စဥ့်ကူးမှာ နွယ်ရုံရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ရဟတ်ယာဥ်နဲ့ ပစ်ခတ် - အောက်တိုဘာ ၃၁ ရက် ထိပ်တန်းသတင်းများ

ရေးသားခဲ့သည်။

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ မန္တလေး-မိုးကုတ်လမ်းမကြီး နွယ်ရုံကျေးရွာ ရဲစခန်းတိုက်ခိုက်ခံရမှုဖြစ်ပြီးတဲ့နောက် စစ်ကောင်စီတပ်က အဲဒီကျေးရွာအနီးနားကို ရဟတ်ယာဥ် ၂ စီးနဲ့ လာရောက် ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။  

 ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဘက်ကလို့ ယူဆရတဲ့ ဆိုင်ကယ်စီးလာသူတချို့က နွယ်ရုံရဲစခန်းကို ဒီနေ့ နေ့လယ်ပိုင်းမှာ လာရောက်ပစ်ခတ်ပြီးနောက် မကြာခင်မှာပဲ စစ်ကောင်စီတပ် ရဟတ်ယာဥ်တွေ ရောက်လာတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။

 ‘‘ရဲစခန်းကို ဆိုင်ကယ်နဲ့လာပစ်သွားကြတယ်။ အဲဒီနောက် တစ်နာရီလောက်ပဲ ကြာမယ်။ ရဟတ်ယာဥ် ၂ စီးရောက်လာပြီး နွယ်ရုံအနောက်ဘက် တောနက်ထဲကို ပစ်ခတ်သွားတယ်။ အဲဒီဘက်က နောင်ချိုနယ်ဘက်ထဲရောက်သွားတဲ့ စဥ့်ကူးနဲ့ နောင်ချိုနယ်စပ်ဖြစ်သွားတယ်’’ လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

နွယ်ရုံရဲစခန်းကို ဘယ်အဖွဲ့က လာရောက်ပစ်ခတ်သွားတယ်ဆိုတာ မသိရပေမဲ့ ရဲစခန်းဘက်ကနေ ပြန်လည်ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ အခုလိုလေကြောင်းပစ်ခတ်မှုကြောင့် မန္တလေး-မိုးကုတ်လမ်းမကြီးတစ်လျှောက်က နွယ်ရုံနဲ့ကျည်တောက်ကျေးရွာတွေမှာ စျေးဆိုင်တွေ ပိတ်သိမ်းပြီး လူထုက အခြေအနေ စောင့်ကြည့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် နွယ်ရုံ၊ ကျည်တောက်နဲ့ လက်ခုပ်ပင်ကျေးရွာတွေတစ်ဝိုက်မှာ စစ်ကောင်စီတပ်က ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရှိတယ်လို့ ယူဆရတဲ့နေရာကို လေကြောင်းကနေ လာရောက်ပစ်ခတ်တာ အခုတစ်ကြိမ်က ပထမဆုံးဖြစ်တယ်လို့လည်း သိရပါတယ်။

မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော်ရဲ့ စျာပန

မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ အရိယဝံသာဘိဝံသရဲ့ ရုပ်ကလာပ်ကို အန္တိမအဂ္ဂိစျာပနအနေနဲ့ ဒီနေ့ အောက်တိုဘာလ ၃၁ ရက်မှာ မီးသင်္ဂြိုဟ်လိုက်ပြီလို့ တပည့် ဒကာ ဒကာမတွေက ဘီဘီစီကို ပြောပါတယ်။

ဆရာတော်ဟာ နှလုံးသွေးကြောပိတ်ဝေဒနာနဲ့ ပြီးခဲ့တဲ့အောက်တိုဘာလ ၂၇ ရက်ည ၁၀ နာရီကျော်မှာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ဘဝနတ်ထံပျံလွန်တော်မူခဲ့တာဖြစ်ပါတယ်။

ဆရာတော်ရဲ့ အန္တိမအဂ္ဂိစျာပနကို ဒီနေ့ မွန်းလွဲ ၁ နာရီကနေ ၃ နာရီအတွင်း ထိုင်း-မြန်မာ နယ်စပ် တစ်နေရာမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော်ဟာ စစ်အာဏာမသိမ်းခင်တည်းက စစ်တပ်က အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ ၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) တို့နဲ့ တရားစွဲဆိုမှုကို ရင်ဆိုင်ခဲ့ရတာပါ။

အာဏာသိမ်းပြီးပြီးချင်း ၂ရက်အကြာမှာပဲ ဆရာတော်ကို စစ်တပ်က ဖမ်းဆီးပြီး ထောင် ခြောက်လချခဲ့တဲ့နောက် ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ အိုးဘိုအကျဥ်းထောင်ကနေ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

အိုးဘိုထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ဆရာတော်ဟာ ပြန်လွတ်လာပြီးတဲ့နောက် နယ်စပ်ကို ထွက်ခွါလာပြီး မဲဆောက်မြို့မှာ သီတင်းသုံးနေချိန် အသက်တော် ၇၁၊ ဝါတော် ၅၁ ဝါမှာ ပျံလွန်‌တော်မူခဲ့တာဖြစ်ပါတယ်။

မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော်ဟာ ၁၉၈၈ ခုနှစ်ဒီမိုကရေစီအရေးတော်ပုံလှုပ်ရှားမှု၊ ၁၉၉၀ သံဃာ့သပိတ်မှောက်မှု၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး၊ လက်ပံတောင်းတောင်အရေး စတဲ့ လှုပ်ရှားမှုတွေမှာ တစ်စိုက်မတ်မတ် ဦးဆောင်ပါဝင်ခဲ့တဲ့ ဆရာတော်ဖြစ်သလို ၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းမှုကိုလည်း ဦးဆောင်ဆန့်ကျင်ခဲ့တဲ့ ဆရာတော်ကြီးဖြစ်ပြီး အပတ်စဥ်သောကြာနေ့နဲ့ တနင်္ဂနွေနေ့တိုင်း သာသနာရေးနဲ့ နိုင်ငံရေးဆိုင်ရာ ဟောပြောချက်တွေကို ပျံလွန်တော်မမူခင်အချိန်ထိ ဟောပြောခဲ့ပါတယ်။

မန္တလေးမှာ နာမည်ကျော်ကြားတဲ့ဆရာတော်ဟာ စစ်တပ်ကို ပွင့်ပွင့်လင်းလင်းဝေဖန်ထောက်ပြသူဖြစ်သလို စစ်ကောင်စီနဲ့ နီးကပ်တဲ့ နာမည်ရဆရာတော်တွေကိုလည်း ဝေဖန်ခဲ့သူဖြစ်ပါတယ်။

အတိုင်ပင်ခံနဲ့သမ္မတတို့စွပ်စွဲခံရတဲ့ရဟတ်ယာဥ်အဂတိမှုတွေမှာ ပြန်ခေါ်သက်သေစစ်ဆေး

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ စွပ်စွဲခံထားရတဲ့ ရဟတ်ယာဥ် ငှားရမ်း၊ ဝယ်ယူ၊ ပြင်ဆင်သုံးစွဲမှုဆိုင်ရာ အဂတိမှု ၅ မှုအတွက် ဒီကနေ့ အောက်တိုဘာလ ၃၁ရက်က နေပြည်တော်အချုပ်ထောင်မှာ ကြားနာခဲ့ပါတယ်။

ဒီကနေ့ကြားနာမှုမှာ တရားလိုပြသက်သေ လူကယ်ပြန်ဒုတိယဝန်ကြီးဟောင်းဦးစိုးအောင်ကို စွပ်စွဲခံရသူတွေရှေ့နေတွေဘက်က စစ်ဆေးခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ ၂ ဦးလုံးကျန်းမာရေးကောင်းမွန်ပြီး ‌ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောင်ဝင်စာလည်း ၁ပတ်ကို ၂ရက်နဲ့ ပုံမှန်အတိုင်းရရှိတယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကသိရပါတယ်။

အဲဒီအမှု ၅ မှုဟာ NLD အစိုးရလက်ထက် သဘာဝဘေးတုံ့ပြန်ဖို့ ရည်ရွယ်ပြီး အီတလီထုတ်ရဟတ်ယာဥ် တစ်စီးကို ငှားရမ်း၊ ဝယ်ယူ၊ သုံးစွဲမှုမှာ လုပ်ထုံးလုပ်နည်းနဲ့အညီ မလုပ်ခဲ့တာကြောင့် နိုင်ငံပိုင်ငွေကြေးတွေ နစ်နာဆုံးရှုံးရတယ်ဆိုပြီး စစ်ကောင်စီက တရားစွဲထားတဲ့အမှုတွေ ဖြစ်ပါတယ်။

အဲဒီအမှုတွေအတွက် အတိုင်ပင်ခံနဲ့သမ္မတတို့ ပူးတွဲစွပ်စွဲခံရတာဖြစ်ပြီးဆက်လက်စစ်ဆေးရမယ့် ပြန်ခေါ်သက်သေတွေရှိနေသေးတယ်လို့ သိရပါတယ်။

 ဒေါ်အောင်ဆန်းစုကြည်ဟာလက်ရှိမှာ စုစုပေါင်း ထောင်ဒဏ် ၂၆ နှစ်အထိ ချမှတ်ခံထားရပြီး အခုအဂတိအမှု ငါးမှု ကိုဆက်လက်ရင်ဆိုင်နေရတာပါ။

မန္တလေးမြို့မှာ သံဃသမဂ္ဂ ဦးဆောင်ဆရာတော်တစ်ပါးနဲ့ သပိတ်တက်ကြွလှုပ်ရှားသူ ၄ ဦးကို မနေ့ အောက်တိုဘာလ ၃၀ ရက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တယ်လို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(GSCB)က သတင်းထုတ်ပြန်ပါတယ်။

 သံဃသမဂ္ဂ (မန္တလေး)ရဲ့ ဦးဆောင်ဆရာတော် တစ်ပါးဖြစ်တဲ့ ဦးကလျာဏ (ခ) ဦးယောကြီး၊ မန္တလေးသပိတ်အင်အားစုမှ သပိတ်တက်ကြွလှုပ်ရှားသူ တက္ကသိုလ်ကျောင်းသား လူငယ်တွေဖြစ်တဲ့ ကိုပိုင်နွေဦး၊ ကိုဥက်(ခ)ကိုကောင်းခန့်ဇော်၊ ကိုနေရဲ၊ ကိုဟိန်းမောင်တို့ဟာ တစ်ရက်တည်း ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

 မန္တလေးသပိတ် တက်ကြွလှုပ်ရှားသူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးချိန်မှာ ကားနဲ့ တိုက်တာ၊ ရိုက်နှက်ထိုးကြိတ်တာတွေလည်း ပြုလုပ်ခဲ့တယ်လို့ GSCB ဘက်က ပြောပါတယ်။

 အဖမ်းခံရသူတွေအားလုံးဟာ လူငယ်၊ လူလတ်ပိုင်းများဖြစ်ကြပြီး ကျန်းမာရေး ကောင်းမွန်သူတွေဖြစ်တာကြောင့် ဖမ်းဆီးခံရသူတွေရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ် ထိခိုက်ယိုယွင်းမှု တစုံတရာ ဖြစ်‌ပေါ်ခဲ့မယ်ဆိုရင် စစ်ကောင်စီဘက်က တာဝန်ခံရမယ်လို့လည်း GSCB ဘက်က ပြောပါတယ်။

 အာဏာသိမ်းပြီးတဲ့နောက် မန္တလေးမှာ သံဃသမဂ္ဂသပိတ်အပါအဝင် သပိတ်တွေကို စစ်ကောင်စီဘက်က အရပ်ဝတ်တွေနဲ့ အင်အားသုံး ပစ်ခတ်ဖမ်းဆီးတာ၊ သံဃသမဂ္ဂအဖွဲ့ဝင်ရဟန်သံဃာတွေကျောင်းတိုက်တွေကို စီးနင်းရှာဖွေတာတွေ ရှိခဲ့ပါတယ်။  

 ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လတုန်းကလည်း မန္တလေးမြို့ ဘုရားကြီး အရှေ့ဘက်မုခ်က မြတောင်သပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ဖြိုခွင်းမှုပြုလုပ်ခဲ့တာကြောင့် ဆန္ဒပြသူ ၃ ဦး ကျည်ထိမှန်ပြီး ၂ ဦးသေဆုံးခဲ့တယ်လို့ သပိတ်မှာပါဝင်ခဲ့ကြသူတွေက ဘီဘီစီကို ထုတ်ပြောခဲ့ဖူးပါတယ်။

ဝယ်လိုအားကျနေချိန် ရွှေတစ်ကျပ်သား ၂၅ သိန်းကျော်နဲ့ရောင်းချပေးဖို့ ရန်ကုန်ရွှေအသင်း တိုက်တွန်း

ရန်ကုန်မြို့မှာ ရွှေဝယ်လိုအားကျဆင်းနေချိန် ရွှေတစ်ကျပ်သားကို ၂၅ သိန်း ၃ သောင်းကျပ်နဲ့ ရောင်းချပေးဖို့ ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းက ရွှေဆိုင်တွေကို တိုက်တွန်းလာပါတယ်။

 ရွှေအသင်းက မနေ့ အောက်တိုဘာလ ၃၀ ရက်မှာ ထုတ်ပြန်တဲ့ ပန်ကြားလွှာဆိုတဲ့ ကြေညာချက် တစ်ခုမှာ ရန်ကုန်တိုင်းထဲက ရွှေဆိုင်တွေကို အခုလို တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

 ရွှေစျေးကို အဲဒီစျေးနှုန်းနဲရောင်းချဖို့ စစ်ကောင်စီရဲ့ ရွှေနဲ့ငွေကြေးစျေးကွက် စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေးကော်မတီက အောက်တိုဘာလ ၃၀ ရက်မှာ ညွှန်ကြားခဲ့အပြီးမှာ ရန်ကုန်ရွှေအသင်းဘက်က လုပ်ငန်းရှင်တွေကို အခုလို ပန်ကြားလွှာဆိုပြီး ထွက်ပေါ်လာတာဖြစ်ပါတယ်။

 စျေးကွက်မတည်မငြိမ်ဖြစ်နေတဲ့ မြန်မာ့ရွှေစျေးကို ထိန်းချုပ်ဖို့ ကြိုးစားတာဖြစ်သလို မကြာမီရက်ပိုင်းက မြန်မာဟာ ငွေကြေး လွှဲပြောင်းမှုမှာ အမည်ပျက်စာရင်းကြေညာခံထားရတဲ့အတွက် အဲဒီစာရင်းက ပြန်လည်လွတ်မြောက်အောင် ကြိုးပမ်းတဲ့ အားထုတ်မှုတစ်ရပ်လို့လည်း သုံးသပ်တာတွေရှိနေပါတယ်။

 '' လောလောဆယ်တော့ အခက်အခဲဖြစ်သွားနိုင်တယ်။ တချို့ဆို ၂၆ သိန်းဝန်းကျင်နဲ့ ဝယ်ထားတာဆိုတော့လေ။ ဒါကလည်း နောက်ပိုင်းမှာ သူ့ဟာနဲ့သူ ပြန်ဖြစ်သွားနိုင်လောက်ပါတယ်။ စျေးထိန်းတဲ့သဘောလို့ မြင်ပါတယ်။ ရွှေစျေးတို့ ဒေါ်လာစျေးတို့က ဦးဆောင်တယ်လို့ သူတို့က မြင်တာဖြစ်နိုင်ပါတယ်။ ဒါတွေ စျေးငြိမ်‌ စျေးကျရင် အခြေခံကုန်ပစ္စည်းစျေးတွေလည်း ကျလာမယ်လို့ ယူဆတယ်ထင်ပါတယ်'' လို့ ရွှေစျေးကွက် ကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။

 ရွှေစျေးကို ၂၅ သိန်းကျော်နဲ့ရောင်းချပေးဖို့ ရွှေဆိုင်တွေကို ရွှေအသင်းဘက်က တိုက်တွန်းပေမဲ့ အသင်းရဲ့ ရည်ညွှန်းစျေးဟာ ၁၉ သိန်းကျော်ပဲ ရှိတာကြောင့် ရည်ညွှန်းစျေးနဲ့ ရောင်းချရမယ့်စျေးမှာတင် တစ်ကျပ်သားကို ကျပ်ငွေ ငါးသိန်းကျော် ကွာဟနေပါတယ်။

တစ်ချိန်တည်းမှာပဲ ပြင်ပစျေးကွက်မှာ ကြိုက်ရောင်းကြိုက်ဝယ်ရွှေစျေးဟာ တစ်ကျပ်သားကို ၂၆ သိန်းကျော်အထိ ရှိနေပါတယ်။

ဗိုလ်မှူးချုပ်ဟောင်းအုန်းသွင်ကို လုပ်ကြံတဲ့ Inya Urban Force အဖွဲ့ဝင်တွေကို ဖမ်းမိတယ်လို့ စစ်ကောင်စီ ပြော

ဗိုလ်ချုပ်ဟောင်း အုန်းသွင်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတွေကို လုပ်ကြံတာနဲ့ ယာဥ်ထိန်းရဲရုံးတွေကို ဖောက်ခွဲတာတွေလုပ်အင်းယားမြို့ပြပြောက်ကျားအဖွဲ့ (Inya Urban Force)တွေကို ဖမ်းဆီးမိတယ်လို့ ဆိုပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာ ပါတယ်။

အဲဒီပြောက်ကျားအဖွဲ့က အဖွဲ့ဝင် ၁၀ ဦးကို ဖမ်းမိတယ်လို့ ဆိုပြီး သူတို့ရဲ့နာမည်တွေနဲ့ ဓာတ်ပုံတွေကို အောက်တိုဘာလ ၃၀ ရက်မှာ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာတာဖြစ်ပါတယ်။

ပြောက်ကျားအဖွဲ့က လုပ်ကြံခဲ့တဲ့သူတွေထဲမှာ ဗိုလ်ချုပ်ဟောင်း အုန်းသွင် နဲ့ သားမက်ဖြစ်သူ ဗိုလ်ကြီးရဲတေဇ၊ ၄၄ လမ်း အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း(ခ)ဘော်ဘီ၊ အရပ်ဝတ် စစ်ကောင်စီ တပ်ဖွဲ့ဝင် တစ်ဦးနဲ့ ရာအိမ်မှူးတွေပါ ဝင်တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။

အခုဖမ်းဆီးမိသူ ၁၀ ဦးကို အောက်တိုဘာလဆန်းပိုင်းကတည်းက ဖမ်းမိခဲ့တာဖြစ်ပေမဲ့ တစ်လနီးပါး အကြာမှ စစ်ကောင်စီဘက်က အခုလိုသတင်းထုတ်ပြန်လာတာဖြစ်ပါတယ်။

ဗိုလ်ချုပ်ဟောင်း အုန်းသွင်၊ သားမက်ဖြစ်သူ ဗိုလ်ကြီးရဲတေဇ၊ အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းတို့ကို လုပ်ကြံမှုဟာ သူတို့လုပ်တာလို့ အဲဒီမြို့ပြပြောက်ကျားအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

အင်းယားမြို့ပြပြောက်ကျားအဖွဲ့ကတော့ သူတို့အဖွဲ့ဝင်အချို့ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ဖမ်းဆီးမိတယ်လို့ လူမှုကွန်ရက်ကနေ အတည်ပြုထုတ်ပြန်သလို ဖမ်းဆီး ထိန်းသိမ်းခံရပြီး အဆက်အသွယ်ပြတ်တောက်နေတာကြောင့် ဖမ်းဆီးခံရသူတွေရဲ့ အသက်အန္တရာယ်ကို စိုးရိမ်ရတယ်လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ အဖွဲ့ဝင် တချို့ အချိန်မီပြောင်းနိုင်ခဲ့တာကြောင့် လွတ်မြောက်နယ်မြေကို ‌ရောက်နေပြီလို့ ပြောသလို ကျန်တဲ့သူတွေနဲ့ မြို့ပြပြောက်ကျားစစ်ဆင်ရေးတွေ ဆက်လုပ်မယ်လို့ ထုတ်ပြန်ထားတာတွေ့ရပါတယ်။

ကုလမှာ မြန်မာကိုယ်စားပြုသူမပါဝင်တဲ့ ဆွေးနွေးမှုတွေကို ပယ်ချကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနပြော

ကုလသမဂ္ဂမှာ မြန်မာကိုယ်စားပြုသူမပါဝင်တဲ့ အပြန်အလှန်ဆွေးနွေးမှုတွေနဲ့ ပြည်တွင်းရေးကို စွက်ဖက်ပြောကြားတာတွေကို ရှုတ်ချပြီး ကန့်ကွက်ပယ်ချတဲ့အကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီ(လူမှုရေး၊ လူသားချင်းစာနာမှုနဲ့ ယဥ်ကျေးမှုကော်မတီ)မှာ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ဒေါက်တာ နိုလင်းဟေဇာနဲ့ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူ မစ္စတာ တွမ်အန်ဒရူးစ်တို့ရဲ့ အစီရင်ခံစာတွေအပေါ် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဆွေးနွေးခဲ့တဲ့အပေါ် စစ်ကောင်စီ နိုင်ငံခြားရေးက တုံ့ပြန်ပြောဆိုလာတာဖြစ်ပါတယ်။

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အထူးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာဟာ ကုလသမဂ္ဂနာမည်အောက်ကနေ မြန်မာနိုင်ငံရဲ့ လူ့အခွင့်ရေးအတွက်ကိစ္စအတွက် လုပ်ပိုင်ခွင့်ပေးထားတယ်ဆိုသူတွေရဲ့ စွပ်စွဲပြောဆိုချက်တွေကို ပြန်လည်ဖော်ပြထားခြင်းသာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ အထူးအစီခံစာတင်သွင်းသူ မစ္စတာ သောမတ်စ် အန်ဒရူးစ် ရဲ့ အစီရင်ခံစာဟာလည်း အပြုသဘောမဆောင်တဲ့ ချဲ့ကားပြောဆိုမှုတွေဖြစ်ပြီး မစ္စတာ အန်ဒရူးကို အခုလို ခန့်အပ်တာကို အသိအမှတ်မပြုသလို ပြည်ဝင်ခွင့်လည်း မပေးထားဘူးလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒါ့အပြင် အစီရင်ခံစာတွေနဲ့ ရှင်းလင်းချက်တွေဟာ ကျိုက်ထီးရိုးပစ်ခတ်မှုမှာ အရပ်သားတွေသေဆုံးတာ၊ နောက် ကော့ကရိတ်မြို့တွင်း လက်နက်ကြီးပစ်ခတ်ခံရလို့ အရပ်သားတွေထိခိုက်သေဆုံးတာကို မပြောထားဘဲ အနန့်ပါဖြစ်စဥ်ကို ချဲ့ကားပြောဆိုထားတယ်လို့လည်း စစ်ကောင်စီ နိုင်ငံခြားရေးက ပြောဆိုထားတာတွေ့ရပါတယ်။

 မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် စစ်ကောင်စီက ကုသလမဂ္ဂဆိုင်ရာမြန်မာကိုယ်စားလှယ်တစ်ဦးကို အဆိုပြုခဲ့ပေမဲ့ ကိုယ်စားလှယ်ရွေးချယ်ရေးဆိုင်ရာ ကုလအရည်အချင်းစစ်ကော်မတီဟာ မြန်မာကိုယ်စားပြုသူနေရာမှာ ဘယ်သူ့ကိုမှ အတည်ပြုရွေးချယ်တာ မရှိသေးပါဘူး။

ဒါကြောင့် သမ္မတ ဦးဝင်းမြင့်လက်ထက်မှာ ခန့်အပ်ထားပြီး အမျိုးသား ညီညွတ်ရေးအစိုးရကလည်း ဆက်ပြီးထားရှိတဲ့ မြန်မာသံအမတ်ကြီး  ဦးကျော်မိုးထွန်းဟာ ကုလသမဂ္ဂညီလာခံတွေမှာ မြန်မာကိုယ်စားပြု တက်ရောက်စကားပြောဆိုခွင့် ဆက်ရှိနေပါတယ်။

ဦးကျော်မိုးထွန်းကတော့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာလေကြောင်းတိုက်ခိုက်ခံရပြီး စာသင်ကျောင်းထဲက ကလေးငယ်တွေ သေဆုံး၊ ဖမ်းဆီးခံရတာ၊ ကချင်ပြည်နယ်၊ အနန့်ပါဒေသမှာ လေကြောင်းတိုက်ခိုက်ခံရလို့ လူ ၁၀၀ နီးပါး သေဆုံးခဲ့ကြရတာတွေကို ထောက်ပြပြီး နိုင်ငံတကာတရားရုံးနဲ့ နိုင်ငံတရာရာဇဝတ်ခုံရုံးတို့ အနေနဲ့ မြန်မာ ပြည်သူတွေရဲ့ အသံကို နားထောင်ပေးဖို့၊ နစ်နာခဲ့သူတွေကို တရားမျှတမှု ဆောင်ကျဥ်းပေးဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ တောင်းဆိုထားပါတယ်။ 

ထွက်ပြေးဖို့ကြိုးစားတဲ့ရိုဟင်ဂျာ ၆၀ကျော် ကဒုံးလေးကျွန်းမှာ ဖမ်းဆီးခံရ

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်ထဲက ကဒုံကနိကျေးရွာအပိုင်ထဲရှိ ကဒုံးလေးကျွန်းအနီးမှာ မနေ့အောက်တိုဘာ၃၀ရက် ညနေပိုင်းက ရိုဟင်ဂျာ ၆၀ကျော်ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။

အမျိုးသား ၅၀ကျော်နဲ့ အမျိုးသမီး၆ယောက်ပါတဲ့ သူတို့စီးလာတဲ့ လှေဝမ်းဗိုက်ပေါက်ပြီး သောင်တင်ခဲ့ချိန်မှာ ငါးဖမ်းသမားတွေကမြင်ခဲ့တာလို့ ကဒုံကနိကျေးရွာသားတစ်ဦးကပြောပါတယ်။ '' သူတို့ ‌စီးလာတဲ့လှေက လှိုင်းဂယက်နဲ့ဆိုတော့ သောင်ပေါ်တင်ကွဲတာပေါ့ ။ နောက်ကလှိုင်းဂယက်ရိုက်တာပေါ့၊ အဲဒါနဲ့ ရေတပ်အာဏာပိုင်တွေကလာခေါ်သွားတယ်'' လို့ ကဒုံကနိကျေးရွာသား တစ်ဦးကပြောပြပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြံပေးအဖွဲ့ဝင် ဦးအောင်ကျော်မိုး ကတော့ အဲဒီရိုဟင်ဂျာတွေဟာ ရခိုင်ပြည်နယ်ကနေ မလေးရှားကိုသွားဖို့ကြိုးစားသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးခံရိုဟင်ဂျာတွေကို ကဒုံကနိကျေးရွာကနေ ဘိုကလေးမြို့ပေါ် ကိုခေါ်ဆောင်သွားပြီး နယ်ကျော်သွားလာမှု၊ လူဝင်မှုကြီးကြပ်ရေးဥပဒေတွေနဲ့ အရေးယူဖို့ရှိတယ်လို့ အုပ်ချုပ်ရေးဘက်က သိရပါတယ်။

မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းကတည်းက ရခိုင်ပြည်နယ်ကနေ ထွက်ပြေးဖို့ကြိုစားတဲ့ ရိုဟင်ဂျာတွေ ဖမ်းဆီးမိပြီးထောင်ဒဏ်ချမှတ်ခံရတာ အခု အောက်တိုဘာလအထိဆိုရင် လူဦးရေ‌ထောင်ကျော်ရှိနေပြီး ထွက်ပြေးဖို့ကြိုးစားရင်းသေဆုံးရသူကတော့ ၈၀ နဲ့ ၁၀၀ကြားရှိတယ်လို့ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြံပေးအဖွဲ့ဝင် ဦးအောင်ကျော်မိုး ကပြောပါတယ်။

ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေကတော့ နိုင်ငံတွင်းမှာ လူ့အခွင့်အရေးတွေချိုးဖောက်ခံရလို့ နေထိုင်ဖို့ခက်တဲ့ ‌အခြေအနေ၊ လူကုန်ကူးဖို့ကြိုးစားတဲ့ငွေကြေးလိမ်လည်တဲ့ပွဲစားတွေရဲ့ မက်လုံးတွေကို ယုံကြည်ကြတာတွေနဲ့ သူတို့ရဲ့ ဆွေမျိုးတွေရဲ့ ခေါ်ဆိုမှုတွေကြောင့် အခုလို ထွက်ပြေးဖို့ကြိုးစားရင်း ဖမ်းမိတာနဲ့ သေဆုံးတာ‌တွေဖြစ်ရတယ်လို့ သုံးသပ်ထားကြပါတယ်။