO/INGO အဖွဲ့အစည်းများကို သွားလာခွင့်ပြီး ဆက်လက်ထောက်ပံ့ခွင့်ပြုဖို့ မွတ်ဆလင်ဒုက္ခသည်များက တောင်းဆိုနေကြပါတယ်။

 တစ်ကျော့ပြန်တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဩဂုတ်လအတွင်းကစလို့ ရခိုင်ပြည်နယ်အတွင်းက စစ်ရှောင်ဒုက္ခသည်စခန်းတွေကို အကူအညီထောက်ပံ့မှုတွေ ပြုလုပ်ပေးနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဒေသတွင်းအဖွဲ့အစည်းတွေကို အကူအညီတွေ ဆက်မပေးဖို့ စစ်ကောင်စီက တားမြစ်ထားတာဖြစ်ပါတယ်။

လက်ရှိမှာ စစ်ကောင်စီနဲ့ အေအေတို့အကြား တိုက်ပွဲတွေကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတဲ့ ပြည်သူတွေကို ငဲ့ညှာတဲ့အနေနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့က လူသားချင်းစာနာမှု အပစ်ခတ်ရပ်စဲလိုက်ကြပေမယ့် အမှန်တကယ်အခက်အခဲနဲ့ကြုံနေရတဲ့ ဒုက္ခသည်တွေဟာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေမရရှိကြသေးပါဘူး။

အခုလို အငတ်ဘေးနဲ့ရင်ဆိုင်နေကြရတဲ့ အခြား ဒုက္ခသည်စခန်းတွေကတော့ ရသေ့တောင်၊ ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်တွေက စခန်းတွေမှာ အများဆုံးရှိနေပြီး အကျပ်အတည်းကာလဖြစ်တာကြောင့် စခန်းတာဝန်ရှိသူတွေအနေနဲ့လည်း ဒီအခက်အခဲတွေကို မဖြေရှင်းနိုင်တော့ဘူးလို့ ဆိုပါတယ်။

 ထောက်ပံ့ကူညီမှုတွေကို မှီခိုနေကြရတဲ့ စစ်ရှောင်ဒုက္ခသည်တွေဟာ အခုလို အချိန်ကြာမြင့်စွာ ရိက္ခာဖြတ်တောက်ခံနေကြရတာကြောင့် အငတ်ဘေးနဲ့ကြုံနေကြရတဲ့ အိမ်ထောင်စုတွေ ပိုတိုးလာနေတယ်လို့  မြို့ဦးခေါင်းစခန်းတာဝန်ခံ ဦးဝင်းနိုင်က ပြောပါတယ်။

  အထောက်အပံ့တွေမရရှိကြတဲ့အချိန် ဒေသတွင်းစီးပွားရေးလုပ်ငန်းတွေလည်းကျဆင်းနေတဲ့အတွက် အပြင်ထွက်အလုပ်လုပ်ကိုင်ဖို့ အလုပ်အကိုင်တွေလည်းမရှိတာကြောင့် အခုလိုအငတ်ခံပြီး နေနေကြရတာလို့ ပြောဆိုကြပါတယ်။

အစိုးရအနေနဲ့တော့ ဒုက္ခသည်စခန်းတွေကို ကူညီထောက်ပံ့ပေးနေသလို နိုင်ငံတကာအဖွဲ့အစည်းတွေကိုလည်း လုံခြုံရေးအရ တာဝန်မယူနိုင်တဲ့နေရာတွေက လွဲလို့ ကျန်တဲ့မြို့ပေါ်စခန်းတွေကို သွားလာခွင့်ပြုထားတယ်လို့ ပြည်နယ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက တုံ့ပြန်ပါတယ်။

 ရခိုင်ပြည်နယ်မှာ မြို့နယ် ၈ ခုအတွင်းက ဒုက္ခသည်စခန်းပေါင်း ၁၀၀ ကျော်လောက်မှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်ဒုက္ခသည်ပေါင်း ၁ သိန်းကျော်ခန့်ရှိနေပြီး အဲ့ဒီစစ်ရှောင်တွေဟာ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်ကုန်ပိုင်းကစလို့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာလာခဲ့ကြသူတွေဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက မြို့နယ်အများအပြားမှာ ကန့်သတ်ခံထားရတဲ့ လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ အရပ်သားသွားလာမှုတွေ ဖြေလျှော့ပြီး အကူအညီတွေ ပြန်လည်ဝင်ရောက်ပေးနိုင်ခွင့်ရဖို့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးသူတွေက မျှော်လင့်နေပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီက ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့ပြင်ဆင်နေပြီး ဒုက္ခသည်စခန်းတွေကိုလည်း ဖျက်သိမ်းသွားဖို့ရှိနေတယ်လို့ သိရပါတယ်။