ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်တွေ ဒုက္ခသည်စခန်းတစ်ခုမှာ လွတ်နေခဲ့တဲ့ ငရဲခွေးကြီး
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ မိုးတွေသည်းသည်းမည်းမည်းရွာနေတဲ့ သြဂုတ်လရဲ့ ည တစ်ညမှာ ဖြစ်ပါတယ်။
နေရာကတော့ ရခိုင်ပြည်နယ် စစ်တွေမြို့အနီးက ဖွဲရာကုန်းဒုက္ခသည်စခန်း တစ်နေရာမှာပါ။
အဲဒီနေ့ည ၁၁ နာရီခွဲခန့်အချိန်မှာ စခန်းတာဝန်ခံ ဦးအုစ်ဖာန်ဂေါ်နီက အသက် ၁၅ နှစ်အရွယ် မနူရ်ဂျာန်နာနေတဲ့ အဆောင်ရဲ့ တံခါးက ချည်ထားတဲ့ကြိုးကို ဓားနဲ့ဖြတ်ပြီး အဆောင်ထဲကို ဝင်လာခဲ့ပါတယ်။
“ ပြီးတော့ သူ ကျွန်မကို အတင်းမုဒိမ်းကျင့်တယ်။ အဲဒီတုန်းက ကျွန်မ အသက် ၁၅ နှစ်ပဲရှိသေးတယ်”လို့ အဓမ္မပြုကျင့်ခံလိုက်ရတဲ့ ကျောင်းသူ မနူရ်ဂျာန်နာက ဆိုပါတယ်။
မနူရ်ဂျာန်နာဟာ အုန်းတောကြီးဒုက္ခသည်စန်းက ဒုက္ခသည်အမျိးသမီးငယ်တစ်ဦးဖြစ်ပြီး ဖွဲရာကုန်းစခန်းမှာ အာရဗီ စာသင်ဖို့ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ သူ ဟာ စာသင်ရင်းနဲ့ ကျောင်းကအဆောင်မှာနေထိုင်နေရင်း အခုလို အဓမ္မပြုကျင့်တာခံလိုက်ရတာလို့ သူက ပြောပြပါတယ်။
အဲဒီနေ့ စခန်း တာဝန်ခံ ဦးအုစ်ဖာန်ဂေါ်နီ ရောက်လာတဲ့အချိန်မှာ သူနဲ့အတူအိပ်နေတဲ့ သူ့အစ်မလည်းရှိတယ်လို့ သူက ပြောပါတယ်။
သူတို့ ညီအမနှစ်ဦး ခြင်ထောင်တစ်လုံးတည်းမှာ အိပ်နေတာလို့ ပြောပါတယ်။
အဲဒီမှာ သူ့ကို ခြင်ထောင်ထဲက ဆွဲထုတ်တယ်။ သူ့အမကိုလည်း ဓားနဲ့ထောက်ထားပြီး သတ်ပစ်မယ်လို့ ခြိမ်းခြောက်ပြောဆိုပြီးတော့ မနူရ်ဂျာန်နာကို လည်းဓားနဲ့ထောက်ပြီးရိုက်လိုက်တာကြေင့် သတိလစ်သွားခဲ့တယ်လို့ ဆိုပါတယ်။
“အဲ့ဒီအချိန်မှာ ကျွန်မကို မုဒိမ်းကျင့်ခဲ့တာပါ။ ဓားနဲ့အထောက်ခံလိုက်ရတဲ့အတွက် ကျွန်မဗိုက်မှာလည်း ဓားဒဏ်ရာရခဲ့ပါတယ်”လို့ သူက ပြောပါတယ်။
မနက်ပိုင်းမှာတော့ သူ့အမေရောက်လာပြီး ဒီကိစ္စနဲ့ပတ်သက်လို့ ရဲစခန်းမှာ ညတုန်းက အဝတ်အစားတွေယူပြီး သွားတိုင်တော့ ရဲကလက်မခံဘူးလို့ ဆိုပါတယ်။
အဲဒီနောက် တရားမျှတမှုရဖို့ သူတို့ဆက်ပြီး ကြိုးစားခဲ့ကြပါတယ်။
ရဲစခန်းကိုသွားပြီး အမှုဖွင့်နိုင်ဖို့ကြိုးစားတာ လေးကြိမ်ထိရှိခဲ့တယ်လို့ သူက ပြန်ပြောပြပါတယ်။ အခုမှ အဲဒီအမျိုးသမီးတွေကို အကူအညီပေးမယ့်သူတွေနဲ့တွေ့ပြီး အမှုဖွင့်တိုင်ကြားနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်က မနူရ်ဂျာန်နာကို မုဒိမ်းပြုကျင့်ခဲ့တယ်လို့ စွပ်စွဲခံရသူ ဦးအုစ်ဖာန်ဂေါ်နီဟာ မနူရ်ဂျာန်နာ အပါအဝင် အမျိုးသမီး ၄၅ ဦးကို ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်း မုဒိမ်းပြုကျင့်ခဲ့သူလိုစွပ်စွဲခံရပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်တွေမြို့ ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခံထားရပါတယ်။
စစ်တွေမြို့ ဖွဲ့ရာကုန်း မွတ်ဆလင် ဒုက္ခသည်စခန်းတာဝန်ခံ ဦးအုစ်ဖာန်ဂေါ်နီဟာ စခန်းအတွင်းက အသက်မပြည့်သေးတဲ့ အမျိုးသမီးများ၊ မသန်စွမ်းအမျိုးသမီးများအပါအဝင် မွတ်ဆလင်အမျိုးသမီး ၄၅ ဦးကို တုတ်၊ ဓားတွေနဲ့ ခြိမ်းခြောက်ပြီး အတင်းအဓမ္မပြုကျင့်ခဲ့တယ်ဆိုပြီး ကျူးလွန်ခံခဲ့ရတဲ့ မသီတာရွှေဦးဆောင်တဲ့ မွတ်ဆလင် အမျိုးသမီး ၁၀ ဦးက တရားမျှတမှုအတွက် တောင်းဆိုထားကြပါတယ်။
ဒီအမှုနဲ့ပတ်သက်လို့ ဖေဖော်ဝါရီ ၂၁ ရက်နေ့မနက်ပိုင်းမှာ စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူးက အမှုဖွင့်တိုင်ကြားထားတဲ့ အမျိုးသမီး ၁၀ ဦးထဲက ၈ ဦးတို့ကိုခေါ်ယူပြီး စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ လိုက်ပါကူညီပေးနေတဲ့ အမျိုးသမီးအဖွဲ့အစည်းတွေက ပြောဆိုကြပါတယ်။
ဖေဖော်ဝါရီ ၂၂ ရက် မနက်ပိုင်းမှာတော့ အခင်းဖြစ်ပွားခဲ့တဲ့ ဖွဲရာကုန်းဒုက္ခသည်စန်းကို မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဆောင်တဲ့အဖွဲ့ကနေ ကာယကံရှင်အမျိုးသမီးတွေနဲ့ အသိသက်သေတွေကို သွားရောက်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။
လက်ရှိမှာတော့ ရဲတပ်ဖွဲ့က မြေပြင်ကွင်းဆင်းစစ်ဆေးမှုတွေပြုလုပ်လျက်ရှိပြီး အမှုတည်ဆောက်တာတွေ ပြုလုပ်နေပြီဖြစ်တယ်လို့ အကူအညီပေးနေသူတွေက ပြောဆိုကြပါတယ်။
ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားတဲ့ အမျိုးသမီးတွေထဲက လုံခြုံရေးစိုးရိမ်ရသူနှစ်ဦးကိုတော့ စစ်တွေမြို့ထဲက လုံခြုံတဲ့နေရာတစ်ခုမှာ ခေါ်ယူထိန်းသိမ်းထားကြတယ်လို့ သိရပါတယ်။
ဖွဲ့ရာကုန်း ဒုက္ခသည်စခန်းတာဝန်ခံ ဦးအုစ်ဖာန်ဂေါ်နီမှာ မရူကီယာဘေဂေါမ် ကို အဓမ္မပြုကျင့်မှုနဲ့ စစ်တွေမြို့နယ်တရားရုံးမှာ ရာဇသတ်ကြီးအမှတ် ၉၂၃ ပုဒ်မ ၃၇၆ နဲ့ အမှူရင်ဆိုင်နေရပြီး လက်ရှိမှာ စစ်တွေအကျဉ်းထောင်မှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
မရူကီယာဘေဂေါမ်ဟာ ဦးအုစ်ဖာန်ဂေါ်နီ အဓမ္မပြုကျင့်ခဲ့တဲ့ အမျိုးသမီးမှာ ၄၅ ဦးထဲက တစ်ဦးအပါအဝင်ဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ဆေးနေတဲ့ ရိုဟင်ဂျာ အမျိုးသမီး ၈ ဦးရဲ့ ဆေး စစ်ဆေးချက် ထွက်ရှိလာရင် ဦးအုစ်ဖာန်ဂေါ်နီအနေဖြင့် အမှုတွေ ထပ် တိုးလာဖို့ရှိတယ်လို့ လိုက်ပါကူညီပေးသူ က ပြောပါတယ်။
မရူကီယာဘေဂေါမ် ကို လုံခြုံရေးအရ စစ်တွေက လူကယ်ပြန် ဝန်ကြီးဌာန ( လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန) Safe House လုံခြုံရေးအိမ်မှာ ထားရှိရာကနေ ဦးအုစ်ဖာန်ဂေါ်နီရဲ့ အစ်ကိုဖြစ်သူ ဦးမောင်မောင်သန်းက ခေါ်ယူသွားပြီး လတ်တလောမှာ မရူကီယာဘေဂေါမ် ရိုဟင်ဂျာအမျိုးသမီး အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့လည်း ကူညီပေးသူတွေက ပြောကြပါတယ်။
ဒီသတင်းနဲ့ပတ်သက်လို့ ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး၊
မရူကီယာဘေဂေါမ်ကို ည ၁၂ နာရီကျော်မှာ ဦးအုစ်ဖာန်ဂေါ်နီက သူမအိပ်ဆောင်ထဲသို့ဝင်ရောက်ကာ အဓမ္မပြုကျင့်ခဲ့ချိန် အော်ဟစ်အကူအညီတောင်းလို့ ဘေးပတ်ဝန်ကျင်က ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး စစ်တွေမြို့မရဲစခန်း အမှတ် (၁) မှာ ၂၀၂၂ ခုနှစ်က ရာကြီးအမှုအမှတ် - ၉၂၃ ပုဒ်မ ၃၇၆ နဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃ ရက်က တရားစွဲထားခဲ့တာ ဖြစ်ပါတယ်။
မရူကီယာဘေဂေါမ်အနေနဲ့ အမှုရုပ်သိမ်းကျေအေးပေးတော့မယ်လို့ သတင်းထွက်လာလို့ အလားတူကျူးလွန်ခံရတဲ့ အမျိုးသမီးတွေက မကျေမနပ်ဖြစ်ပြီး မရူကီယာဘေဂေါမ်ရဲ့ အမှုရုပ်သိမ်းကျေအေးလွှာကို လက်မခံဖို့နဲ့ အခြားအမျိုးသမီးတွေကလည်း ကျူးလွန်ခံရခြင်းရှိနေတဲ့အတွက် ဦးအုစ်ဖာန်ဂေါ်နီကို ဆက်လက် စစ်ဆေးအရေးယူပေးဖို့ ရခိုင်အမျိုးသမီးအဖွဲ့ ၅ ဖွဲ့က ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် ပြည်နယ်ရဲတပ်ဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ ပြည်နယ်ဥပဒေချုပ်၊ မြို့နယ်ဥပဒေချုပ်နှင့် သက်ဆိုင်သူများအားလုံးကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့က စာပေးပို့ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။
ရခိုင်အမျိုးသမီးများအဖွဲ့ စာပေးပို့တောင်းဆိုချက်များ ပြုလုပ်ပြီးနောက်ပိုင်း ထူးခြားမှုမရှိလို့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက် စစ်တွေရှိ ရခိုင်အမျိုးသမီးများအဖွဲ့ချုပ်ရုံးမှာ မသီတာရွှေ ဦးဆောင်တဲ့ မွတ်ဆလင်အမျိုးသမီး ၁၀ ဦးက မီဒီယာတွေကို သတင်းစာရှင်းလင်းပွဲလုပ်ကာ တရားမျှတမှုရရှိရေးအတွက် တောင်းဆိုတဲ့အခြေအနေ ဖြစ်လာခဲ့ပါတယ်။
ဖွဲရာကုန်း စခန်းတာဝန်ခံ ဦးအုစ်ဖာန်ဂေါ်နီ ဟာ ဆယ်ကျော်သက် ကလေးငယ်တွေအပါအဝင် အိမ်ထောင်ရှင်အမျိုးသမီးတွေထိ အဓမ္မပြုကျင့်ခဲ့ပြီး ပြုကျင့်ခံရသူ လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုကျော်အတွင်း လူဦးရေ ၅၀ နီးပါးထိ မြင့်တက်ခဲ့ရတယ်လို့ မွတ်ဆလင်အမျိးသမီး တွေက ပြောဆိုကြပါတယ်။
ဒီ မုဒိမ်းမှုတွေဟာ ရခိုင်ပြည်နယ်ရဲ့ အုပ်ချုပ်ရေးမြို့လို့ပြောရမယ့် အစိုးရအဖွဲ့ရုံးစိုက်ရာ မြို့တော်စစ်တွေမြို့က မွတ်ဆလင်ဒုက္ခသည် စခန်းတွေမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
စစ်တွေမြို့နယ်အတွင်း မွတ်ဆလင် ဒုက္ခသည်စခန်းပေါင်း (၁၁)ခု ခန့်ရှိတဲ့အထဲ ဆေးသမားကျေးရွာအုပ်စု၊ ဖွဲရာကုန်းဒုက္ခသည်စခန်းမှာဆိုရင် ဆယ်စုနှစ်တစ်ခုအတွင်း အဓမ္မပြုကျင့်ခံရတဲ့အမျိုးသမီးပေါင်း ၄၅ ဦးအထိ ရှိနေတယ်လို့ သိရပါတယ်။
သဲချောင်း၊ ဓါးပိုင်၊ သက္ကေပြင်၊ မော်သိညှာ၊ ခေါင်းဒုက္ကာ ၁-၂ ဘောဒူဘ ၁-၂၊ အုန်းတောကြီး တောင်၊ အုန်းတောကြီး မြောက်၊ ဆေးသမား စတဲ့စခန်းတွေဖြစ်ကြပြီး လူဦးရေအားဖြင့် ၁၅၀၀၀၀ ဝန်းကျင် နေထိုင်နေကြတယ်လို့ သိရပါတယ်။
အမျိုးသမီးတွေဟာ တစ်ဦးနဲ့တစ်ဦး အဓမ္မပြုကျင့်ခံရတာချင်း မတူကြပေမယ့် အဲ့ဒီစခန်းဧရိယာအတွင်းမှာပဲ ပြုကျင့်ခံကြရတာဖြစ်တယ်လို့ ပြောကြပါတယ်။
ဦးအုစ်ဖာန်ဂေါ်နီဟာ စခန်းကအမျိုးသမီးတွေဆီကို လာပြီးမုဒိမ်းကျင့်တဲ့အခါမှာ ညအချိန်ဖြစ်တယ်။ ညနေပိုင်း၊ သန်းခေါင်ကျော်အချိန်နဲ့ နံနက်အာရုဏ်တို့လို့ အချိန်တွေမှာ လာပြီးကျင့်တယ်။ မိုးတွင်းကာလဆိုရင် ပိုပြီးပြုကျင့်ခံရတာများတယ်လို့ အဲ့ဒီအမျိုးသမီးတွေကပဲ ပြောကြပါတယ်။
သူတို့ရဲစခန်းမှာ လိုက်ပါကူညီပေးတဲ့အဖွဲ့တွေနဲ့ သွားပြီးထွက်ဆိုကြတဲ့အခါမှာရော ခရိုင်ရဲတပ်ဖွဲ့ကစစ်ဆေးတဲ့အခါအမှာရော၊ ရဲတပ်ဖွဲ့က စခန်းတွေဆီသွားပြီးစစ်ဆေးတဲ့အခါမှာလည်း အဲ့ဒီလိုထွက်ဆိုကြတယ်လို့ အကူအညီပေးနေသူတွေကလည်း ပြောပါတယ်။
အဲ့ဒီအမျိုးသမီးတွေကို ဖွဲရာကုန်းဒုက္ခသည်စခန်းခေါင်းဆောင်အဖြစ် တာဝန်ယူထားတဲ့ ဦးအုစ်ဖာန်ဂေါ်နီ (ဘ) ဦးဆုလ်တာန် တစ်ဦးတည်းကပဲ နှစ်ကာလပေါင်းများစွာ ပြုကျင့်လာခဲ့တာလို့ ကိုယ်တိုင်ကြုံတွေ့ကြရတဲ့ အမျိုးသမီးတွေက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က ဦးအုစ်ဖာန်ဂေါ်နီ အဓမ္မပြုကျင့်ခဲ့တဲ့ မနူရ်ဂျာန်နာဟာ အခုလို အခြေအနေတွေကို ဖြတ်သန်းခဲ့ရတဲ့ သူ့တွက် ဘဝကသေဆုံးသွားပြီဖြစ်သလို သူ့အကြောင်းကို သိနှင့်နေကြတဲ့ ဘယ်ယောကျ်ားလေးကမှလည်း သူ့ကို လက်ထပ်ပေါင်းသင်းတော့မှာမဟုတ်တော့ဘူးလို့ မနူရ်ဂျာန်နာက ပြောပါတယ်။
အခုလို အဓမ္မပြုကျင့်တာကို လက်မခံကြပေမယ့် အသက်အန္တရာယ်စိုးရိမ်ရတာတွေ အပါအဝင် အခြားအကြောင်းအမျိုးမျိုးတို့ကြောင့် ပြုကျင့်ခံနေကြရတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။
“ အမှုဖွင့်တယ်။ ရဲကိုတိုင်တယ်ဆိုရင် စခန်းက ထုတ်ပစ်မယ်။ သတ်ပစ်မယ်လို့ ဦးအုစ်ဖာန်ဂေါ်နီကပြောတယ်”လို့ သူတို့ကပြောပါတယ်။
ပြီးတော့ ဒီလုပ်ရပ်တွေကိုလက်မခံနိုင်ကြောင်း ပြောတဲ့အဲ့ဒီအမျိုးသမီးတွေရဲ့ မိသားစုတွေ၊ ခင်ပွန်းသည်တွေကိုလည်း ဝိုင်းဝန်းရိုက်နှက်တာတွေ၊ လုပ်တဲ့အတွက် နောက်ဆိုဘယ်သူမှ မပြောရဲကြဘူးလို့ သူတို့ကပြောပြကြပါတယ်။
ဦးအုစ်ဖာန်ဂေါ်နီရဲ့ မုဒိမ်းကျင့်တာကိုခံခဲ့ရတဲ့ အမျိုးသမီးတွေထဲမှာ အသက် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦး၊ အသက် ၁၅ နှစ်ဝန်းကျင်မိန်းကလေး နှစ်ဦးတို့ပါဝင်ပါတယ် အမှုဖွင်ဖို့တိုင်ကြားတဲ့အမျိုးသမီးတွေက ပြောပါတယ် ။
အဲ့ဒီထဲ အသက် ၁၂ နှစ်အရွယ်အမျိုးသမီးငယ်ဟာ အဓမ္မပြုကျင့်ခံရတဲ့ဒဏ်ကြောင့် သွေးထွက်လွန်ပြီး သေဆုံးခဲ့ရတဲ့ဖြစ်စဉ်တစ်ခုလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အသက် ၃၀ ဝန်းကျင်အရွယ် အိမ်ထောင်ရှင်တွေ၊ မုဆိုးမတွေနဲ့ စိတ်မနှံ့သူတွေလည်း ပါဝင်နေတယ်လို့ သူတို့က ပြောပါတယ်၊။
ဒါဟာ ၂၀၁၂ ခုနှစ်ကနေ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့အတွင်း ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ကာယကံရှင် အမျိုးသမီးတွေရဲ့ ရဲတပ်ဖွဲ့ကို တိုင်ကြားတဲ့စာမှာ ရေးသားဖော်ပြပါရှိပါတယ်။
များပြားလှတဲ့အမျိုးသမီးတွေဟာ စခန်းခေါင်းဆောင်ရဲ့ အကြိမ်ကြိမ်ပြုကျင့်မှုကို ခံနေကြရတဲ့အတွက် သူတို့တွေဟာ ဒီအခက်အခဲကနေ လွတ်မြောက်ဖို့ ထွက်ပေါက်တစ်ခုကို ရှာဖွေလာခဲ့ကြပါတယ်။
မရူကီယာဘေဂေါမ်ကို ဦးအုစ်ဖာန်ဂေါ်နီကို မုဒိမ်းကျင့်တဲ့နေ့မှာပဲ သူ့ကိုဖမ်းဆီးလိုက်ကြပြီးတော့ ရဲစခန်းကိုပို့ပြီး အမှုဖွင့်လိုက်တာကြောင့် သူ့ကိုရဲစခန်းအချုပ်ထဲမှာ ထိန်းသိမ်းခံလိုက်ရတာဖြစ်ပါတယ်။
သူ့ ကို ဓားထောက်ပြီး အဓမ္မပြုကျင့်တဲ့ စခန်းခေါင်းဆောင် ဦးအုစ်ဖာန်ဂေါ်နီကို သက်ဆိုင်ရာရဲတပ်ဖွဲ့ဆီအပ်နှံ ပေးခဲ့ပြီး မရူကီယာဘေဂေါမ်က တရားလိုအဖြစ်နဲ့ စစ်တွေမြို့နယ် တရားရုံးမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၉၂၃၊ ၃၇၆ တို့နဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်းမှာပဲ ဖမ်းဆီးတရားစွဲဆိုနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဦးအုစ်ဖာန်ဂေါ်နီ တရားစွဲခံရတဲ့အချိန်မှာ နောက်ထပ် ၄၄ ဦးထဲက တချို့ကို ရဲစခန်းမှာတိုင်ကြားလို့ရှိရင် ဒုက္ခသည်စခန်းထဲကနေ နှင်ထုတ်ပစ်မယ်။ မဟုတ်လို့ရှိရင် အသေသတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်မှုတွေလည်း ပြုလုပ်တာခံကြရတယ်လို့ အမျိုးသမီးတွေက ပြောပါတယ်။
စွပ်စွဲခံရသူ ဘက်ကိုတော့ ဒီအမှုနဲ့ ပတ်သက်လို့ မေးမြန်းလို့ မရသေးပါဘူး။
မရူကီယာဘေဂေါမ်က အမှုရုပ်သိမ်းပေးဖို့ သဘောတူလိုက်တဲ့အချိန်မှာ ကျန်တဲ့အမျိုးသမီး ၄၄ ဦးအနက် ၉ ဦးက ဒီအမှုမှာ ပါဝင်သူတွေအဖြစ် ရဲစခန်းမှာထွက်ဆိုပြီး အမှုဖွင့်လိုက်ကြပါတယ်။
စခန်းတစ်ခုလုံးက အဓမ္မပြုကျင့်ခံခဲ့ရတဲ့ အမျိုးသမီးတွေနဲ့ သူတို့ရဲ့မိသားစုတွေကို ခြိမ်းခြောက်ခြယ်လှယ်တာတွေ၊ အနိုင်ကျင့်တာတွေနဲ့ အမှုကလွတ်မြောက်ဖို့အတွက် လုပ်ဆောင်နေသူကတော့ အုစ်ဖာန်ဂေါ်နီရဲ့ အစ်ကိုရင်းဖြစ်သူ ဦးမောင်မောင်သန်း (ခ) အာလ်မောစ်တာဖာ ဖြစ်တယ်လို့ မုဒိမ်းကျင့်ခံရတဲ့ အမျိုးသမီးတွေက ပြောပါတယ်။
ဒုက္ခသည်စခန်းတွေမှာ ယာယီတဲအိမ်တွေနဲ့လူတွေပြွတ်သိပ်စွာနေထိုင်နေကြရတဲ့အပြင် နေအိမ်တွေကလည်း ဝါးတဲသာသာတွေသာဖြစ်တဲ့အတွက် အခုလို လူတွေကြောင့် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာတွေမှာ မလုံခြုံတဲ့အပြင် သူတို့တွေအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ အကာအကွယ်ပေးမှုတွေကိုလည်း မရရှိကြဘဲ ပစ်ပယ်ခံနေကြရတာဖြစ်ပါတယ်။
နစ်နာသူအမျိုးသမီးတွေက ဒီကိစ္စနဲ့ပတ်သက်လို့ သူတို့ကိုကာကွယ်ပေးကြဖို့ စခန်းတာဝန်ရှိသူတွေ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေဖြစ်တဲ့ Plan Myanmar, ICRC,DRC စတဲ့အဖွဲ့အစည်းတွေကို တိုင်ကြားခဲ့ကြပေမယ့် တရားမျှတတဲ့အကူအညီတွေမရရှိခဲ့ဘူးလို့ သူတို့ရဲ့ အမှုဖွင့်တိုင်ကြားစာမှာ ပါရှိပါတယ်။
မရူကီယာဘေဂေါမ်က အမှုကိုရုပ်သိမ်းဖို့သဘောတူလိုက်ချိန်မှာတော့ နောက်ထပ်အမျိုးသမီးတွေက ဒီအမှုမှာ ပူးပေါင်းပါဝင်ဖို့ စိတ်ဝင်စားလာကြပါတယ်။ အဲ့ဒီအချိန်မှာ သူတို့ကိုအကူအညီပေးနိုင်မယ့် စစ်တွေမြို့ပေါ်က အရပ်ဖက်အဖွဲ့အစည်းတွေဆီ လာအကူအညီတောင်းကြတာဖြစ်ပါတယ်။
ရခိုင်အမျိုးသမီးအဖွဲ့အစည်းတွေနဲ့ ဥပဒေဆိုင်ရာအကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေက စုပေါင်းပြီး ဒီပြဿနာမှာ တရားမှန်ပေါ်ပေါက်လာဖို့အတွက် အကူအညီပေးဖို့ဆုံးဖြတ်ပြီး လိုအပ်တဲ့အကူအညီတွေကို ပေးနေကြတာလို့ သိရပါတယ်။
“အစပိုင်းမှာတော့ ကျွန်မတို့က ဘာမှမသိဘူး။ ရူကီယာဘေဂေါမ်ကိစ္စပြီးတဲ့နောက်မှာပဲ သူတို့လာအကူအညီ တောင်းလို့ ကူညီပေးနေတာဖြစ်ပါတယ်။ ဒါက ကျွန်မတို့အနေနဲ့ အမျိုးသမီးတွေရဲ့နစ်နာမှု၊ ဆုံးရှုံးမှု၊ မလုံခြုံမှုတွေကို အကာအကွယ်ရဖို့၊ တရားဥပဒေအရေ မှန်မှန်ကန်ကန်ဖြစ်ဖို့အတွက်အကူအညီပေးတာပါ။”လို့ အကူအညီပေးနေတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ RWLH က ဒေါ်စောမပုစိန်က ပြောပါတယ်။
အဲ့ဒီစခန်းက ရိုဟင်ဂျာအမျိုးသမီးတွေကတော့ စခန်းခေါင်းဆောင် ဦးအုစ်ဖာန်ဂေါ်နီကို သူတို့စခန်းမှာရှိမနေဖို့၊ ထိုက်သင့်တဲ့ပြစ်ဒဏ်ပေးဖို့နဲ့ သူတို့အေးချမ်းလုံခြုံစွာနေထိုင်နိုင်ဖို့အတွက်ကိုပဲ လိုလားတယ်လို့ ပြောဆိုကြပါတယ်။