ဖေဖော်ဝါရီ ၁၁ ရက်ထိပ်တန်းသတင်းများ-အရပ်သားတွေပါ လက်နက်ကိုင်ဆောင်ခွင့် စစ်ကောင်စီ ထုတ်ပြန်

ရေးသားခဲ့သည်။

မတ်ပဲအသစ်ပေါ်ချိန်ဖြစ်ပေမဲ့ အဝယ်လိုက်နေလို့ ပဲ ဈေးကောင်းရနေ

ပဲ မတ်ပဲ

ဓာတ်ပုံ ရင်းမြစ်, AMIA

ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်း တွေမှာ စိုက်ပျိုးတဲ့ မတ်ပဲ အသစ်ပေါ်ချိန် ဖြစ်ပေမဲ့ ပြည်တွင်းကုန်သည်အဝယ်များသလို အိန္ဒိယ နိုင်ငံကလည်း ဝယ်လိုအားဆက်ရှိနေလို့ မတ်ပဲဈေးနှုန်းမြင့်တက်နေတယ်လို့ ပဲကုန်သည်တွေက ဆိုပါတယ်။

ပဲဈေးကွက်အနေအထားအရ ပဲသစ်ပေါ်ချိန်မှာ ဈေးကျလေ့ရှိပေမဲ့ ဒီနှစ်မှာတော့ လက်ကျန်ပဲဟောင်းနည်းနေတဲ့အပြင် ပဲစိုက်ပျိုးရာမှာ ရာသီဥတု မိုး မကောင်းတာ၊ သွင်းအားစုဈေးနှုန်းမြင့်မားလို့ တောင်သူတွေ ထည့်သွင်းအသုံးပြုနိုင်မှုနည်းတာကြောင့် အရင်နှစ်တွေထက် အထွက်နှုန်းနည်းလို့ ပဲသစ်ပေါ်ချိန် ဖြစ်ပေမယ့် ဈေးနှုန်းဆက်လက်မြင့်တက်နေတယ်လို့ ဆိုကြပါတယ်။

မန္တ လေး ဈေးကွက်မှာ မတ်ပဲ သုံးတင်းတစ်အိတ်ကို ကျပ် တစ်သိန်းခုနစ်သောင်းခွဲက နေ တစ်သိန်းရှစ်သောင်းကျော်အထိ အရည်အသွေးအလိုက် ဈေးအစားစားရှိတယ်လို့ သိရပါတယ်။

" မတ်ပဲက အိန္ဒိယ က အော်ဒါဆက်တက်တိုက်တယ်။ မတ်ပဲတင်မဟုတ်ဘူး၊ တခြားပဲတွေပါ ဒီနှစ် မိုးမကောင်းတော့အထွက်နည်းတယ်။ အသစ်ပေါ်တဲ့အချိန်မှာ ပြည်တွင်းပြည်ပ ဝယ်လက် ပြုံဝင်ပြီး ဈေးတက်နေတယ် " လို့ မန္တ လေးကုန်စည်ဒိုင်က ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးကဆိုပါတယ်။

မန္တ လေးတိုင်းဘက်မှာ စိုက်ပျိုးတဲ့ မတ်ပဲက နိုဝင်ဘာ၊ ဒီဇင်ဘာလမှာ ပေါ်ခဲ့ပြီး မတ်ပဲ အဓိက စိုက်ဧကများတဲ့ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတို့က မတ်ပဲဟာ ဖေဖော်ဝါရီ လမှာ အသစ်စပေါ်နေပြီဖြစ်ပါတယ်။

" မိုးမကောင်းတာရော၊ ဓာတ်မြေသြဇာ၊ အပင်အားဆေး စတဲ့ သွင်းအားစုတွေ ဈေးအရမ်းကြီးတော့ ကောင်းကောင်းမသုံးနိုင်တာမို့လို့ ခါတိုင်းထက် စာရင် ဒီနှစ် အထွက်နှုန်းနည်းတယ် " လို့ မတ်ပဲစိုက် တောင်သူတစ်ဦးက ဆိုပါတယ်။

အိန္ဒိယ နိုင်ငံ မွမ်ဘိုင်းမြို့ မှာ ပဲလုပ်ငန်းသီးသန့်ဆွေးနွေးပွဲကို လာမယ့် ဖေဖော်ဝါရီလ ၁၆ ရက်က ၁၈ ရက်အထိ ကျင်းပမှာဖြစ်လို့ ဒီဆွေးနွေးပွဲပြီးနောက် မြန်မာနိုင်ငံဘက်က ဝယ်လိုအား အခြေအနေ ဆက်ကောင်းမယ်လို့ ကုန်သည်တွေက မျှော်လင့်နေကြပါတယ်။ မတ်ပဲကို ပြည်တွင်း ပြည်ပ ဝယ်လိုအားရှိပေမဲ့ အထွက်နှုန်းကျဆင်းနေတာမို့လို့ မတ်ပဲဈေး ဆက်ကောင်းနေဦးမယ်လို့ ပဲကုန်သည်တွေက သုံးသပ် ပြောဆို နေကြပါတယ်။

ရှားတောမှာ မြို့အဝင်အထွက် စစ်တပ်ကို ခွင့်ပြုမိန့်တောင်းသွားလာနေရ

ရှားတော ကရင်နီ

ဓာတ်ပုံ ရင်းမြစ်, KA

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကယားပြည်နယ်ထဲက ဒီးမော့ဆို၊ ဖရူဆို၊ ရှားတော၊ ဘော်လခဲ စတဲ့မြို့နယ်တွေကို ဖေဖော်ဝါရီ ၂ ရက်နေ့က စပြီး စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပြီးတဲ့နောက် တခြား စစ်အုပ်ချုပ်ရေးမြို့နယ်တွေလို ညနေ ၆ နာရီကနေ မနက် ၆ နာရီ အကြား ညမထွက်ရ အမိန့် သီးသန့်ထပ်မံထုတ်ပြန်ထားတာမရှိသေးပေမဲ့ ကန့်သတ်ချက်တချို့ နဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ရှားတောမြို့နယ်ထဲက ပြည်သူတွေဟာ အခု ရက်ပိုင်းမှာ မြို့အဝင်အထွက်ကို စစ်ကောင်စီထံကို ခွင့်ပြုချက်တောင်းပြီးမှ သွားလာရတာတွေ ရှိတယ်လို့ ဆိုပါတယ်။

“ တောင်ယာသွားရင် တစ်ရက်စာပဲ ယူခွင့်ရှိတယ်။ တောင်ယာမှာ လိုအပ်တဲ့ပစ္စည်းတွေကအစ တစ်ရက်စာပဲ စစ်ဆေးပြီး သွားခွင့်ပြုတာရှိတယ်။ ထမင်းထုပ်ကအစ အများကြီး ပေးမယူဘူး။ အဲဒီလိုတွေ အကန့်အသတ်ရှိလာတယ် “ လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကျန်းမာရေး ကိစ္စတွေမှာလည်း မိုးဗြဲဆေးရုံက ပိတ်ထားရဆဲဖြစ်တာကြောင့် ငွေကြေးတတ်နိုင်သူတွေက လွိုင်ကော်ဆေးရုံကို သွားပြီး ကုသရတာတွေ ရှိပေမဲ့ ငွေကြေး မတတ်နိုင်သူတွေနဲ့ လက်ရှိ ညမထွက်ရ အမိန့်တွေကြောင့် လမ်းခရီး အခက်အခဲရှိလာတဲ့အတွက် နီးစပ်ရာဆေးတွေပဲ ဝယ်သောက်ရတာတွေ ရှိတာကြောင့် ဆေးဝါး ထိထိရောက်ရောက် မသုံးစွဲတတ်တဲ့ အခက်အခဲနဲ့ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုး မသိတဲ့ အခက်အခဲတွေလည်း ကြုံနေကြရတယ်လို့ သိရပါတယ်။

ဒါ့အပြင် မိုးမလင်းခင် အပြင် မထွက်ရဲကြတဲ့ အကြောက်တရားနဲ့ ရင်ဆိုင်နေကြရတဲ့ ပြည်သူတွေဟာ အရင်က မိုးမလင်းခင်မှာပဲ ရွာစဉ်လှည့်စျေးရောင်းတာတွေကိုအခုတော့ မိုးလင်းမှပဲ အပြင်ထွက် လုပ်ဆောင် ရတာကြောင့် အရင်လိုရောင်းမကောင်းဘဲ စီးပွားရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ဆိုပါတယ်။

အာဏာသိမ်းကာလနောက်ပိုင်း ကချင်ပြည်နယ်ထဲမှာ ရွှေတူးဖော်တာတွေ ပိုလုပ်လာ

အင်းတော်ကြီး

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, အင်းတော်ကြီး‌ ဒေသတဝိုက်မြင်ကွင်း ( ပုံဟောင်း)

ကချင်ပြည်နယ် အင်းတော်ကြီးဒေသ မမုန်ကိုင်ရွာဘက်မှာ တရားမဝင် ရွှေတူးဖော်တာတွေ တစ်နေ့ထက်တစ်နေ့ များပြားလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အခုနောက်ပိုင်းမှာတော့ ဟိုပင် ကနေ ဖားကန့်ဘက်သွားတဲ့ ကတ္တရာလမ်းဘေးမှာ ရွှေလုပ်ကွက်တွေကို လမ်းကနေ ကြည့်ရင် အလွယ်တကူ မမြင်နိုင်အောင် ဆယ်ပေခန့်ရှိတဲ့ သွပ်ပြားတွေနဲ့ ကာရံပြီး တူးဖော်နေကြတယ်လို့လည်း ဆိုပါတယ်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာ နောက်ဆုံးအပတ်လောက်ကစလို့အဲဒီလိုသွပ်အကာအရံတွေ ကာထားပြီး တူးဖော်နေတာဖြစ်လို့ လုပ်ကွက်တွေကိုအရင်ကလို အလွယ်တကူမမြင်တွေ့နိုင်တော့ဘူးလို့လည်း ဒေသခံတွေကပြောပါတယ်။

အင်းတော်ကြီးဒေသ မမုန်ကိုင် ဘက်မှာတော့ ရွှေကြောတွေ ရှိနေသေးသလို မြေနေရာတွေလည်း ကျန်နေသေးတာကြောင့် တူးဖော်နေတာလည်း ဖြစ်နိုင်တယ်လို့ပြောပါတယ်။

" အင်းတော်ကြီးဒေသမှာ ရွှေတူးဖော်မှုအခြေအနေကတော့ အများဆုံးကတော့ ဒီ မမုန်ကိုင် ဘက်မှာ မိုင်းနောင် ဘက်တော့ ကုန်သလောက်ဖြစ်နေပြီး တခြားဘက်ပြောင်းသွားကြပြီ။ မမုန်ကိုင်ဘက်မှာတော့ ရွှေကြောကျန်နေသေးတော့ တူးဖော်နေတုန်းပေါ့လေ။ တူးနေတဲ့နေရာတွေကလည်း အဖမ်းအဆီးတွေရှိနေတဲ့ခါကျတော့ ကားလမ်းနဲ့ ဒီဖားကန့်နဲ့ဟိုပင်လမ်းပေါ်မှာရှိနေတော့ သွပ်ကို အမြင့်ကြီးကာလိုက်တာ ။ ညဘက်တွေလည်း တူးဖော်နေတယ်။ တူးနေတဲ့အခြေအနေမှာလည်း အဖမ်းအဆီးမရှိအောင် ပိုက်ဆံပေးရတယ်ကြားတယ်" လို့ ‌ဒေသခံတစ်ဦးက ပြောပါတယ်။

နှစ်ဖက်လက်နက်ကိုင်တွေ ရှိတဲ့ ကေအိုင်အေ ၊ ဒေသကာကွယ်ရေး PDF နဲ့ စစ်ကောင်စီတွေရှိတဲ့အတွက် ငွေ ပေးဆောင်ရတဲ့အနေအထားတွေလည်း ရှိနေတဲ့ အပေါ် သူဆက်ပြောပြတာက "တပ်ဘက်က လုံတယ်။ သူတို့ဘက်က သတင်းသိပ် မပေါက်ကြားဘူး ။ တောထဲ ကေအိုင်အေဘက်မှာလည်း နှစ်ဌာန ပေးရတယ်လို့ပြောတယ်။ ကေအိုင်အို အဖွဲ့ကိုလည်း ပေးရသေးတယ်။ ကေအိုင်အေကိုက တစ်နှစ်စာ ၅ သိန်းနဲ့ ၇သိန်း ပေးရတယ်။ သူတို့လည်း သတင်းမပေါက်ကြားစေတော့လေ ၊ လစဉ်ကြေးကောက်ပြီးပေးရတာလည်း ရှိတယ် ။ လစဉ်ကြေးမဟုတ်ဘဲနဲ့လည်း သွားသွားပေးနေရတာရှိတယ်။ တခါတလေ ကေအိုင်အေဘက်က ကွင်းဆင်းပြီးကောက်တာတွေရှိတယ်" လို့ ဆိုပါတယ်။

အခုလို ကေအိုင်အေ/ကေအိုင်အိုတပ်ဖွဲ့တွေထံ အခွန်ပေးဆောင်ပြီး ရွှေတူးဖော်မှုတွေ ပြုလုပ်နေတယ်ဆိုတာနဲ့ပတ်သက်လို့ ကေအိုင်အေဘက်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမဲ့အဆက်အသွယ်မရသေးပါဘူး။

အာဏာသိမ်းပြီးနောက်ပိုင်း ရွှေတူးဖော်မှုတွေက တစ်လ ထက် တစ်လ ပိုဖြစ်လာပြီး စစ်ကောင်စီဘက်က ဘက်ဟိုးနဲ့ တူးဖော်တဲ့သူတွေကို မြေတူးစက် ဘက်ဟိုးတွေပါသိမ်းပြီး ဖမ်းဆီးမှုတချို့ရှိခဲ့ပေမဲ့ ရွှေတူးဖော်တာတွေက ဆက်လက် ရှိနေဆဲပဲလို့ ဒေသခံတွေက ပြောပြကြပါတယ်။

နောင်ချိုမှာ တိုက်ပွဲပြင်းထန်၊ လေကြောင်းပစ်ခတ်မှုတွေပါ ရှိ

ရှမ်းပြည်နယ် မြောက်ပိုင်း ၊ နောင်ချိုမြို့နယ် ဘုရားကုန်းအနီးမှာ ဖေဖော်ဝါရီလ ၁၀ ရက် မနက် ၆ နာရီ လောက်ကစလို့ စစ်ကောင်စီတပ်နဲ့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ အကြား တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ်နဲ့ပါ တိုက်ခိုက်နေတဲ့အတွက် ကျေးရွာ ဒေသခံတွေက တိမ်းရှောင်နေကြရတယ်လို့လည်း သိရပါတယ်။

လက်ရှိ ဒီကနေ့ အချိန် အထိ လည်း ဒေသခံတွေဟာ ဆက်လက် တိမ်းရှောင်နေကြရပြီး နေရပ်ကို ပြန်မလာရဲကြဘူးလို့ ဆိုပါတယ်။

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်၊ သိန္နီ မြို့ဝန်းကျင်မှာ ဖေဖော်ဝါရီလ ၁၀ ရက် မနက်ပိုင်းက ပေါက်ကွဲသံ၊ ပစ်ခတ်သံတွေ ကြားရလို့ ဒေသခံတွေ အလန့်တကြားဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီအသံတွေဟာ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ဝန်းကျင် နမ့်ဖလွန်းရွာမှာ စစ်ကောင်စီတပ်ကားတွေ တိုက်မိုင်းထိလို့ ပြန်လည်ပစ်ခတ်တဲ့ အသံတွေလို့ ဒေသခံတွေက ပြောကြပြီး ဘယ်အဖွဲ့နဲ့ ဖြစ်လဲဆိုတာ အတိအကျ မသိရဘူးလို့ ဆိုပါတယ်။

"မနေ့က မနက်က အသံတွေကြားရတော့ လူတွေ အလန့်တကြားဖြစ်ကြ၊ ဆိုင်တွေသိမ်းကြ လုပ်ကြတယ်။ ကျွန်မတို့လည်း ဆိုင်အမြန်သိမ်းကြတယ်။ နေ့ခင်းဘက်ကျ အသံတွေတိတ်ပြီး ပြန်ငြိမ်သွားတယ်၊ နောက်မှ စစ်ကားတွေ တိုက်မိုင်းထိတာလို့ သိရတယ် " လို့ " သိန္နီ မြို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ပစ်ခတ်သံတွေ ကြားရပြီးတဲ့ နောက်ပိုင်း ည ဘက်တွေမှာ စစ်ကောင်စီကားတွေလည်း အများအပြားဖြတ်သန်းတာတွေ့ရပြီး ညပိုင်းမှာ လေယာဉ်တွေ ပျံသန်းနေတာတွေ ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဒီနေ့ ဖေဖော်ဝါရီ ၁၁ ရက် နေ့လယ်ပိုင်းအထိ မှာတော့ ပစ်ခတ်သံမကြားရသေးပေမဲ့ ဒေသခံတွေက စိုးရိမ်မှုတွေနဲ့ နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။

ဒီလို ထိတွေ့တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက တစုံတရာ ထုတ်ပြန်လာတာ မရှိ‌သေးပါဘူး။

အိုးဘိုထောင်ဖြစ်စဉ် အကျဉ်းသူတွေ ပြင်းထန် ဒဏ်ရာရ

အိုးဘိုထောင်၊ မန္တလေး

ဓာတ်ပုံ ရင်းမြစ်, MPA

မန္တလေး အိုးဘိုအကျဉ်းထောင်တွင်းက အမျိုးသမီးဆောင်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ပဋိပက္ခတွေ ဖြစ်ပေါ်ခဲ့ပြီး အကျဉ်းသူတွေ ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ထောင်တွင်းနီးစပ်သူတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၄ရက်က အမျိုးသမီးအကျဉ်းဆောင်မှာ ရေနွေးတောင်းယူရာကနေ စကားများပြီး အကျဉ်းဦးစီး ဝန်ထမ်းက ရိုက်နှက် ရာကနေ စကားများ ရုမ်းရင်းဆန်ခတ်တွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အမျိုးသမီး အကျဉ်းဆောင်ကို တံခါးတွေပိတ်ပြီး ဝန်ထမ်းတွေက ဝရင်းတုတ်၊ ကျင်စက်တွေနဲ့ အကျဉ်းကျသူတွေကို ရိုက်နှက်တာတွေ ပြုလုပ်ခဲ့သလို ရဲဝန်ထမ်း အမျိုးသားတွေပါ အမျိုးသမီးဆောင်ထဲဝင်ပြီး လေးခွတွေနဲ့ ပစ်ခတ်ခဲ့လို့ လောက်စာလုံးမှန်ပြီး ထိခိုက် ဒဏ်ရာ ရသူတွေပါ ရှိခဲ့တယ်လို့ ထောင်တွင်းနီးစပ်သူတွေက ပြောပါတယ်။

" သွားကြားထိုးတံတောင် မရှိတဲ့ကလေးတွေမှာ ဒဏ်ရာရသူတွေများတယ်။ တချို့ဆို အဲဒီလို ဖြစ်နေတုန်း သွေးသံရဲရဲတွေကြောင့် နေရာမှာတင် မူးမေ့သွားသူတွေရှိတယ်"လို့ အိုးဘိုထောင်တွင်း နီးစပ်သူတစ်ဦးက ပြောပါတယ်။

အဲဒီ ဖြစ်စဉ် အတွင်း ကျင်စက်အတို့ခံရတာလည်း ရှိခဲ့တာကြောင့် ထောင်၀င်စာ ပို့ထားတဲ့ ငရုတ်သီးကြော်ဘူးတွေကို ရေကျင်း ပြီး အကျဉ်းသူတွေက ကိုယ့်ကိုကိုယ် ကာကွယ်မှုတွေ ပြုလုပ်ခဲ့တာကြောင့် အကျဉ်းဝန်ထမ်းတချို့လည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ထောင်ဝင်စာအကြော်အလှော်ဘူးတွေကို ရေနဲ့ကျင်းပြီး ခုခံကာကွယ်တာတွေလုပ်တာကြောင့်ဆိုပြီး ငရုတ်သီးကြော်ဘူးတွေ ထောင်ဝင်စာပို့ခွင့်ကိုလည်း ပိတ်လိုက်တယ်လို့ နီးစပ်သူတွေကပြောပါတယ်။

ဒီဖြစ်စဉ်မှာ အမျိုးသမီးအကျဉ်းသူတစ်ဦး မျက်စိကွယ်ပြီး အကျဉ်းသူတစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ တချို့ကို ဒဏ်ရာချုပ်ပေးတာတွေ ပြုလုပ်ပေးတယ်လို့ သိရပြီး လူသေဆုံးတာနဲ့ပတ်သက်လို့ ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

မန္တလေး အိုးဘိုထောင်တွင်း အမျိုးသမီးဆောင်အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး နေပြည်တော် အကျဉ်းဦးစီးဌာနကို ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိခဲ့ပါဘူး။

ခင်ဦးကို စစ်ကြောင်းထိုးနေလို့ ဒေသခံ သောင်းချီ ပြေးလွှားတိမ်းရှောင်နေရ

Khin Oo

ဓာတ်ပုံ ရင်းမြစ်, CJ

ဖေဖော်၀ါရီ ၁၁ ရက်နေ့ ဒီကနေ့ မနက် ၈ နာရီလောက်ကစပြီး ခင်ဦးမြို့နယ်ထဲကို စစ်ကောင်စီတပ်တွေက နေရာ အနှံ့ ဖြန့်ကျက်ပြီး အင်အား အလုံးအရင်းနဲ့ စစ်ကြောင်း သုံးကြောင်း ခွဲဝင်ရောက်လာနေတယ်လို့ ခင်ဦး မြို့နယ် ဒေသခံတွေက ပြောပါတယ်။

အဲဒီလို စစ်ကြောင်း သုံးကြောင်းထိုးနေတာကြောင့် ‌ ဒေသခံ သောင်းနဲ့ချီကလည်း ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ ‌သိရပါတယ်။

ရေဦးကနေ အင်အား ၇၀ လောက်နဲ့ လက်နက်ကြီးတွေပါတဲ့ စစ်ကြောင်းတစ်ကြောင်းက အင်းပတ်ကွေ့ ကနေ ရွာစဉ်အလိုက်လှည့်လည်ဝင်ရောက်နေပြီး ခင်ဦး အရှေ့ဘက်ခြမ်း မဒေါင်းလှကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကြောင်းက သေနတ်စိန်ကျေးရွာဘက်ကို အင်အား ၃၀ ကျော် ခန့် နဲ့ ဝင်ရောက်လာသလို ရွှေဘိုမြို့နယ်မှာ တပ်စွဲထားတဲ့ တပ်တွေက ညောင်ကန်ကျေးရွာကို ရောက်ရှိနေပြီး ၀န်းကြီး ကျေးရွာ နဲ့ ပေါက်တုန်ကျေးရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့ အင်အား ၃၀ ခန့် စစ်ကြောင်း စုစုပေါင်း စစ်ကြောင်း ၃ကြောင်းထိုးနေတာလို့ ဒေသခံတွေက ဆိုကြပါတယ်။

" မိုးလင်းစ ရှိသေးတယ်။ စစ်ကြောင်းက နေရာစုံကို ပတ်ထိုးတော့တာ။ စစ်ကြောင်းတစ်ကြောင်းကို ရွာ ငါးရွာ ကျော် လောက် ရှောင်နေရတဲ့ အနေအထားဆိုတော့ အခုမနက်တင်ကို ရွာ ၂၀ နီးပါးက လူ သောင်းချီ ပြေးနေရတယ်" လို့ ပြေးလွှားနေတဲ့ ခင်ဦး ဒေသခံတစ်ဦးက ပြောပါတယ်။ လက်ရှိမှာတော့ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ ထိတွေ့ တိုက်ပွဲ မရှိသေးပေမဲ့ ဒေသကာကွယ်ရေးတပ်တွေဘက်က ရေဦးက စစ်ကြောင်းနဲ့ ရွှေဘိုက စစ်ကြောင်းတွေကို မိုင်းစွဲ တိုက်ခိုက်ခဲ့တာ ရှိပြီး ဒဏ်ရာရ သေဆုံးမှုတွေကိုတော့ မသိရသေးဘူးလို့ ခင်ဦး KSO ထံက သိရပါတယ်။

စစ်ကိုင်းတိုင်းခင်ဦးမြို့နယ်ဟာ စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားတဲ့မြို့နယ်တစ်ခုဖြစ်ပြီး ညမထွက်ရအမိန့်လည်း ထုတ်ပြန်ထားတာပါ။

အရပ်သားတွေပါ လက်နက်ကိုင်ဆောင်ခွင့် စစ်ကောင်စီ ထုတ်ပြန်

Min Aung Hlaing-Army Chief

ဓာတ်ပုံ ရင်းမြစ်, Myanmar Military

ဓာတ်ပုံ ပုံစာ, ရုရှားနိုင်ငံခရီးစဥ်အတွင်းတွေ့ရတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်(ပုံဟောင်း)

သာမန်အရပ်သားတွေနဲ့ ပြည်သူ့ဝန်ထမ်းတွေ သေနတ်ကိုင်ဆောင်ခွင့်ရှိမယ့် လက်နက် ခဲယမ်းကိုင်ဆောင်ခွင့်မူနဲ့ လက်နက်လိုင်စင်ထုတ်ပေးခြင်းမူကို စစ်ကောင်စီက ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပြီး အဲဒီအမိန့်စာဟာ လူမှုကွန်ရက်မှာ မနေ့ ဖေဖော်ဝါရီ ၁၀ ရက်ညနေပိုင်းကစလို့ ပျံ့နှံ့လာခဲ့ပါတယ်။

ဒီထုတ်ပြန်လိုက်တဲ့မူအရဆိုရင် လိုင်စင်နဲ့ ကိုင်ဆောင်ခွင့်ပြုတဲ့ သေနတ်အမျိုးအစားနဲ့ ပါမစ်နဲ့ ကိုင်ဆောင်ခွင့်ပြုတဲ့သေနတ်အမျိုးအစားဆိုပြီးနှစ်မျိုးပါရှိပါတယ်။

လိုင်စင်နဲ့သေနတ်ကိုတော့ ပြည်သူ့ဝန်ထမ်းမဟုတ်တဲ့ သာမန်အရပ်သားတွေလျှောက်ထားကိုင်ဆောင်နိုင်ပြီး ပါမစ်နဲ့သေနတ်ကိုတော့ အစိုးရပိုင်သေနတ်အဖြစ်မှတ်ပုံတင်ရမှာဖြစ်ပြီး အဲဒီအုပ်စုထဲမှာပါတဲ့ ရိုင်ဖယ်နဲ့ စက်သေနတ်ကလေးအုပ်စုဝင်သေနတ်တွေကို ဒေသန္တာရလုံခြုံရေးအဖွဲ့တွေနဲ့ ပြည်သူ့စစ်တွေ၊ သောင်းကျန်းသူဆန့်ကျင်ရေးအဖွဲ့အစည်း(မူရင်းအသုံးအနှုန်းဖြစ်ပါတယ်) နဲ့ ပြည်သူ့စစ်အဖွဲ့အစည်းတွေကိုသာ ကိုင်ဆောင်ခွင့်ပြုမယ်လို့ ဖော်ပြထားပါတယ်။

သာမန်အရပ်သားတွေလျှောက်ထားရာမှာ လုံခြုံရေးကြောင့် သေနတ်ကိုင်ဆောင်ဖို့အမှန်တကယ်လိုအပ်သူဖြစ်ရမယ်ဆိုတဲ့သတ်မှတ်ချက်ထည့်သွင်းထားတာတွေ့ရပါတယ်။

လိုင်စင်နဲ့ ကိုင်ဆောင်ခွင့်ပြုတဲ့သေနတ်တွေကတော့ ပွိုင့် ၃၈ လက်မနဲ့ ၄င်းထက်ပြောင်းဝငယ်တဲ့ဆုံလည်သေနတ်၊ ပွိုင့် ၃၈ လက်မ သို့မဟုတ် နိုင်းမီလီမီတာနဲ့ ၄င်းထက်ပြောင်းဝငယ်တဲ့ ပစ္စတိုသေနတ်၊ တွဲဘို့ နဲ့ ၄င်းထက် ပြောင်းဝငယ်တဲ့ပြောင်းချောသေနတ်၊ ပွိုင့် ၂၂လက်မနဲ့ ၄င်းထက်ပြောင်းဝကျယ်တဲ့အမဲလိုက်သေနတ်နဲ့ လေသေနတ်တို့ဖြစ်ပါတယ်။

ပါမစ်နဲ့ကိုင်ဆောင်ခွင့်ပြုတဲ့သေနတ်တွေကတော့ ပွိုင့် ၃၈ လက်မှ သို့မဟုတ် နိုင်းမီလီမီတာနဲ့ ၄င်းထက်ပြောင်းဝကျယ်တဲ့ ပစ္စတိုသေနတ်၊ ရိုင်ဖယ်သေနတ်နဲ့ စက်သေနတ်ကလေးအုပ်စုဝင်သေနတ်တွေလို့ ဖော်ပြထားပါတယ်။

လိုင်စင်နဲ့ဖြစ်စေ ပါမစ်နဲ့ဖြစ်စေ ကိုင်ဆောင်ရမယ့်သေနတ်မှာ အဝေးကြည့်မှန်ပြောင်း၊ အထူးပြုလုပ်ထားတဲ့ Modified sights အမျိုးမျိုးနဲ့ အသံတိတ်ကိရိယာ(Silencer) ကိုတပ်ဆင်အသုံးမပြုရဘူးလို့ လည်းဖော်ပြထားပါတယ်။

လက်နက်တွေကိုင်ဆောင်ခွင့်ပြုဖို့ လွှတ်တော်အမတ်ဟောင်းတစ်ဦးလည်းဖြစ် ကြံ့ခိုင်ရေးပါတီဝင်လည်းဖြစ်တဲ့ ဘူးလက်ဦးလှဆွေက စစ်ကောင်စီသတင်းစာရှင်းလင်းပွဲတချို့မှာ တောင်းဆိုခဲ့ဖူးပါတယ်။

ဒါ့အပြင် စစ်ကောင်စီနဲ့နီးစပ်သူတွေကို လုပ်ကြံသတ်ဖြတ်မှုတွေရှိနေလို့ဆိုပြီး တရားဝင်လက်နက်ကိုင်ဆောင်ခွင့်ပေးဖို့ စစ်ကောင်စီကို ထောက်ခံတဲ့သူတချို့ကလည်း သတင်းစာရှင်းလင်းပွဲတွေမှာ တိုက်တွန်းတောင်းဆိုမှုတွေရှိခဲ့ပါတယ်။

အဲဒီတုန်းကတော့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မိမိကိုယ်ကိုယ် ကာကွယ်ခုခံပိုင်ခွင့်အရလုပ်ဆောင်တဲ့လုပ်ဆောင်မှုဟာ ပြစ်မှုမမြောက်စေရလို့ ပြဋ္ဌာန်းထားတာရှိကြောင်း၊ မိမိအသက်အန္တရာယ်ကိုရန်ရှာလို့ ခုခံကာကွယ်တာဟာ ရာဇသတ်ကြီးဥပဒေအရ ပြစ်မှုမမြောက်ဘူးဆိုတဲ့အကာအကွယ်ကိုရရှိမှာဖြစ်ကြောင်း၊ တပ်မတော်ထောက်ခံသူတွေနဲ့ ပြည်ခိုင်ဖြိုးပါတီဝင်တွေ၊ ထောက်ခံသူတွေနဲ့အမျိုးသားရေးသမားတွေကလည်း သူတို့အသက်အန္တရာယ်ရှိတဲ့အကြောင်း အမြဲတမ်းပြောဆိုတာတွေရှိပြီးလုံခြုံရေးတပ်ဖွဲ့ဝင်တွေကလည်း အပြစ်မဲ့ပြည်သူတွေကိုကာကွယ်စောင့်ရှောက်ပေးနေပေမဲ့တစ်ဦးချင်းကို ကာကွယ်စောင့်ရှောက်ပေးနိုင်တာတော့မရှိကြောင်း၊ လုံခြုံရေးနဲ့ပတ်သက်ပြီး ပိုမိုတိုးမြှင့်ဆောင်ရွက်ပေးဖို့အမြဲတမ်းဆောင်ရွက်ပေးနေကြောင်း စသဖြင့်သာ တုံ့ပြန်ခဲ့တာရှိခဲ့ပါတယ်။ ဒါပေမဲ့လက်နက်ကိုင်ဆောင်ခွင့်နဲ့ပတ်သက်လို့တော့ အဲဒီတုန်းက တိတိကျကျ ပြောကြားသွားတာမရှိခဲ့ပါဘူး။

အခုတော့ စစ်အာဏာသိမ်းပြီးနှစ်နှစ်ပြည့်ချိန်မှာ အခုလို လက်နက်ကိုင်ဆောင်ခွင့်မူတစ်ရပ်ကို စစ်ကောင်စီက ၁၉၇၇ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ လက်နက်ကိုင်ဆောင်ရေးမူကို လိုအပ်တဲ့ပြင်ဆင်မှုတွေပြုလုပ်ပြီး ထုတ်ပြန်လာတာဖြစ်ပါတယ်။

လက်ရှိမှာ စစ်အာဏာသိမ်းမှုအောက် နိုင်ငံတဝန်း ပဋိပက္ခတွေ အရှိန်အဟုန်ပြင်းထန်စွာဖြစ်ပွားနေသလို အပြန်အလှန် ပစ်ခတ်သတ်ဖြတ်မှုတွေလည်း ရှိထားပြီး တရားဥပဒေစိုးမိုးမှုအတွက် စိန်ခေါ်ချက်တွေရှိနေချိန် လက်နက်နဲ့လုယက်မှုတွေလည်း ရှိနေချိန် အခုလို လက်နက်ကိုင်ဆောင်ခွင့်မူ ထုတ်ပြန်လာတဲ့အပေါ် ပိုမိုဆိုးရွားတဲ့အခြေအနေတွေကြုံတွေ့နိုင်တယ်လို့ စိုးရိမ်ပူပန်မှုတွေလည်းရှိနေတာဖြစ်ပါတယ်။

ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုမှာတောင် ခုနောက်ပိုင်း သေနတ်ပစ်ခတ်မှုကြောင့် လူအစုလိုက်အပြုံလိုက်သေဆုံးရမှုတွေ မကြာခဏ ဖြစ်ပွားနေလို့ သေနတ်ကိုင်ဆောင်ခွင့်နဲ့ပတ်သက်လို့ အကြီးအကျယ်သဘောထားကွဲလွဲမှုတွေရှိနေချိန်ဖြစ်ပြီး မြန်မာနိုင်ငံလို ပဋိပက္ခအရှိန်မြင့်နေတဲ့ တိုင်းပြည်မှာ သေနတ်တရားဝင်ကိုင်ဆောင်ခွင့်ပေးတဲ့အပေါ် ဝေဖန်ငြင်းခုန်မှုတွေလည်း တစစထွက်ပေါ်လာနေပါတယ်။

မြန်မာနိုင်ငံမှာ အရင်ကတည်းက လိုင်စင်နဲ့လက်နက်ကိုင်ဆောင်သူတွေရှိခဲ့ပြီး အငြိမ်းစားဗိုလ်ချုပ်ကြီးသူရရွှေမန်းက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတာဝန်ထမ်းဆောင်ချိန်မှာ လက်နက်ဆောင်ခဲ့တဲ့အကြောင်း သူရေးတဲ့စာအုပ်ထဲမှာ ထည့်ရေးခဲ့ပါတယ်။ ဒါ့အပြင် နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင် ဦးအောင်ကိုဝင်းနဲ့ ရှမ်းပြည်နယ်ထဲက ကြံ့ခိုင်ရေးကိုယ်စားလှယ်ဟောင်းတချို့လည်း လိုင်စင်နဲ့ သေနတ်ကိုင်ခဲ့တဲ့အကြောင်း လွှတ်တော်မှတ်တမ်းတွေအရ သိရပါတယ်။

အင်းတော်မြို့ ၊ မဲဇာရဲစခန်းရှေ့မှာ အမျိုးသားတစ်ဦး ပစ်သတ်ခံရ

InDaw, Sagaing Region

ဓာတ်ပုံ ရင်းမြစ်, CJ

ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့ စစ်ကိုင်းတိုင်းအင်းတော်မြို့နယ်မှာ ဖေဖော်ဝါရီလ ၈ ရက်နေ့ည ၁၀ နာရီဝန်းကျင်လောက်မှာ ပစ်ခတ်သံတချို့ကြားခဲ့ရပြီးတဲ့နောက်တစ်နေ့မနက်မှာ မဲဇာရဲစခန်းအရှေ့မှာ အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာနဲ့သေဆုံးနေတာတွေ့ရတယ်လို့ ဒေသခံတချို့က ဘီဘီစီကို ပြောပါတယ်။

သေဆုံးသူမှာ မဲဇာ အလယ်ဆိပ်ရွာက အသက် ၄၅ နှစ်အရွယ်ရှိ ဦးစိုးနိုင် ဖြစ်ပြီး အလယ်ဆိပ်ရွာကနေ မဲဇာကိုသွားတဲ့အခါ ရဲစခန်းအနီးက ဖြတ်လမ်းက ပိုနီးတာကြောင့် အဲဒီလမ်းကိုအသုံးပြုပြီး သွားလာတာလည်း ဖြစ်နိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။

တချို့ဒေသခံတွေပြောပြချက်အရ သေဆုံးသူဟာ စိတ်ကျန်းမာရေးချို့တဲ့သူလည်း ဖြစ်တယ်လို့ဆိုပါတယ်။

“သူက အရက်သောက်ပြီး တခါကလည်း ရဲစခန်းရှေ့နားလေမှာထင်တယ်။ နေ့လယ်လောက်ကို ဒို့အရေးဆိုပြီးသွားအော်လို့ ရိုက်ခံခဲ့ရပြီးပြီ။ သေနတ်သံက အိမ်ဘက်ကနေတောင်ကြားရတယ်။ သေနတ်ဒဏ်ရာတော့ တစ်ချက်ပဲ ရှိတယ်။ ဖေဖော်ဝါရီလ ၈ ရက်နေ့ ည ၁၀နာရီကျော်လောက်ပဲ ရှိဦးမယ်ထင်တယ်” လို့ဒေသခံတစ်ယောက်က ပြောပါတယ်။

သေနတ်ဒဏ်ရာအနေအထားအရတော့ ကျောအနောက်ဘက်ကကျည်ဝင်သွားတာဖြစ်ပြီးအရှေ့ဘက်ကိုကျည်မထွက်လာဘူးလို့ သေဆုံးသူနဲ့နီးစပ်သူကပြောပါတယ်။

စကိုင်းတိုင်း အင်းတော်မြို့နယ်ဘက်တော့ ပြီးခဲ့တဲ့တစ်လအတွင်းမှာ PDF တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အင်းတော်မြို့ပေါ်က လူ ၇ ဦးထက်မနည်း ဖမ်းဆီးအရေးယူတာတွေလည်း ရှိခဲ့ပါတယ်။