လာမယ့် ၅ နှစ်တာကာလက စံချိန်တင် အပူဆုံး ဖြစ်လာနိုင်-မေလ ၁၇ ရက် ညနေပိုင်း နိုင်ငံတကာ သတင်းများ

ဓာတ်ပုံ ရင်းမြစ်, Science Photo Library
လာမယ့် ၅ နှစ်တာ ကာလဟာ စံချိန် မှတ်တမ်းတင်မှုတွေ စလုပ်ခဲ့ချိန်ကစလို့ အပူဆုံးအဖြစ် စံချိန်တင်ရလုနီးပါး ဖြစ်လာလိမ့်မယ်လို့ ကုလသမဂ္ဂ ကျွမ်းကျင်သူတွေက သတိပေး ပြောကြားလိုက်ပါတယ်။
ကမ္ဘာ့ မိုးလေဝသနဲ့ ဇလဗေဒအဖွဲ့ကြီးက အခုချိန်ဟာ ကမ္ဘာတစ်ဝန်း ပူနွေးလာမှုကို တစ် ဒဿမ ငါး ဒီဂရီ မကျော်အောင် ကန့်သတ်ထားဖို့ဆိုတဲ့ အဓိက ရည်မှန်းချက် ပျက်ပြယ်သွားမယ့် ပုံမျိုး ရှိနေတယ်လို့ ဆိုပါတယ်။
ဒါဟာ ကျန်းမာရေး၊ စားနပ်ရိက္ခာ လုံခြုံမှု၊ သောက်သုံးရေ စီမံခန့်ခွဲမှုနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းမှု စတဲ့ ဂယက်ရိုက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
အပူချိန် တစ် ဒဿမ ငါး ဒီဂရီ သတ်မှတ်ထားချက်ကို ကျော်နိုင်ဖို့ အခွင့်အလမ်းက ၂၀ ရာခိုင်နှုန်းတောင် မရှိဘူးလို့ သိပ္ပံပညာရှင်တွေက လွန်ခဲ့တဲ့ ၃ နှစ်တုန်းက ခန့်မှန်းထားခဲ့ကြတာပါ။
အခုအခါမှာတော့ ကာဘွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု တိုးလာတာကြောင့်နဲ့ လာနီညာကနေ အယ်လ်နီညို အဖြစ် ပြောင်းလဲမယ့် ရာသီဥတု ဖြစ်စဉ်တစ်ခုကြောင့် အခုလို အခြေအနေ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။
စစ်တပ်ကို လှောင်ပြောင်သရော်ခဲ့တဲ့ ကုမ္ပဏီကို တရုတ်အစိုးရက ဒေါ်လာ ၃ သန်း ဒဏ်ကြေးချမှတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်နိုင်ငံမှာ ပြက်လုံးထုတ်တဲ့ နာမည်အကြီးဆုံး ကုမ္ပဏီတစ်ခုက ပြက်လုံးထုတ်သူတွေရဲ့ စစ်တပ်ကို လှောင်ပြောင်ထားတဲ့ ပြက်လုံးတစ်ခု လူတွေကြားထဲ ပျံ့နှံ့သွားခဲ့အပြီးမှာ တရုတ်အစိုးရက အဲဒီကုမ္ပဏီဟာ လူမှုအသိုင်းအဝိုင်းကို ထိခိုက်အောင် လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေါ်လာ ၂ သန်း ဒဏ်ကြေးချမှတ်လိုက်ပါတယ်။
ပြက်လုံးထုတ်ခဲ့သူ လီ ဟောင်ရှီ က သူမွေးထားတဲ့ လေလွင့်ခွေးနှစ်ကောင်ဟာ "စိတ်သဘောကောင်းပြီး စစ် အောင်နိုင်စွမ်း ရှိတယ်"လို့ ပြက်လုံးထုတ်ခဲ့တာပါ။
"စိတ်သဘောကောင်းပြီး စစ်အောင်နိုင်စွမ်း ရှိတယ်"ဆိုတဲ့ စကားလုံးဟာ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်က စစ်တပ်ရဲ့ အလုပ်ကျင့်ဝတ်ကို ဖော်ညွှန်းပြောစဉ် သုံးခဲ့တာပါ။
လီ အဲဒီ ပြက်လုံး ပြောထားတဲ့ ဗီဒီယိုက အခုသီတင်းပတ်အစောပိုင်းတုန်းက တရုတ်လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။
ဒါဟာ တရုတ်အစိုးရစစ်တပ်ကို သိက္ခာချ လှောင်ပြောင်ထားတာလို့ တချို့က ပြောနေပါတယ်။
တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်ကို လှောင်ပြောင်သရော်တာမျိုးကိုလည်း တရုတ်နိုင်ငံတွင်းမှာ ပိတ်ပင် တားမြစ်ထားပါတယ်။
ဂျုံပြောင်းတင်ပို့ခွင့် သဘောတူချက်မကုန်ခင် တစ်ရက်အလို နောက်ဆုံး ယူကရိန်း ကုန်တင်သင်္ဘော ထွက်ခွာ

ဓာတ်ပုံ ရင်းမြစ်, iStock
ယူကရိန်းနိုင်ငံကနေ ပင်လယ်နက်ကို ဖြတ်ပြီး ဂျုံ၊ ပြောင်းသီးနှံ ထွက်ကုန်တွေ ဘေးကင်းလုံခြုံစွာ တင်ပို့နိုင်ခွင့် သဘောတူထားချက် သက်တမ်းမကုန်ခင် တစ်ရက်အလိုမှာ ဂျုံပြောင်း တင်ဆောင်တဲ့ နောက်ဆုံးသင်္ဘော ယူကရိန်း ဆိပ်ကမ်းကနေ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။
ကုလသမဂ္ဂရဲ့ အချက်အလက်တွေအရ ပြောင်း တန်ပေါင်း ၃ သောင်း တင်ဆောင်လာတဲ့ အဲဒီသင်္ဘောဟာ ချိုနော်မော့စ်က် မြို့ ဆိပ်ကမ်းကနေ တူရကီကို ထွက်ခွာသွားပြီလို့ သိရပါတယ်။
ရုရှားရဲ့ ကျူးကျော်စစ်ပွဲကြောင့် ဆိုးဝါးလာတဲ့ ကမ္ဘာတဝန်း စားနပ်ရိက္ခာ ရှားပါးမှုပြဿနာကို ကူညီဖြေရှင်းပေးတဲ့ အနေနဲ့ ကုလသမဂ္ဂက ပြီးခဲ့တဲ့ ဇူလိုင်လက ပဏာမ ကြားဝင် ညှိနှိုင်းပေးခဲ့တာပါ။
ဒီသဘောတူချက်ကို သက်တမ်းတိုး မတိုးဆိုတာကို ရုရှားအစိုးရဘက်က မဆုံးဖြတ်သေးပါဘူး။
သဘောတူချက်အရ ယူကရိန်းနိုင်ငံကနေ ဂျုံပြောင်း မက်ထရစ်တန်ပေါင်း သန်း ၃၀ ကျော်ကို ကုန်တင်သင်္ဘောတွေနဲ့ တင်ပို့နိုင်ခဲ့ပြီး အဲဒီထဲက တစ်ဝက်ကျော်ဟာ ကမ္ဘာ့အလိုအပ်ဆုံး နိုင်ငံတွေဆီ ရောက်ခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
နယူးဇီလန် အလုပ်သမားဆောင် မီးလောင်မှုကို ရှို့မီးအဖြစ် ရဲက အမှုဖွင့်စစ်ဆေး

ဓာတ်ပုံ ရင်းမြစ်, EPA
နယူးဇီလန်နိုင်ငံ Wellington မြို့က လူနေဆောင်တစ်ခုမှာ လူသေဆုံးမှုတွေ ရှိခဲ့တဲ့ မီးလောင်မှုကို ရှို့မီးအဖြစ် သတ်မှတ်ကြောင်း ရဲက ထုတ်ဖော်ပြောကြားလိုက်ပြီး လူသတ်မှုအဖြစ် အမှုဖွင့် စုံစမ်းစစ်ဆေးနေပါတယ်။
အဲဒီ Loafers Lodge အဆောင် မီးလောင်မှုအတွင်း အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့ပြီး လူ ၂၀ လောက်အထိ ပျောက်ဆုံးနေဆဲပဲလို့ ရဲက ပြောပါတယ်။
နောက်ထပ် အသေးစိတ် စစ်ဆေးရှာဖွေမှုတွေ ကို မနက်ဖြန်မှာ စလုပ်ဖို့ ရှိနေပြီး အဲဒီမတိုင်ခင် အဆောင်ထဲကို စုံစမ်းစစ်ဆေးရေးအဖွဲ့ ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။
အင်္ဂါနေ့ အစောပိုင်း မီးလောင်မှုကြီး မဖြစ်ခင် ၂ နာရီလောက်က အဲဒီ အဆောက်အအုံထဲက ဆိုဖာ တစ်ခုမှာ မီးစွဲလောင်မှုတစ်ခု ဖြစ်ခဲ့သေးတယ်လို့ ရဲက အစောပိုင်းက ပြောပါတယ်။
အဲဒီအဆောင်မှာ နေနေသူတချို့ ပြတင်းပေါက်ကနေ ခုန်ချ လွတ်မြောက်ခဲ့သလို တချို့ကိုတော့ ခေါင်မိုးပေါ်ကနေ ကယ်ဆယ်နိုင်ခဲ့ပါတယ်။








